Friday, December 4, 2009

ကျွန်ုပ်ကြည်နူးလိုက်ပုံမှာ ပြောဖွယ်ရာမရှိချေ

‘၀က်သားကင်များစားဖြစ်သော အခြေအနေသို့ရောက်သည်နှင့် တစ်ပြိုင်နက် ကိုဝင့်မော်သည် နာရေးဖျားရေးအတွက် ဆေးဝါးအဖြစ် ယူဆောင်လာခဲ့သည့် အိက္ကရှော ဘရန်နီတစ်လုံးကိုထုတ်လေသည်။ ကျွန်ုပ်ကြည်နူးလိုက်ပုံမှာ ပြောဖွယ်ရာမရှိချေ။’ ဆရာကြီးရွှေဥဒေါင်း (တစ်သက်တာမှတ်တမ်းနှင့် အတွေးအခေါ်များ)

ဆရာကြီးရွှေဥဒေါင်း၏ အထက်ပါ စာပိုဒ်ကို ဖတ်ပြီး လှိုက်လှိုက်လှဲလှဲ ပြုံးမိပါသည်။ သြော်ဆရာကြီးနဲ့ ကြံဖန်ပျော်တတ်ပါလားဟု ထင်မိပါသည်။ သေချာတွေးကြည့်လိုက်တော့ ဆရာကြီးရွှေဥဒေါင်းက လက်ရှိအချိန်ကို ကျေနပ်အောင် နေတတ်ပါလားဟု သဘောကျမိပါသည်။ ထိုစာပိုဒ်ကို ထပ်ခါထပ်ခါ ပြန်ဖတ်ကြည့်တော့ ဆရာကြီး၏ ကြည်နူးမှု့က ကျွန်တော်ထံသို့ပင် ကူးစက်လာသည်ဟု ခံစားမိပါသည်။
ကျွန်တော်လည်း အဲလိုကြည်နူးချင်လိုက်တာ။ အဲလို ကြည်နူးမှု့ ခံစားရသည့် အချိန်မှာ ကျွန်တော့် အတွက်တော်တော်ရှားပါးနေလေသည်။ ကြည်နူးစရာ တွေမရှိများမရှိလို့လား။ ကိုယ် ကိုယ်တိုင်ကပဲ မခံစားတတ်လို့လား။ မေးခွန်းထုတ်ကြည့်တော့ ကိုယ်တိုင်ကိုက မခံစားတတ် လို့ ဖြစ်သည် ဟူသော အဖြေရပါသည်။ အင်္ဂလိပ်စကားတစ်ခုလည်း ကြားဖူးပါသည်။ Relish the moment တဲ့။ လက်ရှိအချိန် ကိုခံစားပါလို့ အနီးစပ်ဆုံး ဘာသာပြန်လို့ရမည်ဟု ထင်ပါသည်။ ဟုတ်တယ်ဗျ။ အခုအချိန်မှာ ဘာလုပ်နေနေ အဲဒီဟာလေးကို ခံစားနိုင်ရင် စိတ်ချမ်းသာမှာပဲ။

အဲဒီတော့ ကျွန်တော့် သူငယ်ချင်းများကို ထိုအကြောင်း ပြောပြပြီး မေးကြည့်မိသည်။ သူတို့ရော အဲလိုမျိုး ကြည်နူးမှု့မျိုးကို မကြာမကြာရဘူးလားလို့။

တစ်ယောက်က အောက်ပါအတိုင်းပြောလေသည်။

‘မနက်ခင်းစောစော အိပ်ယာမှ နိုးနိုးခြင်း လက်ဖက်ရည်ဆိုင်သို့ ထွက်လာပြီး တစ်နေရာမှာ ကျကျနနထိုင်ကာ လက်ဖက်ရည် ကျကျတစ်ခွက်ကို မှာလိုက်ပါသည်။ စာပွဲထိုးကလေးယူလာပေးသော လက်ဖက်ရည်သည် အငွေ့ တစ်ထောင်းထောင်းထနေပြီး မလှိုင်ဖတ်ကလေးများပင် ဝေ့နေသည်ကို တွေ့ရလေသည်။ ကျွန်နုပ် ကြည်နူးလိုက်ပုံမှာ ပြောဖွယ်ရာ မရှိတော့ချေ။’

သူဟာနဲ့သူတော့လည်း ဟုတ်နေတာပဲ။ နောက်တစ်ယောက်ကလည်း အားကျမခံပြောလေသည်။

‘ပျင်းရိငြီးငွေ့ဖွယ်ကောင်းသော အားလပ်ရပ်တစ်ရက်တွင် မဆုံဖြစ်တာကြာပြီဖြစ်သော မိတ်ဆွေတစ် ယောက်မှ ဘီယာဆိုင်တွင် ဆုံရန်ဖုန်းဆက်ချိန်းလေသည်။ ကျွန်ုပ်ကြည်နူးလိုက်ပုံ မှာ ပြောဖွယ်ရာ မရှိတော့ ချေ။’
နောက်တစ်ယောက်ကတော့ ထူးထူးခြားခြား ဆရာကြီး ရွှေဥဒေါင်းနှင့် ဆရာမင်းသိင်္ခ ကိုပေါင်းပြီး ပြော လေသည်။

‘ကျွန်ုပ်မောင်….. သည် မာဒီးနီဆိုသော အီတာလျှံလုပ်ဖိနပ်ကိုစီးပြီး ဂျော်ရန်းနိုးဟု တွင်သော ကျောပိုးအိတ်ကိုလွယ်ကာ စင်ကပူရဟူခေါ်တွင် သောခြင်္သေ့ နိုင်ငံသို့ အသက်မွေးမှု့အလုပ် အကိုင်တစ်ခု ရှာဖွေရန် ခရစ်သက္ကရာဇ် ၂၀၀၇ ဒီဇင်ဘာလတွင် မြန်မာနိုင်ငံလေဆိပ်မှ ပိုးသားလေကြောင်းဟု ခေါ်သော ဆင့်အဲယား လေယာဉ်ပျံ ကြီးဖြင့်ထွက်ခွာခဲ့လေသည်။ အနှီလေယာဉ်ပျံပေါ် တွင်ကျွေးမွေး သောစားသောက်ဖွယ် ရာများမှာ ကောင်းမွန်သည်ကတကြောင်း နိုင်ငံခြားငွေ များစွာပေး ၍၀ယ်ထားသော လေယာဉ်လက်မှတ်ဖိုး တန်ပါစေတော့ဟုမှတ်ယူသည် ကတစ်ကြောင်းတို့ကြောင့် ကျွန်ုပ်မှာ ဗိုက်ကားအောင်စားသုံးလိုက် သဖြင့် နှစ်နှစ်ချိုက်ချိုက် အိပ်မောကျသွားလေရာ စင်ကပူရနိုင်ငံ သို့လေယာဉ်ပျံ ငြိမ့်ခနဲ ဆိုက်ရောက်မှသာ နိုးလေတော့သည်။ စင်ကာပူရမြေပေါ်သို့ ရောက်ရှိပြီး အင်မီကရေးရှင်း ဟုခေါ်သော လူအ၀င်အထွက် စစ်ဆေးရေးဂိတ်တွင် အစစ်အဆေးခံရန် ခေတ္တမျှစောင့်ဆိုင်းရသည်။ကျွန်ုပ်၏ အလှည့်သို့ ရောက်လတ်သော် ကျွန်ုပ်က အသင့်ပါလာသော စာရွက်စာတမ်းများ ကို ပေးလိုက်ရာ ထိုအရာရှိမှ တိကျစွာစစ်ဆေးပြီး အသင်မည်သည့် ကိစ္စနှင့်လာရောက်သနည်းဟု အဓိပ္ပယ်ရသော မေးခွန်းကို အင်္ဂလိပ်ဘာသာစကားဖြင့် မေးရာ ကျွန်ုပ်ကလည်း အလွန်ပီသစွာသော အင်္ဂလိပ်ဘာသာ စကားဖြင့် လာရောက်လည်ပတ်သည်ဟုဖြေ လိုက်ရာ ထိုအရာရှိမှ တစ်ချက်မျှသာ မော့ကြည့်ပြီး ၀င်ရောက်ခွင့်ပြုသည်ဟူသော အဓိပ္ပာယ်ပါရှိသည့် ရာဘာတံဆိပ်တုံး ကို ဒုံးခနဲ့မြည်အောင် ထုချလိုက်လေတော့ သတည်း။ ကျွန်ုပ်ကြည်နူးလိုက်ပုံ မှာပြောဖွယ်ရာ မရှိတော့ချေ’ တဲ့ဗျာ။

ကဲဘာရယ် မဟုတ်ပါဘူးဗျာ။ စိတ်ညစ်စရာတွေရှိနေရင် ကြည်နူးစရာလေး စဉ်းစားကြည့်ရအောင် ဟိုရောက် ဒီရောက် လျှောက်ရေးလိုက်တာပါ။ ပေါကြောင်ကြောင် ဖြစ်နေရင်လည်း ဆောရီးပါပဲဗျာ။
မိုးတိမ်ညို
ဒီဇင်ဘာ ၂၀၀၉

5 comments:

ကိုပေါ December 5, 2009 at 4:04 AM  

ရွှေဥဒေါင်းကို ကျွန်ုပ်နည်းတူ နှစ်ခြိုက်သူ ဝါသနာတူသူ တစ်ဦးကို တွေ့ရသဖြင့် ကျွန်ုပ်ကြည်နူးလိုက်ပုံမှာ ပြောဖွယ်ရာမရှိချေ။

ဒါထက်စကားမစပ်.... တသက်တာမှတ်တမ်းမှာ ကျနော်သွားရည်ယိုတဲ့ ၃ နေရာလောက်ရှိတယ်။ ဝက်ခေါင်းမီးဖုတ်ကို မြေကျင်းထဲက ဖော်တဲ့အခန်းရယ်၊ ဆင်နဲ့ခရီးသွားရင်း ရှမ်းပဲပုပ်ကို ခရမ်းချဉ်သီးနဲ့ နီနေအောင်ချက်ထားတဲ့ဟင်းနဲ့ ညီအစ်ကိုနှစ်ယောက် စားကြတဲ့အခန်းရယ်၊၊ နောက်ပြီး လူထုဒေါ်အမာတို့ မိဘတွေဆီကို အသွားခရီးလမ်းမှာ မုန့်ဆီကြော်စားရတဲ့ အခန်းရယ်။

ကိုပေါ December 5, 2009 at 4:12 AM  

မေ့ကျန်နေခဲ့လို့ဗျ။ ကုတ်ကင်း၏ ဖိန်းခြင်း၊ ဘီယာ၏ ယစ်ခြင်း၊ ဂဏန်း၏ စုပ်ဝါး၍ ကောင်းခြင်း ဆိုတဲ့ နေရာကလေးဖတ်မိပြီး အိမ်မှာ ချီလီခရက်ဗ် မှာကာ ဘီယာနှင့် သုံးဆောင်ခဲ့ရပုံကို ပြန်တွေးရင်း ကျွန်ုပ်ကြည်နှုးလိုက်ပုံမှာ ပြောဖွယ်ရာမရှိချေ။း-)

ဝေလင်း December 5, 2009 at 6:22 AM  

ရောယောင်ကြည်နူးသွားပါတယ်ဗျာ။ ခုထိတော့ ကြည်နူးစရာကောင်းကောင်းမတွေ့ဖူးသေးဘူးဗျ။ အစ်ကိုပြောသလို မခံစားတတ်လို့များလားတော့မသိဘူး....
ရွှေဥဒေါင်းရဲ့ ဘ၀တစ်သက်တာမှတ်တမ်းကြီးလည်း ၀ယ်ပြီးခါမှ ဒီကိုထွက်လာခဲ့ရတယ်။ ဖတ်ရသေးဘူး။ နည်းနည်းပဲဖတ်ဖူးသေးတယ်။ ဒီနှစ်ပြန်ဖြစ်ရင်တော့ သယ်လာမှပဲဗျာ...

Rita December 5, 2009 at 12:22 PM  

တသက်တာ မှတ်တမ်း ebook ဖတ်ချင်ရင်တော့ online မှာ ရှိပါတယ်။ တခါတွေ့ဖူးတယ်။ google ကြည့်လိုက်ပါလား။

Andrew December 5, 2009 at 2:10 PM  

ကျတော်လဲ ဖတ်ပီး ကြည်နူး တွားပါတီ

Visitors

About Me

  © Blogger template 'Perfection' by Ourblogtemplates.com 2008

Back to TOP