နေပျော်စရာ ကောင်းသော ကမ္ဘာကြီး
အဲဒီနေ့က ကျွန်တော့် ပိုက်ဆံအိတ်ထဲကို ကြည့်လိုက်တော့ ပိုက်ဆံ ၂ ဒေါ်လာပဲ ရှိတယ်။ အဲဒါနဲ့ ဘူတာရုံက ATM မှာ ပိုက်ဆံ ထုတ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ကျွန်တော် ATM ကိုရောက်တော့ တန်းစီနေတဲ့ သူ ငါးယောက်လောက် ရှိတယ်ဗျ။ ရှေ့ဆုံးက တန်းစီ နေတာကတော့ မိန်းမနှစ်ယောက်။ တိတိကျကျ ပြောရရင်တော့ တရုတ်မနှစ်ယောက်။ သူတို့ အလှည့်ရောက်တော့ နှစ်ယောက်သား ATM ဆီကို သွားပြီးတော့ ငွေလွဲတာလား ဘာလား မသိဘူး လုပ်ကြတယ်။ အဲဒီ အထိတော့ ပြသနာ မရှိပါဘူး။ ဒါပေမယ့် သူတို့ နှစ်ယောက် ဘဏ်ကဒ်နှစ်ကဒ်နဲ့ လုပ်နေလိုက်ကြတာ အချိန်ကတော်တော်ကြာလာတယ်။ မပြီးနိုင်ဘူး။ နောက်က တန်းစီနေတဲ့ သူတွေ လည်း နည်းနည်း စိတ်မရှည်တဲ့ ပုံစံပြလာကြတယ်။ ဒီလိုနဲ့ ဆယ့်ငါးမိနစ်ကျော်ကြာလာပြီ။ နောက်ဆုံးတော့ မနေနိုင်တဲ့ ရှေ့ဆုံးကတစ်ယောက်က သွားပြောတယ်။ တခြားလူတွေလည်း တန်းစီနေတယ်ပေါ့။ မြန်မြန်လေး လုပ်ပေးဖို့။ အဲဒီတော့ နှစ်ယောက်ထဲ ကတစ်ယောက်က ပြန်ပြောတယ်။ ဒါငါတို့ရဲ့ Right ပဲတဲ့။ မစောင့်နိုင်ရင် တခြားစက်မှာ သွားထုတ်တဲ့။
သူတို့ရဲ့ အခွင့်အရေးပဲတဲ့ဗျ။ အဲဒီမှာ ကျွန်တော်သွားစဉ်းစားမိတယ်။ သူပြောတဲ့ သူတို့ရဲ့ အခွင့်အရေးပဲဆိုတာ ဟုတ်တော့ ဟုတ်ပါတယ်။ ဒါပေမယ့် ဗျာ သိပ်ဘ၀င်မကျဘူး။ ဒါအခွင့်ရေးဆိုပေမယ့် လူတိုင်းမှာ တစ်ဖက်သားကို ကြည့်ပေးတဲ့ စိတ်ဓါတ်လေး ရှိရမယ် လို့ထင်ပါတယ်။ ဒါငါ့အခွင့်အရေးပဲ ဆိုပြီး လုပ်ချင်တိုင်းလုပ်နေရင် ကမ္ဘာကြီးက နေပျော်စရာကောင်း တဲ့ ကမ္ဘာကြီး ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ပါဘူး။
ကျွန်တော် အဲလိုလူတွေ အများကြီး တွေ့ဘူးပါတယ်။ လေယာဉ်စီးတုံးကလည်း လေယာဉ်ပျံပေါ်မှာ ရှိတဲ့ နှစ်လုံးထဲသော အိမ်သာကို လူတွေ တန်းစီ နေမှန်းသိရဲ့နက် နာရီဝက်လောက် ကြာအောင် သုံးတဲ့သူ၊ ဘစ်ကားပေါ်မှာ ကိုယ့်ဘေးက ထိုင်ခုံလွတ်ကို အိတ်ကြီးတင်ပြီး စီးတဲ့သူ၊ ဓါတ်လှေခါး စီးတဲ့အခါ လူတစ်ယောက် ပြေးလာနေမှန်းသိရဲ့နဲ့ အမြန်တံခါးပိတ်ပြီး တက်သွားတဲ့သူ စသဖြင့်စသဖြင့် အများကြီး တွေ့ဖူးပါတယ်။
ဒါတွေက ဥပဒေတွေ ဘာတွေ ထုတ်ထားတာ မဟုတ်တော့ ဘယ်သူ့ကို မှပြောလို့တော့ မရပါဘူး။ လူအချင်းအချင်း နားလည်မှု့ လေးနဲ့ ပဲ တည်ဆောက်ယူရမှာပါ။ ကျွန်တော့်ရဲ့ အမြင်အရတော့ အခုခေတ်ကမ္ဘာကြီးမှာ နည်းပညာနဲ့ အသိပညာဟာ ပြိုက်တူ တိုးတက်နေပုံ မရပဲ နည်းပညာ တစ်ခုထဲကသာ တဟုန်ထိုး တက်သွားပြီး အသိပညာကတော့ နောက်က နေအိပဲ့ အိပဲ့လိုက် နေရသလိုပါပဲ။
လူတွေမှာ တစ်ဖက်သားကို စာနာပေးနိုင်မှု့ နားလည်ပေးနိုင်မှု့ တွေ နည်းလာကြပါတယ်။ အခြေအနေတွေက လည်း အဲလို ဖန်တီး ပေးတာကိုး။ ကျွန်တော်ကိုယ်တိုင်လည်း ကြုံဖူးသေးတယ်ဗျ။ တစ်ခါက ကျွန်တော် ရုံးနောက်ကျနေလို့ အမြန်ပြေးနေတဲ့ အချိန်မှာ အဖွားကြီး တစ်ယောက်က ကျွန်တော့်ကို လမ်းဖြတ်ကူး တာတွဲ ပေးဖို့ အကူအညီတောင်းပါတယ်။ ကျွန်တော် အဲဒီ အချိန်တုံးက တော်တော် ချီတုံချတုံ ဖြစ်ခဲ့တယ်ဗျ။ အဲဒီ အဖွားကိုလည်း ကူညီချင် ရုံးနောက်ကျရင် အပြောအဆိုခံရမယ့် အခြေအနေကိုလည်း မကြုံချင်။ နောက်ဆုံးတော့ ဗျာ ကျွန်တော်ရုံးကို အချိန်မှီရောက်အောင်ပဲ သွားလိုက်ပါတယ်။ အဲဒီ အဖွားရဲ့ စိတ်ထဲမှာတော့ ကျွန်တော် ခံစားခဲ့ရသလို ပဲ ခံစားမိမယ် ထင်ပါတယ်။
တကယ်တော့ တစ်ချို့ ကိစ္စလေးတွေက အသေးအဖွဲလေးတွေပါ။ ဒါပေမယ့် အဲဒီ အသေးအဖွဲလေးတွေ များလာရင် စိတ်အနှောက် အယှက် ဖြစ်စရာတွေ များလာတတ်ပါတယ်။
ကျွန်တော်ကြုံခဲ့ဖူးတဲ့ အခြေအနေလေး ဖောက်သည်ချချင်ပါတယ်။ ဒီလိုပါ။
ကျွန်တော်တစ်မနက် ရုံးသွားဖို့ ထွက်လာတော့ အိမ်ရှေ့ ၀ရန်တာမှာ ဘေးအိမ်က ပန်းအိုးတွေ ရေလောင်း ထားတာတွေ့ရတယ်ဗျ။ သမံတစ်လင်းပေါ်မှာ ရေတွေ အိုင်နေတာပေါ့ဗျာ။ ကျွန်တော် ရှောင်ကွင်းသွားပေမယ့် ကျွန်တော့် ဘောင်းဘီစလေး ရေနဲနဲ စိုသွားပါတယ်။ ဓါတ်လှေခါး ရပ်စောင့်နေတော့ လည်း ဓါတ်လှေခါးက အပေါ်ထပ်ကနေ တော်တော်နဲ့ ဆင်းမလာဘူးဗျာ။ တစ်ယောက်ယောက်ကို စောင့်နေတယ်ထင်တယ်။ တော်တော်ကြမှ လူနှစ်ယောက် ဆင်းလာတယ်။ ပုံမှန်ထက် ပိုစောင့်လိုက်ရတယ် ပေါ့ဗျာ။ MRT အ၀င် စက်လှေခါးမှာလည်း နောက်က လူတစ်ယောက် ကျွန်တော့်ကို တွန်းပြီး အပေါ်ကို သုတ်သုတ် တက်သွားတယ်။ ဒီလိုဒီလို အသေးအဖွဲလေးတွေကို ဥပမာ အဖြစ်ပြောတာပဲ။ တစ်နေကုန် အဲလိုသေးသေး လေးတွေ အများကြီး တွေ့ရပါတယ်။ လူတွေကိုလည်း အပြစ်တင်လို့ မရပါဘူး။ တစ်ခါတစ်လေကြတော့ အခြေအနေကို က အဲလို သုတ်သုတ် ဖြစ်အောင် ဖန်းတီးပေးနေတော့ လူတိုင်းက အသေးအဖွဲလေးတွေကို ဂရုမစိုက်နိုင်ကြတော့ ဘူးပေါ့။
လူတိုင်းလူတိုင်းက ကိုယ့်ပတ်ဝန်းကျင်လေးကို နေပျော်စရာကောင်းတဲ့ ပတ်ဝန်းကျင်လေး ဖြစ်အောင် လုပ်နိုင်ကြ ရင်တော့ ကမ္ဘာကြီးက အခုထက် ပိုသာယာပြီး နေပျော်စရာ ကောင်းတဲ့ ကမ္ဘာကြီး ဖြစ်လာမှာပါ။ အသေး အဖွဲလေးပဲ ဆိုပြီး ဂရုမစိုက်ပဲ အနေပါနဲ့။ အဲဒီ အသေးအဖွဲလေးတွေ စုပြီး အကြီးအကြီး ဖြစ်သွား နိုင်ပါတယ်ဗျာ။
အောက်တိုဘာ၊၂၀၁၀
မိုးတိမ်ညို

1 comments:
အင်း----
နေ့ တိုင်းကြုံတွေ့ နေရတာတွေဘဲလေ-
သူ့တိုင်းပြည်မှာနေသရွေ့ တော့ဒီဘဝမှာဒါတွေ
ကတော့တွေ့ နေရအုံးမှာဘဲလေ-
မဖိတ်ဘဲနဲ့လာခဲ့သူပါ-
နောက်လည်းလာလည်ပါရစေဗျာ-
ကျေးဇူးတင်လျက်-
Post a Comment