လူသားများ၏ မိုက်မဲမှု့
တစ်ခါတစ်လေကြတော့ တစ်ကယ့် အဖြစ်အပျက်က စိတ်ကူးယဉ်ထက် ဆန်းကြယ်တယ် ဆိုတာ မှန်သလိုပဲ။
ဒီရက်ပိုင်းမှာ ကြည့်ဖြစ်တဲ့ ဇာတ်ကားတစ်ကားအပေါ်မူတည်ပြီး တွေးမိသွားတာပါ။ Sometime in April ဆိုတဲ့ ဇာတ်ကားပေါ့။ အာဖရိက အလယ်ပိုင်းက ရ၀မ်ဒါ နိုင်ငံမှာ ၁၉၉၄ လောက်က ဖြစ်ခဲ့တဲ့ လူမျိုးတုံး သတ်ဖြတ်ပွဲ အကြောင်းကို ဇာတ်လမ်း အဖြစ်ရိုက်ထားတာပါ။ တစ်ချို့နေရာတွေမှာ တကယ့် အဖြစ်အပျက်ဆိုတာ မယုံနိုင်လောက် အောင်ပါပဲ။ လူတွေ ဘာလို့များ ဒီလောက် ရက်စက်နိုင်ကြသလဲလို့။ အံ့သြမိပါတယ်။
ရ၀မ်ဒါ လူသတ်ပွဲ အကြောင်း သိချင်ရင် Hotel Rwanda ဆိုတဲ့ ကားလည်း ကြည့်ကြည့်ပါဦး။ နှစ်ကားစလုံး တော်တော် ကောင်းပါတယ်။ နှစ်ကားလုံး တစ်ကယ့်အဖြစ် အပျက်ကို အခြေခံ ပြီး ရိုက်ထားတာပါတဲ့။
အဲဒီကားတွေကြည့်ပြီး ငါဆိုရင် ဒီလောက်တော့ မရက်စက်နိုင်ပါဘူးလို့ တွေးမိတယ်။ တကယ် စစ်ဖြစ်နေလို့ ရှေ့တန်းမှာ သူသေကိုယ်သေ သတ်ကြကြေးဆိုရင် ဘယ်သူမဆို လုပ်နိုင်ကြမယ် ထင်ပါတယ်။ ဒါပေမယ့် ခုခံမှု့မရှိတဲ့ လူတစ်ယောက်ကို သွေးအေးအေးနဲ့ သတ်ဖို့ဆိုတာတော့ တော်တော်လေး မလွယ်လောက် ဘူးနဲ့ တူတယ်။ ဒါပေမယ့် သေချာတော့ မပြောရဲ သေးပါဘူးဗျာ။ လူ့စိတ်ဆို အချိန် တစ်ချိန်နဲ့ တစ်ချိန် မတူဘူးကိုး။ အရင်ကကြားဖူးတယ်။ ကြွက်တောင်မှ ကြောက်တတ်တဲ့ မိန်းမကြီး တစ်ယောက် သူ့ယောက်ျားနဲ့ သားကို သတ်သွားတဲ့ ဂျပန်စစ်သားကို ကြိုးတုတ်ပြီး ဖမ်းပေးတော့ ဓါးနဲ့ ခုတ်သတ်ရဲတယ်တဲ့။ ဒါကြောင့် လူ့စိတ်က အခြေအနေတစ်ခုနဲ့ တစ်ခုမှာ မတူဘူးဗျ။ ယျေဘူယျပဲ မှန်းလို့ရမယ်။ ဥပမာဗျာ လူတစ်ယောက် အိမ်သာ တက်ချင်လို့ ဒရောသောပါးပြေးတယ် ကိုယ့်ကိုပါ ၀င်တိုက်သွားတယ်ဆိုရင် တော့ဆဲမိမှာပဲ။ ဒီလူများ လာလို့ ဒီလောက် လောနေရတာလဲပေါ့။ ဒါပေမယ့် ကိုယ်ကိုယ်တိုင် အိမ်သာ ပြေးနေတဲ့ အချိန်မှာတော့ သြော်ဟိုလူ ဘာလို့ ပြေးတာလဲဆိုတာ နားလည်ပါလိမ့်မယ်။ ဒါကြောင့် ပြောချင်တာက လူ့စိတ်ဆိုတာ အခြေအနေ တစ်ခုနဲ့ တစ်ခုမှာ မတူဘူးဆိုတာကိုပါပဲ။
အဲဒီရ၀မ်ဒါ လူသတ်ပွဲမှာလဲ အဲလိုပဲ။ အဓိကကတော့ အရင်တုံးက သူတို့နိုင်ငံကို ကိုလိုနီ ပြုခဲ့တဲ့ ဘယ်လဂျီရမ် တွေက သွေးခွဲ အုပ်ချုပ်နည်းကို သုံးခဲ့လို့ အဲဒီမှာ ရှိတဲ့ အဓိက လူမျိုး နှစ်မျိုး ဖြစ်တဲ့ ဟူတူ နဲ့ တူဆီ တို့မှာ အမုန်းအစိုင်အခဲက တဖြည်းဖြည်း ကြီးလာပြီး နောက်ဆုံး ထပေါက်ကွဲတာပဲ။ ကျွန်တော်တို့ ဆီမှာလည်း အင်္ဂလိပ်တွေ သွေးခွဲအုပ်ချုပ်လို့ အဲလိုမျိုး အဖြစ်အပျက်တွေ ရှိခဲ့တာပါပဲ။
နောက်ဆုံးတော့ ဘာသွားတွေ့လဲဆိုတော့ လူသားတွေရဲ့ မိုက်မဲမှု့တွေပါပဲ။ ဘယ်သူက မှန်သလဲ ဘယ်သူက မှားသလဲဆိုတာတော့ ပြောရ ခက်ပါတယ်။ နည်းနည်းမှန်တာနဲ့ များများမှန်တာ။ နည်းနည်းမှားတာနဲ့ များများ မှားတာပဲ ကွာမှာပါပဲ။
ဗုဒ္ဓဘာသာ အမေး အဖြေစာအုပ်ထဲမှာ ဖတ်ဖူးတယ်ဗျ။ အသက်ကို သတ်တယ်ဆိုတာ ဘယ်လိုအကြောင်း ကြောင့်ပဲ ဖြစ်ဖြစ် အသတ်ခံရတဲ့ သူဖက်ကတော့ မကောင်းပါဘူးတဲ့။
ကဲစိတ်ပါရင်တော့ အဲဒီကားလေးတွေ ကြည့်ကြည့်ပါဦး။ တွေးစရာလေးတွေရတာပေါ့ဗျာ။

3 comments:
မကြည့်ဘူး။ စိတ်မပါလို့။
ကိုမိုးတိမ်ညိုရေးသွားတာတော့ ကြိုက်တယ်။
လူ့စိတ်ဆိုတာ ပြောရခက်တယ်။ ... ဆိုတော့ လွယ်လွယ်လေးနဲ့ လူသတ်နိုင်တဲ့ ပတ်ဝန်းကျင်အနေအထားမျိုးမှာ ရောက်မနေတာ၊ ငါ့စကား နွားရ ထင်ရာမြင်ရာ ဦးနှောက်မပါဘဲ လက်တွေ့နဲ့ ကင်းကွာပြီး စွတ်ပြောနေမိမယ့် ပတ်ဝန်းကျင်အနေအထားမျိုးမှာ ရောက်မနေတာတွေ အတွက်ပဲ ကိုယ့်ဘာသာ ကျေးဇူးပြန်တင်နေမိတယ်။
ဘာလို့ဆို အဲဒီအသိုင်းအဝိုင်း နှစ်ခုလုံးနဲ့ ကင်းပြီး လူဖြစ်လာရတာဟာ ကိုယ့်ဘာသာ လုပ်ခဲ့တဲ့ ကံတွေချည်းပဲမို့လို့။
(အဲဒီအသိုင်းအဝိုင်း နှစ်ခုလုံးနဲ့) ဆိုတဲ့ စာသားမှာ အဲဒီ နဲ့ အသိုင်းအဝိုင်း နှစ်ခုလုံး ဆိုတဲ့ကြားမှာ (အသုံးမကျတဲ့) ဆိုတဲ့ နာမဝိသေသန တစ်လုံး ထပ်ဖြည့်ပြီး ဖတ်ပါရန်။
ဒုတိယကားကိုကြည့်ဖူးတယ်။ ပထမကားကို လိုက်ရှာပြီးကြည့်မယ် စိတ်ကူးတယ်။ မျှဝေပေးတာကျေးဇူးနော်။
Post a Comment