Wednesday, October 27, 2010

အလံသစ်နှင့် ပတ်သက်သော ဆောင်းပါး တစ်ပုဒ်

ဟစ်တိုင်မှာ ဖိုးသောကြာရေးတဲ့ အလံခိုးခြင်းလော၊ အနိုင်ကျင့်ခြင်းလော (၂၅ အောက်တိုဘာ ၂၀၁၀) လေးကို အမှတ်မထင် ဖတ်မိသွားပါတယ်။

အရမ်းကောင်းတဲ့ ဆောင်းပါးတစ်ပုဒ်လို့ မြင်ပါတယ်။ တွေးစရာတွေ အများကြီး ပေးသွားပါတယ်။ ခေါင်းလည်း အများကြီး ရှုပ်သွားပါတယ်။ မြန်မာ နိုင်ငံ အလံသစ်နဲ့ ပတ်သက်ပြီး မသိသေးတာတစ်ချို့ သိလိုက်ရပါတယ်။ ထူးဆန်းတာက အဲဒီ အကြောင်းအရာကို ကျွန်တော် ဘယ် website ဘယ် blog မှာမှ မဖတ်ဖူးသေးပါဘူး။ (ကျွန်တော်ကပဲ မတွေ့လို့လားတော့ မသိဘူး)။ သူပြောတဲ့ အတိုင်းဆိုရင် အလံက အသစ်မဟုတ်ဘူးပေါ့။ အရင်က သုံးဖူးပြီးသား။ ဘာဖြစ်လို့ အခုမှ ပြန်ပေါ်လာရတာလဲ။ ဒါကို ဘယ်သူမှ ဘာလို့ မပြောကြတာလဲ။ အလံ ဒီဇိုင်းက ဘယ်သူက စထွင်ထားတာလဲ။

ပြီးတော့ ကြယ် ၁၄ လုံးနဲက အလံကို ထောက်ခံတာရော ဘာလို့လဲ။ အရင်က ကန့်ကွက်ခဲ့တဲ့ သူတွေက အခုအဲဒီ အလံကို ပဲ ပြည်ထောင်စုအလံလို့ ပြန်ပြောကြပြန်တယ်လို့လည်း ဆိုထားသေးတယ်။

အရင်တုန်းက သိပ်နားမလည်ဘူးလို့ ထင်တဲ့ကိစ္စ အခုတော့ တရားဝင်နားမလည်ဘူး ဖြစ်သွားပါပြီ။ ဒီညတော့ ဘီယာ တစ်ပုလင်းလောက်သောက်မှ အိပ်ပျော်တော့မယ် ထင်ပါ့။

မိတ်ဆွေလည်း ဖတ်ကြည့်သင့်တယ် ထင်လို့ မျှဝေပေးလိုက် ပါရစေ။

မိုးတိမ်ညို

10 comments:

Rita October 27, 2010 at 12:59 PM  

http://www.fileden.com/files/2007/2/5/735861/38.gif

Anonymous October 27, 2010 at 11:41 PM  

သွားဖတ်တယ်ဗျို့ ကျေးဇူးအထူးတင်တယ် အခုလို သိခွင့်ရလို့ ။

http://dollarsar.blogspot.com/2010/10/blog-post_25.html

Law Shay October 28, 2010 at 10:10 AM  

၁၉၄၈ က အလံက ဗမာပြည်မကြီးကို ကချင်ပြည်၊ ချင်းပြည်၊ ကယားပြည်၊ ရှမ်းပြည်နဲ့ ကရင်ပြည်တို့ (ပြည်နယ်တို့မဟုတ်၊ ပြည်တို့) က ၀န်းရံထားတဲ့ ဖယ်ဒရယ် ပြည်ထောင်စုကို ကိုယ်စားပြုတဲ့ အလံပါ။ ကချင်၊ ချင်း၊ ကယား၊ ရှမ်းနဲ့ ကရင်တို့မှာ တပ်အသီးသီး ရှိပါတယ်၊ စီးပွားရေးအရ ဗမာပြည်မနဲ့ တော်တော် ကင်းလွတ်နိုင်ခဲ့ပါတယ်။ ရုရှ၊ မလေးရှား၊ ယူအေအီးတို့နဲ့ နိုင်ငံတည်ဆောက်ပုံ ဆင်တူပါတယ်။

၁၉၇၄ က အလံက မွန်ပြည်နယ်နဲ့ ရခိုင်ပြည်နယ် ထပ်တိုးအပြီး ပြည်နယ် (ပြည်မဟုတ်တော့တာကို သတိပြုပါ) ၇ ခုနဲ့ ဗမာပြည်မ မရှိတော့ တိုင်း ၇ ခု ဖြစ်သွားတဲ့ ပြည်ထောင်စု (အမှန်က ပြည်နယ်စု) ကို ကိုယ်စားပြုတဲ့ အလံပါ။ တပ်အသီးသီး မရှိတော့ပဲ တစ်ခုတည်းသော တပ်မတော်ဖြစ်သွားပါတယ်။ စီးပွားရေးအရလဲ တစည်းတလုံးတည်း ဖြစ်သွားပါတယ်။ အမေရိကန်နဲ့ နိုင်ငံတည်ဆောက်ပုံ တူသော်ငြားလဲ အမေရိကန်က ၂ ပါတီ (+ ၂ ပါတီ) ပါတီစုံနိုင်ငံရေးစနစ်နဲ့ အရှင်းရှင်စီးပွားရေးစနစ် ကျင့်သုံးပြီး မြန်မာက တစ်ပါတီနိုင်ငံရေးစနစ်နဲ့ ဆိုရှယ်လစ် စီးပွားရေးစနစ် ကျင့်သုံးပါတယ်။

၂၀၁၀ အလံကတော့ ပြည်နယ်တွေ ရံထားတာ မဟုတ်တော့ပဲ ထာဝရမခွဲသော၊ တစည်းတလုံးတည်းရှိတဲ့ ပြည်ထောင်စု (အမှန်ကတော့ မြန်မာပြည်) ကို ကိုယ်စားပြုပါတယ်။ အမေရိကန်နဲ့ နိုင်ငံတည်ဆောက်ပုံချင်းတူပြီး နိုင်ငံရေးအရ ဘုရင်ခန့်တဲ့ လွှတ်တော်အမတ်ရှိတဲ့ အင်္ဂလန်နိုင်ငံ၊ မလေးရှားနိုင်ငံ စတာတွေနဲ့ တူပါတယ်။ စီးပွားရေးအရ ဈေးကွက်စီးပွားရေးစနစ် ကျင့်သုံးပါလိမ့်မယ်။

Moe Tain Nyo October 28, 2010 at 11:28 AM  

Law Shay: အခုကို လာရှင်းပြတဲ့ အတွက် ကျေးဇူးပါပဲ ။ အခုသုံးနေတဲ့ အလံအကြောင်းကို မရှင်းသေးတာ။ သုံးရောင်ခြင်ကတော့ ထားပါတော့။ ဟိုးအရင်ကတည်းက သုံးခဲ့တာ။ ဒီအလံ ဒီဇိုင်းက ဘာဖြစ်လို့ ဒေါ်က်တာစိန်ဝင်းတို့ အလံနဲ့ တစ်ထပ်တည်း တူနေရတာလဲ။

Law Shay October 28, 2010 at 2:16 PM  

အခုအလံက ဒေါက်တာစိန်ဝင်းနဲ့ ဘာကြောင့်တူသလဲ ကျွန်တော် မသိပါ။ (တကယ်မသိတာပါ)

တို့ဗမာ အစည်းအရုံးကသုံးခဲ့တဲ့ အလံကို ဒေါင်းဖြုတ်ပြီး ကြယ်တပ်ထားတာနဲ့ တူတယ်လို့တော့ သိပါတယ်။

Dr Phyo Wai Kyaw October 28, 2010 at 10:31 PM  

ကျွန်တော်လည်း ကန့်ကွက်သံတွေ များလို့ကမန်းကတမ်း လေ့လာမိတယ်ဗျ။ သုံးရောင်ခြယ်သီချင်းကတော့ နကိုထဲက ကြားဖူးနေလို့ ကုန်းဘောင်ခေတ် အလံတော် ဖြစ်မလားလို့ လက်ဦးက တွေ့မိသေးတယ်။ နောက်တော့ Lawshay ပြောသလို တို့ဗမာအစည်းအရုံးက သုံးခဲ့တယ်/ တွင်ကျယ်အောင်လုပ်တယ် လို့လည်း ဖတ်ရတယ်။ (တို့ဗမာအစည်းအရုံးက စပြီးထွင်တာလည်း ဖြစ်နိုင်ပါတယ်။ ကျွန်တော်ကတော့ အဲဒီထက်စောမယ်လို့ ထင်နေတယ်။)၀ါစိမ်းနီ သုံးရောင်ခြယ်အလံကို ဇာတိမာန်ထက်သန်ရေး အနေနဲ့ သဘောထားခဲ့တာတော့ သေချာတယ်ဗျ။ မကြည်အောင်ဆိုတဲ့ သုံးရောင်ခြယ်သီချင်းကို ရွှေတိုင်ညွန့်က စစ်ကြိုကာလမှာ စပ်ခဲ့တာကိုးဗျ။ ၁၉၄၅ ခုနှစ်တုန်းကတော့ အလယ်မှာ ဒေါင်းရုပ်တပ်ပြီး နိုင်ငံတော်အလံအဖြစ် သုံးတယ်။ တစ်လက်စတည်း ပြောရရင် ခု တချို့သိပ်မနှစ်မြို့ကြတဲ့ မြန်မာဆိုတဲ့အခေါ်ကို တွင်ကျယ်အောင် လုပ်တာဟာ တို့ဗမာအစည်းအရုံးပဲလို့ ဖတ်ရပါသဗျာ။ ပိုပြီးသေချာအောင် သမိုင်းဆရာတွေကို လျှောက်မေးလိုက်ဦးမယ်။

Dr Phyo Wai Kyaw October 28, 2010 at 10:56 PM  

အမှားလာပြင်တယ်။ တို့ဗမာအစည်းအရုံးက မြန်မာဆိုတဲ့အခေါ်ကို တိုးတက်အောင် လုပ်တာမဟုတ်၊ ဗမာဆိုတဲ့အခေါ်ကို တွင်ကျယ်အောင် လုပ်တာတဲ့ဗျ။ ဒီဥစ္စာသာ ဖတ်ကြည့်ပါတော့။ http://www.scribd.com/doc/31480714/Myanmar-or-Burma-2

Nanda October 29, 2010 at 2:18 AM  

ဒီပို့စ်မှာ အဓိက ဆွေးနွေးထားတာက အလံကိစ္စဖြစ်တဲ့ အတွက် အလံကိစ္စကိုအရင်ပြောပါ့မယ်။
ဗမာပြည်လို့ခေါ်ခဲ့တဲ့ အင်္ဂလိပ်နဲ့ ဂျပန်လက်အောက်ခံဘ၀တုံးက သုံးခဲ့တာဟာ သုံးရောင်ခြယ်အလံပါ။ အလံကလဲ အခုအလံလိုပဲ အပေါ်အောက် ၀ါ၊စိမ်း၊နီ သုံးရောင်ခြယ်ပါ။
ဝီကီမှာ ခေတ်အလိုက် သုံးတဲ့ အလံတွေပါဖေါ်ပြထားပါတယ်။
http://en.wikipedia.org/wiki/State_of_Burma
ညာဖက်ခြမ်းမှာကြည့်ပါ။
၁၉၄၃-၁၉၄၅ ဒေါက်တာဘမော်ရဲ့ ရွှေရည်စိမ်လွတ်လပ်ရေးခေတ်မှာ အဲဒီအလံကိုသုံးခဲ့ပါတယ် (ရွှေရည်စိမ်သာပြောတာ အဲဒီခေတ်ရဲ့ နိုင်ငံရေးနိုးကြားမှု နဲ့ လွတ်လပ်မှုက ဒီခေတ်ထက်သာတယ်။ တက္ကသိုလ်ကျောင်းသားလူငယ်တွေရဲ့ အသိဥာဏ်ဟာ ကမ္ဘာနဲ့ ရင်ဘောင်တန်းနိုင်တယ်) ။ အလယ်တည့်တည့်မှာ ကဒေါင်းပုံပါ။ အခုအလံနဲ့က အဲဒီနေရာပဲကွာခြားပါတယ်။
အလံတခုရဲ့ တရားဝင်မှုနဲ့ အများပြည်သူလက်ခံနိုင်မှုနဲ့ပတ်သက်ရင်လဲ သမိုင်းနဲ့ချီပြောမှရပါမယ်။ အလံဆိုတာ တိုင်းပြည်တခုရဲ့ တံဆိပ်၊ အဲဒီတိုင်းပြည်ရဲ့ နိုင်ငံသားများကို ကိုယ်စားပြုတဲ့ သင်္ကေတပါ။ အဲဒါကြောင့် အဲဒီနိုင်ငံတော်ရဲ့ တံဆိပ်ဆိုတာဟာ တိုင်းသူပြည်သားများက လိုလိုလားလား ရွေးချယ်တင်မြှောက်ထားသူများက အတည်ပြုပေးပြီးမှသုံးလို့ရတာပါ။ ၁၉၄၃ တုံးက သုံးရောင်ခြယ်အလံအပြင် ၁၉၇၄ မဆလ မှအတည်ပြုခဲ့ပြီး ယခုဖျက်သိမ်းခါစဖြစ်တဲ့ အလံအထိ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက တရားဝင် အတည်ပြုလက်ခံပေးပြီးမှ သုံးခဲ့ကြတာပါ။ အဲဒါကလဲရှင်းပါတယ်။ နိုင်ငံတခုကို ကိုယ်စားပြုတဲ့ အလံဟာ လူတစ်စု၊တစ်ယောက်၊ တစ်ဖွဲ့ကို ကိုယ်စားပြုသူများက အတည်ပြုရတာမဟုတ်ပဲ၊ ပြည်သူအားလုံးကို ကိုယ်စားပြုတဲ့ ရွေကောက်ခံပုဂ္ဂိုလ်များက သာ အတည်ပြုလက်ခံပေးမှသာ တရားဝင်မှုရှိမှာဖြစ်ပါတယ်။
မဆလ အလံတုံးကတောင် ပြည်သူအများလက်မခံလို့ တွန်းလှန်ခဲ့ကြတဲ့ စနစ်ရဲ့ အမွေအဖြစ်ကျန်ရစ်ခဲ့ပေမယ့်၊ တကယ်က ၁၉၇၄ အတည်ပြုခဲ့ချိန်တုံးက ဆန့်ကျင်ခဲ့သူမရှိသလောက်ပါ။ ၁၉၆၂ခု စစ်တပ်အာဏာသိမ်းခဲ့တာကိုတောင် နိုင်ငံရေးသိပ်နိုးကြားတဲ့ကျောင်းသား တွေကလွဲလို့ ဘယ်သူမှမဆန့်ကျင်ခဲ့ကြပါ။ နိုင်ငံရေးသမားတွေကအစ ကမ္ဘာကတောင် အသိအမှတ်ပြုခံခဲ့ရပါတယ်။ အဲဒီလိုအချိန်ကတောင် အလံဆိုတာကို လွှတ်တော်က အတည်ပြုပြီးမှ တရားဝင်သုံးစွဲခဲ့တာဖြစ်ပါတယ်။

Nanda October 29, 2010 at 2:19 AM  

အခုအလံကိစ္စမှာကတော့ တရားဝင်မှုမှာကို မေးခွန်းထုတ်ဖွယ်ဖြစ်နေပါတယ်။ အချို့ကပြောတယ် နအဖက ဒီအလံကိုအတည်ပြုတာဟာ အခြေခံဥပဒေသက်ဝင်စေရေးအတွက် လက်ရှိအစိုးရမှ လုပ်ပိုင်ခွင့်ရှိတယ်ဆိုတဲ့ အခြေခံဥပဒေပါ အချက်ကို အခြေခံပြီးလုပ်တာဖြစ်တယ်ဆိုပြီး သူ့လုပ်ရပ်ကို သူဆွဲထားတဲ့ ဥပဒေအရ ကာကွယ်ပြီးဖြစ်တယ်လို့ ဆိုတယ်။ ဒါပေမယ့် အခြေခံဥပဒေ အသက်ဝင်ရေး လိုအပ်ချက်များဆိုတာဟာ ရွေးကောက်ပွဲကျင်းပနိုင်ရေး၊ လွှတ်တော်ခေါ်ယူနိုင်ရေးသာ ဖြစ်ပါတယ်။ တရားမျှတတဲ့ ရွေးကောက်ပွဲကျင်းပ (ဒီနေရာမှာ မတရားတဲ့ အခြေခံဥပဒေအကြောင်းထည့်မပြော) ပြီးနောက် ရွေးကောက်ခံရတဲ့ ကိုယ်စားလှယ်များပါသော လွှတ်တော်သည်သာ ပြည်သူကို တရားဝင်ကိုယ်စားပြုမှာဖြစ်တယ်။ အဲဒီအခါကျမှ တိုင်းပြည်ကို ကိုယ်စားပြုတဲ့ တံဆိပ်ကို သုံးမယ် မသုံးဘူး ဆုံးဖြတ်ရမှာဖြစ်တယ်။ ဒါကို မစောင့်ထိန်းနိုင်ပဲ မအောင့်မအည်း နိုင်လောက်အောင် ဘာတွေကများ အရေးကြီးနေပါသလဲ။
ဒါ့အပြင် လုပ်ထုံးလုပ်နည်းအရလဲ အလွန်မှပင် မှားယွင်းနေပါတယ်။ တိုင်းပြည်ကို ကြိုတင်မကြေငြာတာ၊ နိုင်ငံတော် လျှို့ဝှက်ချက် တခုလို ၊ လောကီအစီအရင် တခုလို သဘောထားလုပ်ဆောင်သွားတာ။ အဓိပ္ပါယ်မဲ့ ညွှန်ကြားချက်တွေထုတ်ပြီး လုပ်ချင်ရာ လုပ်သွားတာတွေဟာ အများပြည်သူလက်ခံဖို့ဝေးစွ၊ အလွန်မှ ခေတ်နောက်ပြန်ဆွဲ ပေါချာချာ နိုင်လှပါတယ်။ ပြည်သူမထောက်ခံတဲ့ လုပ်ရပ်မှန်သမျှ အောင်မြင်ဖို့ခဲယဉ်းပါတယ်။ အလံဆိုတာမျိုးဟာ ၀ါ၊စိမ်း၊နီ၊ပြာ၊အဖြူ စတဲ့ အရောင်းငါးရောင်ထဲကသာ အဓိက ရွေးကြတာဖြစ်ပါတယ်။ အခြားနိုင်ငံများက သုံးရောင်ခြယ်အလံများလဲ အများကြီးမှအများကြီးပါ။ ကိုယ့်နိုင်ငံသမိုင်းနဲ့ ယဉ်ကျေးမှုအပေါ်မူတည်ပြီးသာ အရောင်တွေအပေါ် အဓိပ္ပါယ်ဖွင့်မှုကွာသွားတာပဲရှိတာပါ။ အဲဒီလို အရောင် ငါးမျိုးနဲ့ သင်္ကေတတွေဖြစ်တဲ့ ကြယ်၊လ၊ စက်ဝိုင်း၊ သုံးမြှောင့်၊ ငါးမြှောင့်၊ ခြောက်မြှောင့်၊ စက်သွား၊ စပါးနှံ၊တူ၊တံစဉ် စတာတွေပဲ ကွာသွားတာပါ။ သုံးရောင်ခြယ် အလံခေတ်က သမိုင်းအစဉ်လာလဲရှိ လူတွေလက်ခံခဲ့တဲ့ အတွက် အဲဒီအရောင်တွေကို ဦးစိန်းဝင်းတို့ရဲ့ NCGUB အလံအတွက်ရော၊အခုအလံသစ်အတွက်ရော စဉ်းစားခဲ့ပုံခြင်းတူခဲ့ကြတာ မဆန်းလောက်ပါဘူး။ ကြယ်ဆိုတာကလဲ လူမျိုးပေါင်းစုံ ပြည်နယ်ပေါင်းစုံနဲ့ဖွဲ့ထားတဲ့ နိုင်ငံတိုင်းမှာ ကြယ်တွေကို သုံးတာ ထုံးစံလိုပါ။ မဆလအလံခေတ်တုံးက တိုင်းနဲ့ပြည်နယ် ၁၄ခုကို ကိုယ်စားပြုပြီး ကြယ် ၁၄လုံးသုံးခဲ့တုံးက ဗမာလူမျိုးစု ရဲ့ ဝေစုက ကျန်တဲ့တိုင်းရင်းသားအကုန်လုံးရဲ့ ဝေစု စုစုပေါင်းနဲ့ တူနေတယ်လို့ အဝေဖန်ခံရတာက ရှောင်လိုတဲ့ အနေနဲ့ ကြယ်တလုံးတည်း သုံးတာလို့ ကြားရဖူးပါတယ်။ အဲဒီအတွေးအခေါ်ဟာ NCGUB မှာရော နအဖမှာရော ကြံကြံဖန်ဖန်သွားတိုင်ဆိုင်နေပုံပေါ်တယ်။ နအဖအတွက် ပိုပြောစရာဖြစ်တာက သူ့မဟာရန်သူတော် NCGUB ရဲ့လှုပ်ရှားမှုမှန်သမျှကို သိသယောင် အမြဲပြောနေရာက၊ ရန်သူသုံးနေတဲ့ အလံကျမှမသိပဲ ယူသုံးမိသလိုဖြစ်သွားတာဟ အတော်ဆိုးရွားလှတဲ့ တိုင်ဆိုင်မှုပဲ။
ရေးတာ သိပ်များသွားတဲ့အတွက် ၂) မြန်မာ လား ဗမာလား ဘာက အမှန်လဲ ဆိုတာကို အကျယ်မရှင်းတော့ပါဘူး စိတ်ဝင်စားသူများ အောက်ပါလင့်ကို လေ့လာကြပါ။ တခုပဲပြောပါ့မယ်၊ မြန်မာဆိုတာ ဗမာအပါအ၀င် တိုင်းရင်းသားအားလုံးကို ကိုယ်စားပြုတယ်ဆိုတာ အချက်အလက်အမှန်ကနေ ကင်းကွာပြီး လိုရာဆွဲပြောထားတာပဲဖြစ်ပေါင်ကြောင်း။
http://en.wikipedia.org/wiki/Names_of_Burma

Moe Tain Nyo October 29, 2010 at 8:55 AM  

Nanda: အခုလို စိတ်ရှည်လက်ရှည် ရှင်းပြတဲ့ အတွက် ကျေးဇူးပါ။ အရင်က မသိတဲ့ အချက် တော်တော်များများ သိသွားပါပြီ။

Visitors

About Me

  © Blogger template 'Perfection' by Ourblogtemplates.com 2008

Back to TOP