စားကြမယ်ဟေ့ ကြိတ်မှိတ်
စင်ကာပူမှာ တခြားသူတွေအတွက်တော့ မပြောတတ်ဘူး။ အစားချေးများတဲ့ ကျွန်တော့် အတွက်တော့ စားရေးသောက်ရေး အဆင်မပြေဘူးဗျ။ မပြေဘူးဆိုတာလည်း အပြင်မှာ စားတဲ့ အခါကိုပြောတာပါ။ အိမ်မှာ ချက်စားရင်တော့ ကျွန်တော်က ဘာချက်ချက် ကြိုက်တယ်။ အဲ အပြင်မှာ လုံးဝမစားဘူး မကြိုက်ဖူးလို့တော့ လှေနံ ဓါးထစ် မမှတ်လိုက်နဲ့ ဦးဗျနော်။ တစ်ခါတစ်လေတော့ လည်း စားကောင်းပါတယ်။ များသော အားဖြင့် တော့ ဘာစားရမှန်းကို မသိဘူး။ တစ်ခါတစ်လေ ဟော်ကာစင်တာကို ပတ်လျှောက်နေရတာ လေးငါးပတ်။
သူငယ်ချင်းတစ်ယောက်ကတော့ပြောတယ်။ စလုံးက တူးဖိုးဖိုး အကောင်းဆုံးပဲကွတဲ။ ဘာလဲဟ တူးဖိုးဖိုးဆိုတာ။ ဘောလုံးပွဲ လိုင်းအပ် လားလို့ မေးတော့မှ သူက ဟုတ်ဖူးကွ မနက်စာ နှစ်ကျပ် နေ့လည်စာ လေးကျပ် ညစာလေး ကျပ်လို့ ပြောတာကွတဲ့။ အော် သူပြောမှ ဟုတ်ပါလားဆိုပြီး သဘောကျမိပါတယ်။
တစ်ခါတစ်လေကျတော့ ကျွန်တော်ကိုက ဂဂျီဂဂျောင်နိုင်တာ ပါ။
တစ်ခါ ဟော်ကာ စင်တာက ထမင်းဆိုင်မှာ နေ့လည်စာ စားတုံးကပေါ့။ အဲဒီနေ့က အဲဒီဆိုင်က လူတော်တော်များတယ်ဗျ။ ထမင်းနဲ့ ဟင်းရောင်းတဲ့ ဆိုင်ပေါ့ဗျာ။ ကြူနေရတာကို အကြာကြီးပဲ။ ရောင်းတာက တရုတ်ကြီးတစ်ယောက်နဲ့ တရုတ်မတစ်ယောက်။ တရုတ်မက ထမင်းဟင်း ထည့်ပေးပြီး တရုတ်ကြီးက ပိုက်ဆံယူတယ်။ ဘာစားချင်သလဲဆိုတာကတော့ ထုံးစံအတိုင်း လက်ညှိုးထိုးမှာ ရတာပေါ့။ ကျွန်တော်လည်း ကျွန်တော့်အလှည့်ရောက်အောင်စောင့်ရင်း ရှေ့ကလူတွေ ဘာတွေစားသလဲ ကြည့်နေတာပေါ့။ ကျွန်တော့်အလှည့်ရောက်တော့ တရုတ်မက ‘အိဟီယားလား အိဟီယားလား’ (eat here lah..)လို့ အသံရော အမူအရာနဲ့ ရော မေးပါတယ်။ ကျွန်တော်လည်း မင်းသိင်္ခ၀တ္ထုထဲကလို အလွန်ပီသစွာသော အင်္ဂလိပ်ဘာ သာစကားဖြင့် ‘ရက်(စ်)’ လို့တစ်ခွန်းထဲ ပြန်ဖြေလိုက်ပါတယ်။ သူတို့ကလည်း လူတွေက များနေတော့ မြန်ချင်နေတာဗျ။ ထမင်းကိုလည်း ရေခဲပုံးထဲကနေ ပလတ်စတစ်ခွက်နဲ့ဘတ်ခနဲ ထည့်လိုက်တယ်ဗျ။ ပြီးတော့ ဘာဟင်းလဲဆိုတာ ပြခိုင်းတယ်။ ကိုယ်က ဘာစားရမှန်း မသိလို့ နည်းနည်းကြာနေရင် လည်း စိတ်မရှည်ချင်ဘူးဗျ။ ဒါနဲ့ တွေ့တဲ့ ဟင်းတစ်ချို့ကို လက်ညှိုး ထိုးပြလိုက်တယ်။ အမလေး ဗျာ သူက ကျွန်တော်ပြတဲ့ ဟင်းတွေကို ဇွန်းကြီးနဲ့ ကော်ပြီး ထမင်းပန်ကန်ထဲကို ဘတ်ခနဲက ဘတ်ခနဲ ထည့်လိုက်ပုံများတော့ ကျွန်တော်တို့ ဆီက ပန်းရံဆရာကြီး မဆလာကော်ပြီး အုတ်နံရံမှာ ဘတ်ခနဲ ကပ်လိုက်တဲ့ အတိုင်းပါပဲဗျာ။ အဲဒီတော့ ကျွန်တော့်ရဲ့ နဂိုကနည်းနေတဲ့ အာသီသလေး ထွက်ပြေးသွားပါရော။
ဒါပေမယ့် မစားလို့လည်း မဖြစ်သေးဘူးဆိုပြီး ကျွန်တော်လည်း စားပွဲလွတ်တစ်လုံးမှာ ထိုင်ပြီး တို့ကနန်းဆိတ်ကနန်း စားလိုက်ပါသေးထဲ။ မျှော်လင့်ထားတဲ့ အတိုင်းပါပဲ။ စားလို့ မ၀င်ဘူး။ ဒါနဲ့ ဖြစ်ချေဘူး ကော်ဖီအေးလေးတော့ သောက်ဦးမယ်ဆိုပြီး ကော်ဖီရောင်း တဲ့ဆီကို လာပြီး ကော်ဖီအေးတစ်ခွက် မှာလိုက်ပါတယ်။ အဲဒီမှာ လည်းရောင်းတဲ့ လူကြီးက တိုင်ဂီလိုဟာနဲ့ သွယ်ထားတဲ့ ရေပိုက်ခေါင်းတဲ့က ကော်ဖီလို့ ယူဆရ တဲ့ ညိုညို ပျစ်ပျစ် အရာတွေ ဖန်ခွက်တစ်ခွက်ထဲ ဘရောဆိုပြီး ဖွင့်ချလိုက်ပါရော။ တစ်ဝက်လောက်လဲ ရောက်ရော ပိုက်ခေါင်းကို ပိုက်လိုက်ပြီး အနားက စတီးကန်ထဲက ရေခဲ အချို့ကို ပူကျက်နေတဲ့ အဲဒီ အရည်ထဲကို ဂလောက်ဂလောက်နဲ့ ထည့်လိုက်တာ တစ်ချို့ ရေခဲတွေတောင် အောက်ကျကုန်ပါရောဗျာ။ ပြီးတော့ အိုက်ကော်ပီ ၀မ်းဒေါ်လာ ဆိုပြီး ကျွန်တော့ဘက်တွန်းပေးလိုက်ပါရော။ ကျွန်တော်လည်း အခြေအနေကို စိတ်ပျက်စွာနဲ့ ကော်ဖီခွက်ကြီး ယူလာပြီး သောက်ဖို့ ကြိုးစားတော့ ချက်ချင်းသောက်လို့ မရသေးပါဘူး ခင်ဗျာ။ အောက်ပိုင်းက အပူပဲရှိပြီး အပေါ်က ရေခဲတွေက အအေးတွေပေါ့။ ဒါပေမယ့် တော်ပါသေးတယ်။ ကော်ဖီကတော့ သောက်လို့ ဖြစ်တယ်။
အဲဒါတွေက အစားအသောက်နဲ့ ပတ်သက်ပြီး ကြုံရတဲ့ ဟာတွေပေါ့ဗျာ။ အစား ချေးမများတဲ့ သူကတော့ အေးအေးဆေးဆေးပါပဲ။ ဘာစားစားရတယ်။

သေချာစဉ်းစားကြည့်တော့လည်း သူ့တို့ဟာနဲ့ သူတို့ကတော့ ဟုတ်နေတာပဲဗျ။ သူတို့မှာ အချိန်မရှိဘူးကိုး။ သူ့အရပ်နဲ့ သူ့ဇာတ်ပဲလေ။ ငယ်ငယ်ကတည်းက စလုံးမှာ နေတဲ့သူလည်း ကျွန်တော်တို့ ဆီက အစားအသောက်တွေ ဘယ်စားကောင်းပါ့မလဲ နော့်။ ဒါသဘာဝပါပဲ။ အဲဒီတော့ ကျွန်တော်ကသာ ပတ်ဝန်းကျင်အလိုက် အလွယ်တကူ မပြောင်းလဲနိုင်တဲ့ သတ္တ၀ါ တစ်ကောင် ဖြစ်နေပါရော လားဆိုပြီး တရားနဲ့ သာဖြေမိပါတော့တယ်။
မတ် ၂၀၁၀
မိုးတိမ်ညို
3 comments:
တူတူပဲ
နေ့လည်စာစားချိန်ဆို စိတ်ကုန်နေရတတ်တယ်။ စားနေကျ တရုတ်ဆိုင်ကဆို ကိုယ့်မှတ်မိနေပြီး ကိုယ်လာရင် ထမင်း နည်းနည်းပဲ ထည့်ပေးတယ်။ ခုတော့ ထိုင်းဆိုင် အသစ်လာဖွင့်တော့ သူ့ဆိုင်က fried rice အမျိုးမျိုးက အတော်အဆင်ပြေတာမို့ စိတ်ချမ်းသာနေရတယ်။ ပူတယ် စပ်တယ်။ ဒါပေမဲ့ စလုံး အစားအစာထက်တော့ ဗမာတယောက်အတွက် အများကြီး အဆင်ပြေတယ်။
"တစ်ခါတစ်လေ ဟော်ကာစင်တာကို ပတ်လျှောက်နေရတာ လေးငါးပတ်။" အတူတူပဲ။ နောက်ဆုံးဘာမှ စဉ်းစားလို့မရရင် chicken rice။
အတူတူပါပဲ...
ဒီလိုနဲ့ ရုံးဖွင့်ရက်တွေမှာ နေ့လည်စာဆို စားချင်စိတ်ကုန်နေပြီး ကော်ဖီနဲ့ မုန့်နဲ့ပဲ နေနေတာ ကြာပြီ...
အရေးထဲ သူတို့တွေ (စလုံးတွေ) က On Diet လား လို့ လာလာမေးနေလို့ အသာပဲ ပြုံးနေလိုက်ရတယ်...း))
Post a Comment