Sunday, February 7, 2010

နုတ်ဆက်စကားများ

‘Good morning’ ‘Good afternoon’ ‘Good evening’ ‘Good night’

ထိုနှုတ်ဆက်စကားများကို လူတိုင်း အတွက်ကြားနေကျ အင်္ဂလိပ် အသုံးအနှုန်းများဖြစ်ပါသည်။ ဆရာမင်းသိင်္ခ စာအုပ်တစ်အုပ် ထဲမှာဖတ်ဖူးသော အတွေးလေးကိုပြောချင်လို့ပါ။

မြန်မာလိုဆိုရင်တော့ ကောင်းသော နံနက်ခင်းပါ၊ ကောင်းသော နေ့လည်ခင်းပါ၊ ကောင်းသော ညနေခင်းပါ၊ ကောင်း သောညပါလို့ ဆိုရမပေါ့။ ဆရာမင်းသိင်္ခက ပြောတယ်။ အင်္ဂလိပ်တွေက အဲဒီလို နှုတ်ဆက်တာ သူတို့ ဆီမှာ ရာသီဥတုက သိပ်ဆိုး လို့ ဖြစ်နိုင်တယ်တဲ့။ အဲဒါကြောင့် နေပွင့်တဲ့ နေ့လေးဖြစ်ဖြစ် ကောင်းကင်ကို ကောင်းကောင်း မြင်ရတဲ့ နေ့လေးပဲ ဖြစ်ဖြစ် အချိန်ပေါ်မူတည်ပြီးတော့ ကောင်းသော မနက်ပါ၊ ညနေပါ စသည်ဖြင့် နှုတ်ဆက်ကြ တာနေမှာပေါ့တဲ့။ ရာသီဥတု မကောင်းလဲ ကောင်းပါစေတော့ ဆိုတဲ့ သဘောနဲ့ နှုတ်ဆက်ရတာ ဖြစ်မယ် ထင်တာပဲ။

အဲလိုစဉ်းစားကြည့်တော့ ကျွန်တော်တို့ မြန်မာတွေဘယ်လိုနှုတ်ဆက်တာလဲ လို့ တွေးကြည့်မိတယ်။ မှတ်မိသလောက်တော့ ကျွန်တော်တို့ တွေရဲ့ အဓိက နှုတ်ဆက်စကားက “နေကောင်းလား” “စားပြီး ပြီလား” အဲဒါတွေဖြစ်မယ်ထင်တယ်။ “မင်္ဂလာပါ” ဆိုတာ တော့ အပြင်မှာ တကယ်မသုံးဘူးလေ။ အခန်း အနားတွေမှာမှ သုံးတာ။

“နေကောင်းလား” လို့နှုတ်ဆက်တာကိုတွေးကြည့်ရင် ကျွန်တော်တို့ဆီမှာ ကဟိုးရှေးတုန်းက ကျန်းမာ ရေးက တော်တော် အရေးကြီးမယ်နဲ့တူတယ်။ ခေတ်ကလည်း နောက်ကျ၊ ဆေးဆရာဆို တာလည်း မိရိုး ဖလာ ဆေးဆရာပဲ ရှားရှားပါးပါးရှိ၊ တောတောင်ကလဲ ထူထပ်တော့ ရောဂါလဲ ထူ လိမ့်မယ် ထင်တယ်။ အဲဒီ တော့ ကျန်းမာရေးအရ တစ်ခုခုဖြစ်ရင် မလွယ်ဘူး နဲ့တူ တယ်။ အဲဒါကြောင့် ကျန်းမာ ရေးက အရေးကြီးလို့ အဲလို နှုတ်ဆက်တာလားလို့တွေးမိတယ်။

“စားပြီးပြီလား” ဆိုတာကို စဉ်းစားကြည့်တော့ အခုလို စဉ်းစား မိတယ်။ မြန်မာတွေက အစားကောင်း အသောက် ကောင်းကို ခုံမင်လို့ လူတစ်ယောက်ကို တွေ့ရင် စားပြီးပြီလား တင်မကပဲ ဘာဟင်းလဲ လို့ပါ မေးလေ့ရှိကြသဗျ။ ပြီးတော့ မစားရသေးဘူးဆိုရင်လည်း ရှေးတုန်းကတော့ အိမ်လာလည်တဲ့သူ ဆိုရင် ကျွေးဖို့ ၀န်မလေးဘူးနဲ့တူတယ်။ သဒ္ဓါတရား ထက်သန်တယ်ပေါ့ဗျာ။ အဲဒါကြောင့် အစားအသောက်ကို ခုံမင်လို့၊ ကျွေးချင်မွေးချင်လို့ အဲဒီလို နှုတ်ဆက်တာလို့ ထင်ရတာပဲ။

ရှမ်းတွေကျတော့ ပြန်ခါနီးနှုတ်ဆက်ရင် “ဖြေးဖြေးနော်”လို့ ရှမ်းလိုပြောလေ့ရှိတယ် လို့ကြားဖူးတယ်။ စဉ်းစားကြည့်တော့ ရှမ်းပြည်က တောင်ပေါ်ဒေသ။ တောင်တက်တောင်ဆင်းတွေများမယ်။ ကုန်းတွေကမူတွေများ လိမ့်မယ်။ လမ်းလျှောက်ရင် သေချာလျှောက်ဖို့လိုမယ်ထင်တယ်။ အဲလိုမှ မဟုတ်ရင် မြေပြင်ညီမဟုတ်တော့ ချော်လဲ နိုင်တယ်။ ကျိုးနိုင်တယ်၊ ပဲ့နိုင်တယ်၊ အခန့်မသင့်ရင် တောင်ပေါ်ကကျသေ နိုင်သေးတယ်။ အဲဒါကြောင့် ဖြေးဖြးနော်လို့ နှုတ်ဆက်ရတာထင်တာပဲ။

အဲကျွန်တော်မိတ်ဆွေ ဘောလုံးပွဲ သမားတွေကြတော့ တွေ့ရင် “မနေ့ကပွဲ ဘယ်လိုလဲ” တဲ့ဗျ။

ဈေးသည်အချင်းချင်းတွေ့ရင်ကြတော့ “ရောင်းကောင်းလား” တဲ့။

ပြီးတော့ ရှိသေးတယ်။ နိုင်ငံ ခြားမှာ အလုပ်လာလုပ်တဲ့ သူတစ်ချို့ ကြတော့ “ဒီနေ့ အိုတီရလား” တဲ့။

ဒါတွေကစဉ်းစားကြည့်ထားတာပါဗျာ။ ဟုတ်မဟုတ်တော့ သေချာ သုတေသနလုပ်ကြည့် မှ သိမယ် ထင်တယ်။ တခြားဘာသာ စကားတွေနဲ့ ဘယ်လိုနှုတ်ဆက်လည်း သိရင် လည်း စဉ်းစား ကြည့်ကြပါ။ ဟုတ်မဟုတ်သိရတာပေါ့။ ဘာပဲ ပြောပြော လူမျိုး တစ်မျိုးရဲ့ ဓလေ့၊ လူတွေရဲ့ အခြေအနေ ၊စိတ်ခံ စားချက်တွေ ကို အဲဒီ နုတ်ဆက်စကားတွေက တစ်နည်း မဟုတ် တစ်နည်း ထင်ဟပ်နေမှာတော့ အသေအချာပါပဲဗျာ။

ဒီအကြောင်းတွေကို ကျွန်တော်သူငယ်ချင်း ရန်ကုန်က စီးပွားရေး သမားတစ်ယောက်ကို ပြောပြမိတော့ သူကပြောတယ်။ “အဲလိုပြောကြ ကြေးဆိုကွာ ငါတို့ အချင်းချင်းတွေရင် ဘာဂွင်တွေရလဲ လို့နုတ်ဆက်ကြ တယ်ကွ” တဲ့။

ဟဲဟဲ ကျွန်တော်ပြောတဲ့ သီအိုရီနဲ့ ဆိုရင်တော့ ကျွန်တော်တို့ နိုင်ငံကြီးက ဂွင်နိုင်ငံ ကြီးပေါ့နော်။

ဖေဖ၀ါရီ ၂၀၁၀
မိုးတိမ်ညို

0 comments:

Visitors

About Me

  © Blogger template 'Perfection' by Ourblogtemplates.com 2008

Back to TOP