Friday, October 30, 2009

လှည်းဝန်ရိုးသံတစ်ညံညံ ပုဂံဘုရားပေါင်း

“လှည်းဝန်ရိုးသံတစ်ညံညံ ပုဂံဘုရားပေါင်း”

ဆိုတဲ့စာကြောင်းလေးကို လူတိုင်းသိကြမှာပါ။ ပုဂံမှာ ရှိတဲ့ ဘုရားအရေအတွက်လို့ ဆိုပါတယ်။ တွက်ကြည့်လိုက်ရင် ဘုရားစေတီပေါင်း ၄၄၄၆၇၃၃ ရှိတယ်လို့ မှတ်သားရပါတယ်။ စေတီပေါင်း လေးသန်းကျော် ပေါ့။ အဲဒီအကြောင်းကို ငယ်ငယ်ကတည်း ကသင်ခဲ့ဖူးပါတယ်။ မှန်၏ မမှန်၏ တစ်ခါမှ မေးခွန်း မထုတ်ဖူးပါ။

ဆရာကြီး ဒေါက်တာသန်းထွန်းရဲ့ စာအုပ်ကို ဖတ်လိုက်ရတော့မှ ပုဂံမှာ ရှိတဲ့ စေတီ ပေါင်းက နှစ်ထောင်ကျောင်ပဲ ရှိပါ သတဲ့။
လေးသန်းနဲ့ နှစ်ထောင် ဘာဖြစ်လို့ များ ဒီလောက်ကွာရတာလဲ။ ဆရာကြီး ဒေါက်တာသန်းထွန်းကတော့ပြောပါတယ်။ သာမန်တွေးကြည့်ရင်တောင် သိနိုင်ပါတယ်တဲ့။ ဒီလောက် ဧရိယာလေးမှာ စေတီလေးသန်း နေရာချကြည့်ပါဦး လူတောင် နေစရာရှိ မှာ မဟုတ်ဘူးတဲ့။ နှစ်ကာလရွေ့လျှောလို့ ပျက်စီးသွားတယ်ဆိုတာ လည်း မဖြစ်နိုင်ဘူးတဲ့။ ဆရာကြီးက ဆွေးနွေး ထားတာပါ။(ဒေါက်တာသန်းထွန်း၊ သမိုင်းနှင့်စကားပြောခြင်း)

ခက်တာက အဲဒီအဆိုကို မှန်မမှန် ကျွန်တော်တော့ တစ်ခါမှ သေချာ မစဉ်းစားခဲ့ဖူးဘူး။ မျက်စိမှိတ် လက်ခံထားတာပဲ။ အခုသိတော့ မှတစ်ချို့ website တွေရှာဖတ်ကြည့်တော့ လည်း ဟုတ်တယ်တဲ့။ နှစ်ထောင်ကျော်ပဲတဲ့။ ဒီမှာ ဖတ်ကြည့်လို့ရပါတယ်။

အဲလိုသိလိုက်ရတော့ တစ်သက်လုံး အလိမ်ခံရပါလားဆိုပြီး တွေးမိပါတယ်။ အဲဒီတော့ မှတ်တမ်းတင်တဲ့သူတွေက ချဲ့ကား သလိုဖြစ်နေတာပေါ့။
ဘာပဲဖြစ်ဖြစ် ချင့်ချိန်စဉ်းစားပြီးမှ ယုံသင့်တယ်ဆိုတာ ပြောချင်လို့ပါ။

Sunday, October 18, 2009

ကျွန်တော်လွဲခဲ့ဖူးသော အကြောင်း

အခုကျွန်တော်ပြောချင်တာက ကျွန်တော်လွဲခဲ့ဖူးတဲ့ အကြောင်းဗျ။ ခက်တာက အဲလိုလွဲခဲ့လို့ ဘယ်သူ့ကို အပြစ်တင်ရမလဲ ဆိုတာ အခုထိမသိဘူး။ ထားပါတော့ ကျွန်တော် အဓိကအကြောင်းကို ပြောပြပါမယ်။ ပြီးမှ မိတ်ဆွေဘာသာသုံးသပ်ပေါ့။ ဒီလိုဗျ။ ကျွန်တော် အကြားအမြင်ရလို့လွဲခဲ့တာ။ အင်းနားရှုပ်စရာတော့ ဖြစ်ကုန်တော့မှာပဲ။ အကြားအမြင်ရနေမှတော့ ဘယ်လိုလုပ်လွဲမှာတုံးလို့တော့ အပြစ်တင်မစောလိုက်နဲ့ဦး။ ဇာတ်လမ်းကို ဆုံးအောင် နားထောင်ပါဦးလေ။ ခင်ဗျားလည်း ခေါင်းရှုပ်သွားစေရမယ်လို့ အာမခံပါတယ်။

ကျွန်တော် ထူးထူးဆန်းဆန်းအကြားအမြင်ရခဲ့ဘူးတယ်ဗျ။ ပထမဆုံးစတာကတော့ ကျွန်တော်တို့ ရပ်ကွက်ထဲက ဦးမောင်ကိုဆိုတာနဲ့စတာ။ တစ်ရက်တော့ ကျွန်တော်အိပ်မက်တစ်ခုမက်တယ်။ အဲဒီ ဦးမောင်ကိုကြီး နဖူးပေါက်လို့တဲ့။ ပေါက်တာက နဖူးညာဖက်နား တစ်လက်မလောက်ပြဲသွားတာတဲ့။ အိပ်မက်ထဲမှာ အဲဒီလို အတိအကျဗျ။ ဒါပေမယ့် ကျွန်တော်လည်း အိပ်မက်ဆိုတော့ သိပ်အလေး မထားပါဘူး။ ဖာသိဖာသာပဲပေါ့။ ဖြစ်ချင်တော့ နောက်ရက်ကျတော့ ဦးမောင်ကိုကြီးက လမ်းလျှောက်ရင်းနဲ့ အိမ်ရှေ့မှာ အဖေနဲ့တွေ့လို့ ရပ်စကားပြောနေပါရောဗျာ။ အိမ်ရှေ့က အုန်းပင်အောက်မှာ။ အုန်းပင်ပေါ်မှာလည်း အုန်းသီးခြောက်တွေ ရှိနေသေးတယ်။ ကျွန်တော်လည်း ဖျတ်ခနဲဆို အိမ်မက်ကို သွားသတိရလိုက်တယ်။ အင်း အခုနေ အုန်းသီးများကြွေကျလိုက်လို့ကတော့လို့ တွေးမိတယ်။ ဒါပေမယ့် ဘာမှတော့ မပြောဖြစ်လိုက်ပါဘူး။ အဲခဏနေတော့ ကျွန်တော်ထင်တဲ့ အတိုင်းအတိအကျဗျာ။ အုန်းသီးခြောက်က ဦးမောင်ကို ခေါင်းပေါ်ကို တည့်တည့်ကြွေကျတာ နဖူးကွဲပါလေရော။ ကွဲတာမှ ကျွန်တော့် အိမ်မက်ထဲက အတိုင်း ညာဘက် နဖူး တစ်လက်မလောက် အတိအကျဗျာ။ ကျွန်တော်လည်း နည်းနည်းတော့ ဇဝေဇ၀ါဖြစ်သွားတယ်။ ဘာဖြစ်လို့ ငါအိမ်မက်နဲ့ လာတူနေရတာလဲပေါ့။ ဒါပေမယ့် တိုက်ဆိုင်တာနေမှာပါလေဆိုပြီးပဲ ထားလိုက်တယ်။

နောက်တစ်ခါကျတော့လည်း ဟိုဘက်လမ်းက လူပျိုကြီး ကိုလှဘော် သူ့အိမ်ရှေ့ လှေခါးထစ်မှာ ထိုင်ငိုနေတယ် လို့ အိပ်မက် မက်တယ်။ ဒါကတော့ မဖြစ်နိုင်ဘူးလို့ ကျွန်တော်ကထင်တာလေ။ သူကလူပျိုကြီး တစ်ယောက်ထဲ နေတာ။ ပိုက်ဆံလည်း ချမ်းသာတယ်။ အပူအပင်လည်း မရှိဘူး။ ယောက်ကျားလည်း ယောက်ကျားဗျာ။ အဲဒီတော့ အိမ်ရှေ့ လှေခါးထစ်မှာ ထိုင်ငိုစရာအကြောင်းကို မရှိဘူးထင်တာ။ ဒါပေမယ့် အဲဒီနေ့ မနက် ကျွန်တော်သူ့အိမ်ရှေ့က ဖြတ်တော့ ဗျာ အံ့သြစရာ တကယ်ကို သူက အိပ်မက်ထဲကတွေ့တဲ့နေရာ မှာထိုင်ငိုနေတာဗျာ။ သူ့အိမ်မနေ့ညက သူခိုး အခိုးခံရလို့တဲ့။ အတွင်းပစ္စည်းတွေ အကုန်ပါသွားဆိုပဲ။ အဲဒီမှာ ကျွန်တော်တော်တော်အံ့သြသွားတယ်။ တိုက်ဆိုင်တာတော့ မဟုတ် လောက်တော့ ဘူးလို့ထင်လာတယ်။

ဒါနဲ့ အဲဒီလို အသေးအဖွဲလေးတွေ နောက်ထပ် လေးငါးခုလောက်ထပ် တွေ့ရသေးတယ်ဗျ။ စာရှည်နေမှာစိုးလို့ မပြောတော့ဘူး။ အားလုံးမှန်တာကြည့်ပဲ။ အဲဒီတော့ ကျွန်တော့်ကိုကျွန်တော် အကြားအမြင်ရနေတယ် လို့ပြောရင်မလွန်လောက်ပါဘူးနော်။ ဒါပေမယ့် ကျွန်တော်ဘယ်သူ့မှ မပြောသေးဘူး။ သေချာအောင်လုပ်ရ ဦးမယ်လေ။ ဒီတစ်ခါတော့ ဒုက္ခရောက်မယ့်သူဆိုရင် ကူညီမယ်လို့ စိတ်ကူးထားတာဗျာ။

အဲဒီအခေါက်က နောက်ဆုံးအခေါက် အကြားအမြင်ရတဲ့ အခါပေါ့ဗျာ။ အိပ်မက်ထဲမှာ အမေက အိမ်ရှေ့က ထိုင်ခုံမှာ ထီတိုက်နေရင်းနဲ့ ဟယ် သိန်း ငါးရာ ဆုပေါက်တယ်တော့လို့ ၀မ်းသာအားရထအော်တယ်တဲ့။ မနက်အိပ်ယာကနိုးလာတော့ ကျွန်တော် တော်တော်လေး စိတ်လှုပ်ရှားနေတယ်။ စိတ်လှုပ်ရှားတာပေါ့ဗျ သိန်းငါးရာဆိုတာ နည်းနည်းနောနောမှ မဟုတ်တာ။ ရက်ကို ကြည့်လိုက်တော့ ထီဖွင့်ဖို့က နှစ်ရက်ပဲလို တော့တယ်။ ဟာနှစ်ရက်အတွင်းမှာ သိန်းငါးရာရတော့ မှာပါလားလို့ တွေးမိရင်း ရင်ခုန်နေရတာပေါ့ဗျာ။ အဲဒီအချိန်မှာ ကျွန်တော်တစ်ခုသတိရသွားတာက အမေဒီလ ထီထိုးဖြစ်လား မထိုးဖြစ်ဖူးလားဆိုတာပဲ။ ကံကထီပေါက်မယ်ဆိုပေမယ့် ကိုယ်ကတော့ အနည်းဆုံး ဥာဏ်နဲ့ ၀ိရိယ စိုက်ပြီး ထီတော့ ထိုးရမှာပေါ့ မဟုတ်ဘူးလား။ ဒါကိုကြိုသိနေမှတော့ မထိုးဖြစ်သေးရင် ထိုးဖြစ်အောင်လုပ်ရမှာပေါ့လို့ ကျွန်တော်တွေးမိတယ်။ ကျွန်တော်ထင်ပါတယ်။ ခင်ဗျားလည်း ကျွန်တော့်လိုပဲ စဉ်းစားမှာပါ။

ဒါပေမယ့် အမေ့ကိုလည်း ပေါ်တင်တော့ မပြောချင်သေးဘူး။ မသိမသာလေး မေးကြည့်ဦးမှဆိုပြီး အမေ့ကို မေးဖြစ်တယ်။

“အမေ ထီထိုးပြီးပြီလား”

အမေကအဲဒီကျမှ သတိရသွားတဲ့ ပုံစံနဲ့

“ဟယ် ဟုတ်ပါ့ မထိုးရသေးဘူး ထီဖွင့်ဖို့တောင် နှစ်ရက်ပဲလိုတော့တာပဲ”

“အဲဒါဆိုကျွန်တော် အခုမြို့ထဲသွားမလို့ ထီထိုးခဲ့လိုက်မယ် ပိုက်ဆံပေးလိုက်”

ကျွန်တော်ကကျွန်တော့် အကြံနဲ့ကျွန်တော်လေ။ အမေ့ဆီက ပိုက်ဆံတောင်းရတာကလည်း အကြောင်းရှိတယ်။ အိပ်မက်က အမေပေါက်တယ် လို့ မက်တော့ အမေထိုးမှ ဖြစ်မှာလို့ ကျွန်တော်ယူဆတယ်လေ။ အဲဒါကြောင့် အမေ့ဆီက ပိုက်ဆံတောင်း ရတာ။ တိုတိုပြောရရင်အဲဒီနေ့က ထီထိုးပြီး ကျွန်တော် ကောင်းကောင်းအိပ်မပျော်ဘူး။ ရင်ခုန်လွန်းလို့။ ထီထွက်မယ့်နေ့ ရောက်တော့ နေမထိထိုင်မသာပဲ။ တကယ်ကို။

ထီထွက်မယ့်နေ့လည်းရောက်ရော ကျွန်တော်ကောင်းကောင်းကို မထိုင်နိုင်ဘူး။ အမေက ဈေးက အပြန် ထီပေါက်စဉ်ကြီးဝယ်လာပြီး ကျွန်တော့် အိပ်မက်ထဲမြင်တဲ့ ထိုင်ခုံမှာ ထီတိုက်နေလိုက်တာတွေ့တော့ ကျွန်တော့ နှလုံးက အပြင်ပေါက်ထွက်မလားကို ထင်ရတယ်။ ခုန်လွန်းလို့။ အဲဒါနဲ့ အခန်းထဲမှာ သွားပြီး စောင်ကို ခေါင်းမူးခြုံနေလိုက်တယ်။ ဘယ်အချိန် အမေ ထအော်သံကြားရမလဲလို့ပေါ့။ တော်တော်သာကြာ သွားတယ် ဘာသံမှ မကြားရဘူးဗျာ။ ကျွန်တော်နည်းနည်းတော့ သံသယဖြစ်လာတယ်။ သိန်းငါးရာ ပေါက်တာများ အမေတွေ့ပြီးတော့ မူးများလည်းသွားသလားပေါ့။ မနေနိုင်ပဲ ထကြည့်မိတယ်။ အမေက ထီပေါကစဉ်ကြီးချပြီး ပေါက်ပါဘူးအေ လို့ တစ်ခွန်းပဲ ပြောပြီး မီးဖိုဘက် ထွက်သွားတယ်။ ကျွန်တောလည်း ဇဝေဇ၀ါ ဖြစ်သွားတာပေါ့။ ဒီတစ်ခါ ဘာဖြစ်တာလဲဟပေါ့။ အိပ်မက် ကအသေအချာကြီးပဲကို။ ကျန်တာတွေကျတော့ မှန်ပြီးတော့ ဒါကျမှ မမှန်ဘူးလား။

အဲဒီအချိန်မှာပဲ ဘေးအိမ်ကကိုထွန်းအောင်တို့ရဲ့ အော်သံကြားရတယ်။ ဟေး သိန်းငါးရာပေါက်တယ်ကွတဲ့။ ခဏနေတော့ ကိုထွန်းအောင်ရဲ့ သားလေးက အိမ်နီးချင်းတွေကို လိုက်အော်ပြောနေတယ်။ သားတို့ သိန်းငါးရာ ပေါက်တယ်တဲ့။ အမေလည်း အသံကြားလို့နေမှာ မီးဖိုထဲပြေးထွက်လာပြီး ကိုအောင်မိန်းမကို လှမ်းမေးနေတယ်။ ပြီးတော့မှ ငိုရမလို ရယ်ရမလို မျက်နှာနဲ့ ကျွန်တော့်ကို လှည့်ပြောတယ်လေ။

အမေပြောလိုက်တဲ့ စကားကို ကြားလိုက်ရတဲ့ အချိန်မှာတော့ ကျွန်တော်တစ်ခါတည်း ရူးသွားရင်ကောင်းမှာပဲလို့တောင်တွေးမိပါရဲ့။ အမေပြောလိုက်တာက

“ဟယ် ကံများထူးဆန်းလိုက်တာ။ သူတို့ဝယ်တဲ့ ထီက စက်ဘီးနဲ့ လိုက်ရောင်းနေတဲ့ ထီသည်လေ။ အရင်က ငါဝယ်နေကျ။ အဲဒီနေ့က သူက သုံးစောင်ပဲ ကျန်တော့တာ ၀ယ်ပါဦးလို့ ငါ့ဆီကို အတင်းလာရောင်း တယ်လေ။ အဲဒီအချိန်က မင်းက ထီဝယ်မယ်ဆိုပြီး သွားဝယ်နေတဲ့ အချိန်။ ဒါနဲ့ ငါလည်း မ၀ယ်တော့ ဘူးပြောလိုက်တာ။ သူကတော်တော်ကြာအောင် ၀ယ်ဖို့ပြောနေသေးတယ်။ မင်းသာ ထီသွားမ၀ယ်သေးရင် သေချာပေါက် ၀ယ်ဖြစ်တယ်။ ငါမ၀ယ်တာ နဲ့သူလည်း ကိုထွန်းအောင်တို့အိမ်သွားရောင်းတာလေ။ အဲဒါနဲ့ ကိုထွန်းအောင်အမျိုးသမီးက ၀ယ်ဖြစ်သွားတာ။ အမလေး ကံများပြောပါတယ်” တဲ့။

ကဲမိတ်ဆွေ။ ကျွန်တော့် အဖြစ်ကို ဘယ်လိုများ မှတ်ချက်ပေးချင်ပါသလဲဗျာ။ ကျွန်တော့်နေရာမှာ ခင်ဗျားဆိုရင် ဘယ်လိုခံစားရမလဲ။ ကျွန်တော်လောင်းရဲပါတယ်။ ခင်ဗျားလည်း ကျွန်တော့်လိုပဲ လုပ်မှာပဲ။ ဟုတ်တယ်မဟုတ်လား။အကြားအမြင်များ မရခဲ့ရင်ကျွန်တော် တို့ အခု သိန်းငါးရာပေါက်ပြီး အဆင်ပြေနေလောက်ပြီလို့ဗျနော်။ အဲဒီနေ့က စပြီး ကျွန်တော်လည်း ဘာအကြားအမြင်မှ မရတော့ ပါဘူး။ အဲရလည်း မရချင်တော့ပါဘူး။

အဲဒီတော့ ကျွန်တော် အကြားအမြင်ရလို့ သိန်းငါးရာဆုနဲ့ လွဲခဲ့ဖူးတယ်ဗျာ လို့ပြောရတော့မှာပဲ။

မေ၊၂၀၀၉။
မိုးတိမ်ညို

သရဲပုံပြင်

“အမလေး ထုတ်တန်းပေါ်မှာ လျှာတန်းလန်းကြီးနဲ့“
“ခြေသံကြားလို့ လှည့်ကြည့်လိုက်တော့ နောက်မှာ မည်းမည်းရှည်ရှည်ကြီး“
“သစ်ပင်ပေါ်က ဇောက်ထိုးကြီးဆင်းလာတာ“
စသဖြင့် ကျွန်တော်တို့ သည် သရဲအကြောင်းများစွာကို ငယ်စဉ်ကပင် ကြားဖူးခဲ့ကြသည်။ သင်သည် နိုင်ငံခြားရုပ်ရှင် ဇာတ်ကား များကြည့်ရှု့ပါက The Ring ကဲ့သို့ သော တီဗွီထဲမှ ထွက်လာသော သရဲမ၊ Grudge ကဲ့သို့သော ဂျပန်သရဲကား၊ The Eye ကဲ့သို့သော မျက်စိအစားထိုးထားသူ ကောင်မလေး မှ နာနာဘာဝ မျိုးစုံမြင်နေရသော သည်းထိတ်ဖွယ်သရဲကား စသည်တို့ ကိုတွေ့ရပေလိမ့်မည်။

ထို့အတူ အင်တာနက် စာမျက်နှာတွင်လည်း တကယ့်သရဲ အစစ်ပုံဆိုပြီး ဓါတ်ပုံ၊ဗွီဒီယို၊ အသံများစွာ ကြည့်ရှု့ နားဆင်နိုင်သေး သည်။ ဟုတ်မဟုတ်မည်သူမှ ရေရေရာရာမသိ။ ဆိုလိုချင်သည်မှာ နာနာဘာ ၀၊သရဲတစ္ဆေနှင့် ပတ်သက်သော အကြောင်းအရာများသည် ကျွန်တော်တို့ အတွက် အစိမ်းသက် သက်မဟုတ်။ ကျွန်တော်တို့ပတ်ဝန်းကျင်တွင်မြင်နေကြားနေရသည်။

သို့ဖြစ်၍ သရဲတစ်ကယ်ရှိလားဟုမေးသော်
“ဟာသေချာပေါက်ရှိတာပေါ့“ ဟူသော ယတိပြတ်အဖြေမျိုး။
“တကယ်မရှိပါဘူးကွာ အလကား လူတွေကိုက လျှောက်ပြောနေတာ“ ဟူသော တစ်ဖက်သတ်အဖြေ။
“ရှိမရှိက မင်းစိတ်ပေါ်မှာမူတည်တယ်။ မင်းကရှိတယ်လို့ ယူဆရင်ရှိတယ်၊ မရှိဘူးလို့ယူဆရင်မရှိဘူး“
ဟူသောမရေမရာအဖြေ။

“ရှိချင်ရှိမယ် မရှိချင်မရှိဘူး ဒီကိစ္စက တို့လူတွေနဲ့ တိုက်ရိုက် မပတ်သက်နိုင်ဘူး“ ဟူသော ၀ါး တားတား အဖြေမျိုး တွေသာ ကြားခဲ့ရပါသည်။
သေချာပေါက်ရှိတာပေါ့ဆိုသော လူကိုလည်း သေချာပေါက်ပြောစမ်းပါဆိုလျှင်ဝါးတားတားပင်။ သရဲ ဆိုတာလုံးသလားရှည်သလားပြားသလား သေချာမပြောနိုင်။ ကြားဖူးနားဝသာပြောနိုင်သည်။ မရှိဘူးဆို တဲ့သူကို ဒါဆို သင်္ချိုင်းကုန်းက ဇရပ်မှာ တစ်ယောက်ထည်းသွားအိပ်ပြဗျာ ဟုပြောလျှင့် ဘုကြည့် ကြည့်ပြီး “တို့ကဒီလို အကျိုးမရှိတာတွေမလုပ်ဘူး“ ဟုပြောတတ်သည်။ မရေမရာဝါးတားတား လူများကိုမေးမိ လျှင်ပိုဆိုးသေး။ အစကတည်းက ကိုယ်က လည်ချင်ချင်ပါဆို ပိုရှုပ်ကုန်သည်။

ကျွန်တော့် အနေနဲ့ကတော့ အမှန်အတိုင်းဝန်ခံရလျှင် သရဲတစ္ဆေကို ယုံသည်ဟုပြောရမှာ ရှက်သည်။ သို့သော် သေချာတာ တစ်ခုက ကျွန်တော် သရဲကြောက်တတ်သည်။ သေချာပြန်စဉ်းစားကြည့်လျှင် မယုံဘူးဆိုသောသူသည် မည်သည့် နည်းနှင့်မျှမကြောက်နိုင်။ သိစိတ်ကဖြစ်စေ၊ မသိစိတ်ကဖြစ်စေ ရှိသည်ဟုယုံကြည်နေသဖြင့်သာ ကြောက်သည်ဟု ယူဆနိုင်သည်။ ဥပမာအားဖြင့် ကလေးတစ်ယောက်ကို ညဘက်အပြင်မထွက်နဲ့ ကျားဆိုးကြီးရှိတယ်ဆိုလျှင် ထိုကလေးတကယ်မထွက်ရဲပေ။ ရှိသည်ဟု သူယုံကြည်သောကြောင့်ဖြစ် သည်။ ကျွန်တော့်ကို ထိုသို့ပြောလားလျှင်ကား ရယ်မိမည်သာဖြစ်မည်။ အဘယ်ကြောင့်ဆိုသော် ကျားဆိုးကြီး တကယ်မရှိဟု တစ်ရာရာခိုင်နှုန်းသေချာသောကြောင့်ဖြစ်သည်။ သို့ဖြစ်၍ သရဲတစ္ဆေမရှိဘူး ဆိုတာ ရာနှုန်းပြည့်သေချာလျှင်ကြောက်စရာမလိုပါ။ သင်ခဏရပ်ပြီးစဉ်းစားကြည့်ပါ။ သင်ကြောက်တတ် မကြောက်တတ်ဘူးလား။ ကြောက်တတ်လျှင် သင်သရဲတစ္ဆေရှိသည်ကို ယုံကြည်၍ဖြစ်သည်။

သရဲတကယ်မကြောက်တတ်ဘူးဆိုသောသူ တစ်ဦးသာတွေ့ဖူးသည်။ ဒါတောင်ကိုယ်တိုင်တွေ့ဖူးခြင်းမ တဆင့်ခံသာ ကြားဖူးခြင်းဖြစ်သည်။ ထိုသူသည် ပင်လယ်ဘူးဖက်က ဆေးရုံဝန်ထမ်းဟုသိရသည်။ သူသည် သရဲကို လုံးဝမယုံ။ ထို့အတွက် မည့်သည့် လောင်းကြေးလုပ်လုပ် လုပ်ရဲသည်။ ရင်ခွဲရုံတွင် လောင်းကြေးဖြင့် တစ်ယောက်ထဲအိပ်ပြသည်။ သင်္ချိုင်းသို့သွားပြီး လောလောလတ်လတ်သေထားသောသူ ၏အုတ်ဂူတွင် ထုံးသွားဝိုင်းပြသည်။ စသဖြင့် လောင်းကြေးထပ်တိုင်းသူနိုင်သည်သာဖြစ်သည်။ ထူးဆန်းပေစွ။ သူ့လို စိတ်စွမ်းအင်မျိုး တစ်ခါတစ်လေတော့ရချင်သည်။

တကယ်တော့ သရဲကြောက် မကြောက် ဆိုသည်မှာ လူတစ်ယောက်၏ စိတ်အခြေအနေဖြင့်လည်း ဆိုင်သည် ဟုထင်ပါသည်။ စိတ်အင်အားမြင့်မား နေသည့်အချိန်တွင် သိပ်မကြောက်ပဲ စိတ်အင်အား နိမ့်ကျ နေသည့် အချိန်တွင်ပိုပြီး ကြောက်တတ်သည်ဟုထင်ပါသည်။ ကျွန်တော်ဆိုလျှင် The Ring ဇာတ်ကားကို ကြည့်ပြီး နှစ်ပတ်လောက် အိပ်နေကျ အိပ်ခန်းတွင်ပင် ညအိပ်ရသည်မှာ ခပ်လန့် လန့် ဖြစ်နေသည်။ မယုံမရှိပါနှင့်။ သို့သော် ဇာတ်ကားကြည့်သည်ဆိုသည်မှာ သမန်ကာရှန်ကာမကြည့်ပဲ ရသခံစားပြီး တစ်ကားလုံးကို တစ် ကွက် မှ မလွတ်တန်း သေသေချာချာ တစ်ယောက်တည်းကြည့်ကြည့်ပါ။ လူတော်တော်များများ ထိုကဲ့သို့ ဖြစ်မည်ဟုထင်ပါသည်။ အကယ်၍ဘာမှ မဖြစ်ဘူးဆိုလျှင်ကျွန်တော် ထက် စိတ်အင်အား ပိုကောင်း သည် ဟု ချီးကျူးပါသည်။

စိတ်အင်အားဆိုမှာ ဘာကိုဆိုလိုသည်းဟုမေးသော် ကျွန်တော်လည်းသေချာမသိပါ။ စိတ်ပညာရှင်များ ဆိုလျှင်တော့သေချာရှင်းပြ နိုင်မည်ထင်ပါသည်။ ဘာသာရေးလုပ်လျှင်တော့ စိတ်အင်အား ပိုကောင်းမည် ဟု ယုံကြည်ပါသည်။ ကျွန်တော်တို့ငယ်ငယ်တုန်းက ပြောကြတာရှိသည်။ ဘာသာရေးလုပ် တယ်ထား ပါတော့ ဗုဒ္ဓဘာသာ ဘုရားစာရွတ်လို့ ခရစ်ယာန်သရဲက ကြောက်ပါ့မလားဟု ပြောတတ်ကြသည်။ ကျွန် တော်တော့ ထိုသို့ မထင်ပါ။ ဘာသာရေးဆိုသည်မှာ မိမိက တကယ်ယုံ ကြည်လျှင် သူ့နည်းသူ့ဟန်နှင့် အနည်းနဲ့အများတော့ အကျိုးရှိမည်ဟုထင်ပါသည်။ တစ်ခုခုကို ယုံယုံကြည်ကြည်လုပ်လျှင် စိတ်အင်အား ကောင်းလာမည်ဖြစ်သည်။ ဥပမာ ရန်သူကို ကာကွယ်ရန်အတွက် သင့်မှာ လှံဖြစ်စေ၊ဓါးဖြစ်စေ၊ သေနတ် ဖြစ်စေ လက်နက်တစ်ခုခုရှိဖို့သာလိုပါသည်။ မည်သည့် လက်နက်မဆို အသုံးဝင်ပါသည်။

ထို့ကြောင့် တစ္ဆေသရဲနာနဘာဝ ကိစ္စများသည် မည်သူကမှ အတိအကျ ရှိသည်မရှိဘူးဟု မဆုံးဖြတ်နိုင် သေးဘူးဟုထင်ပါသည်။ ပညာရှင်အချို့ က Research လုပ်နေသောလည်း တစ်ကမ္ဘာလုံး အတိုင်းအတာ ဖြင့် လက်ခံနိုင်သော အဖြေမပေးနိုင်သေးပါ။ မည့်သည့် ဘာသာရေးကမှလည်း တိကျသော ငြင်း၍မရသော အဖြေမပေးနိုင်ပါ။ လောလောဆယ်တော့ သင်၏စိတ်၊ ခံယူချက်အပေါ်မူတည်မည်ဟုထင်ပါသည်။

ဒီဇင်ဘာ၊၂၀၀၈။
မိုးတိမ်ညို

သိကြားမင်းပေးသော စေတီ နှင့် အရက်သမားဘဇံ

“ဟေ့ကောင်ဘဇံ မင်းပေါက်ကရတွေ လျှောက်မပြောစမ်းနဲ့ကွာ“
“ဟ ငါကဟုတ်လို့ဟုတ်တယ်ပြောတာကွ ဘာမှလိမ်စရာ အကြောင်းမရှိဘူး မင်းမယုံတာတော့ မတတ်နိုင်ဘူး“
ကျွန်တော်အိမ်ရှေ့ ကွပ်ြပစ်ပေါ်တွင် ထိုင်ပြီး ရေနွေးသောက်နေစဉ်တွင် အိမ်ရှေ့မှ ဖြတ်သွားသော အရက် သမားဘဇံနှင့် သူ့သူငယ်ချင်း ကောင်းကြီး မူးမူးရူးရူးဖြင့်စကားများ နေကြခြင်းဖြစ်သည်။ ဤဇာတ်လမ်းကို မပြောမှီ ကျွန်တော့်နှင့် ရွာအကြောင်းကို မိတ်ဆက်ပေးပါမှ စာဖတ်သူတို့ ဇာတ်လမ်း ကိုပြည့်ပြည့်၀၀ နား လည်မည်ဟုထင်ပါသည်။ ကျွန်တော်သည် ဤရွာ၏ တစ်ဦးတည်းသော ကျောင်းဆရာ ဖြစ်ပါသည်။ စာတို ပေ စကလေး ဖတ်ပြီး အထိုက်အလျှောက် ဗဟုသုတပြည့်စုံသဖြင့် ရွာခံများက ကျွန်တော့် ကို ဆရာလေး ဟု ခေါ်ပြီး လေးစားကြပါသည်။ ဒီရွာတွင် ရွာဦးဆရာတော် ဦးသောဘိတ သည် သြဇာ အရှိဆုံး ဖြစ်သည်။ သူပြီး လျှင် ဆေးဆရာ ဗေဒင် ဆရာကြီး ဦးဆောင်း သည် သြဇာ အရှိဆုံးဖြစ်သည်။ ရွာသူကြီး ပင်လျှင် သူတို့ နှစ်ဦး၏ သြဇာကို မလွန်ဆန်ဝံ့ပါချေ။

ဇာတ်လမ်းမှာ ဆရာကြီး ဦးဆောင်း၏ အိမ်မက်မှ စလေသည်။ တစ်ရက်သော် ဆရာကြီး သည် ထူးဆန်း သော အိမ်မက် မက်မြင်သည်ဟုဆရာတော် ဦးသောဘိတကို လျှောက်တင်လေသည်။ ထိုအိမ်မက် ထဲတွင် ရွာ အရှေ့ဘက် ချောင်းကလေး၏ ဘေးတောင်ကုန်းတွင် စေတီတစ်ဆူ ဘွားကနဲ ပေါ်လာသည်။ ထိုစေ တီ ပေါ်လာပြီး နောက်ရွာသူရွာသားအားလုံး သည် အနာရောဂါမှန်သမျှ ကင်းရှင်းကာ အားလုံး ချမ်းသာသုခရ ကြသည်ဟု ဆိုလေသည်။ တိုက်ဆိုင်စွာပင် ဆရာတော် ဦးသောဘိတကလည်း ရွာတွင် စေတီတစ်ဆူ တည်ထားကိုးကွယ်ရသည်ဟု အိမ်မက်မက်မြင်သည် ဟုဆို၏။ ထိုနေ့မှ စ၍ ဆရာတော်နှင့် ဆရာ ကြီး ဦးဆောင်း တကြိတ်ကြိတ် ဖြင့်ထိုကိစ္စကို တိုင်ပင်ကြလေသည်။ ဆရာကြီး ဦးဆောင်း အိပ်မက် မက်မြင် သည် ဟုဆိုသော တောင်ကုန်းလေးသို့ သွားကြည့်ကြလေသည်။ တောင်ကုန်းလေးမှာ တောင်က တုန်း လေးဖြစ်၏။ သူတို့သည် ထိုတောင်ကုန်းပေါ်တွင် စေတီတည်ထားရန် ရည်ရွယ်ပြီး တိုင် တစ်တိုင်ပင် နေရာ သတ် မှတ်သော အနေဖြင့် စိုက်ထားခဲ့သည်။ ထိုနေ့မှ စ၍ စေတီတည်ထား ရန် ရံပုံငွေရှာကြလေသည်။ ရွာသူရွာသားများသာ မက ရွာနီးချုပ်စပ်များကပါ အလှူခံထည့်ဝင် ကြလေသည်။ ရွာသားများကလည်း ယုံယုံကြည် ကြည် လေးလေးစားစား ဖြင့် တတ်အားသမျှ လှူကြလေသည်။

တစ်ရက်သော် ညဦးပိုင်းမှ စပြီး မိုးသည်း ထန်စွာရွာသွန်းလေသည်။ လျှပ်စီးများလည်းပစ် မိုးခြိမ်းသံမှာ လည်း တဒုန်းဒုန်းတဒိုင်းဒိုင်းဖြင့် ဖြစ်သည်။ ထိုညတွင်ပင် ထိုတောင်ကုန်း ပေါ်ရှိ တိုင်ကို မိုးကြိုးပစ်လေသည်။ နံနက်လင်း သော် ဆရာကြီး ဦးဆောင်း တို့ သွားကြည့်ကြရာ စေတီတည်မည့်နေရာနှင့် သိပ်မဝေးသောနေရာတွင် ကြက်ဥကဲ့သိုသော ကျောက်တုံး ကဲ့သို့သောဖြူဖြူ လုံးလုံးဝန်းဝန်းအရာ လေးတစ်ခုကို ရွံ့မြေထဲတွင် တစ်ဝက်မြုတ်နေသည်ကို ထူးဆန်း စွာတွေ့ရသည်။ အချို့က ဤအရာကို မိုကြိုးသွားဟုထင်ကြသည်။ ဆရာကြီးဦးဆောင်းက မူ သိကြား မင်း က ပေးသော ဌာပနာဟုဆိုသည်။ ဆရာတော်ကလည်း တန်းခိုးကြီးသော စေတီတစ်ဆူ တည်ရန်နတ် ကောင်းနတ်မြတ်များ က မစသည် ဟု တစ်ထစ်ချယုံကြည်နေသည်။ ရွာသူရွာသားများ လည်း ထိုအတိုင်း ပင်ယုံကြည်ကြလေသည်။ ဆရာတော်နှင့် ဦးဆောင်းတို့မှာ နေ့ချင်းညချင်းပင် ကြီးကျယ်မြင့်မြတ်သော သူတော်စင်ကြီးများကဲ့သို့ ဖြစ်လာခဲ့လေသည်။
ထိုဌာပနာကို မည်သူမှ မထိရ မကိုင်ရလေအောင် စေတီ မတည်မှီအထိ ခြံစည်းရိုး ခတ်ထားသည်။ အစောင့်ပင် အလှည့်ကျထားသေးသည်။ အဖြစ်အပျက်မှာ အထက်ပါ အတိုင်းဖြစ်လေ၏။

ဘဇံတို့၏ အငြင်းပွားသံ ကြားသဖြင့် ကျွန်တော်က စိတ်ဝင်စားသဖြင့်
“ဟေ့ကောင့် ဘဇံကြီးတို့ ဘာဖြစ်နေတာတုံး“
“ဟာကျောင်းဆရာ ဒီကောင်ဒီမှာ မတော်တရော်တွေပြောနေလို့ဗျ“
ကောင်းကြီးက ပြောပြောဆိုဆို ခြံထဲသို့ ၀င်လာလေသည်။ ဘဇံလည်း သူ့နောက်မှ လိုက်လာသည်။ ကောင်းကြီးက ဆက်ပြောသည်။
“ဒီလိုဆရာရေ ဘဇံက ပြောတာ စေတီရဲ့ ဌာပနာဆိုတာ မိုးကြိုးသွားလည်း မဟုတ်ဘူး၊ သိကြားမင်းပေးတာလည်း မဟုတ်ဘူး သူချောင်းစပ်က ကောက်လာတဲ့ ကျောက်ခဲတဲ့ အလကား ငမူး ငရဲကြီးအောင် သူများ ကုသိုလ် အရှိန်အ၀ါကြီးတာ ကို မနာလိုလို့“
ကောင်းကြီးပြောတာကြားပြီး ကျွန်တော် ခေါင်းကြီးသွားလေသည်။
“ဟေ့ကောင်ငါက တကယ်ဟုတ်လို့ပြောတာ မူးလို့ပြောတာမဟုတ်ဘူး မင်းက သာမူးနေတာ….“
“ကဲကဲ နေကြဦး“ ကျွန်တော်က ၀င်ဟန့်လိုက်ရသည်။
“ဘဇံမင်းက ဘာလို့ အဲဒါကို မင်းကောက်လာတဲ့ ကျောက်တုံးလို့ ပြောတာတုံး သူကြီး ကြားသွားရင် မင်းနာဦးမယ်။ငါ့ကို သေချာပြောပြ “
“ဆရာရေ အဲဒီကျောက်တုံးက ကျွန်တော် ချောင်းစပ်မှာရေချိုးပြီး အပြန်တွေ့လို့ ကောက်လာတာ လုံးလုံး ဖြူဖြူ လေး လှလို့ ၊ပြီးတော့ အရက်သောက်ပြီးပြန်လာတော့ မှောင် နေပြီ၊ အဲဒီနေ့က ကျွန်တော် တော် တော် မူးနေတယ်ဆရာရဲ့“ အမှန်တော့ ဘဇံ မမူးတဲ့နေ့ မရှိပါ။
သူကဆက်ပြောသည်။
“ဆရာလည်း သိတဲ့အတိုင်း အတိုင်း ကျွန်တော့် အိမ်က အဲဒီ စေတီတည်မယ့် တောင်ကုန်းနဲ့ ဆို တစ် ခေါ်လောက်ပဲရှိတာ၊ ကျွန်တော် မြန်အောင်ဆိုပြီး လမ်းအတိုင်းမပြန်ပဲနဲ့ အဲဒီတောက်ကုန်းပေါ်က ဖြတ် ပြန်တာ၊ မိုးကလည်းရွာ၊မှောင်ကလည်း မှောင်ဆိုတော့၊ကျွန်တော်လည်း ကြောက်ကြာက် နဲ့ သုတ်သုတ် လျှောက်နေတုန်း အဲဒီ စေတီတည်မဲ့နားကျတော့ ချော်လဲတာပဲ အဲဒါ မနည်း လူးလဲထပြီး အိမ်ပြန်လာတာ၊ ကျောက်တုံးက အဲဒီမှာ ကျကျန်နေခဲ့တာဆရာ၊ အဲဒါသိကြား မင်းပေးတဲ့ ကျောက်တုံးမဟုတ်ဘူး၊ ကျွန် တော့် ကျောက်တုံး ဘဇံရဲ့ ကျောက်တုံး“ ဘဇံကမူးမူးနှင့် အော်သည်။

“နောက်နေ့မနက်ကျ တော့ မနေ့က အသောက်များသွားတာနဲ့ မိုးမိထားတဲ့ ဒဏ်နဲ့ဆိုတော့ နေ့ခင်းကျမှ အိပ်ရာနိုးတယ် နိုးတော့ မှ အဲဒီတောင်ကုန်းမှာ လူစုစုတွေ့လို့ သွားကြည့်တော့ ဆရာ သိတဲ့အတိုင်းပဲ ဆရာ ကြီး ဆောင်းတို့ ဆရာတော်တို့နဲ့ ရွာသားတွေ ရောက်နေကြပြီ လေ။ ကျောက်တုံးလေးကို ခြံ တောင် ခတ်ထားပြီးပြီ။ ကျွန်တော်တို့လည်း ပြောဦးမလို့ပဲ အနားကပ်ပြီး ပြောမလို့ရှိသေး တယ် သူကြီး က ဘဇံမင်း ဘာလာရှုပ်တာလဲဆိုပြီး နားရင်းအုပ်လိုက်လို့ ဘယ်လိုမှ မပြောသာတော့ ဒီလိုပဲ မသိသလို နေလိုက်တာဗျ။“
သူ့စကားကြားပြီး ကျွန်တော့်ရင်ထဲက အလုံးကြီးတတ်လာသည်။ ဒီကိစ္စက တော်ရုံတန်ရုံပြဿနာမဟုတ်။
“မင်းဟာက ဟုတ်ရဲ့လားကွာ“ ကျွန်တော်က သေချာအောင်မေးကြည့်သည်။
“ဆရာမယုံရင် ကျောက်တုံး အောက်ကိုလှန်ကြည့် ကျွန်တော်ပျင်းလို့ ဓါးနဲ့ ဘဇံလို့ ခြစ်ထားတာရှိတယ်“
ဘဇံကတော့ အသေအချာပြောသည်။ ကျွန်တော်စဉ်းစားကြည့်သည်။ ဒီကိစ္စသေချာခဲ့လျှင် ဆရာတော် ကြီးနှင့် ဆရာကြီး ဦးဆောင်းမှာ ခေါင်းဖော်ရဲတော့မည်မဟုတ်ပေ။ အမှန်တကယ် ယုံကြည်ကိုးကွယ်ခဲ့သော ပတ်ဝန်းကျင်မှ ရွာသူရွာသားများ မည်သို့ဖြစ်သွားမည်နည်း။ ဘဇံအတွက် လည်း ကောင်းမည်မဟုတ်ပေ။ ကျွန်တော်သက်ပြင်းချမိသည်။
ကောင်းကြီးက၀င်ပြောသည်။
“မင်းပြောတာတော့ ငါမယုံဘူးဘဇံ“
“မင်းမယုံရင် ကျောက်တုံးကို သွားလှန်ကြည့်ပါလား“
“ဟကြည့်လို့မှ မရတာ သူကြီးက ငါ့ကိုသတ်မှတ်ပေါ့ သူကြီးမသတ်ခင် အနားကရွာသားတွေ ၀ိုင်း ရိုက် တာ နဲ့သေမှာ“
ကောင်းကြီးကပဲဆက်ပြောသည်။

“ဆရာကျွန်တော်ကတော့ ဘဇံပြောတာမယုံဘူး ဒီကောင်အရင်က လည်း ဒီလို မဟုတ်တရုတ်ဇာတ် လမ်း တွေ ထွင်ဘူးတယ်။ အဲဒါထားပါတော့ ဘာလိုပဲဖြစ်ဖြစ်ဒီနေရာမှာ စေတီဖြစ်သွားရင် ရွားသားတွေ အတွက် အကျိုးရှိတာပေါ့။ ကျွန်တော်တို့ရွာမှာ စေတီမှ မရှိပဲ။ စေတီတည်တော့ လည်း ဒီလို တန်ခိုး ကြီးစေတီ ရတော့ ဒီပတ်ဝန်းကျင်မှာ ကျွန်တော်တို့ရွာက နာမည်ရတယ်ဗျ။“
ကျွန်တော်ကဘဇံနှင့် ကောင်းကြီးကို ၀င်ပြောရသည်။
“ကဲကဲ ဟေ့ကောင်တွေ ဒီကိစ္စဘယ်လိုပဲဖြစ်ဖြစ် ဘယ်သူ့ကိုမှ မသိစေနဲ့ဦးဟုတ်ပြီလား ငါစဉ်းစား ကြည့် လိုက် ဦးမယ်။ မင်းတို့ ကတိပေးရင် ငါ အရက်ဖိုးပေးလိုက်မယ်“ ဟုဆိုကာ သူတို့ နှစ်ယောက်ထံမှ ကတိတောင်းပြီး အရက်ဖိုးပေးလိုက်လေသည်။ ကောင်းကြီးပြောသည်မှာ လည်းဟုတ်သည်။ ရွာသားတွေက ဤစေတီအတွက် တော်တော် ရင်းနှီးထားသည်။ တော်တော်လည်း မျှော်လင့် ထားသည်။ ဘဇံပြောသလိုသာ ဖြစ်သည်ဆိုလျှင် ဒီရွာသည် လည်း ပတ်ဝန်းကျင်တွင် လှောင်ပြောင်ခံရတော့ မည်ဖြစ်သည်။ သူတို့ ၏ယုံကြည်မှု့ ကို ပျက်ရယ်ပြုလိုက်သလိုဖြစ်ပေလိမ့် မည်။

နေ့ခင်းပိုင်းလောက်ကြမှ ထိုတောင်ကုန်းဆီသို့ ကျွန်တော်ထွက်လာခဲ့သည်။ လမ်းတွင် ရွာတောင်ပိုင်း မှ မအေးမြနှင့်တွေ့သည်။ သူက

“ဆရာ တောင်ကုန်းကိုသွားမလို့လား“
“ဟုတ်ပါ့ ဒါနဲ့ ညည်းအမေရောနေကောင်းလား“
မအေးမြအမေသည် မအေးမြတို့ အဖေသူ့ ခင်ပွန်းဆုံးသွားကတည်း က စိတ်အနည်းငယ် နောက်သွား ခဲ့သည်။ ရူးတော့ မရူးပါ။ တစ်ယောက်ထဲစကားပြောပြောနေခြင်းဖြစ်သည်။ မအေးမြက ဖြေသည်။
“ကောင်းတယ်ဆရာ ဌာပနာ ပေါ်လာပြီးကတည်းက ခေါ်သွားပြီးသွားဖူးတာ အခု အမေက ဌာပနာကို အရမ်းယုံပြီး အဲဒီမှာ ပုတီးစိတ် တရားထိုင်နဲ့ အရင်နီးပါး ပြန်ကောင်းလာပြီးဆရာ၊ ဆရာတော်ကြီးတို့ ဆရာကြီးဦးဆောင်းတို့ ကျေးဇူးပါပဲ“
ကျွန်တော် မအေးမြ၏ အဖြေစကားကြောင့် ရင်လေးသွားသည်။ ဘဇံပြောတာများဟုတ်နေခဲ့လျှင်။ သို့သော် ဘဇံက အမူးသမား သိပ်တော့ မယုံရ။
ကျွန်တော် တောင်ကုန်းသို့ ရောက်သည့် အချိန်သည် နေ့ခင်းဖြစ်သဖြင့် လူသိပ်မရှိသေး။ အခြားအချိန် ဆိုလျှင်တော့ ရွာမှလူများ၊ ရွာနီးချုပ်စပ်က လူများဖြင့် စည်းကားလှလေသည်။
ထိုကျောက်တုံး ကို အမိုးနှင့် အကာနှင့် လုပ်ထားသည်။ ဌာပနာကို မည်သူမှ ကိုင်ခွင့်မရ။ နီးနီးကပ်ကပ် ပင် ကြည့်ရှု့၍မရ စေရန် အသေအချာ ကာထားလေ သည်။ လူများကန်တော့ လို့ရရန် ဖျာလည်းခင်း ထား လေ ၏။ အမွှေးတိုင် ဖယောင်းတိုင်၊ ဆွမ်း၊ရေချမ်း၊ ပန်းစီးများလည်း မြောက်များစွာ လှူဒါန်းထားသည် ကိုတွေ့ရသည်။ ဤကျောက်တုံးကို ငုံပြီးစေတီတည်မည်ဟု သိရသည်။
ယခုမူ သူကြီးအစောင့်ချထားသော ကာလသားသုံးယောက်သာ ရှိသည် ။နှစ်ယောက်မှာ အနီးရှိဖျာပေါ်တွင် အိပ်နေပြီး တစ်ယောက်မှာ ဆေးလိပ်ထိုင်ဖွာနေသည်။ ကျွန်တော် ကျောက်တုံးကို လှန်ကြည့်ဖို့ ဆုံးဖြတ် လိုက် သည်။ ဒီကိစ္စက လွယ်တော့ မလွယ်လှ တစ်စုံတစ်ဦးသိသွားပါ က ကျွန်တော် ဒီပတ်ဝန်းကျင်တွင် ဆက်လက်နေထိုင်ဖို့ခဲယဉ်းသွားနိုင်သည်။ အကယ်၍ဘဇံပြောသလိုမှန် နေခဲ့လျှင်ရော ကျွန်တော်ဘာ လုပ်မည်နည်း။ ဘဇံပြောသည့် ကျောက်တုံးကို ဓါးဖြင့် ခြစ်ထားသည့် နေရာသည် တွေ့ချင်မှ တွေ့ရမည်။ အဘယ်ကြောင့်ဆိုသော် ကျောက်တုံးသည်ရွံ့ မြေထဲတွင် တစ်ဝက် မြုတ်နေသည်။ ကျွန်တော်ကြည့်လျှင် လည်း ကမန်းကတန်းသာ ကြည့်ရမည်ဆိုတော့ သိပ်တော့ မသေချာလှ။ ဘာပဲဖြစ်ဖြစ် ကျွန်တော် ကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။ကျွန်တော်က ဆေးလိပ်ဖွာနေ သောကာလသားတစ်ယောက်ကို
“ရော့ကွာ ဒေါ်ဖော့ဆိုင်မှာ ဆေးလိပ်သွားဝယ်စမ်း ငါဒီမှာ ၀တ်ပြုလိုက်ဦးမယ် မင်းတို့ဖို့ရောဝယ်ခဲ့“ ဆိုပြီး ပိုက်ဆံပေးပြီး လွတ်လိုက်လေသည်။ သူထွက်သွားမှ ဘေးဘီကို သေချာကြည့်ပြီး ဘယ်သူမှ မရှိဘူးဆို တာသေချာမှ အကာကလေးကို ကျော်ကာ ကျွန်တော် ကျောက်တုံးကို လှန်ကြည့်ပြီး နေရာတကျချပြန် ချထားလိုက်လေသည်။


ကျွန်တော် ဘဇံပြောသလိုတွေ့ခဲ့သလား ဟု စာဖတ်သူမိတ်ဆွေ အနေနဲ့ သိချင်ပါလိမ့်မည်။ သို့သော်လည်း ဤ ကိစ္စသည် ရွာသားတွေ အတွက် လည်း အကျိုးမရှိ၊ ဆရာတော် ဦးသောဘိတ လည်း အကျိုးမရှိ၊ ဦးဆောင်း အတွက်လည်း အကျိုးမရှီ၊ ဘဇံအတွက်လည်း အကျိုးမရှိ၊ ယုတ်အစွဆုံး ကျွန်တော့် အတွက် လည်း အကျိုး မရှိဟု ယုံကြည်သဖြင့် ကျွန်တော် နုတ်ပိတ်နေဖို့ ဆုံးဖြတ်လိုက်ပါသည်။

စာကြွင်း။ စေတီအတွက် ရံပုံငွေ မကြာမှီလုံလောက်သွားပြီး စေတီစတင် တည်ဆောက်ရာ နောက်နှစ်လ အကြာတွင် ဘုရားပွဲ လုပ်ပြီး စေတီကို စတင်ဖွင့်လှစ်လိုက်ပါသည်။ စေတီ၏ အမည်မှာ သိကြားပေး စေတီ ဟုတွင်သည် ဟုသိရပါသည်။

ဒီဇင်ဘာ၊၂၀၀၈။
မိုးတိမ်ညို

ဗေဒင် လက္ခဏာ

ဗေဒင် လက္ခဏာနဲ့ ပတ်သက်လို့ ဆရာဦးအောင်သင်း ပြောခဲ့ဖူးတာလေး သတိရလို့ပါ။ အတိအကျတော့ မမှတ်မိတော့ဘူး။ ဗေဒင်တို့ လက္ခဏာတို့ဆိုတာ ဒါဖြစ်ကိုဖြစ်ရမယ်လို့ ဟောတာမဟုတ်ဘူးတဲ့။ သူက ဖြစ်နိုင်ချေရှိတဲ့ လမ်းကြောင်းကိုပဲ ပြောတာတဲ့။ ဥပမာ ဒီလမ်းကတည့်တည့်သွား လမ်းဆုံးရင် ရွာကို ရောက်မယ်ဆိုတာက ဒီလမ်းကသွားတဲ့ သူတိုင်းအဲဒီရွာကို ရောက်မယ်လို့ ဆိုလိုတာမဟုတ်ဘူး။ ဒီလမ်းက တော့ရွာကို ဦးတည်နေတယ် ရောက်မရောက်ဆိုတာကတော့ သွားတဲ့သူအပေါ်မှာ မူတည်တယ်လို့ ဆိုလိုတာတဲ့။

လက္ခဏာဆိုရင်လည်း အဲလိုပဲ။ ဒီလို အရေးအကြောင်းရှိတဲ့သူတော်တော်များများက ဒါမျိုး ဖြစ်တတ်တယ် လို့ ဟောတယ်ဆိုပါဆို့။ အဲဒါက ဖြစ်ကို ဖြစ်ရမယ်လို့ ဟောတာ မဟုတ်ဘူးတဲ့။ ဟောတဲ့ အတိုင်း ဖြစ်မဖြစ်ဆိုတာက ကာယကံရှင်ပေါ်မှာလည်း မူတည်ပါသတဲ့။ ဗေဒင်လည်း အဲလိုပါပဲတဲ့။မှန်၏ မမှန်၏ ယုံ၏ မယုံ၏ ဆိုတာကတော့ လူတစ်ယောက်ချင်းစီရဲ့ ပုဂ္ဂလိက ခံစားချက်အပေါ်မှာ မူတည်မှာပါ။ အဲဒီအကြောင်းတွေစဉ်းစားမိရင် ဆရာဆွေမင်း ဓနုဖြူရဲ့ တွတ်ပီကာတွန်းလေးတစ်ခု သွားသတိရမိတယ်။ ကာတွန်းထဲမှာ ဦးတွတ်ပီတို့ရဲ့ ကြုံတိုင်းရွာနဲ့ တခြားရွာတစ်ရွာ ဘောလုံး ချိန်း ကန်ကြတာပေါ့။ ကြုံတိုင်းရွာဘက်မှာက ဗေဒင်ဆရာလား ဘာလားမသိဘူး တစ်ယောက်က အခါတော် ပေးသတဲ့။ အဲဒီ အခါတော်ပေးဆရာက ဂိုးတိုင်မှာ အင်းချထားတယ်တဲ့။ သူကပြီးတော့ ဂိုးသမားကို သေချာမှာထားတယ် ဘောလုံးက အလယ်စည်းကို ကျော်လာပြီး ကိုယ့်ဘက်ကို ရောက်လာရင် ဂိုးတိုင်ကို ဖနောင့်နဲ့ သုံးချက်သွားပေါက်။ အဲဒါမှ ဂိုးမ၀င်မှာတဲ့။ ဂိုးသမားလည်း အဲဒီဆရာပြောတဲ့ အတိုင်း ဘောလုံးဒီဘက်ရောက်လာတဲ့ အချိန်မှာ ဂိုးတိုင်ကို ဖနောင့်နဲ့ သွားပေါက်နေတုံး ဟိုဘက်အသင်းက ကန်လိုက်တာ ဖမ်းချိန်တောင်မရလိုက်ပဲ ဂိုးသွားပါလေရောတဲ့။


ဗေဒင်တို့ လက္ခဏာတို့ဆိုတာ ပညာရပ်တစ်ခုအနေနဲ့ တော့ ရှိမှာပါ။ အဲဒီပညာရပ်ကို ယုံကြည်လက်ခံပုံ အပေါ်မှာ မူတည်ပြီးတော့ အကျိုးရှိမရှိဆိုတာ ကွာခြားမှာပါ။ ဆရာတော်အရှင်ဧသိက ဆိုထားသလို ကျိုးကြောင်းဆီလျှော်တဲ့ သုံးသပ်ချက်မျိုးကို ရှု့မြင်တတ်ဖို့လိုပါတယ်။ ဥပမာ ဒီနှစ်မိုး ခေါင်သည် ထို့ကြောင့် စပါးအထွက်နည်းလိမ့်မည်။ အဲလိုမျိုးပေါ့။

ကျိုးကြောင်း မဆီလျှော်တာတွေလည်း ကြားဖူးပါတယ်။ ဟိုးအရင်က သတင်းတစ်ခုထဲမှာ ဖတ်ဖူးတယ်။ ကံပွင့်အောင်လို့ ကံပွင့် အမွှေးတိုင် တစ်ထုတ် ၀ယ်ထွန်းလိုက်တာ အိမ်ပါမီးလောင်သွားရောတဲ့။ အိမ်မီးလောင်တာကတော့ မတော်တဆ ဖြစ်တာပါ။ ပြောချင်တာက အစကတည်းက ကျိုးကြောင်းဆီလျှော်မှု့ မရှိတာကို ဆိုလိုချင်တာပါ။ကံကောင်းချင်လို့ ဘာသာရေးလုပ်တယ်ဆိုတာ ကကျိုးကြောင်းဆီလျှော်နိုင်တယ်လို့ ထင်ပါတယ်။ ဥပမာ တရားထိုင်တယ်ဆိုပါတော့။ (တရားထိုင်လျှင်ကံကောင်းသည် ဟု မဆိုလိုပါ ဥပမာပေးခြင်း ဖြစ်ပါသည်) တရားထိုင်လို့ ကိုယ်ဆီကို ကောင်းတဲ့ ကံကြီးက ၀ုန်းခနဲ ရောက်လာတာလို့ မထင်ပါဘူး။ တရားထိုင်တဲ့ အတွက် အဲဒီလူရဲ့ စိတ်ဟာ အနည်းနဲ့ အများ ငြိမ်းချမ်းနေမယ်၊ မျက်နှာမှာလည်း အဲဒီ ငြိမ်းချမ်းမှု့ ဟာ အနည်းနဲ့ အများဆိုသလို ပေါ်လွင်နေမယ်၊ ပြီးတော့ စိတ်က ငြိမ်းချမ်းနေတဲ့ အတွက် လုပ်ကိုင် ဆောင်ရွက်သမျှတွေက မှန်ကန်ဖို့ များနေတယ်။ အဲဒီတော့ ကံကောင်းခြင်းဆိုတာက သူ့ဆီကို အလိုလိုရောက်လာလိမ့်မယ်လို့ ထင်ပါတယ်။

ဗေဒင်မေးပြီး ယတြာချေတာက သိပ်တော့ သဘာဝကျတယ်လို့ မထင်ပါဘူး။ ဒါပေမယ့် တစ်ခုတော့ ရှိတယ်။ ဥပမာ ဗေဒင်က သပြေပန်း သုံးခက် ဘုရားတင်ခိုင်းတယ်ဆိုပါစို့။ အဲဒီလူက ယုံယုံကြည်ကြည် နဲ့ တင်လိုက်လို့ စိတ်ဓါတ် ခွန်အား တစ်ချို့ ရသွားတယ်ဆိုရင်တော့ သူ့ အတွက် အဲဒီ ယတြာက အနည်းနဲ့ အများတော့ အကျိုးရှိမှာပါ။အဲဒါကြောင့် ကောင်း၏ မကောင်း၏ အကျိုးရှိ၏ မရှိ၏ ဆိုတာက ခံယူတဲ့ သူအပေါ်မှာ မူတည်တယ်လို့ ထင်ပါတယ်။ ကျွန်တော့်ကို ဗေဒင် တို့ လက္ခဏာ တို့ကို ယုံလား မယုံဘူးလားလို့ မေးရင်တော့ ယုံတယ် မယုံဘူးမဖြေပဲနဲ့ မသိဘူးလို့ ပဲ ဖြေရပါလိမ့်မယ်။ မသိပဲနဲ့ ယုံမယုံ ဆုံးဖြတ်လို့ မှ မရပဲနဲ့ကိုး။

မိုးတိမ်ညို
May 2009

Butterfly effect နှင့် အကြောင်းအကျိုး

Butterfly effect ဆိုတာ ကြားဖူးကြမှာပါ။ သီအိုရီတစ်ခုပေါ့။ ကမ္ဘာ့တစ်ဖက်ခြမ်းမှာ လိပ်ပြာတောင်ပံခတ် တဲ့ အဖြစ်ဟာ အခြားတစ်ဖက်မှာ ဆိုင်ကလုန်း မုန်တိုင်းကြီး တစ်ခုတိုက်နိုင်သည် ဟု ဆိုလိုခြင်းဖြစ်သည် ဟု ဖတ်ဖူးပါသည်။ ဤသို့ဆိုလျှင် အောက်ပါအကြောင်းအရာကို ဖတ်ကြည့်ပါ။

“မြောက်ကိုရီးယားမှ ဒုံးပျံပစ်လွတ်ခြင်းကြောင့် လှိုင်သာယာ မီးကွက်ဈေးအနီးမှ ဆိုက်ကားဆရာတစ်ဦး ခြေထောက်ကျိုးသွားခြင်း”

အထက်ပါခေါင်းစဉ်ကို မြန်မာနိုင်ငံရှိဂျာနယ်တစ်ခုတွင် တွေ့လိုက်ရလျှင် မိတ်ဆွေ ပြုံးကောင်းပြုံးလိမ့်မည်။ ဘာဆိုင်လို့တုန်းကွာဟု မှတ်ချက်ချချင် ချလိမ့်မည်။ ရှင်းပါမည်။ ဆန္ဒ မစောပါနှင့်ဦး။ အဖြစ်က ဤသို့ ဖြစ်လေသည်။ မြောက်ကိုရီးယားမှ ဒုံးပျံလွတ်သည့် သတင်း ယနေ့ထုတ် ဂျာနယ်တစ်စောင်တွင် ပါလာလေသည်။ ဆိုက်ကားစီးသူတစ်ဦးမှ ထိုဂျာနယ်ကို ၀ယ်လာပြီး ဆိုက်ကားပေါ်တွင် လှန်လှော ဖတ်ရှု့နေလေသည်။ ထိုသတင်းကို အရောက်တွင် ခရီးသည်က ဆိုက်ကားဆရာအား “ဟာ မြောက်ကိုးရီး ယားကတော့ ဒုံးပျံလွတ်လိုက်ပြီတဲ့“ ဟုပြောရာ ဆိုက်ကားဆရာက ဟုတ်လားဟု ဆိုကာ ဂျာနယ်ကို စိတ်ဝင်တစား စောင်းငဲ့ကြည့်လိုက်လေသည်။ ထိုအချိန်တွင် လမ်းတစ်ဖက်မှ ကွေ့လာသော ကားတစ်စီးကို ဆိုက်ကားဆရာ သတိမထားမိဖြစ်သွားသည်။ ထို့ကြောင့် ထိုကားနှင့် မလွတ်ပဲ ဆိုက်ကားနှင့် ပွတ်ဆွဲမိသွားကာ ဆိုက်ကားမှာ မြောင်းထဲသို့ထိုးကျကာ ဆိုက်ကားဆရာ ခြေတစ်ဖက်ကျိုးသွားလေသည်။ ထိုကြောင့် မြောက်ကိုရီးယားမှ ဒုံးပျံလွတ်သောကြောင့် ဆိုက်ကားဆရာ ခြေကျိုးသွားသည် ဟု ဆိုလျှင် လွန်မည် မထင်ပါ။

မိတ်ဆွေကတော့ ကတ်သီးကက်သတ်ဗျာဟု ထင်ချင်ထင်ပါလိမ့်မည်။ ဤကိစ္စနှစ်ခုသည် တိုက်ရိုက် မဆိုင်သော်လည်း ဆိုင်သည်ဟု ပြောလို့ရပါသည်။ အကယ်၍ မြောက်ကိုရီးယားက ဒုံးပျံမလွတ်ခဲ့လျှင် ခရီးသည်က ဂျာနယ် မ၀ယ်ခဲ့လျှင် ခရီးသည်က ဂျာနယ်ထဲမှ သတင်းဖတ်ပြစဉ် ဆိုက်ကားဆရာက စိတ်ဝင်စားမှု့ မရှိခဲ့လျှင် ထိုကဲ့သို့ ခြေကျိုးမည် မဟုတ်ပါ။ အကြောင်းပေါင်းများစွာ (causes) တိုက်ဆိုင်၍ အကျိုး (effect) တစ်ခုဖြစ်လာရခြင်းဖြစ်ပါသည်။ ထိုအကြောင်းပေါင်းများစွာထဲမှ တစ်ခုခုသည် မဖြစ်ခဲ့လျှင် ထိုအကျိုးလည်း ဖြစ်လာမည် မဟုတ်ဟု ထင်ပါသည်။

ရုရှစာရေးဆရာကြီး လီယိုတော်စထွိုင်း၏ စစ်နှင့်ငြိမ်းချမ်းရေးဝတ္ထုထဲတွင် ဖော်ပြခဲ့သလို အဖြစ်အပျက်ကြီး တစ်ခုသည် သန်းပေါင်းများစွာ အဖြစ်အပျက် အသေးလေးများ စုပေါင်းပြီး ဖြစ်ပေါ်လာသည် ဟု ဆိုရမည် ဖြစ်လေသည်။အကြောင်း (cause) ကြောင့်အကျိုး (effect) ဖြစ်သည်ဆိုသည်မှာ လည်းထိုသဘောမျိုးပင် ဖြစ်မည်ဟု ထင်ပါသည်။ ဒီအကြောင်း (cause) ကြောင့် ဒီအကျိုး (effect) ဖြစ်သည်ဟု ဆိုရလောက်အောင် မရိုးရှင်းပဲ သန်းပေါင်းများစွာသော အကြောင်းများကြောင့် အကျိုးတစ်ခုဖြစ်သည်။ ထိုဖြစ်ပေါ်လာသော အကျိုးသည်လည်း နောက်ထပ်အကျိုးတစ်ခုဖြစ်စေရန် စုပေါင်းသော သန်းပေါင်းများစွာသော အကြောင်းတစ်ခုထဲ တွင် ပြန်လည်ပါဝင်သွားမည်ဟု ယူဆပါသည်။

ဥပမာတစ်ခု စဉ်းစားကြည့်ရအောင်ဗျာ။ မောင်ဖြူသည် ကုမ္မဏီတစ်ခုတွင် အလုပ်ရလေသည်။ သူအလုပ်ရသည့် အကြောင်းအရင်းမှာ သူဌေးနှင့် သူ့၏ဖခင်သည် ယခင်က မတော်တဆသိကျွမ်းဖူးခြင်း ကြောင့်ဖြစ်သည်။ သူတို့ဖခင်နှင့်ထိုသူဌေးသည် ရန်ကုန်မှမန္တလေးသို့သွားသော ကားပေါ်တွင် ခုံချင်းကပ်လျှက်ထိုင်မိသောကြောင့် သိကျွမ်းလာခဲ့ခြင်းဖြစ်လေသည်။ ထိုသို့ဆိုလျှင် မောင်ဖြူ၏အဖေ ထို ခရီးစဉ်ကို မသွားလျှင် မောင်ဖြူထိုအလုပ်ကိုရရန် မသေချာ။ ထိုခရီးစဉ်ကိုသွားရန် လက်မှတ်ဝယ်ခဲ့သော မောင်ဖြူအဖေ၏ တပည့်သည် လက်မှတ်ကို မှောင်ခိုမှ မ၀ယ်ပေးခဲ့လျှင် ထိုနေ့က မောင်ဖြူ၏ အဖေသွားဖြစ်မည် မဟုတ်သဖြင့် ထိုသူဌေးနှင့် ရင်းနှီးရန် အခွင့်အရေးရမည် မဟုတ်။ မောင်ဖြူလည်း မလုပ်ရမည် မဟုတ်သဖြင့် မောင်ဖြူ အဖေ၏ တပည့်လေးကလည်း မောင်ဖြူအလုပ်ရဖို့ အရေးကြီးလေသည်။ ဒါတင်မကသေးပါ။ ဆက်ပြီးစဉ်းစားလိုပါသေးလျှင် ထိုနေ့က မှောင်ခိုလက် မှတ်ရောင်းသူသည် မင်္ဂလာဆောင်တစ်ခုကို မသွားပဲအလုပ်ဆင်းသဖြင့် ထိုလက်မှတ်ကို ၀ယ်နိုင်ခြင်းဖြစ်သည်။ ထိုသို့စဉ်းစားလျှင် မှောင်ခိုလက်မှတ်ရောင်းသူသည်လည်း အရေးပါသောနေရာတွင် ရှိနေပြန်ပါသည်။ ထိုသို့ မသွားဖြစ်ရသည် အကြောင်းအရင်မှာ သူ့မိန်းမကမသွားလို့၍ဖြစ်သည် ဟုဆိုလျှင် ထိုသူ၏မိန်းမသည်လည်း အရေးကြီးသော နေရာတစ်ခုတွင်ပါလာပြန်ပါသည်။ တော်လောက်ပါပြီ။ ဆက်စဉ်းစားလျှင်ပြီးတော့မည် မဟုတ်ပါ။ ထို့ကြောင့် မည်သည့် အဖြစ်အပျက် တစ်ခုအတွက်မဆို ထိုအဖြစ် အပျက်ကို ဖြစ်စေနိုင်သော အကြောင်းအရာလေးအားလုံးက အရေးကြီးသည်ဟု ဆိုနိုင်ပါသည်။

Butterfly effect ဆိုသည်မှာလည်း ထိုသဘောမျိုးခပ်ဆင်ဆင်သာ ဖြစ်သည်ဟု ယူဆပါသည်။

ဗိုလ်ချုပ်အပါအ၀င် အာဇာနည်များလုပ်ကြံခံရပုံကို အနည်းငယ်စဉ်းစားကြည့်ပါ။ တခြားကိစ္စများကို မစဉ်းစားပဲ ရိုးရိုးလေး စဉ်းစားကြည့်ကြပါစို့။ အကယ်၍ လူတစ်ယောက် (လုပ်ကြံသေနတ်ပစ်သူ) ၏လက်ညှိုးလေးတစ်ချောင်း ကွေးလိုက်ခြင်းကြောင့် လူပေါင်း သန်းပေါင်းများစွာ အတိဒုက္ခရောက်ရသည် ဟုဆိုလျှင်ကော။ ရာနုန်းပြည့် မှန်သည်ဟု မဆိုနိုင်သော်လည်း မှားသည်ဟု တော့မငြင်းနိုင်ဟု ထင်ပါသည်။


ပြီးတော့ မြန်မာနိုင်ငံက ပြည်တွင်းစစ်အကြောင်း။ ပြည်တွင်းစစ်ကို ပညာရှင်များက မည်သူ့ကြောင့် မည်ဝါကြောင့် မည်သူက အဓိက တရားခံ မည့်သည့်အကြောင်းကြောင့် စသည်ဖြင့် ရှု့ထောင့်မျိုးစုံမှ ထောက်ပြဆွေးနွေးကြပါသည်။ သူတို့လည်း သူတို့အယူအဆအရ မှန်ကြပါလိမ့်မည်။ ကျွန်တော့် အယူအဆအရတော့ မြန်မာနိုင်ငံသားအားလုံးနှင့် မြန်မာနိုင်ငံ နှင့် ပတ်သက်နေသောသူ အားလုံး၏ လုပ်ဆောင်ချက်အားလုံးသည် (သေးသည်ဖြစ်စေ ကြီးသည် ဖြစ်စေ နိုင်ငံရေးနှင့် ဆိုင်သည် ဖြစ်စေ မဆိုင်သည် ဖြစ်စေ) သန်းပေါင်းများစွာသော ပြည်တွင်းစစ် ဖြစ်ရန် အကြောင်းများ(causes) ထဲတွင် ပါဝင်မည် ဟုယူဆပါသည်။ အကြောင်းအရာတစ်ခုနှင့် တစ်ခုတော့ ပါဝင်မှု့ ပမာဏခြင်းတော့ တူနိုင်မည် မဟုတ်ပါချေ။ တစ်ချို့အကြောင်းအရာများကအဓိကကြောင်းများဖြစ်ပြီး အချို့သော ကြောင်းအရာများသည် သာမည အကြောင်းအရာများ ဖြစ်ပါလိမ့်မည်။ သို့သော် အကြောင်းအရာတိုင်းသည် သူ့နေရာနှင့်သူတော့ အရေးပါမည်သာဖြစ်ပါသည်။

နိဂုံးချုပ်ဆိုသော် သဘာဝကြီးက ကျွန်တော်တို့၏ လုပ်ဆောင်ချက်အားလုံးကို မှတ်တမ်းတင်ထားပါသည်။ ကောင်းသည်ဖြစ်စေဆိုးသည်ဖြစ်စေ ထိုအကြောင်း (cause) တစ်ခုသည် သက်ရောက်မှု့ (effect) တစ်ခု ခုတော့ မလွဲမသွေရှိပါသည်။ သင်ကောင်းတာလုပ်သော်လည်း ဆိုးသောသက်ရောက်မှု့လည်း ရှိနိုင်သလို သင်မဟုတ်တာလုပ်သောလည်း ကောင်းသောသက်ရောက်မှု့လည်း ဖြစ်နိုင်နေသေးသည်။ အဘယ်ကြောင့် ဆိုသော သက်ရောက်မှု့ (effect) တိုင်းသည် သင်၏လုပ်ဆောင်ချက် တစ်ခုထဲကြောင့် မဟုတ်ပဲ သန်းပေါင်များစွားသော် အကြောင်းများ (causes) ကြောင့် ဖြစ်ပေါ်လာရခြင်း ဖြစ်လေသည်။ထို့ကြောင့် ကျွန်တော်တို့၏ပတ်ဝန်းကျင်ရှိအကြောင်းအရာများအားလုံးသည်လည်း ကျွန်တော်တို့နှင့် တိုက်ရိုက်ဖြစ်စေသွယ်ဝိုက်၍ ဖြစ်စေသက်ဆိုင်နေပါသည်။ မည်သည့်အရာကိုမှ လျှစ်လျှူရှု့လို့ မရပါချေ။မည်သို့ပင်ဖြစ်စေကာမူ ကောင်းသည့် အကြောင်းများလုပ်လျှင် ကောင်းသော အကျိုးများဖြစ်ပေါ်လာဖို့ များပြီး မကောင်းသည့် အကြောင်းများလုပ်လျှင် မကောင်းသော အကျိုးများ ဖြစ်ပေါ်လာဖို့များမည် ဆိုသည်မှာ မြေကြီးလက်ခက် မလွဲပါချေ။

“သင်ပြုလုပ်သော အကြောင်းကိစ္စတစ်ခု (သေးသည်ဖြစ်စေ ကြီးသည်ဖြစ်စေ) အတွက် အကျိုးသက် ရောက်မှု့တစ်ခုခု မလွဲမသေရှိနေမည် ဖြစ်ပါသည်”

မှတ်ချက်။ အချို့သော အကြောင်းအရာများမှာ ဆရာမင်းသိင်္ခ၏ စာတစ်ပုဒ်ထဲမှာ ကိုးကားပါသည်။

မိုးတိမ်ညို
May,2009

ဘယ်နှယ့်ပါလိမ့်၊ ဘယ်လိုပါလိမ့်

ကျွန်တော်ငယ်စဉ်က တောမြို့လေးတစ်ခုမှာ နေတုန်းက ကြုံခဲ့ဖူးတဲ့ အကြောင်းအရာလေး တစ်ခုပါ။
ကျွန်တော့် မိဘတွေက အစိုးရ၀န်ထမ်းတွေဆိုတော့ နယ်တကာလှည့်ပြီး မကြာခဏပြောင်း ရွေ့ တာဝန် ထမ်းဆောင်ရပါတယ်။ တစ်ခါတော့ ကျွန်တော်တို့ အလွန်ခေါင်တဲ့ တောမြို့လေးတစ်မြို့ကို ပြောင်းရပါတယ်။ ခေါင်သမှ တစ်မြို့လုံးမှ အိမ်ခြေက ရာဂဏန်း။ ကားဆိုလို့ တောသူဌေးတစ်ယောက် ပိုင်တဲ့ဂျစ်ကား တစ်စီးရယ်၊ ဟီးနိုးကားကြီး နှစ်စီးရယ် မီးသတ်ကား တစ်စီးရယ်ပဲ ရှိတာဗျာ။ မြို့ကြီးသွား ချင်ရင် အဲဒီ ဟီးနိုးကား တွေ ထွက်တဲ့ရက် ကိုပဲ စောင့် စီးရတာ။ ကတ္တရာလမ်းက တစ်လမ်းပဲရှိတယ်။

ကျွန်တော်က မူလတန်း။ အဲဒီ မြို့နယ်မှာ တစ်ခါတော့ ပန်းချီပြိုင်ပွဲလုပ်တယ်။ မူလတန်း အဆင့် လဲ ပါတာပေါ့။ အဲဒီတော့ ကျွန်တော်တို့ ကျောင်းလေးက ဆရာမတွေက သူတို့ အတန်းက ကျောင်းသား တိုင်းကို ပန်းချီတစ်ပုံ စီဆွဲယူလာဖို့ ပြောတယ်။ အဲဒီ အထဲက ပုံဆွဲကောင်း တဲ့ သူကိုမှ ပြိုင်ပွဲကို ပို့မယ်ပေါ့လေ။ အဲလို စီစဉ်ထားကြတယ် ထင်ပါရဲ့။ ခေါင်းစဉ်က ကျွန်တော့် ရည်မှန်းချက် ဒါမှမဟုတ် အဲဒါနဲ့ ခပ်ဆင်ဆင်ပဲ။ အဲဒီ အဓိပ္ပာယ်ကတော့ အဲဒါပဲ။ ကျွန်တော်တို့ တွေလည်း ကိုယ်စိတ်ထဲရှိတာ ဆွဲကြတာ ပေါ့။ ခဲတံနဲ့ ပဲဆွဲတာပါ။ ကြုံတုံး ကြွားရဦးမယ်။ ကျွန်တော်က ပန်းချီနဲ့ ပတ်သက်လို့ သုညပဲဗျ။ ကျွန်တော် ဆွဲတာက လေယာဉ်မှုးပုံနဲ့ လေယာဉ်ပုံ။ ရုတ်တရက်ကြည့် ရင် လေယာဉ်က ငှက်ပျောတုံးကြီးနဲ့ တူနေသ လိုပဲ။ (ဒါက အခုမှ တွေးမိတာပါ။ အဲဒီတုန်းကတော့ ကိုယ့်ကိုကိုယ် အဟုတ်ပေါ့)

ကျောင်းကိုယူသွား ပြီးပြတဲ့ နေ့ကျတော့ အသီးအသီး ပုံလေးတွေဆွဲယူလာကြတယ်။ တစ်ယောက်က တော့ ပုံဆွဲမဆိုး ဘူးဗျ။ သူကသေဘာၤ ကပၸတိန္ပံု။ သင်္ဘောတစ်စင်းပုံနဲ့ ပင်လယ်ပြင်ကြီး လည်းပါတယ်။ တော်တော်လှတယ်ပေါ့ဗျာ။

အဲဒါပေမယ့် ရွေးတော့ ကျွန်တော့်ကို ရွေးတယ်ဗျာ။ ကျွန်တော်က သူ့ပုံကို ကြည့်ပြီး ပြိုင်ပွဲမှာ ဆွဲတဲ့။ ဟင် ကျွန်တော့်စိတ်ထဲမှာ “ဘယ်နှယ့်ပါလိမ့်၊ ဘယ်လိုပါလိမ့်” ဆိုပြီးတော့ ခဏတော့ တွေးမိသေးတယ်။ နောက်တော့ လဲ ကလေး ဆိုတော့ မေ့မေ့ ပျောက်ပျောက်ပါပဲ။ ပြိုင်ပွဲဝင်တော့ ဆုရဖို့နေနေသာသာ အညံ့ဆုံး စာရင်းထဲ မပါတာ ကံကောင်းဗျာ။ ပုံဆွဲပညာမှာ သုညပဲရှိတဲ့သူကို ဆွဲခိုင်းတော့ ဒီလိုပဲနေ မှာပေါ့ဗျာ။

နောက်ကြီးမှ ပြန်စဉ်းစားကြည့်တော့ ဆရာမတွေက ကျွန်တော့်ကို ဘာလို့ရွေးတာလဲဆိုတော့ ဟိုပုံ တစ်ကယ် ဆွဲတတ်တဲ့ ကောင်လေး က အနားကရွာက၊ ကျွန်တော်ကျတော့ မြို့ပေါ်က အရာရှိရဲ့ သား။ ပိုက်ဆံလည်း သူတို့ထက်တော့ တတ်နိုင် မပေါ့ဗျာ။ ရောင်စုံခဲတံတွေ ဘာတွေကျတော့ အဲဒီ ကောင်လေးရဲ့ မိဘတွေက မ၀ယ်ပေး နိုင်ဘူးလေ။ ကျောင်းက ရံပုံငွေလည်း မရှိဘူး ထင်တယ်။ ဆရာမတွေလည်း မစိုက်နိုင်ဘူးပေါ့။ အရာရှိသားဆိုတော့ မျက်နှာရချင် တာလည်း ပါချင် ပါမှာပေါ့။ အဲဒီတော့ သူတို့ ကအဲလိုတွေးပြီးရွေးလိုက်တော့ ဘာဖြစ်သွားသလဲ။ တစ်ကယ်တော်တဲ့ ကောင်က မြုတ်သွားတယ်။ ကျွန်တော့်လို ငမြောက် ငခြောက်က သွားဖြေတော့ ၀က်ဝက်ကွဲရော။ (၀က်ဝက်ကွဲ ရှုံးတာကို ပြောတာပါ)

ကျွန်တော်က “ဘယ်နှယ့်ပါလိမ့်၊ ဘယ်လိုပါလိမ့်”လို့ တွေးမိသလို အဲဒီကျောင်းသားလေးကလဲ “ဘယ်နှယ့်ပါလိမ့်၊ ဘယ်လိုပါလိမ့်” လို့ တွေးမိမှာ အမှန်ပါပဲ။

အခုတော့လဲ အဲဒီ “ဘယ်နှယ့်ပါလိမ့်၊ ဘယ်လိုပါလိမ့်”ဆိုတာတွေကို အကြိမ်ပေါင်း များစွာတွေ့ရတော့ ရိုးသလို တောင် ဖြစ်နေပါ ပြီဗျာ။
မှတ်ချက်။ “ဘယ်နှယ့်ပါလိမ့်၊ ဘယ်လိုပါလိမ့်” ဆိုသည်မှာ ဆရာကြီး ရွှေဥဒေါင်း၏ တစ်သက်တာ မှတ်တမ်းနှင့် အတွေးအခေါ် များ ထဲမှ စကားလုံး ဖြစ်ပါသည်။

(ကိုပေါ၏ comment ပါရင် ပိုပြည့်စုံလို့ အောက်မှာ ဖော်ပြထားလိုက်ပါသည်)

Ko Paw April 16, 2009 3:02 AM

ကိုမိုးတိမ်ညို….ခင်ဗျားနဲ့ကျနော်ကတော့ ရွှေဥဒေါင်း တသက်တာ မှတ်တမ်းကို ကြိုက်တဲ့နေရာမှာ တူနေပြန်ပြီဗျာ။ ခင်ဗျားအဖို့က “ဘယ်နှယ့်ပါလိမ့်၊ ဘယ်လိုပါလိမ့်”လောက်ပဲ တွေးဖြစ်မယ်။ ဟိုကျောင်းသားကလေးခမြာမတော့ ရင်ထဲမှာ ဆူးကြီးတချောင်း ပေါက်သွားမှာ ကျိန်းသေတယ်ဗျိုး။း-)



April 2009
မိုးတိမ်ညို

Visitors

About Me

  © Blogger template 'Perfection' by Ourblogtemplates.com 2008

Back to TOP