ဘောင်ခပ်ထားသော အတွေးများ
မိတ်ဆွေ တစ်ယောက်ပြောပြဖူးလို့ စင်ကာပူ နိုင်ငံ သားနှင့် ပတ်သက်သော အကြောင်းအရာ လေးတစ်ခု မှတ်သားဖူးပါသည်။ ထိုအကြောင်း အရာသည် မည်မျှ မှန်ကန်သည်၊ ဘယ်ကရသည် သေချာမသိပါ။ (သိသူများ ပြောပြပေးစေလိုပါသည်)။
စင်ကာပူ နိုင်ငံသား တစ်ယောက်က သူ့ တို့ စင်ကာပူ နိုင်ငံသား အချို့ အကြောင်းကို ဝေဖန်ထား ခြင်းဖြစ်ပါသည်။ သူပြောတဲ့ အကြောင်းကို အတိုချုပ်ပြီး ပြောပါရစေ။ ဒီလိုပါ။
‘ည သန်းခေါင်ကျော် တစ်ညတွင် ထိုသူ အိပ်ယာမှ နိုးလာလေ သတဲ့။ သူ ချက်ချင်း ပြန်အိပ်မရသဖြင့် ပြူတင်းပေါက်မှ တစ်ဆင့် မြင်နေရသော လမ်းမတစ်ခုပေါ်သို့ အပျင်းပြေ ငေးနေမိသည်။ ညအချိန်ဖြစ်သဖြင့် လမ်းမှာ အတော်ရှင်းနေလေသည်။ ထိုစဉ် လူနှစ်ယောက် လမ်းလျှောက်လာပြီး လမ်းကို ကူးရန် လူကူး မီးပွိုင့်တွင် ရပ်စောင့်နေသည် ကိုတွေ့ရသည်။ လူကူး မီးပွိုင့်မှာ မီးနီနေလေသည်။ ဘယ်ဘက်ရော ညာဘက်ရော လမ်းတစ်လျှောက်ကို မျှော်ကြည့်လိုက်ပါက မျက်စိတစ်ဆုံး နီးပါးမြင်နေရသတဲ့။ ထိုအချိန်က ထိုလမ်းကို လာနေသော ကားတစ်စီး တစ်လေမှ မရှိပါ။ သို့သော် ထိုလူနှစ်ယောက်သည် မီးပွိုင့်မီး စိမ်းရန် စိတ်ရှည်ရှည်နှင့် စောင့်နေကြလေသည်။ မီးစိမ်းမှ ထိုလမ်းကို ဖြတ်ကူးသွား ကြလေသည်။’
ထိုအဖြစ်အပျက်ကို တွေ့ ပြီး အထက်ပါ အကြောင်းကို ရေးခဲ့သသော စင်ကာပူနိုင်ငံသားက သူ့ နိုင်ငံသားတွေ ကို စိတ်ပျက်လက် ပျက်ဖြစ်သွားသည် ဟု ဆိုပါသည်။ အတွေးအခေါ်လွပ်လပ်မှု့ မရှိလို့ပါတဲ့။
အဘယ့်ကြောင့်နည်း။ ထိုသူ နှစ်ယောက်ကို စည်းကမ်း လိုက်နာသော သူနှစ်ယောက် ဟု ချီးကျူးမလား။ သို့ တည်းမဟုတ် ငတုံး နှစ်ယောက်ဟု မှတ်ချက် ချမလား။ လူကူးမီးပွိုင့် ၏ အဓိက ရည်ရွယ်ချက်မှာ လူတွေ အန္တရာယ် ကင်းဖို့ ဖြစ်လေသည်။ အကယ်၍ သင့်တွင် အန္တရာယ်မရှိဟု ရာနုန်းပြည့်သေချာပါက မီးနီကို ဖြတ်ကူး သင့်ပါသလား။
တစ်ယောက်နှင့် တစ်ယောက်တော့ အမြင်ချင်း တူကြမည်မဟုတ်ပါ။ ကူးသင့်ပါသည် ဟု အချို့က ဆိုကြမည်ဖြစ်သလို အချို့ ကလည်း စည်းကမ်းက စည်းကမ်းပဲ ဟု ဆိုကြ မည်ဟု ထင်ပါသည်။ အချို့ကလည်း စည်းကမ်းဥပဒေတွင် ချွင်းချက်ထားပါက နောင်တွင် အခက်တွေ့နိုင်သည်ဟု ဆိုပြန်ပါသည်။ မှန်သည်မှားသည်ကို ကျွန်တော် မဆွေးနွေးလိုပါ။
ထိုအသိုင်းအ၀ိုင်းရှိလူတို့ ၏ mindset ကို သာပြောလိုပါသည်။
ကျွန်တော့် အမြင့်တော့ သူတို့ နှစ်ယောက်၏ အတွေးသည် လွပ်လပ်မှု့ မရှိဟု ဆိုချင်ပါသည်။ တစ်ခုခုနှင့် ဘောင်ကွပ်ခံထားရသလို ဖြစ်နေလေသည်။ ၁၀၀% လုံခြုံမှု့ကို ယူပြီး လွပ်လပ်မှု့ကို အဆုံးအရှုံး ခံသည်ဟု ဆိုရမလား ဟုထင်မိပါသည်။
ဤသို့ သောလူ့အဖွဲ့ အစည်းတစ်ခုသည် ရုပ်ဝတ္ထုပစ္စည်းသာ တိုးတက်နိုင်ပြီး စိတ်ပိုင်း ဆိုင်ရာ တိုးတက်ဖို့ ခက်သည်ဟု ဆိုချင်ပါသည်။ ထို့ကြောင့် စင်ကာပူလို နိုင်ငံ မျိုးတွင် ဂီတ၊ ရုပ်ရှင်၊ ရသစာပေ စသည့် တို့ လုံးဝ မတိုးတက်ပါ။
အတွေးအခေါ်လွပ်လပ်စေရန် အတွက် ဘောင်ထဲမှာ မနေဖို့ အရေးကြီးပါသည်။
တစ်ချို့က ကတ်သီးကတ်သပ်မေးပါသည်။ အတွေးအခေါ်လွပ်လပ်တော့ ဘာများ အကျိုးကျေးဇူးရသလဲတဲ့။ အဖြေကတော့ စိတ်ချမ်းသာသည် ပေါ့ဗျာ။
ဥပမာဆိုပါစို့။ သင်သည် မိတ်ဆွေများနှင့် ၀ိုင်းဖွဲ့ စကားပြောနေသည် ဆိုပါစို့။ တစ်ယောက်ယောက်က ဒီစကားဝိုင်းကို နောက်တစ်နာရီ အတိမှာ သိမ်းမယ်ဟေ့ လို့ အချိန် သတ်မှတ်ကြည့်လိုက်ပါ။ ထိုစကားဝိုင်းသည် မည်သို့မှ မစိုပြည်နိုင်တော့ပါ။ စကားဝိုင်းကို အချိန်ဟူသော ဘောင်ဖြင့် ခပ်လိုက်သောကြောင့် ဖြစ်ပါသည်။
တစ်ချို့လူတွေက စောဒက တက်ကြပါတယ်။ ဘောင်မခပ်ထားတော့ ဗရမ်းပတာ ဖြစ်မှာပေါ့တဲ့။ ဒါလည်း မှန်ပါတယ်။ စည်းနဲ့ ကမ်းနဲ့ စနစ်တကျနေမှာ တိုးတက်ကြီး ပွားမှာပေါ့တဲ့။ ရုပ်ဝတ္ထုပစ္စည်း တိုးတက်ဖို့ အတွက်ဆိုရင်တော့ ခြွင်းချက် မရှိမှန်ပါတယ်။
ဒါပေမယ့်ဗျာ လူတစ်ယောက်ကို သိပ္ပံပညာတွေ စွတ်သင်၊ ရုပ်ဝတ္ထုပစ္စည်းတွေနဲ့ ကြည့်ပဲ အားဖြည့်ပေးလိုက်ရင် ကျောက်ခေတ်လူသားကို စွမ်းရည်မြှင့်ပေးတာနဲ့ ဘာမှ ထူးမှာ မဟုတ်ဘူး။
ဟိုပုံပြင်လိုပေါ့ဗျာ။ လူတစ်ယောက်က သူငိုရင် သူ့ရဲ့ မျက်ရည်က ပုလဲလုံးတွေ ဖြစ်သွားတယ်ဆိုပြီး သူ့မိန်းမနဲ့ ကလေးကို သတ်ပြီး ပုလဲပုံကြီးပေါ်မှာ ထိုင်ငိုနေသတဲ့။
ဒါပေမယ့် ကျွန်တော်တို့ နေထိုင်တာက ရုပ်ကမ္ဘာကြီးဆိုတော့ ရုပ်ဝတ္ထုပစ္စည်းတိုးတက် ဖို့ကလည်းလိုသေးသကိုးဗျ။ ဒါပေမယ့်ဗျာ အတတ်နိုင်ဆုံးတော့ ကျွန်တော့်အတွေးတွေကို ဘောင်ခပ် မထားချင်ဘူး။
သစ်ပင်တစ်ပင်အောက်မှာ ထိုင်နေရင် အဲဒီ သစ်ပင်ပေါ်က မြွေထွက်လာမလား ဒါမှ မဟုတ် ကင်းထွက်လာမလား သစ်ပင်အောက်မှာ ရတနာသိုက်များ ရှိနေမလား အဲလို ခံစားချက်မျိုးရှိချင်တယ်။ လူစိုက်ထားတဲ့ ပန်းခြံထဲက သစ်ပင်တစ်ပင်လို ၁၀၀% လုံခြုံပြီး ဘာမှ မျှော်လင့်ချက်ထားလို့ မရတဲ့ ဟာမျိုးကို သိပ်သဘောမကျချင်ဘူးဗျာ။
မိုးတိမ်ညို
ဇွန် ၂၀၁၀
4 comments:
ကြွက်တွေ ပြေးလာတာရဲ့ နောက်မှာ ရွှေကြောလား၊ ရေကြောလား၊ လေကြောလား၊ ငလျင်ကြောလား၊ အနုမြူကြောလား။ ကြွက်တွေရဲ့ ရှေ့မှာ ဝါးသီးလား၊ မျှစ်ချဉ်လား၊ တရုတ်ပြည်က The Piper လား ဆိုတာ တွေးနေမိတယ်။
:)
What a great post! Thanks.
ကြိုက်တယ်ဗျိုး။
ဒီပို့စ်ကို ဖတ်ရတော့ စတီဖင်ကင်းရဲ့ Rita Hayworth and Shawshank Redemption ဝတ္ထုကို သတိရမိတယ်။ (ကျနော်တောင် တဝက်တပျက် ဘာသာပြန်ပြီး တင်ခဲ့ဖူးသေးတယ်။ ) ဝတ္ထုရဲ့ အနှစ်သာရကလည်း လွတ်လပ်ခြင်းရဲ့ အရသာကို ပြောတာပဲ။ လွတ်လပ်သူတဦးအဖို့ မရေရာတဲ့ အခြေအနေတွေကို ကြုံတွေ့နိုင်သော်လည်း အဲဒါက မလွတ်လပ်မှုအောက်က ရေရာမှုထက် ပိုပြီး ရင်ခုန်ဖို့ကောင်းတယ်ဆိုတဲ့သဘော။ အဲဒီဝတ္ထုကို ရုပ်ရှင်ပြန်ရိုက်ထားတာလည်း ကောင်းလို့ ညွှန်းလိုက်ပါတယ်။
ရီတာတယောက်တော့ ညီလင်းဆက် ပို့စ်နဲ့ မှားပြီး ကွန်မင့်လုပ်သလားမသိ။း-)
"စင်ကာပူလို နိုင်ငံ မျိုးတွင် ဂီတ၊ ရုပ်ရှင်၊ ရသစာပေ စသည့် တို့ လုံးဝ မတိုးတက်ပါ။"
ရုပ်ဝတ္ထုပိုင်းတိုးတက်မှုကို တွန်းအားပေးခဲ့တဲ့စင်္ကာပူဟာ အခုအချိန်မှာ ယဉ်ကျေးမှုနဲ့ အနုပညာပိုင်းကို အလေးပေးလာတာကို ကျွန်တော်တို့ မျက်ခြေပျက်နေတတ်ပါတယ်။ ယဉ်ကျေးမှုနဲ့ အနုပညာပိုင်းက ရုပ်ဝတ္ထုလိုမဟုတ်ပါဘူး အချိန်ယူရပါတယ်။ အခုစင်္ကာပူမှာ ရုပ်ရှင်ကားတွေမပြခင်မှာ မိသားစုကို အလေးထားဖို့အကြောင်း ဇာတ်လမ်းတိုလေးတွေပြလေ့ရှိပါတယ်။ အဲဒီလို လူတွေရဲ့ စိတ်ဓာတ်တွေကို ပြန်ပြီး လေ့ကျင့်ပေးနေပါတယ်။ ဟုတ်ပါတယ်။ လက်ရှိအခြေအနေအရတော့ စင်္ကာပူက အာရှအနုပညာလောကမှာ တရုတ်နဲ့ တိုင်ဝမ်တို့ကို မှီနေရသေးတဲ့ အခြေအနေပါ။ ကျွန်တော်တို့တွေဟာ အရာရာက ပြောင်းလဲနေတာကို လက်ခံရပါမယ်။ စင်္ကာပူကလဲ ပြောင်းလဲနေပါတယ်။ အဲဒါကိုကျွန်တော်တို့တွေကလည်း ဘောင်ခတ်မကြည့်ဖို့လိုပါလိမ့်မယ်။
စင်္ကာပူက အတိမ်းအစောင်းမခံချင်ပါဘူး။ နိုင်ငံကသေးတဲ့အတွက်ကြောင့် စည်းကမ်းတွေကြပ်ထားပါတယ်။ တိုးတက်မှုတွေရှိလာသလို ဆိုးကျိုးတွေလည်း ရှိပါတယ်။ ဘယ်နည်းစနစ်ကမှ ပြီးပြည်စုံတယ်ရယ်လို့ မရှိပါဘူး။
ကျွန်တော်တို့အနေကလည်း ကိုယ့်တိုင်းပြည်အတွက် ဘယ်အခြေအနေက ပိုကောင်းနိုင်သလဲဆိုတာကို စဉ်းစားဖို့လိုပါလိမ့်မယ်။ သူ့နိုင်ငံကို မကောင်းဘူးဆိုတော့ ကိုယ့်နိုင်ငံကတော့ အနုပညာ ရုပ်ရှင် စာပေမှာ တိုးတက်နေသလားဆိုတော့ ကျွန်တော်မပြောချင်ပါဘူး။
စင်္ကာပူမှာလည်း ဘောင်ခတ်မထားတဲ့ လူတွေများစွာရှိနေတယ်ဆိုတာကိုလဲ လက်ခံထားပါလို့ ပြောချင်ပါတယ်။
ကျေးဇူးတင်ပါတယ်။
Post a Comment