Tuesday, March 30, 2010

ချွေတာ စုဆောင်း သူဌေးလောင်း

ကျွန်တော့် အမေကို အခြားသူများက ကပ်စေးနဲသည်ဟု ဆိုကြလေသည်။ အချို့ကမူ စည်းစနစ်ကျသည် ဟုဆိုသည်။ ကပ်စေးနဲ သည်ဟုဆိုလျှင် အပျက်သဘော တွေးခြင်းဖြစ်ပြီး စည်းစနစ်ကျသည်ဟု တွေးလျှင် အပြုသဘောတွေးခြင်းဖြစ်ပေမည်။ မည်သို့ပင်ဖြစ်စေ ကျွန်တော့် အမေသည် အနည်းငယ် နှမြောတတ် သူတစ်ဦးဟု ထင်ပါသည်။ ဤသည်မှာလည်း သဘာဝကျပါသည်။ အိမ်ထောင်ရှင်မတစ်ဦးအနေနှင့် အလေ အလွင့် နည်းပါးစေရန် အတတ်နိုင်ဆုံးထိန်းသိမ်းရမည် မဟုတ်ပါလား။ ကျွန်တော်တို့အိမ်တွင်လည်း မည် သူ ကမှ စေ့စေ့စပ်စပ်မရှိသဖြင့် အမေမှ မထိန်းသိမ်း လျှင်လည်း အလေအလွင့်က တော်တော်များ မည် ဖြစ်သည်။ ထို့ကြောင့် အမေ၏ နှမြောတတ်သော အကျင့်သည် ကျွန်တော်တို့ မိသားစုထဲတွင် အရေးပါသလို တစ်ခါ တစ်ခါရယ်စရာ (အကောင်းဘက် ကပြောခြင်းဖြစ်သည်)လည်း ဖြစ်တတ်လေသည်။

တစ်ညသော် ကျွန်တော်တို့ မိသားစု အားလုံးအိပ်ယာဝင်ကြသည့် အချိန်တွင် အောက်ထပ် ဧည့်ခန်းထဲမှ အသံကြားသဖြင့် ကျွန်တော် ဆင်းကြည့်ရာ အမေ့ကို ဆက်တီခုံပေါ်တွင် တစ်ယောက်တည်း ထိုင်ပြီး ဘုရားစာ ရွတ်နေသည်ကိုတွေ့ ရသည်။ တွေ့ရိုးတွေ့ စဉ်မဟုတ်သဖြင့် ကျွန်တော်အံ့သြသွား ပြီး အမေ့ကိုမေးလိုက်သည်။ “ အမေ မအိပ် သေးဘူးလား ဘာလုပ်နေတာတုံး“ အမေကမော့ ကြည့်ပြီး “အေးဒီမှာ ခြင်ဆေး ခွေလေး မကုန်သေးလို့ထိုင်နေတာ“ ကြည့်လိုက် တော့ ခြင်ဆေးခွေလေးက လက်တစ်ဆစ် လောက်သေးသေးလေး ကျန်နေခြင်းဖြစ်သည်။ မီးငြိမ်းလိုက် လျှင်လည်း နောက်တစ်ခါ ပြန်ထွန်းရမည် မဟုတ်တော့ချေ။ အမေက ဒီခြင်ဆေးခွေလေးကို သူ့ဟာသူ ကုန်သွား အောင်ထွန်းထားခဲ့ရမည်ကို လည်း မသိစိတ်က နှမြောနေပုံရသည်။ အမေ့ စိတ်ကူးထဲတွင် ခြင်ဆေး ထွန်းထားလျှင်လူထိုင်နေမှ အကျိုးရှိမည်ဟူသော အချက်သာ လောလော ဆယ်ရှိနေသည်ဟုထင်သည်။ ထိုကြောင့် အိပ်ချင်ရက်နှင့် အပင်ပန်းခံပြီး ပေထိုင်နေခြင်းဖြစ်လေသည်။ တစ်ခါအလေ လူများမှာ အဲလို အတွေးလွန်ပြီး အတွေးချော် သွားတတ်လေသည်။

ထိုနည်း၎င်းပင် ကျွန်တော်၏ အစ်ကိုဝမ်းကွဲတစ်ယောက်လည်းဖြစ်ဖူးသည်။ သူသည် ကျွန်တော့် အမေဖက်မှ ဖြစ်ပြီး လူလတ်ပိုင်းစီးပွားရေး သမား တစ်ယောက် ဖြစ်သည်။ စီးပွားရေးတွက်တွက်တတ်သည်။ တစ်ခုခုရင်းနှီးပြီး လျှင် အကျိုးအမြတ် တစ်ခုခုတော့ ပြန်ရမှ ဖြစ်မည် ဟူသော သူမျိုးဖြစ်သည်။ တစ်ခါသော် နိုင်ငံခြားဇာတ်ကားတစ်ကား ရုပ်ရှင်ရုံတွင် ပြသရာသူကအရင်ကြည့်ပြီး အလွန်ကောင်းသဖြင့် ဆွေမျိုး များကြည့်ရန် နောက်ရက်တွင် လက်မှတ်ငါးစောင်ဝယ်ခဲ့ လေသည်။ ရုပ်ရှင်သွားခါနီးတွင် တစ်ယောက်က အရေးကြီး ကိစ္စပေါ်လာသဖြင့် မလိုက်နိုင်ခဲ့ရာ အခြားလူတစ်ယောက် ကို လူစားထိုးရန်ရှာဖွေရာ ကံဆိုးစွာ ပင်ဆွေမျိုးမိတ်ဆွေများထဲမှ မည်သူကမှ မလိုက်နိုင်ဖြစ်နေသည်။ ထို့ကြောင့် ရုပ်ရှင်ရုံတွင် ပိုနေသော လက်မှတ်တစ်စောင်ကို ပြန်ရောင်းရန် ကြိုးစားရာလည်း ၀ယ်မည့် သူရှာမတွေ့ပါ။ ကြံရာမရသည့် အဆုံးတွင် ထိုအစ်ကို သည် အနွေးထည်လေး ၀တ်ပြီး ရုပ်ရှင်ရုံထဲသို့လိုက်ထိုင်ကာ ဇာတ်ကားပြီးသည် အထိထိုင်ခုံတွင် ထိုင်အိပ်နေပါသည်။ ၀ယ် ထား သည့် ထိုင်ခုံ အလဟသ အဖြစ်မခံနိုင်လို့ တန်အောင် အပင်ပန်းခံပြီး ထိုင်ခုံပေါ်တွင် လာအိပ်ခြင်းဖြစ်လေသည်။

နောက်တစ်ခုကတော့ ကျွန်တော်တို့ အဒေါ်အကြောင်း။ အဲဒီအကြောင်းကတော့ ကျွန်တော့် အစ်ကိုဝမ်းကွဲတစ်ယောက် ပြန်ပြောပြတာပါ။ သူတို့ ခပ်ငယ်ငယ် အလယ်တန်းကျောင်းသား ဘ၀လောက်တုံးကတဲ့။ အဲဒီခေတ်က ကုန်ပစ္စည်းရှားပါးတဲ့ ခေတ်ဆိုပဲ။ အခုခေတ်လို ဆပ်ပြာမွှေးတွေ မျိုးစုံအောင် မရှိသေးဘူး။ ကျွန်တော်တို့ ငယ်ငယ်တုန်းကတောင် ကာဗော်လစ် ဆပ်ပြာကို အကောင်းလုပ် သုံးခဲ့ရသေး တယ်လေ။ သူတို့အမေ ကျွန်တော့်အဒေါ်က လည်း တော်တော်လေး စေ့စပ် တယ်ဗျ။ သူက ရေချိုးခန်းထဲမှာ ဒီလို ရေးထားတယ်တဲ့။ ‘ခေါင်း.. ကာဗော်လစ်.. ကိုယ်လုံး အ၀တ်လျှော်ဆပ်ပြာ’ တဲ့။ သူဆိုလိုချင်တာက ကာဗော်လစ် ဆပ်ပြာက ဈေးကြီးတယ်ပေါ့ဗျာ။ အဲဒါကြောင့် အကုန်အကျသက်သာအောင်လို့ ရေချိုးတဲ့ အခါ ကာဗော်လစ် ဆပ်ပြာကို ခေါင်းနဲ့ မျက်နှာပဲသုံး ဈေးပေါတဲ့ ရွှေဝါ အ၀တ်လျှော်ဆပ်ပြာကို ကိုယ်လုံးတိုက်လို့ ရေးထားတာ။ ဒါကပါးစပ်နဲ့ လည်းပြောပြီးသားပါ။ ပိုသေချာအောင် လို့ ရေချိုးခန်းထဲမှာပါ ရေးထားတာတဲ့။ သူ့ဟာသူ ရေးထားတာ ဘာမှ မဖြစ်ပေမယ့် ကျွန်တော့် အစ်ကို သူငယ်ချင်းတွေ အိမ်လာလည်မှ ဒုက္ခရောက်တော့တာပဲ။ သူတို့က ရေချိုးခန်းထဲက အဲဒီ စာတန်းကို တွေ့သွားသတဲ့။ သူတို့ကလည်း တော်တော်ဆိုးတယ် ဗျ။ ဘာမှ မပြောပဲ တိတ်တိတ် ကလေး ကျိတ်မှတ်သွားတာ။ နောက်ရက် ကျွန်တော့် အစ်ကို ကျောင်းသွားပြီး ကျောင်းခန်းထဲလည်း ၀င်ရော လူငါးယောက်လောက်က ‘ခေါင်း.. ကာဗော်လစ်.. ကိုယ်လုံး အ၀တ်လျှော်ဆပ်ပြာ ခေါင်း.. ကာဗော်လစ်.. ကိုယ်လုံး အ၀တ်လျှော်ဆပ်ပြာ’ လို့ ၀ိုင်းအော်ကြပါသတဲ့။ ကျွန်တော့် အစ်ကိုလည်း အစပိုင်းတော့ အူကြောင်ကြောင် ဖြစ်နေသေးတယ်။ ဒီစာသားကြီး ငါကြားဖူးပါတယ်နဲ့ လို့တောင် တွေးနေသေးတာတဲ့။ နောက်မှ သူ့ကို ၀ိုင်းရယ်ကြမှ ဟာ အိမ်က ရေချိုးခန်းထဲက စာသား ကြီးပါလားလို့ သဘောပေါက်သွားသတဲ့။ အဲဒီနေ့ ကသူရှက်လိုက်တာ မှ ခေါင်းကို မဖော်နိုင်ဘူးတဲ့။ အိမ်မရောက်မှ အမေရာ အမေကအဲလိုရေးထားတော့ ကျောင်းမှာ ကျွန်တော့်ဝိုင်းအော် ကြတာဗျဆိုပြီး ပုဆိုးစုတ်ရေဆွတ်ပြီး ရေချိုးခန်းထဲက စာတန်းကြီး ကို သွားဖျက်ပါလေရောတဲ့ဗျာ။ အဒေါ်ကတော့ အဲဒီ အကြောင်းအခု အခုထိ သဘောကျပြီး ပြောပြော ရယ်တုံးပဲ။

နောက်တစ်ခုကတော့ ကျွန်တော်တို့နဲ့ စင်ကာပူမှာ အတူနေတဲ့ အစ်ကိုကြီး တစ်ယောက်။ သူက လူပျိုကြီး။ သူလည်း အတော်လေးကို စေ့စပ်တယ်။ ကျွန်တော်တို့နဲ့ တော့ကွာပါ့။ ဘာပစ္စည်းဝယ်ဝယ် ဈေးအနည်းဆုံးကို ရအောင်ရှာဝယ်တယ်။ ဒါပေမယ့် အလွန်အကျွံဖြစ် လာတော့လည်း ခံရတာပဲဗျ။ ဖြစ်ပုံကဒီလို။ တစ်ခါက သူ လက်ဆွဲအိတ် လျှော့ဈေးနဲ့ ရတယ်ဆိုလို့ မနက်အစောကြီး ထသွားပြီး တန်းစီပြီး ၀ယ်လာခဲ့တယ်။ ဘယ်လောက် သက်သာလဲ မေးကြည့်တော့ စင်ကာပူ လေးဒေါ်လာ တဲ့။ ကျွန်တော်ကတောင် မဆိုးပါ ဘူးလို့ တွက်နေသေးတယ်။ ဒါနဲ့ ပဲ ဆက်မေးကြည့်မိတယ်။ ဘယ်မှာသွားဝယ်တာ လဲဆိုတော့ ကျွန်တော်တို့ နေတဲ့ နေရာကနေ တစ်နာရီလောက် ရထားစီးရတဲ့ နေရာ။ ပြီးတော့ ဘူတာကနေ ရှစ်မှတ်တိုင်လောက် ကားစီးရသေးတယ်တဲ့။ သူအဲလိုပြောတော့ ကျွန်တော်ထရယ်တော့ တာပေါ့။ ဟားဟား အစ်ကိုကြီးနဲ့ဗျာ လေးကျပ်သက်သာ တယ်သာ ပြောတယ် အစ်ကိုကြီး ပြောတဲ့ ခရီးမျိုးဆိုရင် ရထားခနဲ့ ကားခ အသွား အပြန်က ငါးကျပ်ကျော်ကျော်လောက် ကျမှာ ဘယ်နှယ့်လုပ် သက်သာမှာလဲဗျ လို့ ပြောလိုက်တယ်။ အဲကျမှ သူသေချာစဉ်းစား မိပြီး မျက်နှာကြီးကို စူပုတ်သွားတာပဲ။ ပြီးတော့ ပြောတယ် မင်းပြောတာ ဟုတ်တယ်ကွ။ ငါ့မှာ အစောကြီးလည်း တန်းစီရသေး တယ်။ သွားပါပြီကွာ။ ရထားခ တင်မကဘူး အပြန်ဗိုက်ဆာလို့ မနက်စာ သုံးကျပ် ဖိုးပါ ထည့်တွက်ရင် ရှံးပြီကွဆိုပြီး အိတ်ကြီး ပစ်ချပြီး စိတ်ပျက်လက်ပျက် အခန်းထဲ ၀င်သွားပါတော့ တယ်။ ကဲ တအား စေ့စပ်တယ်ဆိုတော့ လည်း မခက်လား။

အဲ နောက်ဆုံးတစ်ခုကတော့ ကျွန်တော့်ရဲ့ ကောင်မလေး မရွှေချောပေါ့။ သူလည်း အဲလိုပဲ။ စေ့စပ် တယ်လို့ဆိုရမပေါ့။ သူကျတော့ ဖုန်းကဒ်ကိစ္စ။ ဒီမှာ ကမြန်မာနိုင်ငံကို ခေါ်ရင် အင်တာ နေရှင်နယ်ကို ခေါ်တဲ့ ကဒ်လေး ၀ယ်ပြီး ခေါ်ရတာလေ။ အဲဒါမှာ ဈေးသက်သာတာ။ တစ်ရက်တော့ ဈေးသွားရင်းနဲ့ ဖုန်းဆိုင်ရှေ့ရောက်တော့ သတိရတာနဲ့ ‘အိမ်ကို ဖုန်းခေါ်ဦးမှာ ဆို တစ်ခါတည်း ဖုန်းကဒ်ဝယ်ခဲ့လေ’ လို့ ကျွန်တော်ကမေးတော့။ ‘အမလေး ဒီဆိုင်မှာ မ၀ယ်ဘူး ဒီဆိုင်က ဈေးကြီးတယ်’ တဲ့။ ကျွန်တော်က ပြန်မေးရတယ်။ ‘ဟာ ဖုန်းကဒ်က ဘယ်လောက် ကွာမှာမို့လို့လည်းကွ’ ဆိုတော့ သူက ‘မဟုတ်ဘူး ဟိုဈေးက ဆိုင်က ပြားနှစ်ဆယ် သက်သာတယ်’ တဲ့။ သူပြောတဲ့ ဈေးက ဘစ်ကားစီးရင် သုံးမှတ်တိုင် လမ်းလျှောက်ရင် မိနစ် နှစ်ဆယ်လောက် လျှောက်ရမှာ။ ‘အမလေး မရွှေချောရယ် ပြားနှစ်ဆယ်နဲ့ တော့ အဲဒီထိမသွားပါနဲ့ တော့။ အဲဒီ ပြားနှစ်ဆယ် ကျုပ်ပေးပါ့မယ်’ ဆိုပြီး ပြားနှစ်ဆယ်စေ့လေး ရွဲ့ပြီး ထုတ်ပေးလိုက်မိတယ်။ ဟဲဟဲ မပိုင်လား။ မိတ်ဆွေကတော့ ‘ပြောင်ရှင်း မင်းပိုင်သကွာ’ ဆိုပြီး အားကျနေမယ်ထင်ပါ့။

သိပ်တော့ ချီးမွမ်းတာ မစောလိုက်နဲ့ဦး မိတ်ဆွေ။ ဘာဆက်ဖြစ်တယ်ဆိုတာ နားထောင်ပါဦးလေ။ အဲ ဘာဖြစ်လဲ ဆိုတော့ မရွှေချော စိတ်ကောက်သွားလို့ ကေအက်(ဖ်)စီ နဲ့ ချော့လိုက်ရတာ တစ်ဆယ်ကျော် ကျွတ်သွားပါတယ်ဗျို့။ (မိတ်ဆွေ များ သတိထားဖို့ ပါ။ ကိုယ်ခံ ပညာမျှဝေလိုက်ပါတယ်)

ကဲဗျာ။ ဒါတွေကတော့ လူတွေ စေ့စပ်တဲ့ အကြောင်း ဒါမှ မဟုတ် ကပ်စေးနဲ တဲ့ အကြောင်း လို့ပဲ ဆိုရမလားပဲ။ အဲလို လူတွေကို ကပ်စေးနဲ တယ်ဆိုပြီး သိပ်တော့ အပြစ် မတင်လိုက်နဲ့ ဦးဗျ။ တစ်ချို့ နေရာတွေမှာ လိုအပ်တယ်။ မြန်မာ စကားမှာတောင် ရှိသေးတယ်။ ‘စီးတဲ့ရေ ဆည်တဲ့ ကန်သင်း’ တဲ့။ အိမ်ထောင် တစ်ခုမှာ ဆို အိမ်ထောင် ရှင်မက အဲလို စေ့စပ်မှ တော်ရာကျတာဗျို့။ အဲ စကားစပ်မိလို့ ပြောရဦးမယ်။ နယ်မြို့လေး တစ်မြို့က ကျွန်တော်တို့ အရီးကျတော့ တစ်မျိုး။ သူကလည်း တော်တော် ကပ်စေးနဲတယ်လို့ အပြောခံရတာပဲ။ ဒါပေမယ့် သူ စရိုက်နဲ့ သူပဲ။ သူ အလှူပွဲတို့ ဘာတို့သွားစရာရှိရှိ မြို့ ခရီးသွားစရာ ရှိရှိ ကောင်းကောင်း ၀တ်တယ်။ ဒါမျိုးကျ မနှမြောဘူး။ တောင်းမှာ အကွပ်လူမှာ အ၀တ်ဆိုတဲ့ စကားကို လက်ကိုင်ထားတာဗျ။ သူက ဖိနပ်ဆိုရင် လည်း နည်းနည်းစုတ်ရင်ကို အပြင် မစီးတော့ ဘူး။ သွားစရာ ရှိရင် အသစ်ဝယ်စီးတယ်။ အဲလို ၀ယ်လွန်းလို့ သူများ ဟဲ့ ညည်း နဲ့ ဟိုဖိနပ် ကြီးက အကောင်းကြီးရှိသေးတာ ဘာလို့ အသစ်စီးတာလဲ လို့ မေးရင် သူက အမလေး လူမှ ရုပ်ဆိုးပါတယ်ဆို ဖိနပ်စုတ်တော့ မစီးနိုင်ပါဘူးတော် လို့ပြောလေ့ ရှိသတဲ့။

လူတစ်ကိုယ် စရိုက်တစ်မျိုးပေါ့ဗျာ။ ဘယ်လိုပဲပြောပြော ဒါတွေက ကောင်းတဲ့ ဘက်ကတွေး ရင်တော့ ကောင်းပါတယ်ဗျာ။ ဘယ်ကိစ္စမှ အလွန် အကျွံ မဖြစ်ဖို့ပါပဲ။


မတ် ၂၀၁၀။
မိုးတိမ်ညို

5 comments:

Anonymous March 30, 2010 at 12:08 PM  

Nice Post.

ကိုပေါ March 30, 2010 at 3:43 PM  

ဟား..ဟား… ဒီပို့စ်ကို ဖတ်ရတော့ အသိတယောက်ကို ပြေး သတိရမိတယ်ဗျာ။ သူက “အေးငြိမ်းသီတာ”ဆိုတဲ့ အစာကြေ၊သွေးကျ၊အဆီကျ၊နှလုံးအားတိုး (၉၆ ပါးပျောက်တဲ့ဆေးထင်ပါ့) ဆေးကို သူ့ဆိုင်မှာတင်တယ်။ အဲဒီဆေးကို နောက်ပိုင်းမှာ လူတွေ သိပ်ဝယ်မသုံးကြလို့ ထင်ပါ့။ ဆေးဘူးတွေ အကုန်မရောင်းရဘူး။ အဲဒီအခါ ဆိုင်မှာ ကျန်နေသမျှ့ ဆေးဘူးတွေကို အလဟဿ မဖြစ်ရလေအောင် ဆေးသက်တမ်းမကုန်ခင် အပြောင်ရှင်းတဲ့အနေနဲ့ အိမ်က ယောက်ျားရယ်၊ ကလေးတွေရယ်၊ အိမ်ဖော်ပါမကျန် ထမင်းစားပြီးတိုင်း တယောက်တလုံးစီ အတင်းခေါ်ခေါ်တိုက်လို့ တမိသားစုလုံး စိတ်ညစ်ရပါသတဲ့။

မိုးဦးစံပယ် March 31, 2010 at 1:02 AM  

ဟဟား ဟုတ်တယ်။ ဒစ်စကောင့်ပြေးဝယ်တဲ့အကိုကြီးလို အဖြစ်မျိုးလဲ ဖြစ်ဖူးတယ်။ ဖုန်းကဒ်ကိုလဲ အဲလို တွက်ပြီး အမ်အာတီခ ကုန်ဖူးတယ်။

Rita April 4, 2010 at 8:52 PM  

အဲလိုမျိုးကတော့ ဒီတသက် ဖြစ်မယ်မထင်ဘူး။ ဘာလို့ဆို ပျင်းတာကိုး။ အမလေး ဒီခရီးလောက်သွားနေရမှာနဲ့၊ ဒါတွေကရိကထခံရမှာနဲ့ ဒီလောက်လေး ပိုပေးရမှာ ပေးလိုက်ပါမယ်လေချည်းပဲ တွေးမိတာ...

=)

ရေတမာ April 13, 2010 at 3:39 PM  

နှစ်သစ်မှာ မင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေခင်ဗျာ။

Visitors

About Me

  © Blogger template 'Perfection' by Ourblogtemplates.com 2008

Back to TOP