Saturday, April 24, 2010

လူပြိန်းအတွေးများ

တကယ်တော့ လောကကြီးက တော်တော်ဆန်းကျယ်တယ်ဗျ။ အဲ ဆန်းကျယ်တယ်ဆိုတာလည်း ကျွန်တော့်လို လူပြိန်းအတွက် ပြောတာပါ။ ပညာရှင်တွေ အတွက်မတော့ အဲလောက် ဟုတ်ချင်မှ ဟုတ်မှာပေါ့နော်။


ကျွန်တော်အရင်ဆုံးတွေးမိတာက မနုဿဗေဒ အကြောင်းဗျ။ ပညာရှင်တွေကတော့ လူသားမျိုးနွယ်စု ဘယ်နှစ်စု ရှိတယ် ဘာရယ် သေချာခွဲခြမ်းလေ့လာထားတာပဲ။ ကျွန်တော့် အနေနဲ့ကတော့ ဒီကိစ္စက တော်တော်ရှင်းတယ်။ အဓိက လူလေးမျိုးပဲရှိတယ်။ အနောက်တိုင်းသား (ယူရိုပီယန်)၊ အရှေ့တိုင်းသား (အာရှသား) ၊ ကုလား နဲ့ အာဖရိကန်။ ကျန်တာတွေက အဲဒီအထဲက အခွဲတွေပဲ။ ကဲ မဟုတ်လား မိတ်ဆွေ။

နောက်တစ်ခု ကမ္ဘာပေါ်မှာ လူတွေ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ လူမျိုးတစ်မျိုးနဲ့ တစ်မျိုး ဘာဖြစ်လို့ ဒီလောက်ကွာ နေကြတာလဲ လို့လည်း တွေးမိတယ်။ ဟုတ်တယ်လေ။ တစ်ချို့ နိုင်ငံ တစ်ချို့ လူမျိုးတွေက တအား တိုးတက် တစ်ချို့လူမျိုးတွေက နောက်ကျ ဘာလို့ကွာနေကြတာလဲပေါ့။ တကယ်ဆို လူလူချင်း အတူတူပဲလေဗျာ။ ဒီကိစ္စလည်း ကျွန်တော် စဉ်းစားထားတယ်ဗျ။ ဒီလို။ ယေဘူယျအား ဖြင့် ကမ္ဘာပေါ်မှာ နေတဲ့ လူတွေထဲမှာ မြောက်ပိုင်းက လူတွေက တောင်ပိုင်းက လူတွေထက် ပိုတိုးတက်တယ်။ အခုတိုးတက်နေတဲ့ နိုင်ငံတွေကို ကြည့်လေ။ ဥရောပနိုင်ငံတွေ၊ အမေရိကန်၊ တရုတ်၊ ကိုရီးယား၊ ဂျပန် အစရှိသဖြင့်ပေါ့ဗျာ။ စင်ကာပူတို့ သြစတေးလျှတို့ ဆိုတာကတော့ ခြွင်းချက်ပေါ့ဗျာ။ ကျွန်တော်က ယေဘူယျကို ပြောတာ။
ပြီးတော့ လူအနေနဲ့ ခွဲမယ်ဆိုရင် ယေဘူယျ အားဖြင့် အသားဖြူတဲ့ သူက အသားမဲထက်သူထက် ပိုတိုးတက်တယ်ဗျ။ ဒါလည်း သိပ်မခက်ပါဘူး။ အပေါ်မှာ ပြောခဲ့တဲ့ နိုင်ငံတွေကို နမူနာ ကြည့်ကြည့်လေ။ ရာနုန်းပြည့်မှန်တယ်လို့ မဆိုနိုင်ပေမယ့် လုံးဝမှားတယ်လို့လည်း ငြင်းလို့ မရဘူးမဟုတ်လား။

ပြီးတော့ရာသီဥတုနဲ့ စဉ်းစားဦးမလား။ ရသေးတယ်။ အအေးပိုင်းဒေသက သူတွေက အပူပိုင်းဒေသတွေက လူတွေထက် ပိုတိုးတက်တဲ့ သဘောရှိတယ်ဗျ။ ဒါလည်း ကြည့်လေ။ ကမ္ဘာ့ မြောက်ပိုင်းဒေသ တွေက တောင်ပိုင်းထက် ပိုအေးတယ်လေ။
နောက်ပြီးတော့ရှိသေးတယ်မိတ်ဆွေ။ ဆက်စဉ်းစားမယ်ဆိုရင် အဲလိုမျိုး မြောက်ပိုင်းကပိုတိုးတက်တယ်လို့ ယူဆလို့ရှိရင် မြောက်ဝန်ရိုးစွန်းက တောင်ဝန်ရိုးစွန်းထက်ပိုကောင်းတယ်လို့ တွေးလို့ ရသေးသဗျာ။ မယုံကြည့် အင်တာနက်မှာ ရှာကြည့်ဗျာ။ ပိုလာဘဲယား ၀က်ဝံ၊ ပင်ကွင်းနဲ့ ၀ံပုလွေဆိုတဲ့ အကောင်တွေက မြောက်ဝန်ရိုးစွန်းမှာပဲ ရှိတယ်တဲ့။ တောင်ဝန်ရိုးစွန်းဒေသက ရာသီဥတုဆိုးလွန်းလို့ ဘာသတ္တ၀ါမှ မနေနိုင်ဘူးဆိုပဲ။ ကဲကျွန်တော်ထုတ်တဲ့ သီအိုရီ မှန်တယ် မဟုတ်လား။

ဒါပေမယ့်ဗျာ လူတွေက ဘယ်လောက်တိုးတက် တိုးတက် အဲဒီတိုးတက်တာတွေက ရုပ်ဝတ္ထုပစ္စည်း တိုးတက်မှု့တွေပဲ များတာဗျ။ စိတ်ပိုင်းဆိုင်ရာ တိုးတက်မှု့ကျတော့ နိုင်ငံတို့ လူမျိုးတို့နဲ့ ခွဲမရဘူးထင်ပါ့။ အဲဒီ စိတ်ပိုင်းဆိုင်ရာ တိုးတက်မှု့ ဆိုတာကိုတော့ လူတစ်ဦးတစ်ယောက်ချင်းစီနဲ့ပဲ တိုင်းလို့ရတယ်။

ကျွန်တော်ဖတ်ဖူး မှတ်ဖူးသလောက်တော့ ကျွန်တော်တို့ ကမ္ဘာက အခုလူသားတွေရဲ့ အခြေအနေက အလွန်ရိုင်းစိုင်းတဲ့လူ (barbarian) အဆင့်ပဲရှိသေးတယ်တဲ့။ အဲဒါတွေကြောင့် တစ်ယောက်နဲ့ တစ်ယောက် သတ်ကြ ဖြတ်ကြ ညစ်ကြ လုပ်နေကြတာတဲ့။ သက်တမ်းက လည်း အခုကိုနှစ် ၇၀ ထက်တောင် နည်းတယ်လို့ ပြောလို့ရတယ်။ ဆုပ်ကပ်ပေါ့ဗျာ။ လူသားက အဆင့်မြင့်လာလေလေ လူ့သက်တမ်းက ရှည်လေလေ ပဲလို့ ဆိုကြတယ်။ ဒါလည်း ဟုတ်လောက်တယ် ထင်တာပဲ။ သေချာတော့ မပြောတတ်ဖူး။

လူသားတွေ ဘယ်လောက် မိုက်မဲသလဲဆိုတော့ နေ့စဉ်သတင်းတွေ ပဲ ဖတ်ကြည့်ပါဘူး။ ရာဇ၀တ်မှု့က ဘယ်နှစ်မှု့ ဘယ်မှာ ဘာဖြစ်တာ ညာဖြစ်တာ ဒါတွေပဲ များတာ။ တကယ်တော့ အခုကမ္ဘာကြီးက သကြား အုပ်ထားတဲ့ ဆေးခါးကြီးလိုပဲ။ အားလုံး အပေါ်ယံတွေ။ အင်းပြောရင်း ပြောရင်း ကျွန်တော်လည်း အဆိုးမြင် ၀ါဒဘက် ရောက်နေပြီ။ ထားပါတော့ဗျာ။
ကျွန်တော်တို့ ကမ္ဘာ့မြေပုံကို အလွတ်ကျက်ခဲ့ ဖူးသည်။ ဘယ်နားဘာပင်လယ် ရှိသည်။ ဘာသမုဒ္ဒရာရှိသည် ဘယ်ကုန်းမြေရှိသည် ဆိုသည်ကို မှတ်ခဲ့ဖူးသည်။ ဤသည်ကို သက်တမ်းနှစ်ပေါင်း ဘီလျံများ စွာရှည်သော ဗြမ္မာကဲ့ သို့သော မဟာလူသားကြီးက ရယ်လေသည်။ ဒီလောက် ခဏခဏပြောင်းနေတဲ့ မြေအနေအထားတွေ ကိုများ အပင်ပန်းခံ ကျက်နေသေးတယ်ဟု။ သူ့အတွက်ကတော့ ဟုတ်ပါလိမ့်မည်။ ကျွန်တော်တို့ ဆိုသည်မှာ သူ့အတွက်ကတော့ သက်တမ်း နာရီအနည်းသာ အသက်ရှည်သော ပလူကောင်များကို ကျွန်တော်တို့ မြင်သလို သာမြင်ပါလိမ့်မည်။

နောက်ဆုံးတော့ တရုတ်ခေါင်းဆောင် တိန်ရှောက်ဖိန် ရဲ့ စကားတစ်ခွန်းနဲ့ အဆုံးသတ်ချင်ပါတယ်။ ‘ကြောင်ဖြူပဲ ဖြစ်ဖြစ် ကြောင်မဲပဲ ဖြစ်ဖြစ် ကြွက်ကောင်းကောင်းခုတ်နိုင်ရင် ကြောင်ကောင်းပဲဗျ’ တဲ့။

ဟုတ်ပါသည်။ ဘယ်လိုလူပဲ ဖြစ်ဖြစ် ဘာနိုင်ငံသားပဲ ဖြစ်ဖြစ် ဘာလူမျိုးပဲ ဖြစ်ဖြစ် လူကောင်း ဖြစ်လျှင်ပြီးတာပါပဲ ဟု။

ဧပရယ်၊ ၂၀၁၀။
မိုးတိမ်ညို

3 comments:

ကိုပေါ April 24, 2010 at 1:21 PM  

ကျနော်လည်း တခါတလေ လျှောက်စဉ်းစားတယ်။ ဂေါက်ကြည့်တာပေါ့ဗျာ။

လူဖြူ ယောက်ျား၊မိန်းမ၊ကလေးတွေကို ကြည့်ရင် ဆံပင်တွေကလည်း ရွှေရောင်နဲ့၊ အသားအရောင်ကလည်း ဖြူဖွေးတယ်။ အရပ်အမောင်းကလည်း ထောင်ထောင်မောင်းမောင်း။ ရုပ်ရည်ကလည်း ကြည့်ကောင်းတဲ့လူတွေ တော်တော်ကြည့်ကောင်းတယ်။ ငေးကြည့်ရတယ်။ ရုပ်ဝတ္ထုပိုင်းဆိုင်ရာကလည်း တိုးတက်ပြီး လိုတရဆိုသလို ဖြစ်နေတော့ ဘုရားဟောထဲမှာ လာတဲ့ နတ်ပြည်ဆိုတာ ဒါမျိုးလားလို့ တခါတခါ တွေးမိတယ်။ ဒီလိုတွေးလို့ ကျနော့်အဆိုးမဆိုပါနဲ့ဦး။

သိပ္ပံပညာမှာ အနာဂတ်ကို ခရီးသွားခြင်း travel to the future ဆိုတာ သီအိုရီအရ ဖြစ်နိုင်သတဲ့။ ဒီတော့ ကျနော်စဉ်းစားတာ ဗုဒ္ဓက အတုမရှိတဲ့ ဉာဏ်တော်၊ တန်ခိုးတော်တို့ကို ပိုင်ဆိုင်တော့ အနာဂတ်ကာလကို ဒေသစာရီခရီးထွက်ရင်းနဲ့များ ယနေ့ခေတ် တိုးတက်တဲ့ လူဖြူနိုင်ငံတခုခုဆီ ရောက်သွားခဲ့လေသလားလို့ ပေါက်ပေါက်ရှာရှာ တွေးမိတယ်။ ဘာကြောင့်ဒီလိုတွေးရသလဲဆိုတော့ တိုက်ဆိုင်တာတွေ ရှိနေတယ်ခင်ဗျ။

ဥပမာ သိကြားမင်းစီးတဲ့ နတ်မြင်းတထောင်ကတဲ့ ရထားဝေဇယန္တာ ဆိုတာမျိုးဗျာ။ ဒီခေတ်ကြီးထဲမှာ မြင်းကောင်ရေတထောင်အားရှိတဲ့ လေယာဉ်ပျံလို၊ ရဟတ်ယာဉ်လိုဟာမျိုး၊ Air Force One လိုဟာကြီးတွေကို ပြောတာလားလို့ တွေးမိတယ်။ ဝရဇိန်လက်နက်ဆိုရင် မြင့်မိုရ်ကိုပင် သူခွင်းရင် ထွင်းလို့ဖောက်နိုင်တာဆိုတော့..... တာလီဘန်တွေကို အမေရိကန်ဗုံးကြဲတုန်းက Banker Buster လိုဟာမျိုး၊ အနုမြူဒုံးကျည်လိုဟာမျိုးတွေကို ပြောချင်တာလားလို့ တွေးမိတယ်။ သိကြားမင်းဆိုတာ အင်အားကြီးနိုင်ငံတခုခုက သမ္မတ (သို့မဟုတ်) ဝန်ကြီးချုပ်ဖြစ်ရမယ်။ ဘန်ကီမွန်းတော့ မဖြစ်နိုင်ဘူး။ ယမမင်းဆိုတာကတော့ နေပြည်တော်က အဘကို ပြောတာဖြစ်မယ်လို့ တွေးမိတယ်ခင်ဗျ။

နောက်ပြီးတော့ဗျာ.... နတ်သက် တစ်ရက်က လူ့ပြည်မှာ အသက်တထောင်ဆိုတာတွေ။ ဒါကလည်း ပိုပြီး မြန်မြန် ခရီးသွားသူအတွက် အချိန်ဟာ ပိုနှေးသွားတယ်ဆိုတဲ့ အိုင်းစတိုင်းရဲ့ ရီလစ်တီဗတီသီအိုရီက သဘောတွေနဲ့ တွက်ကြည့်တော့လည်း ကိုက်နေပြန်ရောဗျ။

ကိုမိုးတိမ်ညို နိဂုံးကိုလည်း ကြိုက်တယ်။ ကျနော်တို့ဟာ နယ်နိမိတ်စည်းမျဉ်းတွေကို မဖျောက်နိုင်သေးပေမယ့် လူကို လူလိုမြင်တတ်ကြဖို့၊ လူကောင်းနဲ့လူဆိုးဟာနေရာတိုင်းမှာ ရှိတယ်ဆိုတာကို သဘောပေါက်ကြဖို့တော့ လိုတာပေါ့ဗျာ။

Rita April 24, 2010 at 2:58 PM  

ကွန်မန့်ပေ့ခ်ျ ရောက်မှပဲ တဟားဟား အော်ရီမိတော့တယ်။ ကိုပေါ သီအိုရီအရ ခုမှပဲ ကိုယ့်ဘာသာ ငရဲပြည်ကလာခဲ့မှန်း သိတော့တယ်။ ဒါကြောင့် ငရဲကလာတဲ့သူ ပြာပူမကြောက်ဆိုတာမျိုး စင်္ကာပူလောက်ဆိုရင်ပဲ တော်ပါပြီ ထင်နေကြတာ။
:)

Nanda April 26, 2010 at 3:05 AM  

အတွေးအခေါ်ပါပြီး အတ္တလွှာပါးတဲ့ ပို့စ်လေးတွေမို့ ကြုံတိုင်းလာဖတ်မိတယ်။ ဖတ်တိုင်း စိတ်တိုင်းကျစရာလေးတွေပါတယ်။

မြောက်ဖက်ပိုင်းပိုကျပြီး ရာသီဥတုအေးတဲ့ နိုင်ငံတွေက ပိုချမ်းသာတိုးတက်ကြတာတော့ အမှန်ပဲဗျ။ တောင်ဖက်စက်ဝန်းမှာ ချမ်းသာတဲ့ နိုင်ငံတွေ ဥပမာ နယူးဇီလန်၊သြစတြေးရီးယား စသည်ဖြင့်ရှိပေမယ့် အဲဒီနိုင်ငံတွေလဲ indigenous တွေဖြစ်တဲ့ အဘိုးရီးဂျင်းတွေ ကျွန်သားတွေချည်းသာဆက်ရှိနေရင် အခုလိုဖြစ်မယ်မထင်ဘူး။ ကမ္ဘာကြီးတိုးတက်လာပြီး ပို့ဆောင်ဆက်သွယ်ရေးတွေကောင်းလာမှတိုးတက်လာတဲ့ စင်ကာပူလို နိုင်ငံမျိုးလေးတွေတော့ ဖယ်ထုတ်စဉ်းစားလို့ရမယ်ထင်တယ်။ ရှေးတုံးကတည်းက အေးတဲ့နိုင်ငံတွေက လူတွေက သူတို့နေ့တဓူဝရှင်သန်နေထိုင်နိုင်ဖို့ အမြဲတီထွင်ကြံဆကာ ပတ်ဝန်းကျင်ကိုဖန်တီးယူခဲ့ရသူတွေမို့ ပိုမိုတိုးတက်လာကြတာထင်တယ်။ လူဆိုတာ resilient ဖြစ်တဲ့သတ္တ၀ါတစ်မျိုးပေပဲ။

လူမျိုးချင်းတူတူမှာတောင်မှ တိုးတက်မှုမတူညီတာတွေလဲ ရှိနေတယ်။ ဥပမာ တောင်/မြောက် ကိုရီးယားဆို ဒီလူမျိုတစ်ခုတည်းတူတူကို နိုင်ငံကိုမောင်းနှင်နေတဲ့ စနစ်မတူတော့ တိုးတက်ပုံ၊ သိက္ခာရှိပုံခြင်း၊ ကြွယ်ဝပုံခြင်း၊ လူရာဝင်ပုံခြင်းကွာလေစွ။
ရုပ်ဝတ္ထုပိုင်းဆိုင်ရာ တိုးတက်ခြင်းဆိုလို့ တစ်ခုပြောချင်သေးတယ်။ များသောအားဖြင့် ကျွန်တော်တို့လို အာရှသားတွေ အထူးသဖြင့် တို့ရွှေတွေက ရုပ်ဝတ္ထုတိုးတက်တဲ့ အနောက်နိုင်ငံတွေနဲ့ ဂျပန်စတဲ့ နိုင်ငံတွေကလူတွေကို စိတ်ပိုင်းဆိုင်ရာတို့လောက်မချမ်းသာလောက်ပါဘူးလို့ ထင်ကြပုံရတယ်။ မှားနေတယ်ထင်တယ်ဗျ။ မိမိဘ၀ကျေနပ်မှုကိုတိုင်းတာတဲ့ သုတေသန ညွှန်းကိန်းများအရ စကင်ဒီနေးဗီးယား နိုင်ငံများက လူများဟာ သူတို့ဘ၀သူတို့အတော်ကျေနပ်ကြတယ်ဆိုပဲ။ အထူးသဖြင့် ဖင်လန်၊ဒိန်းမတ်၊ဆွီဒင်ဟာ စိတ်ရောလူရောအလွန်ချမ်းသာဆိုပဲ။ လူအများစုဟာ constructive attitude ရှိတယ်လို့လေ့လာချက်များအရသိရတယ်ဆိုပဲ။ စိတ်ပိုင်းဆိုင်ရာ သိပ်ချမ်းသာပါတယ်လို့ ကိုယ့်ကိုယ်ကိုထင်ကြတဲ့ ကျုပ်တို့တွေမှာတော့ ဘာမှလုပ်စရာမရှိလို့ အေးရာအေးကြောင်းနေရာကနေ အကျင့်ဖြစ်သွားပုံရတယ်။

ဒါပေမယ့် ဘူတန်နိုင်ငံလေးမှာတော့ သူတို့လူမျိုးများ တကယ်စိတ်ချမ်းသာနေပုံပဲ။ အနောက်နိုင်ငံပညာတတ် ဘူတန်ဘုရင်က သူ့တိုင်းပြည်မှာ gross national happiness (GNH) ဆိုတဲ့ညွှန်းကိန်း (GDP မဟုတ်) ကိုတီထွင်ပြီး သူ့တိုင်းသူပြည်သားတွေဟာ အပျော်ဆုံးဖြစ်ရမယ်ဆိုပြီး မူဝါဒနဲ့လုပ်ဆောင်တယ်ဆိုပဲ။ အနှစ်ကတော့ဗျာ နိုင်ငံလေးက ငယ်ပြီးမကြွယ်ဝပေမယ့် စိတ်ချမ်းသာပျော်မွှေ့ဖွယ်၊ တိုင်းသူပြည်သားများကျေနပ်ဖွယ်ဖြစ်နေအောင် လုပ်နိုင်တာလဲ အားကျစရာပဲ။ အဲလိုဘူတန်ဘုရင်နဲ့ အိမ်ရှေ့မင်းသားကို စာပေများသင်ကြားပို့ချကာ ဗုဒ္ဓဘာသာ သမိုင်းစာတမ်းများပြုစုပျိုးထောင်သွားသူ လူ့ယဉ်ကျေးပညာတတ် စွန့်လွှတ်အနစ်နာခံနားလည်တတ်သူတစ်ဦးကိုလဲ သတိရမိပါတယ်။

Visitors

About Me

  © Blogger template 'Perfection' by Ourblogtemplates.com 2008

Back to TOP