Sunday, February 14, 2010

ရေဗူးပေါက်နှင့် ရေခပ်ခြင်း

ပုံပြင်လေးကတော့ ဒီလိုပါ။

တစ်ခါက သူငယ်ချင်းနှစ်ယောက်ရှိသတဲ့။ သူတို့ခရီးတစ်ခုကို သွားမလို့ ပြင်ဆင်နေကြရင်း သူတို့မှာ တစ်ယောက် တစ်ဗူး စီရှိတဲ့ ရေဗူးတွေက ပေါက်နေတာ တွေ့ရသတဲ့။ တစ်ယောက်ကတော့ “ဘယ်လိုပဲ ဖြစ်ဖြစ် ငါကတော့ ရေပါအောင် ခပ်မှာပဲ” ဆိုပြီးတော့ ရေဗူးပေါက်လေးကို လက်နဲ့ ပိတ်ပြီး ရေခပ်လာသတဲ့။ နောက်တစ်ယောက်ကတော့ “ဟာ ငါကတော့ အဲလိုမလုပ်နိုင်ဘူး အဲဒါ သဘာဝ မကျဘူးကွ ရေဗူးကို ရအောင် ဖာရမယ်” ဆိုပြီး ရေကို တစ်ဝသောက်လာပြီး တစ်လမ်းလုံး ရေဗူးဖာဖို့သာ နည်းလမ်း အမျိုးမျိုး ကြံဆလာ သတဲ့။ ရေဗူးပေါက်ဖာရတာလည်း တော်တော်ခက်ဆိုပဲ။

တိရိစ္ဆာန် သားရေမျိုးစုံကိုလည်း စမ်းသပ်၊ ရွံ့စေး အမျိုးမျိုးကို လည်းစမ်းသတ်နဲ့ သွားရင်းလာရင် လမ်းခရီးမှာ သူ တော်တော်ကို စူးစမ်းရှာဖွေနိုင်ခဲ့တယ်။ ရေဗူးပေါက်နဲ့ ရေခပ်လာတဲ့ သူငယ်ချင်းကတော့ ရေဗူးကို လက်တစ်ဖက်ကကိုင် တစ်ဖက်က အပေါက်ကို ပိတ်နဲ့ လက်နှစ်ဖက်လုံး လှုပ်လို့မရတော့ လမ်းခရီးကို စူးစမ်း ဖို့နေနေသာသာ လမ်းတောင် မနည်း လျှောက်လာခဲ့ရတယ်။ တစ်ခု သာတာကတော့ ရေဆာတဲ့ အချိန်မှာ အသာလေး ဗူးထဲက မော့ သောက်လိုက်ရုံပဲ။ ဟိုတစ်ယောက်ကတော့ ရှာရဖွေရတာလည်း ပင်ပန်း ရေက လည်း ငတ်တစ်လှည့် ပြတ်တစ်လှည့် နဲ့ ခရီးဆက်လာခဲ့ရတယ်။

ဒီပုံပြင် လေး ဘယ်လို အဆုံးသတ်သွားမလဲ ဆိုတာ မိတ်ဆွေ အနေနဲ့ သိချင်လိမ့်မယ် ထင်ပါတယ်။ သမာရိုးကျတော့ မဆုံးဘူးဗျ။ အဆုံးသတ်က နှစ်မျိုး ရွေးခြယ်စရာရှိတယ်။ ဒီလိုဗျ။

(၁) ရေဘူးပေါက်နှင့် ရေခပ်လာသော သူသည် နောက်ဆုံးတွင်တော့ လိုရာခရီးဆုံးကို ရောက်သွားပြီး ရေဗူးပေါက် ဖာရန် ကြိုးစားလာသော သူသည်ကား လမ်းခရီး မဆုံးလိုက်ပဲ ရေငတ်၍ လမ်းခုလပ်တွင် ပင် သေဆုံးသွားလေသည်။

(၂) ရေဗူးပေါက်ကို ဖာထေးရန် အမျိုးမျိုး ရှာဖွေလာသော သူသည် နောက်ဆုံးတွင် အောင်မြင်သွားပြီး အကောင်းပကတိ ဖြစ်သွားသော ရေဗူးလေးကို ရေအပြည့်ဖြည့် ကာ ခါးတွင် ချိတ်ပြီး လွပ်လပ်ပေါ့ပါးစွာ စူးစမ်းရှာဖွေပြီး ခရီးလမ်းဆုံး အရောက်တွင် တောတွင်းမှ ရှားပါးသစ်ခွများ၊ သစ်မွှေးများ၊ ကျောက်မျက်ရတနာ များ စသဖြင့် အဖိုးတန်ရတနာ များစွာကို သယ်ဆောင်သွားနိုင်ပြီး ရေဗူးပေါက်ကို လက်ဖြင့် ပိတ်လာခဲ့ သောသူမှာ ကားလမ်းခရီးတစ်လျှောက်ရှိတောတောင် ဆိုသည်ကိုပင် ဘာမှ မသိလိုက်ပဲ လက်ဗလာနှင့် ပင် ခရီးလမ်းဆုံးကို ရောက်သွားခဲ့ လေသည်။

မိတ်ဆွေအနေနဲ့ ဘယ်အဆုံးသတ်ကို ကြိုက်ပါသလဲ။ ကိုယ်တိုင်သာ ဆုံး ဖြတ်ပါခင်ဗျာ။ တခြား နည်းရှိရင် လည်း ဖြည့်စွက်လို့ရပါသေးတယ်။

ပုံပြင်လေးကတော့ ဒါပါပဲ ခင်ဗျာ။ အဲဒီပုံ ပြင်လေးနဲ့ ပုံစံတူတဲ့ အဖြစ်ကလေးတစ်ခုလည်း အပြင်လောက မှာ ဖြစ်ခဲ့ သေးပါတယ်။ အပြင်လောကကသူ နှစ်ယောက်ကတော့ ပြောရလွယ်အောင် တစ်ယောက်က မောင်ကကြီး လို့ ထားလိုက်ပါ။ နောက်တစ်ယောက်က မောင်ခခွေး ပေါ့။

ဒီလိုဗျ။ သူတို့ နှစ်ယောက် အထက်တန်းကျောင်းကတည်းက သူငယ်ချင်း နှစ်ယောက်ပေါ့ဗျာ။ တစ်ယောက်နဲ့ တစ်ယောက် ကံ၊ဥာဏ်၊၀ိရိယ ချင်းယှဉ်ရင် အားလုံးအတူတူပဲ လို့ ပြောလို့ရတယ်။ တက္ကသိုလ်ရောက်လာတော့ လည်း သူငယ်ချင်းနှစ်ယောက် အတူတူပဲပေါ့။

ဒါပေမယ့် တစ်ခုတော့ကွာသွားတယ်။ သူတို့ ကျောင်းတွေရဲ ညံဖျင်းလှတဲ့ ပညာရေး စနစ်၊ စိတ်ပျက်စရာ ကောင်းလောက် အောင် ချို့တဲ့လှတဲ့ သင်ထောက်ကူ ပစ္စည်းများ၊ တခြားတခြားသော စိတ်ပျက် စရာအခြေအနေများကြောင့် မောင်ကကြီးရဲ့ ပညာသင်ကြားလိုစိတ်ကုန်ခန်းခဲ့ရတယ်။ ကျောင်းစာက လွဲရင် အပြင်လောက မှာ ပညာရပ် မျိုးစုံ မွှေနှောက် ရှာဖွေခဲ့တယ်။ သူငယ်ချင်း မောင်ခခွေးကတော့ သူနဲ့ ဆန့်ကျင်ဘက် ဖြစ်ခဲ့တယ်။ အဲဒီအချိန်က သူတို့ တက်တဲ့ တက္ကသိုလ်တွေက တကယ်ကို ခြစားပျက်စီးနေကြတာပါ။ ကျောင်းသားတော်တော်များများလည်း စာမသင်ချင်ပဲ စိတ်လေကုန်ကြတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ကျောင်းစာကို စိတ်ဝင်စားတဲ့ သူတွေလဲ ရှိခဲ့တယ်။ ခက်တာက သူတို့ စိတ်ဝင်စားတာ အခြေခံ သီအိုရီတွေ မဟုတ်ဘူးဗျ။ ကျောင်းက အမှတ် စာရင်းပေါ်မှာ ဂရိတ် အေတွေပဲ မြင်ရအောင်သာ စိတ်ဝင်စားကြတယ်။ အဲလိုဖြစ်ဖို့ ဆရာဆရာမတွေကိုလည်း ကပ်ရ၊ မေးခွန်းလိုက်ရ၊ ကျူရှင်တက်ရ၊ လာဘ်ပေးရ စသော ငြီးငွေ့ဖွယ်ရာ စက်စုပ်ဖွယ်ရာ အလုပ်တွေကို လုပ်ခဲ့ရပါတယ်။ မောက်ကကြီး နဲ့ တစ်ချို့ကတော့ အဲဒီ အခြေအနေတွေကို နှာခေါင်းရှုံ့ ခဲ့ကြတယ်။ ခပ်ဝေးဝေးမှာ နေခဲ့ ကြတယ်။ မောင်ခခွေး ကတော့ အဲဒီ ရေစီးကြောင်းထဲမှာ ပျော်ပျော်ကြီး စီးမျောခဲ့ပါတယ်။ ဘာပဲ ဖြစ်ဖြစ် သူအောင်မြင်ပါတယ်။

နောက်ဆုံးတော့ ဘာဖြစ်သလဲဆိုတော့ နှစ်ယောက်လုံး ကျောင်းပြီးသွားပါတယ်။ မောင်ခခွေးက ဂရိတ်တွေ ကောင်းမှကောင်းပေါ့။ မောင်ကကြီးမှာတော့ စာရွက်ပေါ်က အရည်အချင်း ဘာမှ မရှိခဲ့ ဘူးပေါ့။ အဲဒီ အချိန်ကတော့ ဗျာ စာရွက်ပေါ်က အရည်အချင်း ဘာမှ သုံးမရဘူးဆိုပြီး မောင်ကကြီးက လှောင်ခဲ့တာပေါ့။ မောင်ခခွေးရဲ့ ခံယူချက်ကတော့ ရေဗူး ပေါက်တာမလိုချင်ဘူး ရေပါဖို့ အရေးကြီးတယ် ဆိုတဲ့ ခံယူချက်မျိုး။ ဘယ်လောက်ပဲ ပညာရေးစနစ်က ညံ့ဖျင်းပါစေ၊ အကျင့်ပျက်ပါစေ၊ ခြစားပါ စေ ကိုယ်လုပ်စရာ ရှိတာတော့ လုပ်ရမှာပဲဆိုတာမျိုး။

မောင်ကကြီးက ဒီလိုပြော ပြောတယ်။

“ဘီဂိတ်တောင်မှ ကျောင်းသင်ပညာရေး စနစ်ကို မကြိုက်လို့ ကျောင်းကထွက်ပြီး သူ့ဟာသူ ကြိုးစားတာ ဘယ်လောက် အောင်မြင်လိုက်သလဲ ကြည့်စမ်း” လို့ပြောတော့ မောင်ခခွေးက ပြန်ပြောတယ်။

“လူတိုင်း ဘီဂိတ်မှ မဖြစ်နိုင်တာကွာ” တဲ့။

ဒီလိုနဲ့ သူတို့ နှစ်ယောက် ကျောင်းပြီးကြတဲ့ အချိန်မှာ ကိုယ့်နိုင်ငံမှာ အဆင်မပြေနိုင်မှန်း သိလာတော့ ရေကြည်ရာ မြက်နုရာကို ထွက်ခွာဖို့ စဉ်းစားခဲ့ ကြတယ်။ ဖြစ်နိုင်ရင် နိုင်ငံခြား တက္ကသိုလ် တစ်ခုခုမှာ ပညာဆက်သင်မယ်ပေါ့။ တိုတို ပြောရရင် ကျောင်းအတူတူ ယှဉ်လျှောက်ကြတော့ စာရွက်ပေါ်က အရည်အချင်း အပြည့်နဲ့ မောင်ခခွေးက ကျောင်းဝင်ခွင့် ရပါတယ်ဗျာ။ မောင်ကကြီး ကတော့ မရပါဘူးတဲ့။ တခြားသော စာရွက်ပေါ်က အရည်အချင်း မပြည့်စုံသူများလည်း မရပါဘူး။ ရွေးခြယ်တဲ့ ကျောင်းတွေကို လည်း အပြစ်ပြောလို့ မရဘူးပေါ့ဗျာ။ သူတို့ လည်း လူတစ်ယောက် တစ်ကယ်တော်မတော် ချက်ချင်း ဘယ်သိပါ့မလဲ။ စာရွက်ပေါ်က အရည် အချင်းနဲ့ ကြည့်ပြီးပဲ ဆုံး ဖြတ်ရတာပေါ့။

နောက်ဆုံးတော့ မောင်ခခွေးက နိုင်ငံခြားမှာ ပညာဆက်သင် အဆင့် မြင့် ဒီဂရီ တစ်ခုရ အလုပ်အကိုင် ကောင်းကောင်းလုပ်နေတဲ့ အချိန်မှာ မောင်ကကြီးကတော့ ယက်ကန်ယက်ကန်ပေါ့။ တကယ်ဆို အရည်အချင်း အရကြည့်ရင် နှစ်ယောက်လုံး အတူတူပါပဲ။ ခံယူချက်ခြင်းသာ ကွဲသွားတာပါ။

ဘာလို့လဲဆိုတော့ “မောင်ကကြီးက ရေဘူးပေါက်နဲ့ ရေမခပ်ချင်တဲ့သူ” “မောင်ခခွေးကတော့ ရေပါဖို့ပဲ အရေးကြီး တယ်” ဆိုတဲ့ လူစားမျိုးမို့လို့ပါပဲ။

လောလောဆယ် အခြေအနေမှာတော့ ရေဗူးပေါက်နဲ့ ရေခပ်လာတဲ့ သူတွေက တစ်ပန်းသာနေပါတယ်ဗျ။ (ပညာရေးကိစ္စတွင် မကပါဘူး တစ်ခြားကိစ္စတွေမှာလည်း အတူတူပါပဲ)။ ရေဗူးပေါက် ဖာဖို့ ကြိုးစားနေတဲ့ သူတွေကတော့ အဲ သူတို့ရတဲ့ ရလဒ် အပေါ်မူတည်ပါလိမ့်မယ်ဗျ။ သူတို့ သာ ရေဗူးပေါက်ကို ဖာနိုင်တယ်ဆိုရင်တော့ သူတို့နည်း မှန်တယ် လို့ ပြောကြမှာပဲဗျ။ တကယ်လို့များ ရေဗူးပေါက် မဖာနိုင်ဗူးဆိုရင် တော့ လူတွေက မှားတယ်လို့ ကဲ့ရဲ့ ကြမှာ မလွဲပါဗူးခင်ဗျာ။

အဲဒါကြောင့် ဘယ်ဟာက မှန်တယ် ဘယ်ဟာက မှားတယ်ဆိုတာထက် မိတ်ဆွေ ဘ၀ကို မိတ်ဆွေ ဘယ်လို ပြဌာန်း ထားသလဲ ဆိုတဲ့ အပေါ်ပဲ မူတည်ပါလိမ့်မယ်ဗျာ။

လောလောဆယ်တော့ ဗျာ ရေဗူးပေါက်ဖာဖို့ ကြိုးစားခဲ့တဲ့ သူတွေ ရေငတ်နေကြပါတယ်။

ဒါပေမယ့် မိတ်ဆွေ…ပြိုင်ပွဲက ပြီးသွားပြီ လို့ မထင်ပါနဲ့။ မပြီးသေးပါဘူး။ လူတိုင်းက ဘီဂိတ် ဖြစ်နိုင်ပါသေးတယ်။ ပြိုင်ပွဲက မပြီးသေးပါဘူးဗျာ။ အဲ မပြီးသေးဘူးလို့တော့ ထင်ရတာပဲပေါ့ဗျာ။

ဖေဖ၀ါရီ ၂၀၁၀
မိုးတိမ်ညို

4 comments:

khin oo may February 14, 2010 at 11:48 AM  

http://wesheme.blogspot.com/

side bar

congratulation's!

Anonymous February 14, 2010 at 3:43 PM  

၂ယောက်လုံး ငတုံးတွေချည်းပဲ ... လမ်းတ၀က်လောက်ထိ ရေဘူးပေါက်ကို လက်ကလေးနဲ့ ပိတ်သွား ... ဖာဖို့ ရွံ့စေးလေး ဘာလေးတွေ့ရင် ဖာလိုက် .. ပြီးတာပဲ ... ရေလဲသောက်ရတယ် .. ရေဘူးလဲ ဖာပြီးသားဖြစ်တယ် ... ;P

Unknown February 15, 2010 at 4:33 AM  

သိပ်ကောင်းတဲ့ပုံပြင်ပဲ အစ်ကို..
ဒါပေမယ့် မောင်ကကြီးသာ တကယ် ကိုယ်ပိုင် သင်ယူမှုမျိုးကို ပိုအားထားခဲ့ရင် သူလည်း ဒုက္ခမရောက်ပါဘူးဗျာ.. သူ့အတွက် သေချာတဲ့ ပန်းတိုင်က ရှိနေမှာပါ။ သူကလည်း ကိုယ်တိုင်လေ့လာ တတ်မြောက်ခဲ့ပြီပဲလေ..
အစ်ကိုပြောသလိုပါပဲလေ ပြိုင်ပွဲက မပြီးသေးပါဘူးလေ...

Anonymous February 16, 2010 at 9:33 AM  

i think you are Mg Ka Gyi ? envy of Mg Kha Kwe ?

Visitors

About Me

  © Blogger template 'Perfection' by Ourblogtemplates.com 2008

Back to TOP