Saturday, April 24, 2010

လူပြိန်းအတွေးများ

တကယ်တော့ လောကကြီးက တော်တော်ဆန်းကျယ်တယ်ဗျ။ အဲ ဆန်းကျယ်တယ်ဆိုတာလည်း ကျွန်တော့်လို လူပြိန်းအတွက် ပြောတာပါ။ ပညာရှင်တွေ အတွက်မတော့ အဲလောက် ဟုတ်ချင်မှ ဟုတ်မှာပေါ့နော်။


ကျွန်တော်အရင်ဆုံးတွေးမိတာက မနုဿဗေဒ အကြောင်းဗျ။ ပညာရှင်တွေကတော့ လူသားမျိုးနွယ်စု ဘယ်နှစ်စု ရှိတယ် ဘာရယ် သေချာခွဲခြမ်းလေ့လာထားတာပဲ။ ကျွန်တော့် အနေနဲ့ကတော့ ဒီကိစ္စက တော်တော်ရှင်းတယ်။ အဓိက လူလေးမျိုးပဲရှိတယ်။ အနောက်တိုင်းသား (ယူရိုပီယန်)၊ အရှေ့တိုင်းသား (အာရှသား) ၊ ကုလား နဲ့ အာဖရိကန်။ ကျန်တာတွေက အဲဒီအထဲက အခွဲတွေပဲ။ ကဲ မဟုတ်လား မိတ်ဆွေ။

နောက်တစ်ခု ကမ္ဘာပေါ်မှာ လူတွေ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ လူမျိုးတစ်မျိုးနဲ့ တစ်မျိုး ဘာဖြစ်လို့ ဒီလောက်ကွာ နေကြတာလဲ လို့လည်း တွေးမိတယ်။ ဟုတ်တယ်လေ။ တစ်ချို့ နိုင်ငံ တစ်ချို့ လူမျိုးတွေက တအား တိုးတက် တစ်ချို့လူမျိုးတွေက နောက်ကျ ဘာလို့ကွာနေကြတာလဲပေါ့။ တကယ်ဆို လူလူချင်း အတူတူပဲလေဗျာ။ ဒီကိစ္စလည်း ကျွန်တော် စဉ်းစားထားတယ်ဗျ။ ဒီလို။ ယေဘူယျအား ဖြင့် ကမ္ဘာပေါ်မှာ နေတဲ့ လူတွေထဲမှာ မြောက်ပိုင်းက လူတွေက တောင်ပိုင်းက လူတွေထက် ပိုတိုးတက်တယ်။ အခုတိုးတက်နေတဲ့ နိုင်ငံတွေကို ကြည့်လေ။ ဥရောပနိုင်ငံတွေ၊ အမေရိကန်၊ တရုတ်၊ ကိုရီးယား၊ ဂျပန် အစရှိသဖြင့်ပေါ့ဗျာ။ စင်ကာပူတို့ သြစတေးလျှတို့ ဆိုတာကတော့ ခြွင်းချက်ပေါ့ဗျာ။ ကျွန်တော်က ယေဘူယျကို ပြောတာ။
ပြီးတော့ လူအနေနဲ့ ခွဲမယ်ဆိုရင် ယေဘူယျ အားဖြင့် အသားဖြူတဲ့ သူက အသားမဲထက်သူထက် ပိုတိုးတက်တယ်ဗျ။ ဒါလည်း သိပ်မခက်ပါဘူး။ အပေါ်မှာ ပြောခဲ့တဲ့ နိုင်ငံတွေကို နမူနာ ကြည့်ကြည့်လေ။ ရာနုန်းပြည့်မှန်တယ်လို့ မဆိုနိုင်ပေမယ့် လုံးဝမှားတယ်လို့လည်း ငြင်းလို့ မရဘူးမဟုတ်လား။

ပြီးတော့ရာသီဥတုနဲ့ စဉ်းစားဦးမလား။ ရသေးတယ်။ အအေးပိုင်းဒေသက သူတွေက အပူပိုင်းဒေသတွေက လူတွေထက် ပိုတိုးတက်တဲ့ သဘောရှိတယ်ဗျ။ ဒါလည်း ကြည့်လေ။ ကမ္ဘာ့ မြောက်ပိုင်းဒေသ တွေက တောင်ပိုင်းထက် ပိုအေးတယ်လေ။
နောက်ပြီးတော့ရှိသေးတယ်မိတ်ဆွေ။ ဆက်စဉ်းစားမယ်ဆိုရင် အဲလိုမျိုး မြောက်ပိုင်းကပိုတိုးတက်တယ်လို့ ယူဆလို့ရှိရင် မြောက်ဝန်ရိုးစွန်းက တောင်ဝန်ရိုးစွန်းထက်ပိုကောင်းတယ်လို့ တွေးလို့ ရသေးသဗျာ။ မယုံကြည့် အင်တာနက်မှာ ရှာကြည့်ဗျာ။ ပိုလာဘဲယား ၀က်ဝံ၊ ပင်ကွင်းနဲ့ ၀ံပုလွေဆိုတဲ့ အကောင်တွေက မြောက်ဝန်ရိုးစွန်းမှာပဲ ရှိတယ်တဲ့။ တောင်ဝန်ရိုးစွန်းဒေသက ရာသီဥတုဆိုးလွန်းလို့ ဘာသတ္တ၀ါမှ မနေနိုင်ဘူးဆိုပဲ။ ကဲကျွန်တော်ထုတ်တဲ့ သီအိုရီ မှန်တယ် မဟုတ်လား။

ဒါပေမယ့်ဗျာ လူတွေက ဘယ်လောက်တိုးတက် တိုးတက် အဲဒီတိုးတက်တာတွေက ရုပ်ဝတ္ထုပစ္စည်း တိုးတက်မှု့တွေပဲ များတာဗျ။ စိတ်ပိုင်းဆိုင်ရာ တိုးတက်မှု့ကျတော့ နိုင်ငံတို့ လူမျိုးတို့နဲ့ ခွဲမရဘူးထင်ပါ့။ အဲဒီ စိတ်ပိုင်းဆိုင်ရာ တိုးတက်မှု့ ဆိုတာကိုတော့ လူတစ်ဦးတစ်ယောက်ချင်းစီနဲ့ပဲ တိုင်းလို့ရတယ်။

ကျွန်တော်ဖတ်ဖူး မှတ်ဖူးသလောက်တော့ ကျွန်တော်တို့ ကမ္ဘာက အခုလူသားတွေရဲ့ အခြေအနေက အလွန်ရိုင်းစိုင်းတဲ့လူ (barbarian) အဆင့်ပဲရှိသေးတယ်တဲ့။ အဲဒါတွေကြောင့် တစ်ယောက်နဲ့ တစ်ယောက် သတ်ကြ ဖြတ်ကြ ညစ်ကြ လုပ်နေကြတာတဲ့။ သက်တမ်းက လည်း အခုကိုနှစ် ၇၀ ထက်တောင် နည်းတယ်လို့ ပြောလို့ရတယ်။ ဆုပ်ကပ်ပေါ့ဗျာ။ လူသားက အဆင့်မြင့်လာလေလေ လူ့သက်တမ်းက ရှည်လေလေ ပဲလို့ ဆိုကြတယ်။ ဒါလည်း ဟုတ်လောက်တယ် ထင်တာပဲ။ သေချာတော့ မပြောတတ်ဖူး။

လူသားတွေ ဘယ်လောက် မိုက်မဲသလဲဆိုတော့ နေ့စဉ်သတင်းတွေ ပဲ ဖတ်ကြည့်ပါဘူး။ ရာဇ၀တ်မှု့က ဘယ်နှစ်မှု့ ဘယ်မှာ ဘာဖြစ်တာ ညာဖြစ်တာ ဒါတွေပဲ များတာ။ တကယ်တော့ အခုကမ္ဘာကြီးက သကြား အုပ်ထားတဲ့ ဆေးခါးကြီးလိုပဲ။ အားလုံး အပေါ်ယံတွေ။ အင်းပြောရင်း ပြောရင်း ကျွန်တော်လည်း အဆိုးမြင် ၀ါဒဘက် ရောက်နေပြီ။ ထားပါတော့ဗျာ။
ကျွန်တော်တို့ ကမ္ဘာ့မြေပုံကို အလွတ်ကျက်ခဲ့ ဖူးသည်။ ဘယ်နားဘာပင်လယ် ရှိသည်။ ဘာသမုဒ္ဒရာရှိသည် ဘယ်ကုန်းမြေရှိသည် ဆိုသည်ကို မှတ်ခဲ့ဖူးသည်။ ဤသည်ကို သက်တမ်းနှစ်ပေါင်း ဘီလျံများ စွာရှည်သော ဗြမ္မာကဲ့ သို့သော မဟာလူသားကြီးက ရယ်လေသည်။ ဒီလောက် ခဏခဏပြောင်းနေတဲ့ မြေအနေအထားတွေ ကိုများ အပင်ပန်းခံ ကျက်နေသေးတယ်ဟု။ သူ့အတွက်ကတော့ ဟုတ်ပါလိမ့်မည်။ ကျွန်တော်တို့ ဆိုသည်မှာ သူ့အတွက်ကတော့ သက်တမ်း နာရီအနည်းသာ အသက်ရှည်သော ပလူကောင်များကို ကျွန်တော်တို့ မြင်သလို သာမြင်ပါလိမ့်မည်။

နောက်ဆုံးတော့ တရုတ်ခေါင်းဆောင် တိန်ရှောက်ဖိန် ရဲ့ စကားတစ်ခွန်းနဲ့ အဆုံးသတ်ချင်ပါတယ်။ ‘ကြောင်ဖြူပဲ ဖြစ်ဖြစ် ကြောင်မဲပဲ ဖြစ်ဖြစ် ကြွက်ကောင်းကောင်းခုတ်နိုင်ရင် ကြောင်ကောင်းပဲဗျ’ တဲ့။

ဟုတ်ပါသည်။ ဘယ်လိုလူပဲ ဖြစ်ဖြစ် ဘာနိုင်ငံသားပဲ ဖြစ်ဖြစ် ဘာလူမျိုးပဲ ဖြစ်ဖြစ် လူကောင်း ဖြစ်လျှင်ပြီးတာပါပဲ ဟု။

ဧပရယ်၊ ၂၀၁၀။
မိုးတိမ်ညို

Monday, April 19, 2010

လူသားများ၏ မိုက်မဲမှု့



တစ်ခါတစ်လေကြတော့ တစ်ကယ့် အဖြစ်အပျက်က စိတ်ကူးယဉ်ထက် ဆန်းကြယ်တယ် ဆိုတာ မှန်သလိုပဲ။

ဒီရက်ပိုင်းမှာ ကြည့်ဖြစ်တဲ့ ဇာတ်ကားတစ်ကားအပေါ်မူတည်ပြီး တွေးမိသွားတာပါ။ Sometime in April ဆိုတဲ့ ဇာတ်ကားပေါ့။ အာဖရိက အလယ်ပိုင်းက ရ၀မ်ဒါ နိုင်ငံမှာ ၁၉၉၄ လောက်က ဖြစ်ခဲ့တဲ့ လူမျိုးတုံး သတ်ဖြတ်ပွဲ အကြောင်းကို ဇာတ်လမ်း အဖြစ်ရိုက်ထားတာပါ။ တစ်ချို့နေရာတွေမှာ တကယ့် အဖြစ်အပျက်ဆိုတာ မယုံနိုင်လောက် အောင်ပါပဲ။ လူတွေ ဘာလို့များ ဒီလောက် ရက်စက်နိုင်ကြသလဲလို့။ အံ့သြမိပါတယ်။

ရ၀မ်ဒါ လူသတ်ပွဲ အကြောင်း သိချင်ရင် Hotel Rwanda ဆိုတဲ့ ကားလည်း ကြည့်ကြည့်ပါဦး။ နှစ်ကားစလုံး တော်တော် ကောင်းပါတယ်။ နှစ်ကားလုံး တစ်ကယ့်အဖြစ် အပျက်ကို အခြေခံ ပြီး ရိုက်ထားတာပါတဲ့။

အဲဒီကားတွေကြည့်ပြီး ငါဆိုရင် ဒီလောက်တော့ မရက်စက်နိုင်ပါဘူးလို့ တွေးမိတယ်။ တကယ် စစ်ဖြစ်နေလို့ ရှေ့တန်းမှာ သူသေကိုယ်သေ သတ်ကြကြေးဆိုရင် ဘယ်သူမဆို လုပ်နိုင်ကြမယ် ထင်ပါတယ်။ ဒါပေမယ့် ခုခံမှု့မရှိတဲ့ လူတစ်ယောက်ကို သွေးအေးအေးနဲ့ သတ်ဖို့ဆိုတာတော့ တော်တော်လေး မလွယ်လောက် ဘူးနဲ့ တူတယ်။ ဒါပေမယ့် သေချာတော့ မပြောရဲ သေးပါဘူးဗျာ။ လူ့စိတ်ဆို အချိန် တစ်ချိန်နဲ့ တစ်ချိန် မတူဘူးကိုး။ အရင်ကကြားဖူးတယ်။ ကြွက်တောင်မှ ကြောက်တတ်တဲ့ မိန်းမကြီး တစ်ယောက် သူ့ယောက်ျားနဲ့ သားကို သတ်သွားတဲ့ ဂျပန်စစ်သားကို ကြိုးတုတ်ပြီး ဖမ်းပေးတော့ ဓါးနဲ့ ခုတ်သတ်ရဲတယ်တဲ့။ ဒါကြောင့် လူ့စိတ်က အခြေအနေတစ်ခုနဲ့ တစ်ခုမှာ မတူဘူးဗျ။ ယျေဘူယျပဲ မှန်းလို့ရမယ်။ ဥပမာဗျာ လူတစ်ယောက် အိမ်သာ တက်ချင်လို့ ဒရောသောပါးပြေးတယ် ကိုယ့်ကိုပါ ၀င်တိုက်သွားတယ်ဆိုရင် တော့ဆဲမိမှာပဲ။ ဒီလူများ လာလို့ ဒီလောက် လောနေရတာလဲပေါ့။ ဒါပေမယ့် ကိုယ်ကိုယ်တိုင် အိမ်သာ ပြေးနေတဲ့ အချိန်မှာတော့ သြော်ဟိုလူ ဘာလို့ ပြေးတာလဲဆိုတာ နားလည်ပါလိမ့်မယ်။ ဒါကြောင့် ပြောချင်တာက လူ့စိတ်ဆိုတာ အခြေအနေ တစ်ခုနဲ့ တစ်ခုမှာ မတူဘူးဆိုတာကိုပါပဲ။

အဲဒီရ၀မ်ဒါ လူသတ်ပွဲမှာလဲ အဲလိုပဲ။ အဓိကကတော့ အရင်တုံးက သူတို့နိုင်ငံကို ကိုလိုနီ ပြုခဲ့တဲ့ ဘယ်လဂျီရမ် တွေက သွေးခွဲ အုပ်ချုပ်နည်းကို သုံးခဲ့လို့ အဲဒီမှာ ရှိတဲ့ အဓိက လူမျိုး နှစ်မျိုး ဖြစ်တဲ့ ဟူတူ နဲ့ တူဆီ တို့မှာ အမုန်းအစိုင်အခဲက တဖြည်းဖြည်း ကြီးလာပြီး နောက်ဆုံး ထပေါက်ကွဲတာပဲ။ ကျွန်တော်တို့ ဆီမှာလည်း အင်္ဂလိပ်တွေ သွေးခွဲအုပ်ချုပ်လို့ အဲလိုမျိုး အဖြစ်အပျက်တွေ ရှိခဲ့တာပါပဲ။

နောက်ဆုံးတော့ ဘာသွားတွေ့လဲဆိုတော့ လူသားတွေရဲ့ မိုက်မဲမှု့တွေပါပဲ။ ဘယ်သူက မှန်သလဲ ဘယ်သူက မှားသလဲဆိုတာတော့ ပြောရ ခက်ပါတယ်။ နည်းနည်းမှန်တာနဲ့ များများမှန်တာ။ နည်းနည်းမှားတာနဲ့ များများ မှားတာပဲ ကွာမှာပါပဲ။

ဗုဒ္ဓဘာသာ အမေး အဖြေစာအုပ်ထဲမှာ ဖတ်ဖူးတယ်ဗျ။ အသက်ကို သတ်တယ်ဆိုတာ ဘယ်လိုအကြောင်း ကြောင့်ပဲ ဖြစ်ဖြစ် အသတ်ခံရတဲ့ သူဖက်ကတော့ မကောင်းပါဘူးတဲ့။

ကဲစိတ်ပါရင်တော့ အဲဒီကားလေးတွေ ကြည့်ကြည့်ပါဦး။ တွေးစရာလေးတွေရတာပေါ့ဗျာ။

Visitors

About Me

  © Blogger template 'Perfection' by Ourblogtemplates.com 2008

Back to TOP