MRT စီးခြင်း အနုပညာ (၂)
အဲဒီနေ့က အလုပ်က ပြန်လာတော့ ကျွန်တော် တော်တော်လေး ပင်ပန်းလာတယ်ဗျ။ အပြန်ခရီးကလည်း ရထားပေါ်မှာ အနည်းဆုံး လေးဆယ့်ငါးမိနစ်လောက် ကြာတယ်။ သာမာန် အချိန်ဆိုရင်တော့ အေးအေး ဆေးဆေးပေါ့ဗျာ။ သီချင်းလေး နားထောင်ပြီး လိုက်လာရုံပဲ။ ဒီနေ့တော့ ပင်ပန်းလာတယ်ဗျာ။
ရထားပေါ် ရောက်ရောက်ချင်း ပထမဆုံး တမ်းတမိတာကတော့ ထိုင်စရာ နေရာတစ်ခုပဲ။ မိတ်ဆွေလည်း သိမှာပါလေ။ ယေဘူယျအား ဖြင့် ကျွန်တော် ရထားပေါ်မှာ မထိုင်ဖြစ်တာများတယ်။ ဒီနေ့တော့ လေးဆယ့် ငါးမိနစ် ခရီးကို မတ်တပ် မလိုက်ချင် လောက်အောင် ပင်ပန်းလားတယ်။ ခြေသလုံး ကြောတွေ တောင့်နေလိုက်တာများ ဖွင့်ထားတဲ့ ထီးကိုင်းကျနေတာပဲ။ ဂုတ်ပိုးပေါ်လည်း လူတစ်ယောက် ခွစီးနေသလား မှတ်ရတယ်။ လေးနေလိုက်တာများ။ အဲဒီတော့ ထိုင်စရာ နေရာကို မျက်လုံး ဒေါက်ထောက် ရှာမိပါတယ်။
သြော် ကျွန်တော် တရားကျမိပါတယ်။ သူများတွေ ထိုင်စရာ နေရာ ဦးနေတုံးကတော့ ဒီလူတွေနဲ့ ခဏ တဖြုတ်စီးရတာများ နေရာလုနေသေးတယ်လို့ တွေးမိကြောင်း ၀န်ခံပါတယ်။ အခုမှ ကိုယ်ချင်း စာမိတယ်။ အဲဒီအချိန်တုန်းက အဲဒီလူတွေထဲ မှာ ကျွန်တော်လို ပင်ပန်းနေတဲ့ သူတွေ ဒါမှ မဟုတ် နေမကောင်းဖြစ်နေတဲ့ သူတွေ ပါကောင်း ပါလိမ့်မယ်လို့။ လူဆိုတဲ့ အမျိုးကလည်းခက်တယ်ဗျ။ ကိုယ်တိုင်ကြုံဖူးမှပဲ ကိုယ်ချင်း စာတတ်တာများတယ်။ ကျွန်တော်လည်း အဲလိုပဲ။ ထားပါတော့ လေ။
အဲလို ထိုင်စရာနေရာ ရှာနေတုံး ကံကောင်းထောက်မစွာ ကျွန်တော် ရပ်နေတဲ့ နေရာနားက လူတစ်ယောက် ထသွားတယ်။ အဲ သူနေရာက reserve seat ဗျ။ တတ်နိုင်ဘူးလေ။ ဒီနေ့တော့ ရတဲ့ နေရာ ထိုင်မှာပဲ ဆိုပြီး စွေ့ခနဲ ထိုင်ချလိုက်တယ်။ အမလေး ဇိမ်ရှိလိုက်တာဗျ။ တအားပင်ပန်းနေတဲ့ အချိန်မှာ ဒီလိုလေး ထိုင်ရတာ ကိုက ဘယ်လောက် ဇိမ်ရှိလိုက် သလဲလို့။ တင်းနေတဲ့ အကြောတွေ ရှိန်းရှိန်း ရှိန်းရှိန်းနဲ့ ပြေသွားသလိုပဲ။ အပိုတွေပြောတာ မဟုတ်ဘူးမိတ်ဆွေ။ တကယ်ညောင်းနေတဲ့ အချိန်မှာ ထိုင်လိုက်ရတာ အဲလိုကို အရသာရှိတာဗျ။
ဒါပေမယ့် ခနာကိုယ်သာ ဇိမ်ရှိတာ စိတ်ကတော့ သိပ် ဇိမ်မရှိဘူးဗျ။ reserve seat ဆိုတော့ ရင်တမမနဲ့ ထိုင်နေရတယ်။ ဂရုမစိုက်တဲ့ သူဆိုရင်တော့ ကိစ္စမရှိဘူးပေါ့ဗျာ။ ကျွန်တော်ကိုက မနေတတ်တာ။ စိတ်ထားကောင်းလွန်းလှတာ တော့မဟုတ်ဘူးဗျ။ အဘိုးကြီးတွေအဘွားကြီးတွေတက်လာလို့ နေရာဖယ်မပေးမိရင် သူများတွေ စိတ်ထဲက ကဲ့ရဲ့တာကို မခံနိုင်တာလည်းပါတယ်။ ငယ်ငယ်က အဖွားနဲ့ ခရီးသွားတုန်း ဘစ်ကားပေါ်မှာ အဘွားရဲ့ ပါးရေတွန့်နေတဲ့ လက်ကလေးတွေနဲ့ တန်းကို ကိုင်ပြီး ယိုင်နဲ့နဲ့ မတ်တပ်ရပ်စီးလာတာကို သနားမိပြီး ကတည်းက ဘယ်အဘိုးအဘွား ကို တွေ့တွေ့ ကိုယ့်အဘွားမျက်နှာကိုပဲ မြင်ယောင်မိနေတော့တယ်။ အဲဒါကြောင့် ကိုယ့်ဘေးမှာ အဘိုးကြီးအဘွားကြီး လာရပ်နေရင် နေကို မနေတတ်တာ။
အဲ ဘူတာ နှစ်ဘူတာလောက် အပြီးမှ ပြသနာက စတာပဲ။ တစ်ဘူတာကျတော့ အသက် သုံးဆယ့်ကျော်ကျော် မိန်းမတစ်ယောက် တက်လာတယ်။ ကျွန်တော့်နားမှာ လာရပ်ပါပေရော။ လူကတော့ သန်သန်မာမာပါပဲ။ အဖွားကြီး လည်း မဟုတ်။ ကလေးလည်း မပါ။ မသန်မစွမ်း လည်းမဟုတ်။ ကျွန်တော် နောက်က reserve seat မှာ ပြထားတဲ့ ပုံနဲ့ တစ်ခုချင်းစီ တိုက်စစ်ကြည့်မိတယ်။ ဟောတွေ့ပါပြီဗျာ။ ပြသနာက ဗိုက်။ သူ၀တ္လာတာ ဗိုက္ဖံုးအက်ီၤ လိုမ်ိုးခပ္ပြပြ။ ဗိုက်က နည်းနည်းတော့ ထွက်နေတယ်။ ၀လို့ ဗိုက်ပူတာလား။ ကိုယ်ဝန်လား။ မသေချာ။ ကျွန်တော်ကိုကလည်း ညံ့ပါတယ်ဗျာ။ ဒုက္ခပဲ။ ကျွန်တော် ထပေးရ ကောင်းနိုးနိုးလား၊ ဆက်ပဲထိုင် နေရ မလား မတွေးတတ်။ သေချာအောင် သူ့ဗိုက်ကို ထပ်ကြည့်မိတယ်။ သူနဲ့ အကြည့် ချင်းသွား ဆုံတယ်။ အဲဒီ အမျိုးသမီးရဲ့ မျက်နှာ ရဲခနဲ ဖြစ်သွားတယ်။ သူ့ကိုယ် သူ မလုံ မလဲ ငုံကြည့်။ အကျီင်္လေး ဘာလေး မသိမသာဆွဲချ။ မြွေပဲ။
မိတ်ဆွေကတော့ ဒီကောင် ဇာတ်လမ်း မဟုတ် ဇတ်လမ်း လျှောက်ရှာနေပြီ။ အသာထပေး လိုက်ရင် ပြီးရောလို့ ထင်မှာပဲ။ မိတ်ဆွေစဉ်းစားကြည့်လေဗျာ။ မိန်းခလေးတွေ စိတ်အဆိုးဆုံး တစ်ခုထဲမှာ ခင်ဗျားဗိုက်ပူနေပြီလို့ ပြောတာ တစ်ခုပါတယ်ဗျ။ တကယ် ကိုယ်ဝန်ရှိတဲ့ သူဆိုရင် ပြသနာ မရှိဘူးလေ။ မဟုတ်ပဲ သူ့ဟာသူုဝလို့ ဗိုက်ထွက်တာကို ကိုယ်ဝန်နဲ့ မှားပြီး နေရာဖယ်အပေးခံရတယ်ဆိုတော့ ဘယ်လိုနေမလဲ။ ဘယ်လောက် ဒေါသထွက်မလဲ ဘယ်လောက် ရှက်လိုက်မလဲ။ အင်းလေ ကျွန်တော်ကပဲ အဖြစ်သည်းလွန်းတာလည်း ဖြစ်ချင် ဖြစ်မှာပါ။ တတ်နိုင်ဘူးဗျာ။ လူတစ်ကိုယ် စိတ်တစ်မျိုး စီကိုးဗျ။
ဒါဆိုလည်း ပေပြီး မသိချင်ယောင်ဆောင် ဆက်ထိုင်နေကွာ လို့ ပြောရင်လည်း ပြောတော့ဗျာ။ အဲလိုထိုင်တော့ လည်းလူက သာထိုင်နေရတာ စိတ်က မသက်သာဘူး။ တကယ်လို့ ကိုယ်ဝန်ဆောင်များ ဖြစ်နေခဲ့ရင်ဆိုတဲ့ အတွေးက နှိပ်စက်နေတယ်။
အဲဒါနဲ့ ကျွန်တော်လည်း အဲဒီ မဗိုက်ကို ထပ်ကြည့်မိပါတယ်။ ဒီတစ်ခါသူနဲ့ အကြည့်ချင်းဆုံတော့ သူ့မျက်နှာ နည်းနည်းတင်းလာတယ်။ ဟာကွိုင်ပဲ။ ဒါနဲ့ မထူးဘူးကွာဆိုပြီး မျက်စိမှိတ်ပြီး အိပ်ချင်ယောင်ဆောင်နေလိုက်တယ်။ အဲဒီတော့လည်းဝင် လာတဲ့ အတွေးကို ဖျောက်မရ။ ၀တ်ဖြူစင်ကြယ်နဲ့ သူတော်စင်ကြီးက မင်းကွာ ကိုယ်ဝန် သည်ကြီးကို ရပ်ခိုင်းထားပြီး မင်းလိုအားကောင်းမောင်းသန်ကြီးကတော့ ဇိမ်နဲ့ ထိုင်နေပါလားကွ လို့ လာပြောနေသလိုလို။ ကျွန်တော် ထိုင်နေရင်း ချွေးစေးတွေ ပြန်လာတယ်။
ပင်ပန်းလို့ ထိုင်စီးပါတယ်ဆို ထစီးတာထက်တောင် ပင်ပန်းနေသလိုပဲဗျာ။ အဲဒါပဲ စိတ်က မထားတတ်တော့ဒုက္ခရောက်တာပဲ။ ဘာကောင်လာလာ ထမပေးဘူးကွာ ဆိုပြီး ပေထိုင် နေလည်း အေးတာပဲ။ ဒါမှ မဟုတ်လည်း မသိမသာလေး ထပြီး သူ့လည်း ဘာမှ မပြောပဲ နဲ့ တစ်ခြားနေရာမှာ သွားရပ်နေပါလားဆိုတော့ လည်း ရထားက နည်းနည်းကျပ်နေတယ်ဗျ။ အဲလိုမှ မလုပ်ချင်ရင် ဖြစ်ချင်ရာ ဖြစ်ဆိုပြီး အမကြီးလာ ထိုင်ဆို ပြီး ထပေးလိုက် လည်းပြီးတာပဲ။ သူ့ဟာသူ့ စိတ်ဆိုးဆိုး မဆိုးဆိုး ရှက်ရှက် မရှက်ရှက် ကိုယ့် အပူမဟုတ်ဘူး။ ခက်နေတာက ကျွန်တော်။ အဲလို အမြဲ မပြတ်မသားနဲ့ ကိုယ့်ကိုကိုယ်တောင် စိတ်ပျက်မိပါရဲ့။
ကဲ နောက်ဆုံးတော့ ဖြစ်ချေဘူး ဒီအတိုင်းနေရင် ရူးရချေရဲ့ ဆိုပြီး ရှေ့က ဘူတာမှာ ဆင်းပြီး နောက်ရထားကို စိတ်ချမ်းသာ လက်ချမ်းသာ နဲ့ ပြောင်းစီးခဲ့ ပါတော့တယ်ဗျာ။
ဖေဖ၀ါရီ ၂၀၁၀
မိုးတိမ်ညို
5 comments:
ဟာဟ ကျနော်လည်း လူမှုရေးသိတတ်မှုဆိုတာထက် သူတပါး အကြည့်မခံချင်တာနဲ့ အဲဒီထိုင်ခုံမှာ မထိုင်ဘူး။ ပြီးတော့ မပြတ်မသားစိတ်ဓါတ်လည်း တူတယ်ဗျ။ ချွေးစေးတွေတောင် ထွက်လာတယ်။ ဆင်းရမယ့် ဘူတာရောက်သလိုလိုနဲ့ နောက်တပေါက်ကနေ ပြန်တတ်ဖူးတယ်။း)) အိပ်ပြီး ဟိုတိုက်ဒီတိုက် အနုပညာလည်းရှိသေးတယ်းP
ကျွန်တော်လည်း MRT စီးရင်း ၊မကြာခန ကိုယ့်ရှေ့က အမျိုးသမီးရဲ့ ဗိုက်ပွ ၀တ်စုံကြောင့် ဒုက္ခရောက်ရဖူးပါတယ်။ သြော် ... ဖက်ရှင် အ၀တ်အစား နဲ့ လူကဲခတ်ပညာ .. . ၊ ကိုယ်ဝန်ဆောင် ဟုတ်မဟုတ် ခွဲခြားနည်းများ သိရင် ပြောပြကြပါဦး ။ :D)
ရေးထားတာလေးဖတ်ကောင်းတယ်။ ၀တ်ဖြူစင်ကြယ်နားရောက်တော့ ရယ်လိုက်ရတာ။ နောက်ရထားတောင်ပြောင်းစီးရသတဲ့။ ဖြစ်ရမယ်။
ကိုယ့်တုံးကတော့ ရထားပြောင်းမစီးပေါင်။ သွားမေးလိုက်တာ ။ သူကမထိုင်ဘူးတဲ့။ ပါးတော့ နဲနဲယားသား။
အရေးအသားလေးက နီကိုရဲ နဲ့ ခပ်ဆင်ဆင်...
:D :D :D
အားပေးလျက်
Post a Comment