Thursday, December 31, 2009

တစ်ချိန်က ဒို့နိုင်ငံ

အခုတလော ကိုလိုနီခေတ် ကစာတွေ ၀တ္ထုတွေ ဖတ်မိပြီး တော်တော်လေး အတွေးပွား မိပါတယ်။ ကိုယ်ကိုယ် တိုင်တောင် ကိုလိုနီခေတ်မှာ ခဏလောက် သွားနေကြည့်ချင် စိတ်တောင် ပေါက်သွား တယ်။ တစ်ချို့ ကတော့ မင်းကလည်း ကျွန်စော်နံလိုက်တာကွာ လို့ပြောကောင်းပြောပါလိမ့်မယ်။ အဲလိုပြော ခံရရင်လည်း ပြောပါစေ တော့ ဗျာ။ ကျွန်တော်က ကိုလိုနီခေတ်က ကောင်းတဲ့ အချက်လေး တွေကို သဘောကျ လွန်းလို့ပါ။

ပထမဆုံးက ဆရာမောင်သစ်ဆင်းရဲ့ ကြောက်စိတ်စာအုပ်မှာ စုံထောက် ဦးစံရှား အမှု့လိုက်တဲ့ အကြောင်းကို နမူနာယူပြီး အဲဒီခေတ်က အချိန်တိကျတဲ့ အကြောင်းကို ရေးထားတာ။

‘အမှု့က နက်နဲတဲ့ အပိုင်းရောက်လာတယ်ဆိုပေမယ့် တကယ်သဘာဝကျကျ စဉ်းစားတတ်ရင် သိပ်မခက်လှ ပေဘူး။ သူ့မျက်နှာကို အ၀တ်နက်နဲ့ အုပ်ခံထားရတယ်ဆိုသော်လည်း အသံကိုတော့ ကြားရတာပဲလေ။ တိုင်ကပ်နာရီက ရှစ်နာရီထိုးသံကို ကြားရတယ်၊ သိပ်မကြာခင်မှာ မနီးမဝေးက ရထားဥသြဆွဲသံ ကြားရတယ် ဆိုကတည်းက အမှု့က ပြီးသွားပြီ၊ သူရောက်နေတာ ဘောက်ထော်ဘူတာနားက အိမ်တစ်အိမ်ပေါ့။ ရထား အချိန်စာရင်းကို ကျုပ်ကြည့်ပြီးပြီ။ နေရာသိမှတော့ ကျန်တာတွေက ရှင်းသွားပါပြီဗျာ’ တဲ့။

ကဲရထားတွေ ဘယ်လောက် အချိန်တိကျလိုက်သလဲ။

အဲဒီခေတ်က နေရာတိုင်းမှာ ‘ကွက်တိ’ ပဲတဲ့။ အခုတော့ အဲဒီ ‘ကွက်တိ’ ဆိုတော မရှိတော့ သလောက်ပါပဲဗျာ။ သူငယ်ချင်းတစ်ယောက်က ပြောဖူးတယ်။ ဥပမာကွာ မင်းမနက်ရှစ်နာရီထမယ်။ မီးပူတိုက်မယ်။ မြို့ထဲက ရုံးတစ်ရုံးကို သွားမယ်။ ရုံးကိစ္စတစ်ခုလုပ်မယ်လို့ မှန်းထားတယ်ဆိုပါစို့။ ငါမနက်အိပ်ယာထတော့ မီးက မလာဘူး။ အဲဒီတော့ မီးပူမတိုက်ရတော့ဘူးပေါ့။ ပြီးတော့ မြို့ထဲကို ဘစ်ကား စီးမယ်လုပ်တော့လည်း ကားမှတ်တိုင်မှာက နာရီဝက်လောက်စောင့်ရရော။ အဲတစ်ခါရုံးကို ရောက်တော့လည်း အရာရှိက ဆယ့်တစ်နာ ရီမှ လာတယ်တဲ့။ ကဲ ဘာမှစီစဉ်ထားလို့ ကိုမရဘူးတဲ့။

တကယ် စနစ်တကျရှိတာက ကိုလိုနီခေတ်နော်။ ကျွန်တော် အင်္ဂလိပ်တွေကို အဲဒါမျိုးတွေ တကယ်ချီးကျူးတယ်။ သူတို့က အုပ်ချုပ်ရေး ပညာမှာ အရမ်းကို တော်တယ်လို့ ထင်တယ်။ ပြီးတော့ ရှိသေးတယ်။ အဲဒီခေတ်က စာတစ်ပုဒ်ထဲမှာ ဖတ်ဖူးတာ။ လူတစ်ယောက်က စာပေးစာယူနဲ့ ပန်းချီပညာ သင်တယ်တဲ့။ သင်ပေးတဲ့ ပန်းချီ ဆရာက နယ်မြို့တစ်မြို့က။ သူက ရန်ကုန်က။ စာတိုက်ကနေ ဆရာက ပန်ချီသင်ခန်းစာတွေ လှမ်းပို့။ သူက လေ့ကျင့်ခန်းလုပ်ပေးပြီး ပြန်ပို့။ လကုန်တော့ စာတိုက်ကနေပဲ ငွေလွဲသတဲ့။ အခုအချိန်မှာ အဲလိုသင်ရရင် ဘယ်လိုနေမလဲ မသိ။ တစ်ခါလောက် တော့ စမ်းကြည့်ဦးမလားလို့။

ပြီးတော့ သဘောကျတာ တစ်ခုက ရန်ကုန်က မီးရထားလမ်း။ သတိထားကြည့်မိလား မသိဘူး။ ရန်ကုန် ဘူတာကြီးကနေ မြို့ထွက်တဲ့ အထိ ကားလမ်းကို ဖြတ်ရတယ်ဆိုတာ မရှိသလောက်ပဲ။ ဘယ်လောက် စနစ်ကျ သလဲလို့။ အခုနေ နိုင်ငံခြားမှာလို MRT စနစ်ကောင်းကောင်း လုပ်မယ်ဆိုရင် မြေအောက်တွေ မြေပေါ်တွေတောင် သိပ်မလိုဘူးဗျာ။ ရှိပြီး သား လမ်းကြောင်းကို သေချာပြင်လိုက်ရင်တောင် ပြီးသွားလောက် တယ်။ ဆရာ မြင့်သန်း စကားနဲ့ ဆို ‘သောက်ကျိုးနဲ စနစ်ကျတဲ့ အင်္ဂလိပ်’ လို့တောင် ပြောရမလိုပဲ။

လမ်းပန်းဆက်သွယ်ရေးက လည်း အခုခေတ်လို ခေတ်မှီယဉ်တွေ မရှိပေမယ့် သွားလို့ အဆင်မပြေဘူးဆိုတဲ့ ဒေသက အခုခေတ်ထက်တောင် နည်းသလိုပဲ။ ဘယ်နယ်မြို့ လေးဖြစ်ဖြစ် သွားရတာ အဆင်ပြေ သလိုပဲ။

အဲလို ချီးကျူးနေလို့ မင်းကိုလိုနီခေတ်မှာ နေချင်သလားဆိုရင်တော့ မနေချင် ရေးချ မနေချင် လို့ပဲ ဖြေရမှာ ပဲ။ လူမျိုးတစ်မျိုးအနေနဲက ဆိုရင်တော့ အရမ်းအောက်ကျတာပေါ့ဗျာ။ ရထားမှာ ဥရောပတိုက်သား များအတွက် သာလို့ ရေးထားတဲ့ တွဲတွေပဲ ရှိတာတို့ ဥရောပတိုက်သား များသာ ၀င်နိုင်တဲ့ ကလပ်တွေရှိတာတို့ ဘာတို့ ကျတော့ ရင်နာစရာ ကောင်းတယ်ဗျ။

ဆရာမောင်သစ်ဆင်းပြောတာကိုပဲ ထပ်ကိုးကားလိုက်ဦးမယ်။ ရန်သူပင်ဖြစ်ပစေ ရန်သူဆီက ကောင်းတဲ့ အချက်တွေကို တော့ယူရမှာပဲတဲ့။ ဟုတ်တယ်လေ။ အခုကျတော့ ကောင်းတဲ့ အချက်တွေက တစ်ချက် မှ မကျန်ခဲ့ သလိုပဲ။ အဲဒီခေတ်က အရှေ့တောင် အာရှမှာ အလားအလာ အရှိဆုံးက ကျွန်တော်တို့ နိုင်ငံ ဖြစ်ပါတယ် တဲ့။ အင်္ဂလိပ် စကားပြောလည်း ကျွန်တော်တို့ မြန်မာတွေက တယ်ကောင်းကြတယ် ဆိုပဲ။ အခုလို အင်္ဂလိပ်စကားက ကမ္ဘာသုံး စကားဖြစ်နေတဲ့ အချိန်ဆိုရင်တော့ အရင်တုံးက အင်္ဂလိပ်စာ အဆင့် အတန်းသာ ကျွန်တော်တို့မှာ ရှိနေရင်တော့ ရွှေပဲပေါ့ဗျာ။ အခုတော့ တော်တော်များများက (ကျွန်တော် ထိပ်ဆုံးကပါ) ထစ်အထစ်အ ဖြစ်နေသလိုပါပဲ။

ကိုလိုနီခေတ်က ရန်ကုန်မြို့ကြီးကတော့ တကယ်လို့ စည်ကားတဲ့ မြို့ကြီး ဖြစ်နေမှာပဲ။ Multinational လဲဖြစ် အလုပ်ကလဲအခုအချိန်ထက်ပို အဆင်ပြေ။ ပညာရေးကလည်း အတိုင်းအတာ တစ်ခုအထိမြင့်။ ကုန်သွယ်ရေးကလည်း ကောင်း။ အမျိုးသားရေး နိမ့်ကျတာကလွဲလို့ ကျန်တာ အဆင်ပြေနေမှာပဲ။ အဲဒီကောင်းတဲ့ စနစ်တွေ အခုကျတော့ တစ်ခုမှ မကျန်ခဲ့ သလိုပါပဲ။ တွေးကြည့်ရင် စိတ်မကောင်းစရာပဲ။

ဘယ်ကိစ္စပဲ ဖြစ်ဖြစ် အကောင်းနဲ့ အဆိုးတော့ ရှိမှာပဲပေါ့။ တစ်ချို့ ကပြောတာ ကြားဖူးတယ်။ ဗြိတိသျှသာ ကျွန်တော်တို့ နိုင်ငံကို မသိမ်းရင် အခုထိ ဘုရင်ခေတ်မှာပဲ ဘုရားထူးနေမှာပေါ့။ ကျွန်တော်ကတော့ အဲလို မထင်ဘူး အကောင်းဘက်က တွေးကြည့်လိုက်မယ်။ ဂျပန်နိုင်ငံ လိုမဖြစ်နိုင်ဘူးလားလို့။ တကယ်တော်တဲ့ ဘုရင် တတ်လာတဲ့ အချိန်ကျရင် အပြောင်းအလဲ ဖြစ်ပြီး အခုအချိန် ဂျပန်လို အဆင့် အတန်းလဲ ရောက်ချင် ရောက်နေမှာ။ အင်္ဂလိပ်လက်အောက်ရောက်ပါစေဦး။ လွပ်လပ်ရေး ရတဲ့ အချိန်မှာ အင်္ဂလိပ်ရဲ့ စနစ်ကို ဆက်ထိန်းထားနိုင်ရင် လည်း အခုစင်ကာပူလို ဖြစ်နေဦးမယ်လို့ ထင်ပါ့။

အခုတော့ဗျာ။ အဲဒါတွေ တွေးမိရင် ဆရာမောင်သစ်ဆင်းပြောသလို ‘ဟေးလား မောင်တို့ဝါး’ လို့ အော်ပြီးပဲ ကလိုက်ချင်မိပါတော့တယ်။

စာကြွင်း၊ ဆရာမောင်သစ်ဆင်းရဲ့ ‘ကြောက်စိတ်’ စာအုပ်လေး မဖတ်ရသေးသူများ ဖတ်ဖြစ်အောင် ဖတ်ကြည့်ဖို့ တိုက်တွန်း လိုက်ပါရစေ။

ဒီဇင်ဘာ ၂၀၀၉
မိုးတိမ်ညို

5 comments:

ကိုလူထွေး December 31, 2009 at 3:09 AM  

အခုလိုယှဉ်ပြီး ရေးပြထားတာတော်တော်ကောင်းတယ်။

ကောင်းတဲ့အကျင့် ကောင်းတဲ့စနစ်ကို အတုယူ လိုက်နာသင့်တာ အမှန်ပဲ...

အခုတော့ တို့ပြည်က ငတိတွေက ဖက်ဆစ်တွေရဲ့ ဥာဉ်ဆိုးတွေကို အတုယူ ကျင့်သုံးနေလေတော့ကာ...

မထူးပါဘူး.................

"ဟေလာမောင်ရို့ ဝါး"

Unknown December 31, 2009 at 4:19 AM  

တော်တော်တော့ စနစ်ကျတဲ့လူမျိုးပါပဲဗျာ..အင်္ဂလိပ်တွေကိုပြောပါတယ်။

Mar Mar December 31, 2009 at 2:05 PM  

I like your blog.
Thanks and go ahead. Regards,

Rita January 1, 2010 at 12:33 PM  

မောင်သစ်ဆင်း စာတွေကို အင်မတန် စိတ်ဝင်စားတယ်။ ကြောက်စိတ်ကို ကြားဖူးပြီး မဖတ်ဖူးဘူး။ အခန်းဆက်ဆောင်းပါး ဆိုရင်တော့ တခန်းစ နှစ်ခန်းစ ဖတ်ဖူးမလားမသိ။ မသေချာတော့ပါဘူး။

ကလေးတို့ရဲ့ မနက်ဖန် ကိုတော့ အင်မတန် ကြိုက်ပါတယ်။ အပိုင်ဝယ်ထားတာလဲ ရှိတယ်။

ဆရာ ဘလော့ဖွင့်ရင် သိပ်ကောင်းမယ်။ သိရင် တိုက်တွန်းလိုက်ပါဦး။

JulyDream January 12, 2010 at 5:16 AM  

ရေခံမြေခံ ရှိရဲ့သားနဲ့ မထွန်းကားတာ ကိုယ်တွေ ညံ့လို့ပဲ ဖြစ်မှာပါလို့ ကိုယ့်ဘာသာ လက်ညိုးပြန်ထိုးရမလို ဖြစ်နေပါပြီဗျာ။ သူများကို လက်ညိုးထိုးလည်း မထူးတော့ဘူးလေ။

ဒါပေမယ့် ကိုယ်တွေခေတ်မှ ညံ့ရတာတော့ မကောင်းပါဘူး။ ဒါကြောင့် နိုင်သလောက် ကြိုးစားကြတာပေါ့။ =)

Visitors

About Me

  © Blogger template 'Perfection' by Ourblogtemplates.com 2008

Back to TOP