Saturday, October 17, 2009

ကျွန်တော်မသိတဲ့ ကျွန်တော်

မိမိကိုယ်သာကိုးကွယ်ရာဟု မြတ်စွာဘုရားကဟောခဲ့ပါသည်။ သို့ဆိုလျှင်မိမိကိုယ်မိမိ မည်သို့ကိုးကွယ် နည်း။ ကိုယ့်ဓါတ်ပုံကို တစ်ပေပတ်လည် ပုံကြီးချဲ့ပြီး ခပ်မြင့်မြင့်တစ်နေရာမှာ ချိတ်ထားပြီး နေတိုင်းရှိခိုးရင် ကောင်းမလား။ထို့သို့လည်းမဖြစ်သေးပါ။ အိမ်မှာ ကိုယ့်မိန်းမနဲ့ ကိုယ့် သားသမီးချည်းပဲဆိုရင် ဖြစ်နိုင်ချေရှိ သေး။ အဖေ၊အမေ၊ဦးလေး၊ဒေါ်လေး၊ ဘိုးဘွားတွေ ရှိနေလျှင်ထိုနည်းသည် မဖြစ်နိုင်။ သေချာစဉ်းစားကြည့် တော့လည်း ကိုယ့်ကိုကိုယ်ကိုးကွယ်ရအောင် ကိုယ်တိုင် ကိုငါဘာလဲ၊ဘယ်ကလာသလဲဆိုတာမသိ။ ဘာကောင်လဲဆိုတာမသိ။ ကိုယ်တိုင်က သူများလေးစားစရာ မကောင်းသည့် အပြင် ကိုယ်ကိုကိုယ်တောင် သိပ်မကြိုက် ချင်။ နောက်တော့မှ နည်းနည်းတွေးတတ်ခေါ်တတ်တဲ့ မိတ်ဆွေတစ်ယောက်က ရှင်းပြမှနားလည်သည်။ အဲလိုမဟုတ်ဘူးကွ။ မိမိကိုယ်မိမိ ကိုးကွယ်ဆိုတာ ကိုယ့်ရဲ့ ဥာဏ်ဝိရိယ နဲ့ ကြိုးစား ပြီး လုပ်ရမှာကိုပြောတာ။ တို့ဘုရားက လမ်းပဲညွှန်ပြတာကွတဲ့။ သူက နောက်ထပ်အများကြီးဆက်ပြောပါ သေးသည်။ ကျွန်တော်က ခပ်ထိုင်းထိုင်းဆိုတော့ ဒီလောက်ပဲနားလည်လိုက်တယ်။

တစ်ချို့ကလည်း ကျွန်တော်တို့တွေ အားလုံးကို တစ်စုံတစ်ခု သို့ တစ်စုံတစ်ယောက်က ဖန်တီး သည်ဟု ယုံကြည်ကြသည်။ ကျွန်တော်တော့ ဥာဏ်မမှီသဖြင့် သိပ်များများစားစားမသိပါ။ အကယ်၍တစ်စုံတစ် ယောက်က ဖန်တီးသည် ဆိုလျှင်လည်း ထိုသူ့ကို မေးခွန်းများစွာ (လူပြိန်းမေးခွန်းများသာဖြစ် ပါလိမ့်မည်) မေးချင်နေ ပါသည်။ ပထမဆုံးတစ်ခု ကတော့ သတ္တ ၀ါခြင်း သတ်ရတာ မကောင်းသော် လည်း အဘယ့် အတွက် ကြောင့် သူများအသားကို စားကောင်းအောင်ထွင်ထားပါသနည်းဟု။ ကျွန်တော်က အစားမက်သည်။ အသားလည်းကြိုက်။ ဘာဘီကျူးတို့ဘာတို့ဆိုကြားတာနှင့် သားရေယိုသည်။ သို့သော် ၀က်သတ် နွားသတ်တာရံဖန်ရံခါ မြင်ရလျှင် စားထားသမျှမြိုမကျဖြစ်ရသည်။ သို့သော် ဗိုက်ဆာလျှင် ပြန်စား ဖြစ်စမြဲ။ ထို့ကြောင့် ထိုတီထွင်သည့် တစ်စုံတစ်ယောက်များရှိခဲ့ရင် နည်းနည်းလောက် ပြန်ပြင်ပေး ဖို့တောင်းဆိုချင်သည်။ ဥပမာ ၀က်ပေါင်ခြောက်တို့၊ ဘဲကင်တို့ဆိုတာ အပင်တစ်ပင်ပင်က ခူးစားရတာမျိုး။ ပုဇွန်ထုတ် ဆိုတာမျိုးကအိမ်မှာ ပန်းအိုးသေး သေးလေးနှင့် စိုက်လို့ ရတာမျိုး။ ကျွန်တော် လက်လှမ်းမှီ သလောက်စဉ်းစားကြည့်တာပါ။ ဆရာကြီးတွေမှာတော့ ဒီထက်ကောင်းတဲ့ အကြံဥာဏ်တွေ ရှိမှာပါ။ တကယ်တော့ ကျွန်တော်တို့ကမှတော်သေးတယ်။ စိတ်ဖြတ်နိုင်ရင် အသီးအရွက်ကြည့်ပဲ စားလို့ ရသေးတယ်။ အသားမှ မစားရင်သေမယ့် သတ္တ ၀ါတွေကရှိ သေးဗျ။ ကျားတို့၊ ခြင်္သေ့တို့။ ဒါပေမယ့် သူတို့က ကျွန်တော်တို့ ထက် တစ်ခုသာသွားပြန်ရော။ ကျွန်တော်တို့လို မစဉ်းစားတတ်တာလေ။ အဲဒီတော့ စိတ်ညစ်စရာမလိုဘူးပေါ့ဗျ။ စားစရာရှိစားလိုက်ရုံပဲ။ ပြီးတော့ လည်း ဘာဘာညာညာ တွေးနေစရာ မလိုဘူး။ ဒါလည်းတစ်မျိုးကောင်းတာပဲ။ မြင်ဘူး တယ်မဟုတ်လား ကျားတွေ၊ခြင်္သေ့တွေ သားကောင်ကို ကိုက်သတ်တာ အရှင်လတ်လတ်စားတာ။ မမြင်ဘူးရင် YouTube မှာ ရှာကြည့်ဗျာ။ အများကြီးပဲ။ တစ်ခါတစ်လေဆို သားကောင်ကမသေသေးဘူး။ စားတဲ့ သူကစားနေပြီ။ တကယ့် ဒုက္ခပဲဗျာ။ တစ်ချို့ကတော့ ဒါသဘာဝပဲတဲ့။ မတတ်နိုင်ဘူးတဲ့။ ဒီလိုပဲ ဖြစ်ရမှာပတဲ့။ ဒါမှ မစားရင် အဲဒီ ခြင်္သေ့က သေမှာပဲ တဲ့။ ကျွန်တော်ကတော့ အဲဒီလိုပြောတဲ့သူကို ခြင်္သေ့ စားခိုင်းပြီး အင်တာဗြူးလိုက်ချင်တယ်။ ဒါသဘာဝ နိုင်သေးလားလို့။ The Root ၀တ္ထုထဲမှာတော့ ဒုက္ခတွေ တနင့် တစ်ပိုးခံစားနေရ တဲ့ လူမည်း ကျွန်တစ်ယောက်က ညည်းတွားဖူးတယ်။ ဒါတွေအားလုံးက ဘုရားသခင်ကသာ ဖန်ဆင်းတယ်ဆိုရင် သူကတော့ မာန်နတ်ကိုပဲ ကိုးကွယ်တော့မယ်တဲ့။ သူပြောတာလည်း ဟုတ်သလိုလိုပဲ။ သေချာတော့ မပြောတတ်ဘူးလေ။ ကိုယ်က ဒီလောက်ပဲတွေးတတ်တာကိုး။
ဆရာကြီးတစ်ယောက်ကတော့ သေချာရှင်းပြတယ်။ အတိတ်ကံကြောင့်တဲ့။ ကံ ကံ၏အကျိုးတဲ့။ အဲလိုမလုပ်ပါနဲကဗျာ လူပြိန်းနား လည်အောင်ရှင်းစမ်းပါလို့ပြောတော့ မင်းအရင်ဘ၀တွေ က လုပ်ခဲ့သမျှရဲ့ အကျိုးဆက်ပဲတဲ့။ အကြောင်းကြောင့် အကျိုးဖြစ်တာတဲ့။ ကျွန်တော် အရင်ဘ၀တွေက ဘာတွေလုပ်သလဲမှတ်မှ မမှတ်မိပဲဗျာလို့ပြောတော့။ မှတ်မိစရာမလိုဘူး။ နောက်ဘ၀တွေ မှာကောင်းချင် ရင် ဒုက္ခအားလုံးချုပ်ငြိမ်းချင်ရင် အခုကောင်းတာလုပ်တဲ့။ ဒီလိုမှ မဟုတ်ရင် မင်း သံသရာမှာပဲ လည်နေမယ်၊ငရဲကျမယ်။ သံသရာမှာ ဒီလို ဒုက္ခတွေရှိတယ် ဆိုပြီးသေချာရှင်းပြတယ်။
နားတော့ သေချာမလည်ဘူး။ ကြောက်တော့ကြောက်တယ်ဗျာ။ အဲဒါကြောင့် ကျွန်တော် တတ်နိုင်သ လောက်တော့ ကောင်းအောင် လုပ်တယ်။ ဒါပေမယ့်ဗျာ တစ်ခုတော့ ဘ၀င် မကျတာ ရှိတယ်။ အကျိုး ကြောင့် အကြောင်း ဖြစ်တယ်ဆိုရင် အရင်ဘ၀က လုပ်ခဲ့တဲ့ အကြောင်းလေးတွေကို သိခွင့်ရ ဘာလုပ်လို့ဘာဖြစ်တယ် ဆိုတာ ဆရာစာရှင်း သလို ဘလက်ဘုတ်မှာ အမှတ်စဉ် တစ်နှစ်သုံလေး တပ်ပြီး ရှင်းပြရင် ပိုနားလည်မလား လို့ပါ။ အဲဒါမှ ရှောင်သင့်တာလည်း သေချာသိ လုပ်သင့်တာလည်း သေချာသိ ပိုကောင်း မှာပေါ့နော်။ အဲလိုပြောတော့ အဲဒီ ဆရာကြီးက ကျွန်တော့်ကို သနားစရာ သတ္တ၀ါတစ် ကောင်လိုကြည့်တယ်။ ပြီးတော့ သူကပြောတယ် မင်းဒါတွေကို သေချာနားလည်ချင်ရင် မင်းတစ်သက် သင်တောင်မမှီဘူးတဲ့။ အဲဒီတော့ ငါပြောသလိုပဲမှတ်ထားတဲ့။ ကျွန်တော်လည်း ဒါနဲ့ သူပြောတာကိုပဲ စာနဲ့ကိုသေချာရေးမှတ်လာခဲ့တယ်။ ကိုယ်ကမှ လိုက်မမှီတာကို။ ဟုတ်ဖူးလား။
ကျွန်တော်တို့ ဘာလို့ ဒီမှာရောက်နေတယ်။ ဘာလုပ်ရမယ်။ ဘာတွေဖြစ်မယ် ဆိုတာ ဘယ်သူက စီစဉ်နေလဲမသိဘူး။ ဒီမှာဗျာ ဆင်းရဲတဲ့သူက ဆင်းရဲ။ ချမ်းသာတဲ့သူကချမ်းသာ။ သေတဲ့သူကသေ။ ရှင်တဲ့သူကရှင်။ ကျွန်တော်ကောင်းတယ်လို့ထင်တဲ့သူတွေက ဒုက္ခရောက်၊ ကျွန်တော်ဆိုးတယ်လို့ ထင်တဲ့သူတွေက ချမ်းသာ။ ရှုပ်နေတာပဲဗျ။ ကျွန်တော့်လို လူပြိန်းတွေးတွေးရင်တော့ စနစ်ကို မကျဘူးဗျာ။ မှားရင်လည်း ခွင့်လွတ်ဗျ။ ကျွန်တော်က ဒီလောက်ပဲ စဉ်းစားတတ်တာ။ ဆရာဖေမြင့်ရဲ့ မရဏာနုဿတိ ၀တ္ထုတို မှာတော့ ဒေါက်တာငွေရက ဒီလိုပြောထားတယ်။
“ကျွန်တော် မကြောက်ပါ။ မခံချင်တာဘဲ ရှိသည်။ သည်ကိစ္စနှင့် ပတ်သက်၍ စီမံခန့်ခွဲနေသူ ရှိလျှင် ထိုသူကို ကျွန်တော် ကိုယ်ထိလက်ရောက် လုပ်ပစ်လိုက်ချင်သည်။ သို့သော် တရားခံ ရှာမရပါ။ ပြီးတော့ ဘယ်ကို တိုင်တည်ရမည်လဲ။ ကျွန်တော့်မှာ တိုင်စရာလည်း မရှိ၊ တည်စရာလည်း မရှိ။ ကျွန်တော်က မသေချာတာတွေနှင့် အဆက်အဆံ မလုပ်ခဲ့။ ကျွန်တော့်ဘာသာ လူချည်းသက်သက် နေခဲ့သည်“ တဲ့။
ဒေါက်တာငွေရကို တွေ့ပါကကျွန်တော်ပြောချင်တာတစ်ခုသာရှိပါသည်။ အဲဒီ ပုဂ္ဂိုလ်ကိုများ တကယ် လို့တွေ့ ခဲ့ရင် ကျွန်တော့်ကိုလည်း လက်တို့လိုက်ပါဦးလို့။

ဒီဇင်ဘာ၊၂၀၀၈။
မိုးတိမ်ညို

0 comments:

Visitors

About Me

  © Blogger template 'Perfection' by Ourblogtemplates.com 2008

Back to TOP