မည်သို့လုပ်လိုက်သည်မသိ
ကျွန်တော်ငယ်ငယ်က ကာတွန်းစာအုပ်တွေ တော်တော်ကြိုက်ပါတယ်။ ကာတွန်းစာအုပ် အပြင် ကျွန်တော် ဖတ်ရင်း ကြီးပျင်းလာတာကတော့ သိုင်းဝတ္ထုတွေပါပဲ။ ငယ်ငယ်ကတော့ သိုင်းဝတ္ထုတွေကို တော်တော် စွဲလမ်းခဲ့ တယ်ဗျ။ ကိုယ်ကိုယ်တိုင်ပဲ သိုင်းလောကထဲ ၀င်ချင်သလိုလို၊ အတွင်းအားပဲ ကျင့်တော့ မလိုလို စိတ်ကူး ယဉ်ဖူးလေရဲ့။ အဲ သိုင်းဝတ္ထုတွေနဲ့ပတ်သက်ပြီးတော့ မှတ်မှတ်ရရကျန်ခဲ့တာ တစ်ခုကတော့ သိုင်းဝတ္ထုတစ် အုပ်ထဲမှာ ရေးထားတဲ့ စာကြောင်းလေး တစ်ခုပါ။ အဲဒီမှာ ၀တ္ထုရေးဆရာက ဇာတ်လိုက်နှင့် ရန်သူ သိုင်းသမား ဆယ်ယောက်ကို တွေ့ခိုင်းပြီး ‘မင်းသား မည်သို့ လုပ်လိုက်သည်မသိ ရန်သူဆယ်ယောက် မှာ အတုံးအရုံး ကျဆုံးသွားသည်’ တဲ့။ ၀တ္ထုရေးဆရာက အဲဒီ ဇာတ်လိုက်ရဲ့ သိုင်းကွက်တွေ မြန်ဆန်လွန်းတာ ကို တင်စားချင်တာလား သူကိုယ်တိုင်ပဲ ဘယ်လိုချသည် ဘယ်သိုင်းကွက်သုံးသည် စသည်တို့ကို အသေးစိတ် ရေးရမှာ ပျင်း၍လား မသိ။ ဘယ်လိုဖြစ်ဖြစ် လိုရင်းတော့ ရောက်သွားတာပဲ။ အဲဒီ စာသားကို သမိန်ပေါသွပ် ကာတွန်းထဲမှာလည်း ဖတ်လိုက်ရသေးပါတယ်။
တကယ်တော့ အဲဒီကိစ္စက ကျွန်တော်တို့ အတွက် သိပ်တော့ အထူးအဆန်းတော့ မဟုတ်ပါဘူး။ ဇာတ်ပွဲတွေမှာ လည်းအဲဒီသဘော ဆန်ဆန်ရှိပါရဲ့။ ကျွန်တော့် အဖေရဲ့ မိတ်ဆွေ ဇာတ်ဆရာ အဖိုးကြီးက ပြန်ပြောဖူးရဲ့။ တစ်ခါတစ်လေကတော့ လည်းအခက်သားကွ။ ငါတို့ ဇာတ်ကရင် တစ်ချို့ ရက်တွေမှာဆိုရင် မင်းသားမင်းသမီးတွေ သရုပ်ဆောင်တွေက အိုက်တင်လုပ်တာများလွန်းသွားတော့ ပြဇာတ်က အချိန်မကြာ သင့်ပဲ ကြာသွား မိုးလင်းခါနီးပြီ ဇာတ်က မပြီးသေးဘူး။ ကျန်တဲ့ ဆိုင်းဆရာတွေ၊ ကားလိပ်ဆွဲ၊ မီးထိုး အစရှိ သဖြင့် အားလုံးပင်ပန်းပြီး အိပ်ချင်နေကြပြီ။ ဇာတ်က မပြီးနိုင်သေး။ တကယ်ဇာတ်လမ်း အတိုင်းကရင်လည်း အနည်းဆုံး နှစ်နာရီလောက်က ကြာဦးမှာဆိုတော့ မဖြစ်ချေဘူးဆိုပြီး ငါလည်း သိကြားမင်းလို့ ၀တ်ပြီး ဆင်းကယ်ရတာပဲ။ အဲဒီတော့မှ သိကြားမင်းဆင်းလာပြီ ဆိုပြီး ဇာတ်ရဲ့ ရှုပ်ခဲ့ သမျှတွေ ရှင်းရတာပဲ။ ဒီလူက ဒီလိုဖြစ်၊ ဟိုလူက ဟိုလိုဖြစ်၊ ဘာညာနဲ့ အားလုံး ရှင်းသွားတော့ ဇာတ်လည်း ပြီးရော ကားလိပ်လည်း ချရရောပေါ့ကွာ။ အဲဒါကြောင့် မြန်မာစကား မှာ သိကြားမင်း ဆင်းကယ်တယ်ဆိုတာ ပေါ်လာတာထင်ပါ့ကွာတဲ့။
ဟုတ်ပါ့ဗျာ။ သိကြားမင်းဆင်းကယ်သလို၊ မည်သို့လုပ်လိုက်သည် မသိ ဆိုသလို ကျွန်တော်တို့ လည်း အဲဒီလို အတွေးတွေ အများကြီး ရှိပါ့ဗျာ။ ကျွန်တော်တို့တစ်တွေ ရုန်းကန်နေရတဲ့ ဘ၀မှာ ဒုက္ခတွေ သုခတွေ အများကြီး ကြုံရမှာပါပဲဗျာ။ ဒုက္ခကြုံတဲ့ အချိန်ကြရင်တော့ ကျွန်တော်တို့ အနေနဲ့ အဲဒီလိုမျိုး ရုတ်တရက် ကြီး အဆင်ပြေသွား တာမျိုး ဖြစ်ချင်ကြတာကြည့်ပါပဲ။ တကယ်တော့ မဖြစ်နိုင်ဘူးတာလဲ သိကြတာပါပဲ။
အခုလူတွေ ထီထိုးနေကြတာတွေ၊ ချဲထိုးနေကြတာတွေ လည်း အဲလို သဘောမျိုးလို့ ထင်ပါ့။ စင်ကာပူက လူတွေလဲအတူတူပါပဲဗျာ။ စင်ကာပူ မှာဆို လူတန်းကြီး ကို အရှည်ကြီးပဲ။ တကယ်တော့ လူတွေက ယျေဘူ ယျအားဖြင့်တော့ အတူတူကြည့်ပဲဗျ။ စနစ်လေးတွေကွာသွားကြလို့သာ ကွာသယောင်ယောင် ထင်ရတာ။ လူတွေမျှော်လင့်တာက နေ့ချင်းညချင်း သူဌေးဖြစ်သွားတာတို့၊ ဒီနေ့ ဘစ်(စ)ကားစီး နောက်နေ့ ကိုယ်ပိုင်ကား စီး အဲလို မျိုးစိတ်ကူးတွေနဲ့ ပေါ့ဗျာ။ တကယ် ကံကောင်းတဲ့ သူအချို့အတွက် လည်း ဟုတ်နေတာကိုးဗျ။ ဒါပေမယ့် အဲလို ဖြစ်ဖို့က သိပ်တော့ မလွယ်ပါဘူး။ ဘယ်ဟာမဆို ဖြေးဖြေးနဲ့ လမ်းကြောင်း မှန်မှန် ကြိုးစားတာက အကောင်းဆုံးပဲဗျို့။
ကျွန်တော်တို့ ကြီးပြင်းလာတဲ့ ပတ်ဝန်းကျင် ပေါ်မူတည်ပြီးတော့လဲ လူတွေက မတူကြပြန်ဖူးဗျ။ ကျွန်တော် ဥပမာ တစ်ခုပြောပြမယ်။ ကျွန်တော်ကြည့်ဖူးတဲ့ ‘The Last King of Scotland’ ဆိုတဲ့ ဇာတ်ကားထဲမှာ မင်းသားက ဆေးကျောင်းဆင်းခါက ဆရာဝန်ပေါက်စလေး။ သူက သူတို့ နိုင်ငံမှာ မနေချင်းဘူးငြီးငွေ့တယ် ပေါ့။ ဒါနဲ့ ဘယ်ကိုသွားရမလဲဆိုတာ စဉ်းစားတယ်။ ဆုံးဖြတ်မရတော့ ဘယ်လိုလုပ်တယ် ထင်သလဲ။ ကမ္ဘာလုံး အရုပ်ကြီးကို လှည့် ကမ္ဘာလုံးကြီး အရှိန်နဲ့ လည်နေတဲ့ အချိန်မှာ မျက်စိမှန်ပြီး ဇွပ်ဆို လက်နဲ့ ထောက်လိုက်တယ်။ ပြီးတော့ ဘယ်နိုင်ငံမှာ လက်ထောက်မိသလဲ ကြည့်။ အဲဒီ လက်ထောက်မိတဲ့ နေရာ သွားသတဲ့။ ကောင်းရော။
သူတို့နဲ့ ယှဉ်မိတော့ နည်းနည်းတော့ စိတ်အားငယ်မိတယ်။ ကျွန်တော်တို့ အခြေအနေနဲ့ တော့ အဲလိုမျိုး ဘယ်လိုမှ မဖြစ်နိုင်ဘူးလေ။ ဖြစ်နိုင်ရင်လည်း တကယ့်ကို လူနည်းစုလေးပဲ။
အဲဒီတော့ဗျာ ‘မည်သို့ လုပ်လိုက်သည်မသိ ရန်သူဆယ်ယောက် မှာ အတုံးအရုံးကျဆုံးသွားသည်’ ဆိုတဲ့ သိုင်းကွက်မျိုး ဖြစ်ဖြစ် သိကြားမင်းဆင်း ကယ်တဲ့ အခြေအနေမျိုးကို တစ်ချို့လူတွေ တစ်ခါတစ်လေမှာ မျှော်လင့် မိတာကို အပြစ်မပြောရက်ပါဘူးဗျာ။
မတ်၊၂၀၁၀။
မိုးတိမ်ညို

3 comments:
ဖြည်းဖြည်းနဲ့ လမ်းကြောင်းမှန်မှန်သွားတာ အကောင်းဆုံးပါဘဲ :)
တကယ်ကြိုက်တယ်အကိုရေ အကို့ပိုစ့်တွေက အတွေးအမြင်တခုမဟုတ်တခုပေးတယ်။ ကျနော်လည်း မျှော်လင့်မိတယ်ဗျာ။ ဘာရယ်တော့မဟုတ်ပါဘူး တဒေါ်လာဖိုး ၂ ဒေါ်လာဖိုးပါ။ ဇာတာထွန်းပေါ် ကံနှိုးဆော်လို့၊ မတော်တဆ၊ ပေါက်ခဲ့သည်ရှိသော်းP
မည်သို့လုပ်လိုက်သည်မသိ လို့ရေးတာကို ခုချိန်မှာ သမိန်ပေါသွပ် ကာတွန်းဖတ်ချိန်ကလွဲလို့ သဘောမကျနိုင်တော့ပေမယ့် သကြားမင်းဆင်းကယ်မှာကိုတော့မျှော်လင့်မိတုံးပဲ။ (ပေါသွပ်ကိုတော့ ခုထိကြိုက်တုန်း)
Post a Comment