Saturday, February 27, 2010

ရှု့ထောင့်

ကျူးဘားခေါင်းဆောင် ဖီဒယ် ကပ်စထို၏ အတ္ထုပ္ပတိထဲတွင် ဖတ်ဖူးသည်။ ကပ်စထို တို့၏တပ်သည် (အစိုးရကိုပုန်ကန်နေစဉ်က) သူတို့ ၏ တောတွင်းစခန်းသို့ မျက်စေ့လည် လမ်းမှားလာသော လယ်သမားတစ်ယောက်ကို ဖမ်းမိလေ သည်။ ထို လယ်သ မား ကို အစိုးရတပ်၏ သူလျှိုထင် ၍စစ်ဆေးကြရာ မဟုတ်ပဲ တစ်ကယ့် လယ်သမား အစစ် ဖြစ်သည်ကို တွေ့ ရ၏။ ထို့ကြောင့်သူတို့သည် ထိုလယ်သမားကို လွတ်ပေး လိုက်လေ သည်။ နောက်ရက် တွင်ကား အစိုး ရစစ်တပ်သည်သူတို့ စခန်းနေရာကို သိရှိသွားပြီး လာရောက်တိုက်ခိုက် ရာ သူတို့သည် အကျအ ဆုံး များစွာဖြင့် ခွေးပြေးဝက်ပြေး ပြေးခဲ့ရသည် ဟုဆိုသည်။ နောက်မှ အကြောင်းစုံ ကို သိရသည်မှာ သူတို့ လွတ်ပေးလိုက်သော လယ်သမားကို အစိုးရ စစ်တပ်က နှိပ်စက်၍ မေးသဖြင့် သူတို့ စခန်းကို သိရှိသွား သည် ဟု။ ထိုအကြိမ်မှ စ၍သူတို့၏တပ်သည် မည်သူကိုဖမ်းမိဖမ်းမိ အစိုးရတပ်၏ သူလျှိ၊ စစ်သားမဟုတ်မှန်းသေချာလျှင်လည်း ပြန်လွတ် မပေးတော့ ချေ။

ဒုတိယကမ္ဘာစစ် အတွင်းက ရုရှား တပ်နီတော်သည်လည်း သူ၏ စစ်သားများကို လက်နက်ပင် အပြည့် အစုံမပေးနိုင်ပဲ ရန်သူဆီသို့ အတင်းတက်ခိုင်း လေသည်။ ရန်သူဂျာမာန်တို့ ၏ ပစ်အားကို မခံနိုင်ပဲ မိမိဘက်သို့ ပြန်ဆုတ်ပြေးလာသူများကို တပ်နီတော်မှပင် ဆုတ်ခွင့်မပေးပဲ ပစ်သတ်လေသည်။ အမိန့်မနာခံမှု့ဖြစ်လေသည်။ ထိုအချိန်တွင် ရုရှားနိုင်ငံမှာ ဂျာမာန်တို့၏ ကျူးကျော်မှု့ ကိုခံနေရပြီး နယ်မြေ အတော်များများ ဆုံးရှုံးနေဖြင့် အရေးကြီးသော အချိန်ဖြစ်နေသည်။ ဤသို့ စစ်သားများ အမိန့် မနာခံမှု့ များကို ခွင့်ပြုလိုက်ပါက နိုင်ငံကို ဂျာမာန်တို့၏ လက်အောက် သို့ ရောက်မသွားဖို့ ထိန်းသိမ်းရန် ခက်ခဲ သွားလိမ့်မည်ဖြစ်သည်။

ကာဂျစ်နစ်စတန်က ကျွန်တော့်၏ မိတ်ဆွေတစ်ယောက် ကဤသို့ ပြောဖူးလေသည်။ သူ၏ဆွေမျိုးတစ် ယောက်သည် ဒုတိယကမ္ဘာစစ်အတွင်းက တပ်နီတော်တွင် အမှု့ထမ်းခဲ့လေသည်။ တိုက်ပွဲတစ်ပွဲတွင် ဂျာမာန်စစ်တပ်ကို ဘယ်လိုမှ မခုခံနိုင်တော့သဖြင့် လက်နက်ချခဲ့ရလေသည်။ ဂျာမာန်အကျဉ်းစခန်းမှာ နှစ်တော်တော်များများ ပင်ပင်ပန်းပန်း ဆင်းဆင်းရဲရဲနေခဲ့ရပြီး နောက် ဂျာမာန်တွေစစ်ရှုံးပြီး ပြန်လွတ် လာသည့် အချိန်တွင် ရုရှနိုင်ငံက သူ့ကို ထောင်ဒဏ် ၂၅ နှစ်ချလိုက်လေသည် ။ ရန်သူဆီမှာ အညံ့ခံမှု့နှင့် ဖြစ်သည်။ သူတို့၏ စစ်တိုက်ပုံသည် ထိုအချိန်က အနေအထားအရ နိုင်ရင် နိုင် မနိုင်ရင် သေဆိုသည့် ပုံစံဖြစ်နေလေသည်။

အထက်ပါ ဖြစ်ရပ်များသည် ဘာသာရေးရှု့ထောင့် လူမှု့ရေးရှု့ထောင့် အရကြည့်ပါက အလွန်ရက်စက် ရိုင်းစိုင်းသောလုပ်ရပ်ဖြစ်ပေလိမ့်မည်။ အကယ်၍ သင်သည် တော်လှန်ရေး ခေါင်းဆောင်၊ သို့မဟုတ် ရုရှားတပ်နီတော်မှ ခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့ပါက ထိုကဲ့သို့သော အခြေအနေကြုံတွေရလျှင်မည်သို့ ဆုံးဖြတ်မည်နည်း။ အကြင်နာတရား ပြည့်ဝ သော လူစိတ်ရှိသော စစ်ရှုံးသူ အဖြစ်ကို လက်ခံမလား သို့တည်းမဟုတ် အကြင်နာတရား ခေါင်းပါး သော ရက်စက် သော အောင်နိုင်သူအဖြစ်ကို လက်ခံမလား။ သင်၏ ခံယူချက် ပေါ်တွင် မူတည်ပါ မည်။ (များသောအားဖြင့် သင် သည် အောင်နိုင်သူဖြစ်ပါက သင် ၏ မကောင်းသည့် လုပ်ရပ်များသည် အနည်းနှင့် အများ မှေးမှိန်သွားလေ့ရှိကြသည်)။ ကိစ္စတော်တော်များများ သည် အဖက်ဖက်က ရာနုန်းပြည့်ကောင်းနေဖို့ တော်တော်ခဲယဉ်းပါသည်။ ဥပမာ သင်သည် အကြင် နာတရားပြည့်ဝသူလည်း ဖြစ်ချင် စစ်နိုင်သူလည်း ဖြစ်ချင်ဖို့ တော့ သိပ်မလွယ်ကူဟု ယူဆပါသည်။

သို့ကြောင့် တစ်ချို့ကိစ္စများတွင် ရေတိုအကျိုး လူတစ်ဦးတစ်ယောက်ရဲ့ အကျိုးကို ကြည့်လျှင် အဆင် မပြေ ဖြစ်တတ် ပါသည်။ မြန်မာ့ သမိုင်း မှာကြည့်ပါ။ မင်းတုန်းမင်း တရားကြီး ကိုးကွယ်သည့် ဆရာတော်သည် ရေမြုတ်ဗုံး ဖောက်ခွဲစမ်းသတ်ရာတွင် ငါးသတ္တ၀ါများ မြောက်များစွာ သေဆုံး သည်ကိုမြင်တွေ့ရပြီး စိတ်မချမ်းမသာဖြစ်၍ ဆွမ်းပင် ဆက်မစားနိုင်တော့ ဟုဆိုသည်။ မင်းတုန်းမင်းကြီးကလည်း ဆရာတော် ငြိုငြင်သည့် အတွက်ရေမြှုတ်ဗုံးစမ်းသတ်မှု့ကို ရပ်ဆိုင်းဖို့ အမိန့်ပေးခဲ့လေသည်။ ထိုကြောင့် ကနောင်မင်း သားကြီး၏ ရေမြှုတ်ဗုံးစမ်းသတ်မှု့ သည်ရပ်ဆိုင်းသွားရလေသည်ဟု ဆိုလေသည်။ ထို ရေမြှုတ်ဗုံးများ မရှိခြင်းသည် အင်္ဂလိပ်က အထက် မြန်မာနိုင်ငံ ကို မြန်မြန် ဆန်ဆန်သိမ်းယူသွားနိုင် သော အကြောင်းအရင်းတစ်ရပ် ဖြစ်သည်ဟု ပညာရှင်များက သုံးသပ်ကြလေသည်။ ဤကိစ္စကို စေ့စေ့ငုငုစဉ်းစားကြည့်ပါက ငါး အကောင် လေးငါးရာ သို့ လေးငါးထောင်သေခြင်း ကို စိတ်မကောင်း ဖြစ်သည်နှင့် နိုင်ငံတစ်နိုင်ငံလုံး သူတပါး ကျွန်ဖြစ်ခြင်းမှ ကာကွယ်ရေးသည် နှောင့်နှေးခဲ့ရ သည်မှာ တန်ပါသလား။

ထို့ကြောင့် ပြဿနာတစ်ရပ်ကို ဆုံးဖြတ်ရာတွင် မိမိလက်ရှိရောက်နေသော အနေအထားသည် အလွန် အရေးကြီးသည်ဟုထင်ပါသည်။ မိမိရပ်နေသော နေရာတစ်ခုတည်းမှ ကြည့်ပြီး ဆုံးဖြတ်လျှင် အဖြေမှန်ကို ရဖို့ ခဲယဉ်းပါလိမ့်မည်။ သို့သော်လူအများသည် မိမိလက်ရှိရောက်နေသောနေရာ၊ အနေအထား၊ ခံစားမှု့ တို့ဖြင့်သာ ချိန်ထိုးဆုံးဖြတ်လေ့ရှိပါသည်။ အလုံးစုံကို ခြုံငုံကြည့် ရန်လိုအပ်သော်လည်း ဤကိစ္စသည် လွယ်ကူသော ကိစ္စ မဟုတ်ပါချေ။
အချို့ကိစ္စများတွင် ရေတိုအကျိုး ကိုကြည့်ပါက ရေရှည်အကျိုး နစ်နာတတ်ပြီး ရေရှည် အကျိုးကြည့်ပါက ရေတို အကျိုးနစ်နာသည် ကိုတွေ့ရတတ်သည်။ စာရေးဆရာကြီး တစ်ဦးရေးတာ မှတ်သားထား ဖူးပါသည်။ သူကဤသို့ရေးထားသည်။

“တစ်ကယ့် လက်တွေ့ဘ၀ထဲရှိကိစ္စတော်တော်များများ သည် ရုပ်ရှင်တွေ ၀တ္ထုတွေထဲကလို အမှားနှင့် အမှန်၊ အကောင်းနှင့် အဆိုး၊ လူဆိုးနှင့် ဇာတ်လိုက်ကွဲကွဲပြားပြားမရှိကြပါ။ နည်းနည်းမှားတာနဲ့ များများမှားတာ၊ နည်းနည်းကောင်း တာနှင့် များများကောင်းတာ ထိုကဲ့သို့သာရှိပါသည်။”

ထိုကဲ့သို့သော အခြေအနေမျိုး ကြုံတွေ့ရသော် မည်သို့ ဆုံးဖြတ်မည်နည်း ဟူသော အဖြေသည် လူတစ်ယောက်ခြင်းစီ၏ တိုင်းတာသော ပေတံအပေါ်မူတည်ပါသည်။ လူတိုင်းမှာ ပေတံ တစ်ချောင်း စီရှိကြသတဲ့။ လူတွေက ပြသနာတစ်ခုခု ကြုံလာတိုင်း၊ ဖြေရှင်းစရာ တစ်ခုခုရှိတိုင်း၊ ဆုံးဖြတ်စရာ တစ်ခုခုရှိတိုင်း အဲဒီ ပေတံကို ထုတ်သုံးကြလေသည်။ ထိုပေတံကတော့ မိမိတန်ဖိုးထားသော၊ မိမိလိုက်နာသော မိမိကိုယ်တိုင် ပြဌာန်းထားသော ကိုယ်ပိုင် စံနုန်းတိုင်း ပေတံ ဖြစ်ပါသည်။


ဇန်ဇ၀ါရီ၊၂၀၀၉။
မိုးတိမ်ညို

2 comments:

ကိုပေါ February 27, 2010 at 10:12 AM  

ရေမြှုတ်ဗုံး ကိစ္စမှာ မင်းတုန်းမင်းကြီးဟာ မင်းအစိုးရအနေနဲ့ သူ့အလုပ်သူ ကောင်းကောင်းမလုပ်တာ ထင်ရှားပါတယ်။ မင်းတုန်းမင်းဟာ ဒီကိစ္စနဲ့ပတ်သက်လို့ သာသနာ့ဒါယကာ ကောင်းတစ်ယောက် ဖြစ်နိုင်ပေမယ့် တိုင်းပြည်အတွက် အကောင်းဆုံး မင်းဘုရင် တပါးရဲ့ လုပ်ရပ်တော့ ဖြစ်မလာတော့ပါဘူး။

ဆရာတော်က သူ့ဘာသာရေးအယူအဆနဲ့ သူ့ရပ်တည်ချက်ကြောင့် သူမနှစ်သက်တဲ့ အမူအရာ ပြပိုင်ခွင့် ရှိပါတယ်။

မင်းတုန်းမင်းတာဝန်က တိုင်းသူပြည်သားတွေရဲ့ စားဝတ်နေရေးဖူလိုမှု၊ အသက်အိုးအိမ်လုံခြုံရေး၊ ပြည်ရွာအေးချမ်းသာယာရေးအတွက် တာဝန်ရှိပါတယ်။ ရွှေဥဒေါင်းပြောသလို မင်းအစိုးရအနေနဲ့ ပြည်သူတွေကို နတ်ပြည်ရောက်အောင် ဇိကုတ်တင်ပေးဖို့ တာဝန်မရှိပါဘူး။ အဲဒီ ကိုယ့်တာဝန်ကို ရှင်းရှင်းလင်းလင်းမသိဘဲ လောကီနဲ့လောကုတ် ဇာတ်ရှုတ်လိုက်တဲ့အခါ အခုလို မှားယွင်းမှုတွေ ဖြစ်လာတာပါ။

ဒီလိုလောကီနဲ့ လောကုတ် ကို ဇာတ်ရှုတ်ပြီး ကိုယ့်အလုပ်ကို ပီပီပြင်ပြင် မလုပ်ကြလို့ ဒုက္ခရောက်ကြရတာတွေကို ရွှေဥဒေါင်းတသက်တာမှတ်တမ်းထဲမှာ ရေးထားတာကို ဖတ်ရဘူးပါတယ်။

အခြားဖြစ်ရပ်တွေမှာလည်း ထိုနည်းနှင်နှင်ပါ။

Rita February 28, 2010 at 12:42 AM  

ဒီ post နဲ့တော့ ဘာမှ မဆိုင်ပါဘူး။

အာဏာနဲ့ ပေါချာချာ ဆိုပြီး တပို့စ်လောက် ရေးချင်နေတာ လက်ကိုယားနေတာပဲ။ တခြားလဲ တင်စရာတွေ ရှိနေသေးလို့ မရေးဖြစ်အောင် အောင့်နေရတယ်။

ဘာမှတော့ မဟုတ်ပါဘူး။
အာဏာရှိတဲ့လူက ကန့်သတ်ရင် ရက်စက်တယ်။ ကောက်ကျစ်တယ် ဖြစ်တယ်။

ဘာအာဏာမှ မရှိတဲ့လူတွေက ရာရာစစ လာကန့်သတ်ချင်ကြသေးတာကျတော့ (ကျန်တဲ့လူတွေကလည်း သူတို့လွတ်လပ်ခွင့်နဲ့သူတို့ လုပ်ချင်ရာလုပ်မှာပဲ။ အာဏာနဲ့ လက်နက်မရှိတော့ အဖက်တောင် လှည့်လုပ်မှာ မဟုတ်ဘူး။ အဲဒါကိုတောင် ဦးနှောက်နဲ့ မတွေးနိုင်တဲ့လူတွေ ရှိတယ်။) ဘာမှ မရှိဘဲ အာဏာပြချင်တာ။ အဲဒါကိုကျတော့ ပေါချာချာလို့ ခေါ်တယ်။

အဲဒီ နှစ်ခုလုံး မကြိုက်ဘူး။ ဘာဆိုဘာမှ မရွေးချင်ဘူး။ ဒါပေမဲ့ မဖြစ်မနေကို ရွေးရတော့မယ်ဆိုရင်တော့ အာဏာ ကိုပဲ ရွေးမယ်။ ပေါတိပေါချာ တော့ သေတောင် အဖြစ်မခံဘူးလို့ပဲ။

အကြောင်းအရာကတော့ ဘာမှ မဆိုင်ပါဘူး။ ရွေးချယ်တာ ဆိုတာနဲ့ ပတ်သတ်လို့ ချရေးလိုက်မိတာ။ လက်ကလဲ ယားနေတာဆိုတော့...

သမိုင်းကြောင်းနဲ့ ပတ်သတ်လို့ ပြောရရင်တော့ တချိန်လုံး အင်္ဂလိပ်က ကောက်ကျစ်လှည့်စား၊ ယုတ်မာရက်စက် အကြောင်းရှာပြီး သိမ်းခဲ့တယ်ပဲ သင်ခဲ့ရတာဆိုတော့ ကိုယ်ပြောရင် လွန်တယ်ဖြစ်ဦးမယ်။

တကယ်တမ်း သမိုင်းကြောင်းကို နဲနဲလေးပဲ လေ့လာကြည့်ရင်... အဲဒီအချိန်အခါက အတွေးအခေါ် အယူအဆ နေထိုင်မှုပုံစံ စသဖြင့် နဲနဲပဲ အကဲခတ်ကြည့်ရင်ရပြီ။ အသိမ်းခံရတာ နဲတောင်နဲသေးတယ်။

ဒီလိုပြောလို့ သူများလက်အောက်ကျတာ ကောင်းတယ်လို့ ပြောတာမဟုတ်ဘူး။ အကြောင်းရင်းက အင်္ဂလိပ်တော်တာမဟုတ်ဘူး။ ကိုယ်တွေကိုက ညံ့တာ လို့ ပြောချင်တာ။

(ဒါလဲ post နဲ့ တိုက်ရိုက်မဆိုင်ပါဘူး။ ကိုပေါ ကွန်မန့် ဖတ်ပြီး ဆက်ရေးလိုက်တာ)

Visitors

About Me

  © Blogger template 'Perfection' by Ourblogtemplates.com 2008

Back to TOP