Sunday, October 31, 2010

မည်သို့ပင် ဖြစ်စေကာမူ

အဲဒီနေ့ကတော့ ကျွန်တော် တော်တော်လန်းနေတယ်ဗျ။ အဲ လန်းတယ်ဆိုတာ ဗန်းစကားနဲ့ စတိုင်ကျနေတယ်လို့ ဆိုလိုတာနော်။ အဟဲ။ ကိုယ့်ကိုကိုယ် ဖော်တာတော့ မဟုတ်ပါဘူးဗျာ။ ရှပ်အင်္ကျီ ကလည်း အကောင်းစား၊ ဘောင်းဘီကလည်း နာမည်ကြီး တံဆိပ်၊ ဖိနပ်ကလည်း ပြောင်နေအောင်တိုက်ထားတဲ့ ခွာမြင့်ဖိနပ်။ တကယ်ပါ တော်တော်ကို သန့်နေတာ။ ကိုယ့်ကိုကိုယ် အားရနေတာ မှန်ရှေ့မှာ တောင် အတော်အချိန်ကုန်သွားတယ်။ ရုံးသွားဖို့ အခန်းပြင်ထွက်လာတော့ အိမ်မှာ အတူနေတဲ့ အစ်ကိုကြီးကတောင် အောင်မာ မင်းသန့်လှချေလား ဒီနေ့တဲ့။ ကျွန်တော်ကလည်း ဒါသာမာန်ပါပဲ ဆိုတဲ့ ပုံမျိုးနဲ့ ဒီလိုပါပဲဗျာဆို ပြီး ထွက်လာခဲ့တယ်။ အိမ်တံခါးပိတ် နေတုံး အံ့သြတဲ့ အကြည့်နဲ့ ကြည့်နေတဲ့ အဲဒီ အစ်ကိုကြီး ပုံတောင်မျက်စိထဲက မထွက်ဘူး။

MRT ရောက်တော့ ပုံမှန် သတင်းစာ ဝေနေတဲ့ သူကလည်း (ကျွန်တော်နဲ့ မျက်မှန်းတန်းပြီး ခင်နေတဲ့သူ) ထူးထူးခြားခြား ယူအာဆိုးစမတ်တဲ့။ လူတောင် မြောက်ကြွကြွ ဖြစ်သွားတယ်။ ရုံးနားက ကော်ဖီဆိုင်မှာ ကော်ဖီသောက်တော့ လည်း ပုံမှန် စကားသိပ်မပြောတဲ့ ဆိုင်ကလူကလည်း ၀ှပ်ကမ်အိုက်ဆပ်ယူဆာ တဲ့။ အဲဒီ Sir ဆိုတာလေးက နားထဲမှာ ချိုသွားတာပဲ။ အင်း အဲဒီတော့မှ တွေးမိတယ် တောင်းမှာ အကွပ်လူမှာ အ၀တ်ဆိုတာ တယ်မှန်ပါလားလို့။ ဒီလိုစမတ်ကျကျဝတ်တော့ လူလည်း အဆင့်မြင့်သွားတာ နေမှာပေါ့ဗျာ။

ရုံးရောက်ပြီး ဟိုလုပ်ဒီလုပ်လုပ် ပြီးတော့ စီးကရက်တစ်လိပ်လောက် သောက်မလို့ အပြင်ထွက်လာခဲ့ပါတယ်။ ဆေးလိပ်သောက်နေကျ ၀ရန်တာမှာ ဘေးရုံးက သူတစ်ယောက်နဲ့ တွေ့တယ်ဗျ။ ကျွန်တော်သိသလောက် တော့ သူက အဲဒီရုံးမှာ ရာထူးကြီးကြီးဗျ။ မန်နေဂျာ အဆင့်တော့ အနိမ့်ဆုံးပဲ။ အရင်နေ့ကလည်း တွေ့တယ်။ ဒီနေ့မှ ထူးထူးခြားခြား နုတ်ဆက်နေတယ်ဗျာ။ နုတ်ဆက်ရမှာပေါ့ဗျာ။ ကျွန်တော့် စတိုင်က အရမ်းသန့်နေတာကိုး။ ဟုတ်ဘူးလား။ သူက အလာပသလာပ တွေလည်း အတော်ပြောတယ်။ နာမည်မေး၊ မင်းက မြန်မာ လားလို့မေး အခုဘာလုပ်နေတာ လည်း ဒီမှာရောက်တာ ကြာပြီလား အစုံပေါ့ဗျာ။ ရုံးထဲပြန်ဝင်ခါနီးတော့မှ သူက ဖုန်းနံပါတ် ပေးပါလားလို့ ပြောတယ်။ ကျွန်တော်လည်း ရပါတယ် ဆိုပြီး ပေးလိုက်တယ်။ သူကဆက်ပြော လိုက်တဲ့ စကားကို ကြားမှ ကျွန်တော်နတ်ပြည်ကနေ ပြာပုံထဲကို အရှင်လတ်လတ် ခုန်ချလိုက်တဲ့ နတ်သားလေး ဖြစ်သွားပါတော့တယ်။

ငါ့အိမ်မှာ ငှားထား မြန်မာအိမ်ဖော်ကွ စကားပြောရတာ ခက်လို့ တစ်ခါတစ်လေ ဖုန်းဆက်ပြီး ဘာသာ ပြန်ပေးပါလားတဲ့ ဗျ။

**********************************************

ကဲမိတ်ဆွေ အဲဒီနေရာမှာ မိတ်ဆွေဆိုရင်လည်း အီလည်လည်ကြီး ဖြစ်သွားမှာပဲနော်။ ကျွန်တော် ဆိုလိုချင်တာ အိမ်ဖော်လုပ်နေတာ တခြားနိမ့်ကျတဲ့ အလုပ်လုပ်နေတာတွေကို နှိမ့်ချပြောနေတာ မဟုတ်ပါဘူး။ ဆိုလိုချင်တာက လူတစ်ယောက်က ကိုယ့်ဟာကိုယ် ဘယ်လောက် အဆင့်မြင့်အောင်နေနေ ဘယ်လောက်ငွေရှိအောင်ရှာရှာ၊ ဘယ်လောက် ပညာတတ်တတ် သူ့ရဲ့ မိသားစု၊ လူမျိုး၊ နိုင်ငံက နိမ့်ကျနေရင် အဲဒီလူ ဘယ်လိုမှအမြဲတမ်း လက်မထောင်မနေနိုင်ဘူး။ တလောက ဖိုလစ်ပိုင် နိုင်ငံရဲ့ အဖြစ်အပျက်ကို ကြားဖူးကြမှာပါ။ နိုင်ငံခြားသတင်းစာ ဆရာတစ်ယောက်က သူ့တို့နိုင်ငံကို Country of Servant လို့ရေးလိုက် လို့ သူတို့တွေ ဆတ်ဆတ်ခါနာကြတာပါ။ အဲဒါ ဘာလို့လဲဆိုတော့ သူတို့နိုင်ငံက သူများနိုင်ငံတွေမှာ အိမ်ဖော် သွားလုပ်တဲ့သူ အရမ်းများလို့ပါပဲ။ အဲလို အပြောခံရတော့ ဘယ်လိုပဲ ဖြစ်ဖြစ် ဖိလစ်ပိုင် သမ္မတလည်း စော်ကားခံ ရတာပဲ၊ ဆရာဝန်၊ အင်ဂျင်နီယာ၊ ပါမောက္ခကြီး အားလုံးပဲ သိမ်းကြုံး စော်ကားခံရတာပါပဲ။ ကိုယ်တစ်ယောက်ထဲပဲ တိုးတက်အောင် လုပ်နေလို့မရဘူး။ ကိုယ့်ရဲ့ လူမျိုးနဲ့ နိုင်ငံကိုလည်း တတ်နိုင်သလောက် ပြန်ကြည့်ရမယ်ဗျ။ ရှောင်ထွက်ပြေးလို့မရဘူး။ ငါကနိုင်ငံခြားရောက်နေပြီ မြန်မာနိုင်ငံအတွင်း ဘယ်လောက် ဆင်းရဲဆင်းရဲ ဘာဖြစ်ဖြစ် ငါနဲ့ မဆိုင်ဘူးလို့ မတွက်ပါနဲ့။ တစ်ချိန်ချိန်မှာ တနည်းနည်းနဲ့ ကိုယ့်ကို ပြန်ပြီး အကျိုးသက်ရောက်ပါလိမ့်မယ်။

ကျွန်တော် အပေါ်မှာပြောခဲ့တဲ့ အကြောင်းအရာလိုပါပဲ။ ကိုယ့်ဟာကိုယ် ဘယ်လောက် ကော့ကြော့နေအောင် နေနေ ဆင်းရဲတဲ့ နိုင်ငံက၊ ပြသနာ တက်နေတဲ့နိုင်ငံက ဆိုတဲ့ အမြင်မျိုးက သူများအမြင်မှာ (လူအများစု) မပျောက်ပါဘူး။ ကျွန်တော်ငယ်ငယ်က အတန်းထဲမှာ စာအရမ်းကိုတော်ပြီး အရမ်းလိမ္မာတဲ့ ကလေးတစ်ယောက် တွေ့ဖူးတယ်။ သူ့မှာကံဆိုးတာက သူ့အဖေက နေ့နေ့ညည မူးနေတဲ့ အရက်သမားဖြစ်နေတာပါပဲ။ အဲဒီတော့ ဆရာ ဆရာမတွေ တခြားကလေး မိဘတွေ သူနဲ့ တွေ့ရင် သူစာတော်ကြောင်း လိမ္မာကြောင်းတော့ ချီးကျူး ကြပါတယ်။ ပြီးတာနဲ့ မင်းအဖေကြီးရော အရင်လိုမူးနေတုံးပဲလားတဲ့။ အဲလိုအမေးခံရတဲ့ အဲဒီကလေး မျက်နှာလေး ပျက်ပျက်သွားပါတယ်။ ကျွန်တော်တို့ အခြေအနေလည်းအခု အဲလိုပါပဲ။

ကျွန်တော့်အမြင်ကတော့ လူကောင်းတစ်ယောက် အနေနဲ့

ပထမဆုံး ကိုယ့်ကိုယ်ကို တိုးတက်အောင်လုပ်ရမယ်
ပြီးရင် ကိုယ့်မိသားစု
ပြီးရင်ကိုယ့် ဆွေမျိုး မိတ်ဆွေ ပတ်ဝန်းကျင်ရှိလူများ
ပြီးရင်ကိုယ့်လူမျိုး နိုင်ငံ
ပြီးမှ လူသားအားလုံး

အဆင့်ကျော်ရင် သိပ်အဆင်မပြေသလို ကိုယ်တစ်ယောက်ထဲပဲ ထန်းပင်ကြီးလို ထောင်တက်နေမယ် ဆိုရင်လည်း အဆင်မပြေပါဘူး။ ဥပမာဗျာ မိတ်ဆွေရဲ့ အိမ်မှာ အဆင်မပြေဘူးဆိုရင် ပတ်ဝန်းကျင်ကို မိတ်ဆွေ ဘယ်လိုမှ မကူညီနိုင်ဘူး။ အခု သူတပါးနိုင်ငံတွေရဲ့ အခက်အခဲတွေကို လိုက်ကူနေတဲ့ လူမှု့ရေး အဖွဲ့အစည်း တွေကို ကြည့်ပါ။ အများစုက ချမ်းသာနေတဲ့ ငြိမ်းချမ်းနေတဲ့ နိုင်ငံတွေကပါပဲ။ ကိုယ့်နိုင်ငံမှာ စစ်ဖြစ်နေတုံး လူမှု့ရေး အဖွဲ့ ဖွဲ့ပြီး ဒုက္ခရောက်နေတဲ့ အာဖရိကက နိုင်ငံတွေကို သွားကူနိုင်မလား။ ဘယ်ကူနိုင်လိမ့်မတုံး။ အဲဒီတော့ ပထမဆုံး ကိုယ့်မိသားစု၊ ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်နိုင်ငံ အတွင်းမှာ အဆင်ပြေအောင် အရင်လုပ်ရမှာပါ။

အဲလိုပြောလို့ ဒေသစွဲ၊ နိုင်ငံစွဲ၊ လူမျိုးစွဲ ပြင်းထန်တယ်လို့ ဆိုချင်ဆိုပါ။ လူမျိုးရေး ခွဲခြားမှု့များတဲ့ အတွေးအခေါ်တွေလို့ မိတ်ဆွေ စွပ်စွဲမလား။ တကယ်တော့ လူမျိုးရေး ခွဲခြားတယ်ဆိုတာ ပိုတိုးတက်တဲ့၊ ပိုအင်အားကြီးနဲ့၊ ပိုချမ်းသာတဲ့ နိုင်ငံတွေက ပိုလုပ်ကြတာပါ။ လူသားအားလုံး အတူတူပဲဆိုတာက စကားလုံးထဲ မှာသာရှိပြီး ပိုပြီး civilized ဖြစ်တယ်ဆိုတဲ့ လူတွေက လက်မခံကြပါဘူး။ အဲဒီတော့ ဒီလို ကမ္ဘာကြီးမှာ ရှင်သန်နေထိုင် ဖို့ဆိုရင် ကျွန်တော်တို့ အနေနဲ့ ကိုယ့်နိုင်ငံကိုယ့်လူမျိုးကို ကာကွယ်ရမှာပါ။

ပြောချင်တာက ကျွန်တော်တို့ရဲ့ နိုင်ငံအတွက် ကူညီနိုင်သလောက် ကူညီဖို့ပါ။ တိုက်ရိုက်ဖြစ်ဖြစ် သွယ်ဝိုက်တဲ့ နည်းနဲ့ ဖြစ်ဖြစ်ကူညီနိုင်တဲ့ နည်းလမ်းတွေ အများကြီး ရှိမှာပါ။ လောလောဆယ် ကူညီနိုင်တဲ့၊ ပါဝင်နိုင်တဲ့ အခြေအနေ မရှိသေးရင် အနည်းဆုံး စိတ်ဓါတ်တော့ ရှိသင့်ပါတယ်။ အဲလိုသူများပြောနေလို့ မင်းကရော ဘာလုပ်နိုင်သလဲကွာလို့ မေးလာရင်တော့ ကျွန်တော်လည်း ကျွန်တော်ပြောတဲ့အတိုင်း လုပ်နိုင်အောင် ကြိုးစားနေသူ တစ်ယောက်သာ ဖြစ်ပါကြောင်း...

အောက်တိုဘာ ၂၀၁၀
မိုးတိမ်ညို

3 comments:

Lun Lunn October 31, 2010 at 6:17 PM  

ကိုမိုးတိမ်ညို …

ရိုးရိုးရှင်းရှင်းနဲ့ ဆိုလိုရင်းကို လွယ်ကူစွာ ပေးနိုင်တဲ့ ပို့စ်ကောင်းတစ်ခုပါ။

ဖတ်ရှုပြီး ကျေးဇူးတင်သွားပါတယ်။

လေးစားခင်မင်လျှက်

Nyo November 1, 2010 at 1:21 PM  

ပြီးတာနဲ့ မင်းအဖေကြီးရော အရင်လိုမူးနေတုံးပဲလားတဲ့။ အဲလိုအမေးခံရတဲ့ အဲဒီကလေး မျက်နှာလေး ပျက်ပျက်သွားပါတယ်။
I agree that we have to contribute homeland and peoples but do not agree above example.

If I were him, I won't do so because I believe everyone is standing on own ability.
Even a king's son would become worthless thief if he is not capable with loose character

Anonymous November 6, 2010 at 8:44 PM  

ဟုတ်ပါတယ်.... ကိုမိုးတိမ်ညို
လူမျိုးတမျိုးရဲ့ identity က သူ့အပေါ် အများကြီး ရိုက်ခတ်မှု ရှိပါတယ်။ ပတ်စ်ပို့အနီကိုင်ပြီး နိုင်ငံတကာလေဆိပ်မှာ ဘယ်လောက် မျက်နှာငယ်ခဲ့ရတယ်ဆိုတာ တော်တော်များများကြုံဖူးကြမှာပါ။

နိုင်ငံတခုအနေနဲ့ ရှင်ပြုတုန်းက ရွှေထီးတောင်းခဲ့တဲ့အကြောင်းတွေပြောနေထက် လက်ရှိ ကိုယ်ရောက်နေတဲ့နေရာကို သိဖို့၊ အရှိကို အရှိအတိုင်း လက်ခံဖို့၊ ပြင်သင့်တာတွေ အချိန်မီပြင်ဖို့ ကြိုးစားကြရမှာပါ။

မိုးစက်

Visitors

About Me

  © Blogger template 'Perfection' by Ourblogtemplates.com 2008

Back to TOP