Sunday, December 20, 2009

လောကကြီးက အဲလောက် မရိုးရှင်းပါ

တစ်နေ့ ကျွန်တော် ရထားစီးလာရင်း Chinese Garden ဆိုတဲ့ မှတ်တိုင်မှာ ကုလား နှစ်ယောက် ဆင်းသွားတာမြင်တော့ တစ်ယောက် ထဲပြုံးမိပါသည်။ ဘာလို့လည်း ဆိုတော့ ငယ်ငယ်တုံးက အကြောင်းလေး တစ်ခုစဉ်းစား မိလို့ပါ။ ငယ်ငယ်တုန်းက အဖေနဲ့ ရထားစီးရင်း ကုလားကုန်း ဆိုတဲ့ ဘူတာမှာ တရုတ် နှစ်ယောက် ဆင်းသွားတော့ ‘အဖေ ကုလားကုန်းဘူတာမှာ ဘာလို့ တရုတ်နှစ်ယောက် ဆင်းသွားတာလဲဗျ’ လို့ မေးဖူးတယ်။အဖေက တော့ သူတို့ အဲဒီမှာ နေလို့ နေမှာပေါ့ကွယ်လို့ ဖြေခဲ့တယ်။ အဲဒီတုန်းက တကယ်ကို နားမလည်ခဲ့တာ အမှန်။ ဘယ့်နှယ့် ကုလားကုန်းပါဆိုမှ ဘာလို့ တရုတ်နှစ်ယောက် ဆင်းသွားရတာလဲပေါ့။

နောက်တော့ မှတဖြည်းဖြည်းနားလည်လာပါတယ်။ သြော် လောကကြီးက ဒီလောက် မရိုးရှင်းပါလား ဆိုတာပါ။ တော်တော်များများ ကိစ္စတွေက ကလေးတုန်းကလို တွေးလို့ မရပါလားဆိုတာ သဘော ပေါက်မိပါတယ်။
ဆရာ သစ္စာနီရဲ့ စာအုပ်တစ်အုပ်ထဲမှာ ဒီလိုရေးထားပါတယ်။ ‘ပန်းခြံထဲက နှစ်ယောက်ထိုင်ထိုင်ခုံ မှာ ကျွန်တော် တစ်ယောက်ထဲ ထိုင်နေမိပါသည်။ လောဘကြီးလွန်း၍ မဟုတ်ပါ။ ပန်းခြံထဲတွင် နှစ်ယောက်ထိုင် ခုံများသာ ရှိသော ကြောင့် ဖြစ်ပါသည်’ တဲ့။ တစ်နေ့က တစ်ယောက်ထဲ တက်စီ ငှားစီးရင်း အဲဒီစာသားလေးကို သတိရမိပါတယ်။ အင်းငါ လည်းလူငါးယောက်စီးလို့ရတဲ့ ကားကို တစ်ယောက်ထဲ စီးနေတာ လောဘကြီးလို့ မဟုတ်လောက် ပါဘူး ဟုကိုယ့်ကိုယ် ကို မဆီမဆိုင် နှစ်သိမ့်နေမိပါသည်။ ဘာလို့လဲဆိုတော့ တစ်ယောက် ထဲအိမ် ဆယ်လုံးပိုင်တဲ့သူတို့၊ ကားအစီးများစွာပိုင်တဲ့သူတို့ စသဖြင့် အများကြီး တွေ့နေရလို့ပါ။

တစ်ခါက ကျွန်တော်လည်း နိုင်ငံခြား တိုင်းပြည်တစ်ပြည်က လမ်းတို့၊ ဘူတာရုံတို့ ၊ ကားဂိတ်တို့ ရဲ့ဓါတ်ပုံတွေ ကို ကျွန်တော် တို့ မြို့က လူတစ်ယောက်ကို ပြတော့ သူကမေးတယ်။ အဲဒါ လူကြီးလာမှာမို့ ရှင်းထားတာလားဟင်တဲ့။ ကဲ သူ့အတွေးနဲ့ သူတော့ ဟုတ်နေတာပဲဗျာ။ သူကသူသိတာကို အခြေခံ ပြီးရိုးရိုးရှင်းရှင်းတွေးတာကို။ ဒါဖြင့် ခင်ဗျားတို့ဆီမှာ လူကြီး မလာရင် မရှင်းတော့ဘူးလားဗျာလို့ မေးတော့ သူကထူးဆန်းတဲ့ အကြည့်နဲ့ ကြည့်နေလေရဲ့။

တစ်ခါတစ်လေကျတော့ တကယ်ကို ရိုးရိုးရှင်းရှင်းတွေးလို့ မရဘူးဗျ။ ကျွန်တော်တော့ လိုက်မှီအောင် မနည်း ကြိုးစားရတယ်။ အကယ်၍လမ်းမှာ ယဉ်ထိန်းရဲတစ်ယောက် ပိုက်ဆံတောင်းနေပြီဆိုပါစို့။ လူတော်တော် များများကတော့ အဲဒီ ရဲသားကို မုန်းကြမယ်။ ဆဲကြမယ်။ နှာခေါင်းရှုံ့ကြမယ်။ အဲဒီ ယဉ်ထိန်းရဲ သားကို ကျွန်တော်နားလည်ပေးဖို့ကြိုးစား ကြည့်မိတယ်။ အော်သူ့ အတွက်တော့ သူများရဲ့ တံတွေးထွေးသံ က အိမ်က ကလေးငိုသံထက် ပိုပြီးနားဝင်ချိုလိမ့်မယ်လို့။

အခု ကိစ္စမှာ လည်းအဲလို အဖြစ်မျိုး ကြုံမိလို့ပါ။ ဒီလိုဗျ။
ကျွန်တော်တို့မှာ ဆွေးမျိုး နီးစပ်တော်တဲ့ ဦးလေးကြီးနဲ့ အန်တီကြီး ဆိုတာရှိပါတယ်။ သူတို့က တကယ်ကို လေးစားစရာကောင်းတဲ့ ဂုဏ်သရေရှိ မြန်မာလူကြီးတွေဗျ။ ဦးလေးကြီးဆို ရှပ်အကျီ လက်ရှည်နဲ့ ပုဆိုး ခပ်ကောင်းကောင်း အန်တီကြီးဆိုရင်လည်း ရင်ဖုံး အကျီနဲ့ ပါတိတ် ထမိန် အမြဲဝတ်တော့ သူတို့ကို မြင်လိုက်ရင် ပဲ အရမ်း ကျက်သာရေရှိတာပေါ့ဗျာ။ နှစ်ယောက်လုံး အမြဲ ပြုံးပြုံးနဲ့ စိတ်ဆိုးဒေါသ ထွက်တယ်ဆို တာဘယ်တော့မှ မတွေ့ရဘူး။ ကျွန်တော့်စိတ်ထဲမှာတော့ လူကြီးလူကောင်းဆိုတာ ဘာလဲဆိုတာ အဓိပ္ပယ်ဖွင့် မနေနဲ့ သူတို့နှစ်ယောက်ကိုလက်သာဆွဲပြလိုက်။ အဲလောက်ထိကို တွေးဖူးတယ်။ ကျွန်တော်တို့ အိမ်ကို သူတို့ မကြာခဏ လာလည်လေ့ရှိတယ်ဗျ။ တစ်ခါတော့ သူတို့ လာတဲ့ အချိန်မှာ အိမ်ကလူတွေက မြန်မာဇာတ်ကား ကြည့်နေကြတယ်လေ။ မင်းသားကဘယ်သူ လဲတော့ မမှတ်မိဘူး။ မင်းသမီးကတော့ ထက်ထက်မိုးဦး။ အဲဒီအထဲမှာ ထက်ထက်မိုးဦးက အိမ်ဖော်မလေး။ အိမ်ရှင်မိန်းမကြီးက နှိပ်စက်တဲ့ အခန်းရောက်တော့ လူတိုင်းက သနားကြတာပေါ့။ အန်တီကြီးနဲ့ ဦးလေးကြီး ဆို စုတ်တသတ်သတ်နဲ့ ပေါ့။ အမလေး ဆိုးလိုက်တာပေါ့။ အန်တီကြီးကို မျက်မှန်အောက်ကို တစ်ရှူးစလေး နဲ့တောင် သုတ်ရသေးတယ်။ ကျွန်တော်လည်း သူတို့ကို ကြည့်ပြီး သြော် ကမ္ဘာပေါ်မှာ ဒီလိုအရမ်း ပြည့်ဝတဲ့ လူတွေလည်း ရှိပါလားဆိုပြီး ပီတိတောင် ဖြစ်မိသေးတယ်ဗျ။ တိုတိုပြောရရင် တစ်ရက်တော့ဗျာ အကြောင်းကိစ္စတစ်ခုပေါ်လာ လို့ ဦးလေးကြီးတို့အိမ် ကျွန်တော်ရောက်သွားရော။ သူတို့က ထမင်းစားသွားပါဦး ဆိုလို့ ကျွန်တော်လည်း ထမင်းဝင်စားတာပေါ့။ ထမင်းစား ခန်းနဲ့ မီးဖိုနဲ့ ကတွဲရက်။ မီးဖိုထဲမှာ ဒန်အိုးစုတ်စုတ်လေး တစ်ခုနဲ့ မီးသွေးမီးဖိုသေးသေးလေး တစ်ခု ချထားတာတွေ့လို့ ကျွန်တော်လည်း မဆီမဆိုင် စပ်စုလိုက်မိတယ်။ အဲဒါ ဘာအတွက်လဲလို့။ သူတို့ပြောလိုက်မှ ကျွန်တော် အံ့သြ လွန်းလို့ ပါးစပ် အဟောင်းသား ဖြစ်သွားရတယ်။ အဲဒါ အိမ်က ခိုင်းတဲ့ ကောင်မလေး ကိုကျွေးဖို့ ဆန်ကွဲ ချက်တာတဲ့။ အဲဒီကောင်မလေးက တအား စားနိုင်တာလေတဲ့။ ဆန်ကောင်းကို မကျွေးနိုင်ဘူးတဲ့ဗျာ။ အဲဒီကျမှ ကျွန်တော် သဘောပေါက်မိပါတယ်။ သြော်သူတို့ သနားက ထက်ထက်မိုးဦးကိုး လို့။

အဲဒါကြောင့်ပြောတာ လောကကြီးက အဲလောက် မရိုးရှင်းဘူးလို့။ ဘယ်ဟာမဆို အပေါ်ယံ ပဲကြည့် ပြီး ဆုံးဖြတ်လို့ မရဘူး။ ကဲဗျာ ကျွန်တော်ရေးတာလည်း တကယ်ကို တောင်ရောက် မြောက်ရောက် ဖြစ်သွား ပြီ။ အင်္ဂလိပ်စကားပုံ တစ်ခုနဲ့ တော့ အဆုံး သတ်ပါရစေ။
Try to see the structure, than events. တဲ့ဗျ။

ဒီဇင်ဘာ ၂၀၀၉
မိုးတိမ်ညို

Monday, December 7, 2009

ကျွန်တော်လွဲခဲ့ ဖူးသော အကြောင်း (၂)

အရင်က ကျွန်တော်လွဲခဲ့ ဖူးသော အကြောင်း ကိုရေးခဲ့ ဖူးလို့ အခုတစ်ခါလွဲတာကို ကြတော့ (၂) လို့ ခေါင်းစဉ် တပ်လိုက်ပါရစေ။ ဒါပေမယ့် အရင်တစ်ခါလွဲတာကတော့ အချီကြီး ဒီတစ်ခါကတော့ သေးသေးလေးပါ။ လွဲခဲ့ ဖူးတယ်ဆိုတာ လေးပဲ ပြောချင်လို့ပါဗျာ။

အခုတစ်ခေါက်က ဒီလိုဗျ။ ကျွန်တော်တစ်ခါတော့ ကျွန်တော်တို့ ဆွေမျိုးနီးစပ်တွေရှိတဲ့ ရွာလေးတစ်ရွာကို သွားလည်ဖြစ်တယ်ဗျာ။ အဲမှာ ကိုထွန်းဆိုတဲ့ သူတစ်ယောက်ရှိတယ်။ သူက ကျွန်တော်နဲ့ ဆိုငယ်ငယ်ကတည်း ကအစ်ကိုလိုပဲ နေလာတာ။ ပြောမနာဆိုမနာပေါ့ဗျာ။ သူ့အိမ်မှာတည်း၊ ဟိုသွားဒီသွား၊ ဟိုလုပ်ဒီလုပ်။ အနားယူ။ သူချက်ကျွေးတဲ့ ရွာထမင်းဟင်းကို စား ဇိမ်ပဲဗျာ။ တစ်ရက်တော့ ကိုထွန်းကပြောတယ်။

‘ကဲမင်းရောက်တာလည်း ကြာပြီ ရွာဦးကျောင်းကို တစ်ခေါက်တော့ သွားကြဦးစို့’ တဲ့။

‘အင်းလေ သွားကြတာပေါ့’ ကျွန်တော်ကလည်း မဆိုင်းမတွ ပြန်ပြောလေသည်။

‘အေးမင်းကို မသွားခင်ကြိုပြောထားရဦးမယ်။ ကျောင်းထိုင်ဆရာတော် အကြောင်း’

‘ဘာအကြောင်းလဲဗျ’

‘ဆရာတော်က လာတဲ့ ဧည့်သည်တိုင်းကို မေးတဲ့ မေးခွန်းတစ်ခုရှိတယ်’

ကျွန်တော် စိတ်ဝင်စားသွားသည်။

‘ဘာမေးတာလဲဗျ’

‘ဆရာတော်က မင်းကို ကျောင်း အရှေ့ဖက်က အုန်းပင် နှစ်ပင် ပြလိမ့်မယ်။ တစ်ပင်က မြင့်ပြီး တစ်ပင်က နိမ့်နေတယ်ကွာ။ ပြီးတော့ မေးလိမ့်မယ်။ ဘယ်အုန်းပင် က အသက်ပိုကြီးသလဲလို့’

ကျွန်တော်နည်းနည်း နားရှုပ်သွားသည်။

‘ဘာဖြစ်လို့လဲဗျ။ မြင့်တဲ့ အုန်းပင်က အသက်ပိုကြီးမှာပေါ့’

ကိုထွန်းက တစ်ချက်ပြုံးလိုက်သည်။

‘အေး သူလိုချင်တဲ့ အဖြေက ဒါပဲကွ။’

‘ဘာလဲဗျ ခင်ဗျားက ရှင်းရှင်းလင်းလင်း ပြောစမ်းပါ’

ကျွန်တော်က စိတ်မရှည်သံ ဖြင့် မေးလိုက်လေသည်။

‘ဒီလိုကွ အဖြစ်က။ အဲဒီအုန်းပင်နှစ်ပင်က အရင် ကသူနဲ့ ပြိုင်ဖက်ဦးဇင်း တစ်ပါးနဲ့ တစ်နေ့ထဲ တစ်ချိန်ထဲ စိုက်ထားတာကွ။ ဒီလိုနဲ့ ဘယ်လိုဖြစ်တယ် မသိပါဘူးကွာ။ အခု ကျောင်းထိုင်ဆရာတော် စိုက်တဲ့ အပင်က မြင့်ပြီးတော့ ဟိုဦးဇင်း စိုက်တဲ့ အပင်က နိမ့်နေတာ’

‘အဲဒီတော့’ ကျွန်တော် စကားထောက်ပေးလိုက်သည်။

‘အဲဒီတော့ ကွာ မင်းက မြင့်တဲ့ အုန်းပင်က အသက်ပိုကြီးတယ်လို့ ဖြေလိုက်ရင် ဆရာတော်က အရမ်း သဘောကျပြီး ဒကာရဲ့ ဒီအုန်းပင် နှစ်ပင်က တစ်နေ့တည်း တစ်ချိန်ထဲ စိုက်တာကွဲ့ ဒီဘက်က ပိုမြင့် တဲ့ အပင်က ကျုပ်စိုက်တဲ့ အပင်။ ဟိုဘက်က နိမ့်တဲ့ အပင်က တခြားဦးဇင်းစိုက်သွားတာကွဲ့ လို့ ပြောလိမ့်မယ်။ အဓိကကတော့ကွာ သူ့ ဘုန်းတန်ခိုးက ဟိုဦးဇင်းထက် သာလို့ သူစိုက်တဲ့ အုန်းပင်က ပိုမြင့်တယ်လို့ ပြောချင် တာဟေ့ ရှင်းပြီလား’

‘အော် ဒီလိုကိုး’

ကျွန်တော် အခုမှာ သဘောပေါက်သွားသည်။ ကိုထွန်းက ဆက်ပြောသည်။

‘အေး ငါသေချာမှာ ထားမယ် ဆရာတော်ကို အလိုက်အထိုက်ပြော။ အဲဒီ ဆရာတော်က စိတ်ကြီးတယ်။ ကဲ သဘောပေါက်ရင်သွားကြမယ်။ ဒီနေ့ အိမ်မှာ ဘာမှ မချက်ဘူး ကျောင်းက စားပြန်မယ်’

ဒီလိုနဲ့ တိုတိုပြောရရင် ကိုထွန်းနဲ့ ကျွန်တော် ရွာဦးကျောင်းကို ရောက်သွားရောပေါ့ဗျာ။ ကိုထွန်းက ကျွန်တော့်ကို ဆရာတော်နဲ့ မိတ်ဆက်ပေး စကားစမြည်ပြောကြတာပေါ့။ ခဏနေတော့ ကိုထွန်းပြောတဲ့ အတိုင်း ကွက်တိပဲဗျာ။ ဆရာတော်က ဒကာ ကျောင်းရှေ့ဖက်ကို ခဏလိုက်ခဲ့တဲ့။ အဲလိုပြောတော့ ကိုထွန်းက လှမ်းပြီး မျက်စပစ်ပြတယ်။ ကိုထွန်းနဲ့ ကျွန်တော်ဆရာတော်နဲ့ ကျောင်းရှေ့ဖက်ကို ရောက်တော့ ဆရာတော်က ကိုထွန်းပြောထားတဲ့ အုန်းပင် နှစ်ပင်ကို လက်ညှိုးထိုးပြပြီး

‘ဒကာ ဒီအုန်းပင် နှစ်ပင် ဘယ်အပင်က အသက်ကြီးသလဲကွဲ့’

အဲဒီမှာ ပြဿနာက စတော့တာပဲ။ ကျွန်တော်ကလည်း ဘုဂလန့်ကောင်။ မပြောနဲ့ ဆိုမှ ပြောချင်တာလေ။
‘တစ်ပည့်တော် အထင်တော့ အတူတူပဲ လို့ထင်တယ်ဘုရား’ ကျွန်တော့် ပါးစပ်က လွတ်ခနဲ ထွက်သွားလေ သည်။

ဆရာတော် မျက်နှာ တည်သွားလေသည်။ ကိုထွန်းက ကျွန်တော့်ကို လက်လှမ်းကုတ်လေသည်။

‘ဘာလို့လဲကွ ဒကာရ’

‘ဒီလိုပါ ဘုရား တပည့်တော်တို့ ဦးလေးက အုန်းခြံစိုက်တာလေ။ အဲဒီတော့ အုန်းပင် အကြောင်း ကို သိနေလို့ပါဘုရား။ အုန်းပင် နှစ်ပင် ကမျိုး မတူဘူးဘုရား တစ်ပင်က အပင်ပုမျိုး တစ်ပင်က အပင်မြင့် မျိုးလေ။ ပင်စည်ကို ကြည့်တာနဲ့ တပည့်တော်က သက်တမ်း အတူတူလောက်ပဲ ဆိုတာ မှန်းလို့ ရတယ်ဘုရား’

ကျွန်တော်လည်း မထူးတော့ ဟုသဘောထားက ပါးစပ်ထဲ တွေ့ကရာ လျှောက်ပြောလိုက်လေသည်။
ဆရာတော်က စိတ်ရှုပ်ဟန်ဖြင့် မေးသည်။

‘ဟုတ်ရဲ့ လားဒကာရဲ့’

‘တင့်ပါ့ဘုရား ဒီဖက်က အပင်ပုမျိုး ဟိုဖက်က အပင်မြင့်မျိုးပါဘုရား’

ဆရာတော်က

‘အိမ်းဒီလိုလား ကျုပ်တို့တော့ မကြားဖူးပေါင်’

ဟုဆိုကာ ချာခနဲ့ လှည့်ပြီး ကျောင်းပေါ်တက်သွားလေသည်။ ကိုထွန်းက ကျွန်တော့်ကို မျက်နှာ အမူအရာ နှင့် လှမ်းငေါက်လေသည်။ ကျွန်တော်ကတော့ ကိုပြောချင်တာ ပြောလိုက်ရသဖြင့် ပြုံးပြုံးကြီး လုပ်နေလိုက်သည်။
သို့သော် အကျိုးဆက်မှာကား ထမင်းစားချိန်ရောက်သော်လည်း ကျွန်တော်တို့ကို မည်သူကမှ ထမင်းစား မခေါ်ပါ။ ကပ္ပိယကြီးနှင့် ကိုရင်လေးများ ရှိသော်လည်း ဆရာတော်က ဒကာနှစ်ယောက်ကို ထမင်းကျွေးလိုက် ဦးဟု မိန့် လည်း မမိန့် စိတ်ခုသွားမှန်းလည်း သိသဖြင့် မည်သူမှ မခေါ်ရဲသော ကြောင့် ဖြစ်လေသတည်း။

ကိုထွန်းကတော့ အပြန်ခရီးတွင် တစ်ဗျစ်တောက်တောက် ပြောလာပါသည်။

‘ငါသေချာပြောထားရက်နဲ့ကွာ မင်းကတော့’

ကျွန်တော်က စောဒကတက်လိုက်သေးသည်။

‘ဟာဆရာတော်ကြီးပဲဗျ။ သည်းခံရမှာပေါ့’

‘တခြားကိစ္စတော့ သည်းခံချင်ခံမှာပေါ့ကွ’

‘အခုဟာ ကဘာဖြစ်နေလို့လဲဗျ’

‘ဟာ အခုဟာက မင်းက သူ့ဟာသူမြှင့်ထားတဲ့ ဘုန်းကံကိုသွားဆွဲချတာကိုကွ’

ဟုပြောက ကိုထွန်း ရှေ့က ထွက်သွားလေသည်။ ကိုထွန်းပြောတော့ လည်း ဟုတ်သလိုလို။ သူ့ဟာ သူတစ်ချိန်လုံး မြင့်နေတဲ့ ဘုန်းကံက ကျွန်တော်ပြောလိုက်တဲ့ အုန်းပင် အမျိုးအစားကြောင့် ကျသွားသလို ဖြစ်သွားသကိုးဗျ။

အဲ နောက်ဆုံး ရလာဒ် ကတော့ အဲဒီနေ့က ကိုထွန်းအိမ်မှာ ကြက်ဥကြော်နှင့် သာ ထမင်းစားခဲ့ရခြင်း ဖြစ်လေသည်။

အခုတစ်ခါတော့ ကျွန်တော် ပါးစပ်ဆော့မိ၍ ဆရာတော့် ကျောင်းမှ ထမင်းဝိုင်းနှင့် လွဲခဲ့ရသည် ပေါ့ဗျာ။

မိုးတိမ်ညို
ဒီဇင်ဘာ ၂၀၀၉။

Sunday, December 6, 2009

အမေ မသိသေးသော အကြောင်းများ

မဂ္ဂဇင်း ကာတွန်းတစ်ခုထဲမှာ ဒီလိုဖတ်ဖူးပါတယ်။ မိန်းမနှစ်ယောက် ဈေးက အပြန်လမ်းမှာတွေ့တော့ တစ်ယောက်ကနောက်တစ်ယောက်ကို ပြောနေတာ။

‘ကျွန်မအမျိုးသားက နိုင်ငံခြားမှာ အလုပ်လုပ်နေတာလေ။ သားက လည်း နိုင်ငံခြားမှာပဲ။ သမီးကတော့ အဲဒီမှာ ပဲကျောင်းတက်နေလေရဲ့’
‘ဟင် ဒါဆိုရှင်က ဘာလို့ လိုက်မသွားတာလဲ’
‘အဟင်း ကျွန်မကကြွားခြင်လို့ နေခဲ့တာလေ’ တဲ့။

အဲဒီ ကာတွန်းလေးက အမေပြောပြတာပါ။ အမေကတော့ ဟုတ်မှာပေါ့လေ။ ဒါပေမယ့် အမေမသိသေးတာ တွေ အများကြီးရှိပါသေးတယ်။

‘ဟုတ်တယ် နိုင်ငံခြားမှာ လမ်းတွေတအား ကောင်းတာတဲ့။ တစ်မြို့လုံးလည်း သန့်ရှင်းနေတာပဲတဲ့။ လျှပ်စစ် မီးဆိုတာတော့ ပြောစရာကို မရှိဘူးတဲ့’

အမေကတော့ မိတ်ဆွေတွေနဲ့ တွေ့တိုင်း အဲလိုပြောလေရဲ့။ ဒါပေမယ့် အမေပြောပြောနေတဲ့ နိုင်ငံခြားမှာ တစ်အား ကောင်းနေတာတဲ့ ဆိုတာ ကျွန်တော်ကတော့ လက်မခံဘူးအမေ။ တစ်ကယ်တော့ နိုင်ငံခြားက တစ်အားကောင်းဒါမဟုတ်ဘူးဗျ။ ဒါတွေက ပုံမှန်ပဲ။ ကတ္တရာလမ်း ချိင့်ခွက်မရှိတာ ကို တကားကောင်းတယ် လို့ ပြောလို့ရမလား။ လမ်းဘေးတွေမှာ အမှိုက်မရှိတာရော တအားကောင်းနေတာလား။ လျှပ်စစ်မီး ခလုတ်ဖွင့် လိုက်တိုင်း ရှိနေတာကရော။ Bus ကားတွေ မြို့ပတ်ရထားတွေ အချိန်မှန်နေတာကရော အထူး အဆန်းလားပဲလား။ ကျွန်တော်ကတော့ အဲဒါကို အရမ်းကောင်းနေတယ်လို့ မယူဆဘူး အမေ။ ဒါတွေက ပုံမှန်လေ။ တစ်ကယ်တော့ ကျွန်တော်တို့ဆီက ပုံမမှန်ဖြစ်နေတာ။ အဲဒါကြောင့် နိုင်ငံခြား တစ်အား ကောင်းနေတယ်လို့ ပြောရင် သိပ်ဘ၀င် မကျဘူး အမေ။ နိုင်ငံခြားက ပုံမှန် ကျွန်တော်တို့ဆီက ပုံမမှန်။

သူတို့ဆီမှာ ရုပ်ဝတ္ထုပစ္စည်းတိုးတက်မှု့ကတော့ ထိပ်ပဲလေ။ ဒါပေမယ့် ကျွန်တော်တော့ ဒီမှာ အရမ်းပျော်နေပြီ။ သူတို့ နဲ့ တစ်သားထဲကျနေပြီ။ အင်တာနေရှင်နယ် စတန်းဒက် ဖြစ်နေပြီလို့ အမေထင်ရင်တော့ အမေ မှားသွား ပြီ အမေရေ။ ကျွန်တော်ဆိုတဲ့ ကောင်က အမေ့အိမ်ကို ပြန်လာဖို့ပဲ အမြဲတွေးနေတဲ့သူလေ။ မလာနဲ့ ဒီမှာ နေပူ၊ ဖုန်ထူ၊ ခြင်ကိုက်၊ မီးပျက် လို့တော့ ကျွန်တော့်ကို မပြောပါနဲ့ အမေ။ ကျွန်တော်က အဲယားကွန်းခန်း ကိုမုန်းလို့ နေရောင်ခြည်လေး လိုချင်နေတဲ့သူ၊ လေအဝေ့မှာ ဖုန်နံ့လေးရှူနေရတာကို air fresher နံ့ထက်ပို ကြိုက်တဲ့သူ၊ အမှောင်ထဲမှာ ထိုင်ပြီး ယက်တောင်လေးနဲ့ ခြင်ရိုက်ပြီး စကားပြောရတာကို ပို သဘောကျနေတဲ့ သူဆိုတာ အမေမသိပါဘူးလေ။

တစ်ချို့ကတော့ ပြောကြတယ်။ နိုင်ငံခြားမှာက အရည်အချင်းရှိဖို့ပဲ အရည်အချင်းရှိရင် အားလုံးတန်းတူပဲတဲ့။ အခုကမ္ဘာကြီးက Globalization ဖြစ်နေပြီတဲ့။ နေရာဒေသလေးတစ်ခုကို စွဲလမ်းနေလို့ မဖြစ်ဘူးတဲ့။ ရေကြည် ရာမြက်နုရာမှာ တိုးတက်အောင်နေရမှာပဲတဲ့။ တစ်ခုတော့ မေးပါရစေ။ ကမ္ဘာကြီးက တစ်ကယ့်ကို ကမ္ဘာ့ရွာကြီး ဖြစ်နေပြီလား။ လူမျိုးရေး ခွဲခြားမှု့တွေ မရှိတော့ဘူးလား။ ကျွန်တော့်မေးခွန်းကို သေချာဖြေကြည့်ပါ။ အမေရေ ကျွန်တော်တော့ ကမ္ဘာကြီးက နည်းပညာတစ်ခုကလွဲလို့ ဘယ်နေရာမှ တကယ် Globalize မဖြစ်သးဘူးလို့ ထင်တယ် အမေ။ ကျွန်တောတို့လို နိုင်ငံက လာတဲ့သူတွေကို ရုပ်ဝတ္ထုပစ္စည်း တိုးတက်နေတဲ့ နိုင်ငံတွေက သူတွေက (လူများစုပါ။ လူအားလုံးကို မဆိုလိုပါ) ဘယ်လိုမြင်တယ်ဆိုတာ့ အမေမသိသေးပါဘူးဗျာ။ ဒါတွေထားလိုက်ပါတော့။ အသေးစိတ်တွေ ပြောပြနေရင် အမေစိတ်မကောင်းဖြစ်နေမှာ။

တစ်ခါတစ်လေကြတော့ ကိုယ့်ကိုကိုယ် စက်ရုပ်တစ်ခုလိုထင်လာမိတယ်။ အလုပ်လုပ်နေတာ တစ်ကယ်ကို ထမင်းစားဖို့အတွက်လိုဖြစ်နေလို့ အမေ။ အရင်တုန်းက အမေ့အိမ်မှာ နေရင်းအလုပ်လုပ်ရတာကု အဓိပ္ပာယ် လေးတစ်ခုခု ရှိနေသလိုပဲ အမေ။ အခုတော့ ဘာမှ အဓိပ္ပယ် မရှိသလိုပဲ။ ကိုယ့်နိုင်ငံမှာ လုပ်တာကမှ ကိုယ့်လူမျိုး ကိုယ့်မွေးရပ်မြေအတွက် ဟုတ်ဟုတ် မဟုတ်ဟုတ် တစ်ခုခုတော့ အကျိုးရှိဦးမယ် အမေ။ ကျွန်တော့် ကိုလူမျိုးရေး အမြင်ကျဉ်းတယ်လို့ ပြောရင်းလည်း ကျေကျေနပ်နပ်ကြီး ခံပါမယ်ဗျာ။ အဲလောက် နိုင်ငံနဲ့ လူမျိုးကို ချစ်နေရင် ဘာလို့ထွက်လာသေးလဲကွာကို အပြစ်တင်မစောပါနဲ့။ လူ့ဘ၀မှာ လူတန်းစေ့ လေးတော့ နေချင်တယ်လေ။ အင်း ခက်တာက အခုလိုနေနိုင်စားနိုင်အောင် အမေ့အိမ်က မှာ နေပြီး ကျွန်တော် မရှာနိုင်ဘူး အမေရေ။ ကျွန်တော်ကပဲ ညံ့လွန်းလို့ပဲလား။ ရေကြည်ရာ မြက်နုရာဆိုရင် ကျွန်တော်တို့ဆီမှာ ရေတွေနောက်နေလို့လား။ မြက်တွေကခြောက်နေလို့လား။ ကျွန်တော် မစဉ်းစား တတ်ဘူးအမေရေ။
အမေမသိသေးတာတွေ အများကြီးရှိပါသေးတယ်ဗျာ။

ဥပမာ ဒစ်ဂျစ်တယ် နိုးစက်သံက ဘယ်လောက်မုန်းစရာကောင်းတယ် ဆိုတာ အမေခံစားဖူးမှ သိလိမ့်မယ် အမေ။ အမေတို့ဆီမှာ လူတွေ ဂုဏ်ယူဝင့်ကြွားစွာကိုင်နေတဲ့ ဟန်းဖုန်းဆိုတာ ကျွန်တော့် အတွက်တော့ နွားခလောက် တစ်လုံးနဲ့ ဘာမှ မထူးဆိုတာ အမေ မသိပါဘူး အမေ။ ဒီမှာ ရုပ်ဝတ္ထုပစ္စည်းအရ အများကြီးကောင်းတယ် ဆိုတာတော့ ကျွန်တော် မငြင်းပါဘူးအမေ။ ဒါပေမယ့်ဗျာ စာရေးဆရာတစ်ယောက် ပြောဖူးသလိုပေါ့။

‘ငှက်လှောင်အိမ်ကြီးကိုပဲ ဆေးသုတ်ပြီး အထဲက ငှက်ကလေးကို အစာမကျွေးရင် ဘာအဓိပ္ပာယ်ရှိမှလဲ’ တဲ့။

ဒီမှာတော့ ရွှေပိန်းချလှောင်အိမ်ကြီးတွေ ထဲက ပိန်လှီနေတဲ့ ငှက်ကလေးတွေ အများကြီး တွေ့ခဲ့ရလို့ အဲလိုတော့ မဖြစ်ချင်ဘူးအမေရေ။

ကျွန်တော်ကတော့ အချိန်တန်ရင် အမေ့အိမ်ကို ပြန်လာနိုင်အောင် ကြိုးစားနေတာ။ အမေရေ။ ငါ့သားက နိုင်ငံခြားမှာ အရမ်းအဆင်ပြေနေတာလို့ မကြွားပါနဲ့တော့ ဗျာ။ ငါ့သားက အမေ့အိမ်ကို တအားခင်တွယ်တာ လို့ပဲ ကြွားလိုက်စမ်းပါ။

အခြေအနေ တစ်ခုရောက်ရင် ကျွန်တော်ပြန်လာမှာပါအမေ။ ဘာအခြေအနေလဲလို့ တော့ မမေးပါနဲ့ အမေ။ အခြေအနေတစ်ခုပေါ့။…....

မိုးတိမ်ညို
ဒီဇင်ဘာ ၂၀၀၉

Friday, December 4, 2009

ကျွန်ုပ်ကြည်နူးလိုက်ပုံမှာ ပြောဖွယ်ရာမရှိချေ

‘၀က်သားကင်များစားဖြစ်သော အခြေအနေသို့ရောက်သည်နှင့် တစ်ပြိုင်နက် ကိုဝင့်မော်သည် နာရေးဖျားရေးအတွက် ဆေးဝါးအဖြစ် ယူဆောင်လာခဲ့သည့် အိက္ကရှော ဘရန်နီတစ်လုံးကိုထုတ်လေသည်။ ကျွန်ုပ်ကြည်နူးလိုက်ပုံမှာ ပြောဖွယ်ရာမရှိချေ။’ ဆရာကြီးရွှေဥဒေါင်း (တစ်သက်တာမှတ်တမ်းနှင့် အတွေးအခေါ်များ)

ဆရာကြီးရွှေဥဒေါင်း၏ အထက်ပါ စာပိုဒ်ကို ဖတ်ပြီး လှိုက်လှိုက်လှဲလှဲ ပြုံးမိပါသည်။ သြော်ဆရာကြီးနဲ့ ကြံဖန်ပျော်တတ်ပါလားဟု ထင်မိပါသည်။ သေချာတွေးကြည့်လိုက်တော့ ဆရာကြီးရွှေဥဒေါင်းက လက်ရှိအချိန်ကို ကျေနပ်အောင် နေတတ်ပါလားဟု သဘောကျမိပါသည်။ ထိုစာပိုဒ်ကို ထပ်ခါထပ်ခါ ပြန်ဖတ်ကြည့်တော့ ဆရာကြီး၏ ကြည်နူးမှု့က ကျွန်တော်ထံသို့ပင် ကူးစက်လာသည်ဟု ခံစားမိပါသည်။
ကျွန်တော်လည်း အဲလိုကြည်နူးချင်လိုက်တာ။ အဲလို ကြည်နူးမှု့ ခံစားရသည့် အချိန်မှာ ကျွန်တော့် အတွက်တော်တော်ရှားပါးနေလေသည်။ ကြည်နူးစရာ တွေမရှိများမရှိလို့လား။ ကိုယ် ကိုယ်တိုင်ကပဲ မခံစားတတ်လို့လား။ မေးခွန်းထုတ်ကြည့်တော့ ကိုယ်တိုင်ကိုက မခံစားတတ် လို့ ဖြစ်သည် ဟူသော အဖြေရပါသည်။ အင်္ဂလိပ်စကားတစ်ခုလည်း ကြားဖူးပါသည်။ Relish the moment တဲ့။ လက်ရှိအချိန် ကိုခံစားပါလို့ အနီးစပ်ဆုံး ဘာသာပြန်လို့ရမည်ဟု ထင်ပါသည်။ ဟုတ်တယ်ဗျ။ အခုအချိန်မှာ ဘာလုပ်နေနေ အဲဒီဟာလေးကို ခံစားနိုင်ရင် စိတ်ချမ်းသာမှာပဲ။

အဲဒီတော့ ကျွန်တော့် သူငယ်ချင်းများကို ထိုအကြောင်း ပြောပြပြီး မေးကြည့်မိသည်။ သူတို့ရော အဲလိုမျိုး ကြည်နူးမှု့မျိုးကို မကြာမကြာရဘူးလားလို့။

တစ်ယောက်က အောက်ပါအတိုင်းပြောလေသည်။

‘မနက်ခင်းစောစော အိပ်ယာမှ နိုးနိုးခြင်း လက်ဖက်ရည်ဆိုင်သို့ ထွက်လာပြီး တစ်နေရာမှာ ကျကျနနထိုင်ကာ လက်ဖက်ရည် ကျကျတစ်ခွက်ကို မှာလိုက်ပါသည်။ စာပွဲထိုးကလေးယူလာပေးသော လက်ဖက်ရည်သည် အငွေ့ တစ်ထောင်းထောင်းထနေပြီး မလှိုင်ဖတ်ကလေးများပင် ဝေ့နေသည်ကို တွေ့ရလေသည်။ ကျွန်နုပ် ကြည်နူးလိုက်ပုံမှာ ပြောဖွယ်ရာ မရှိတော့ချေ။’

သူဟာနဲ့သူတော့လည်း ဟုတ်နေတာပဲ။ နောက်တစ်ယောက်ကလည်း အားကျမခံပြောလေသည်။

‘ပျင်းရိငြီးငွေ့ဖွယ်ကောင်းသော အားလပ်ရပ်တစ်ရက်တွင် မဆုံဖြစ်တာကြာပြီဖြစ်သော မိတ်ဆွေတစ် ယောက်မှ ဘီယာဆိုင်တွင် ဆုံရန်ဖုန်းဆက်ချိန်းလေသည်။ ကျွန်ုပ်ကြည်နူးလိုက်ပုံ မှာ ပြောဖွယ်ရာ မရှိတော့ ချေ။’
နောက်တစ်ယောက်ကတော့ ထူးထူးခြားခြား ဆရာကြီး ရွှေဥဒေါင်းနှင့် ဆရာမင်းသိင်္ခ ကိုပေါင်းပြီး ပြော လေသည်။

‘ကျွန်ုပ်မောင်….. သည် မာဒီးနီဆိုသော အီတာလျှံလုပ်ဖိနပ်ကိုစီးပြီး ဂျော်ရန်းနိုးဟု တွင်သော ကျောပိုးအိတ်ကိုလွယ်ကာ စင်ကပူရဟူခေါ်တွင် သောခြင်္သေ့ နိုင်ငံသို့ အသက်မွေးမှု့အလုပ် အကိုင်တစ်ခု ရှာဖွေရန် ခရစ်သက္ကရာဇ် ၂၀၀၇ ဒီဇင်ဘာလတွင် မြန်မာနိုင်ငံလေဆိပ်မှ ပိုးသားလေကြောင်းဟု ခေါ်သော ဆင့်အဲယား လေယာဉ်ပျံ ကြီးဖြင့်ထွက်ခွာခဲ့လေသည်။ အနှီလေယာဉ်ပျံပေါ် တွင်ကျွေးမွေး သောစားသောက်ဖွယ် ရာများမှာ ကောင်းမွန်သည်ကတကြောင်း နိုင်ငံခြားငွေ များစွာပေး ၍၀ယ်ထားသော လေယာဉ်လက်မှတ်ဖိုး တန်ပါစေတော့ဟုမှတ်ယူသည် ကတစ်ကြောင်းတို့ကြောင့် ကျွန်ုပ်မှာ ဗိုက်ကားအောင်စားသုံးလိုက် သဖြင့် နှစ်နှစ်ချိုက်ချိုက် အိပ်မောကျသွားလေရာ စင်ကပူရနိုင်ငံ သို့လေယာဉ်ပျံ ငြိမ့်ခနဲ ဆိုက်ရောက်မှသာ နိုးလေတော့သည်။ စင်ကာပူရမြေပေါ်သို့ ရောက်ရှိပြီး အင်မီကရေးရှင်း ဟုခေါ်သော လူအ၀င်အထွက် စစ်ဆေးရေးဂိတ်တွင် အစစ်အဆေးခံရန် ခေတ္တမျှစောင့်ဆိုင်းရသည်။ကျွန်ုပ်၏ အလှည့်သို့ ရောက်လတ်သော် ကျွန်ုပ်က အသင့်ပါလာသော စာရွက်စာတမ်းများ ကို ပေးလိုက်ရာ ထိုအရာရှိမှ တိကျစွာစစ်ဆေးပြီး အသင်မည်သည့် ကိစ္စနှင့်လာရောက်သနည်းဟု အဓိပ္ပယ်ရသော မေးခွန်းကို အင်္ဂလိပ်ဘာသာစကားဖြင့် မေးရာ ကျွန်ုပ်ကလည်း အလွန်ပီသစွာသော အင်္ဂလိပ်ဘာသာ စကားဖြင့် လာရောက်လည်ပတ်သည်ဟုဖြေ လိုက်ရာ ထိုအရာရှိမှ တစ်ချက်မျှသာ မော့ကြည့်ပြီး ၀င်ရောက်ခွင့်ပြုသည်ဟူသော အဓိပ္ပာယ်ပါရှိသည့် ရာဘာတံဆိပ်တုံး ကို ဒုံးခနဲ့မြည်အောင် ထုချလိုက်လေတော့ သတည်း။ ကျွန်ုပ်ကြည်နူးလိုက်ပုံ မှာပြောဖွယ်ရာ မရှိတော့ချေ’ တဲ့ဗျာ။

ကဲဘာရယ် မဟုတ်ပါဘူးဗျာ။ စိတ်ညစ်စရာတွေရှိနေရင် ကြည်နူးစရာလေး စဉ်းစားကြည့်ရအောင် ဟိုရောက် ဒီရောက် လျှောက်ရေးလိုက်တာပါ။ ပေါကြောင်ကြောင် ဖြစ်နေရင်လည်း ဆောရီးပါပဲဗျာ။
မိုးတိမ်ညို
ဒီဇင်ဘာ ၂၀၀၉

Monday, November 30, 2009

MRT စီးခြင်း အနုပညာ

MRT စီးခြင်း အနုပညာ ဟုဆိုသဖြင့် ကြီးကြီးကျယ်ကျယ်တော့ မဟုတ်ပါ။ MRT စီးရင်း တွေးမိသည်များကို ချရေးထားခြင်းသာ ဖြစ်ပါသည်။ ကျွန်တော် MRT စီးသွားဖြစ်သည့် အချိန်များတွင် MRT ပေါ်တွင် တွေ့ရသော လူအမျိုးမျိုးကို ဟိုငေးဒီငေး ငေးရင်းဖြင့်သော်လည်းကောင်း၊ ငိုက်မြည်းလျှက်သော် လည်ကောင်း၊ သီချင်းတစ်ပုဒ်ပုဒ်နားထောင် လျှက်သော် လည်းကောင်း စီးလေ့ရှိပါသည်။ MRT ပေါ်တွင် တွေ့ရသော လူများမှာလည်း အမျိုးမျိုးအထွေထွေ၊ အသက်ကြီးသူ ငယ်သူ မိန်းမ ယောက်ကျား တစ်ချို့ကသုတ်သုတ် သုတ်သုတ် တစ်ချို့က လေးလေးပင်ပင် တစ်ချို့က စကားဖောင်ဖွဲ့လျှက် တစ်ချို့က တိတ်တိတ်ဆိတ်ဆိတ်။ MRT ပေါ်တွင် ယျေဘူယျ ကြည့်ပါက မတ်တပ်ရပ်လျှက် စီးသူများသည် ထိုင်စီးသူများထက် ပိုများပါသည်။ ထိုင်ခုံ အရေအတွက်မှာ နည်းသောကြောင့်ဟု ထင်ပါသည်။

ကျွန်တော်အနေနှင့်တော့ MRT ကို ထိုင်စီးသည်မှာ အလွန်နည်းပါသည်။ ဒါလည်း ကိုယ့်အကြောင်းနှင့်ကိုယ် သာဖြစ်ပါသည်။ အမြဲတမ်းထိုင်နေရသော အလုပ်လုပ်ရသဖြင့် အပြင်ထွက်သည့်အခါလေးတွင် မတ်တပ်ရပ် လျှက် နေချင်သည်။ ထို့အပြင် MRT ပေါ်တွင် ထိုင်စရာနေရာရဖို့ဆိုသည်မှာ အခြားသူများနှင့် အနည်းနှင့် အများတော့ လုရသည်သာဖြစ်သည်။ ထိုသို့လည်း နည်းနည်းလေးမှ လုချင်စိတ်က မရှိ။ ၄င်းအပြင် မိမိထက် ပို၍ ထိုင်ရန်လိုအပ်သော သူများကိုလည်း ထိုင်ပါစေတော့ ဟူသော စေတနာ လည်းရာနုန်း တော်တော်များများ ပါ သည်ဟု ထင်ပါသည်။ တစ်ချို့တွေ့ရသောသူများကတော့ MRT ပေါ်ရောက်သည်နှင့် ထိုင်ရမည့်နေရာကို မျက်လုံးဒေါက်ထောက်ပြီးရှာကြပါသည်။ နေရာတစ်ခုလောက်လွတ်ရင်း လျှပ်ပျက်သလို အမြန်နုန်းနှင့် စွေ့ကနည်း ၀င်ထိုင်တတ်ကြပါသည်။

ဒီနေ့ MRT စီးတော့ သန့်သန့်ပြန့်ပြန့် ၀တ်စားဆင်ယဉ်ထားသော လူလတ်ပိုင်း အရွယ်တစ်ဦးကို သတိထားမိပါသည်။ သူက ရထားပေါ် စတတ်လာကတည်းက ထိုင်ရန်နေရာကို မျက်လုံးဒေါက်ထောက်ကာ ဦးရန် ပြင်နေပါသည်။ စရပ်ကတည်းက ထိုင်ခုံများရှိရာနေရာ အနီးတွင် အသင့်အနေအထား နှင့်ရပ်နေပါသည်။ သူ့ပုံစံကြည့်ရသည်မှာ တာထွက်တော့ မည့် အပြေးသမားကဲ့သို့ အသင့်ရှိနေပါသည်။ ကျွန်တော်နှင့်တော့ ဆန့်ကျင်ဘက်ဖြစ်ပါသည်။ ကျွန်တော်ကတော့ လူရှုပ်သည့် ထိုင်ခုံများနှင့် ခပ်ဝေးဝေး ချောင်တစ်ချောင်တွင် သာ ခပ်ဆိပ်ဆိပ်ရပ်လျှက် စီးပါသည်။ မည့်သည့်ထိုင်ခုံကိုမှလည်း ဦးရန်စိတ်ကူး မရှိသောကြောင့် ဖြစ်သည်။

ကျွန်တော်သူ့ကို သာသတိထား ကြည့်မိနေပါသည်။ ခဏကြာသော် သူ့ရပ်နေသော နေရာ အနားမှ လူတစ်ယောက်ထသွားတော့ သူက ထိုထိုင်ခုံကို အလျှင် အမြန်ဝင်ထိုင်လိုက်ပါသည်။ ကျွန်တော်သူ့ကို ကြည့်ပြီး ပြုံးမိပါသည်။ သြော် ဒီနေရာလေး ခဏထိုင်ဖို့ အတွက် ဒီလောက်တောင် ကြိုးစားရသလားပေါ့။ ခဏနေတော့ ကျွန်တော့် အထင်နည်းနည်းမှားသွားသည်ဟု ထင်မိပါသည်။ အဘယ်ကြောင့်ဆိုသော် ဘူတာ တစ်ခုတွင် ဘွားဘွားတစ်ဦးတက်လာတော့ သူက ရုတ်တရက် ထပြီး ထိုဘွားဘွားကို နေရာ အလျှင် အမြန်ပေးပါသည်။ ဒီလိုဆိုတော့ လည်း ဘယ်ဆိုးလို့တုံး ဟု ကျွန်တော် တွေးမိပြန်သည်။

အတန်ကြာတွင် ဘူတာတစ်ခုတွင် ထိုဘွားဘွားဆင်းသွားတော့ သူက ထိုနေရာကို အလျှင် အမြန်ပြန်ဦးပြန်ပါသည်။ ထိုဘွားဘွားကတော့ သူ့ကို ကျေးဇူး ကျေးဇူး ဟု တစ်ဖွဖွပြောရင်း ဆင်းသွားပါသည်။ခဏကြာတော့ အန်ကယ်ကြီးတစ်ဦးတက်လာပြန်လေသည်။ ထိုအခါတွင်လည်း သူက အလျှင်အမြန် ထပေးပြီး ထိုအန်ကယ်ကြီးကို နေရာပေးပြန်လေသည်။ အနီး အနားမှာ လူများကလည်း သူ့ကို ကြည့်ပြီး တော်တော် တော်တဲ့ ကောင်လေးဟု မှတ်ချက်ချနေသယောင်ထင်မိပါသည်။

ဗုဒ္ဓဘာသာ အလိုအရဆိုလျှင် ထိုသူသည် ယနေ့အဖို့ တော်တော်ကုသိုလ်ရနေပြီဟု မြင်မိပါသည်။ ထိုသို့ တွေးမိမှ ကျွန်တော်ဒုက္ခကောင်းကောင်းရောက်ပါတော့သည်။ အဖြစ်ကဒီလိုပါ။ သူကကုသိုလ်တွေ ရပြီဆိုပါတော့။ သူက သူများတွေနှင့် နေရာအလုအယကက်ဦးပြီး ထိုင်သည့် အချိန်တွင် ထိုင်ရသေးသည်။ ကျွန်တော်ကတော့ အစကတည်းက သူများတွေ ထိုင်ပါစေတော့ ဟုသော စေတနာ ဖြင့် နေရာ မဦးခဲ့။ တစ်ချိန်လုံး မတ်တပ်ရပ်လိုက်ရသည်။ သူ့လို ကိုယ်ထိလက်ရောက် မကူညီပေမယ့် စေတနာကတော့သူ့ထက် မနည်းပါ။ ထိုသို့ဆိုလျှင် သူကကုသိုလ်ရပြီး ငါ့ ကြတော့ ကုသိုလ်မရဘူးလားပေါ့။ ငါကပိုတောင် အပင်ပန်းခံရသေးတယ်ပေါ့။ တစ်ချိန်လုံး ရပ်လိုက် ရတာလေ။ ကျွန်တော် အတွေးနယ်ချဲ့နေမိသည်။

နောက်ဘူတာရောက်တော့ သူလည်း ဆင်းသည် ထိုအန်ကယ်ကြီးလည်း ဆင်းသည်။ သူကရထား အထွက်မှာ ထိုအန်ကယ်ကြီးကို တွဲများပင် ခေါ်သွားလိုက်သေးသည်။ ထိုအန်ကယ်ကြီးကလည်း မြန်မာလို ဆိုရင်တော့ သာဓုတစ်ခေါ်ခေါ်ပေါ့။ ပတ်ဝန်းကျင်မှ လူများကလည်း ပီတိမျက်လုံးများနှင့် ကြည့်နေသလိုလို။ ကျွန်တော် တွေးရင်း မနာလိုသလိုဖြစ်လာသည်။ တစ်ခုခုတော့ မှားနေသလိုလို။ သေချာစဉ်းစားကြည့်လိုက်တော့ ဒါလူရည်လည်တာပဲ ဟုတွေးမိသည်။ သူများကို ကူညီချင်လျှင် ကိုယ်က ကူညီနိုင်တဲ့ နေရာရောက်အောင် အရင်လုပ်ပေါ့။ ကိုယ့်မှာ ဘာမှ မရှိပဲ သူများကို ကူညီဖို့ဆိုတာ မဖြစ်နိုင်။ အဲတစ်ခုခုရှိဖို့ဆိုလျှင် နည်းနည်းတော့ တွန်းတွန်းတိုက်တိုက်ကြိုးစား ရမည်ပေါ့။ အခုတော့ ကိုယ်က ကူညီချင်စိတ်ရှိတယ်ဆိုရင်တောင် ကိုယ်ကူညီတာက လူမသိသူမသိ။ အင်း ကူညီတာက လူသိဖို့လည်း မလိုပါဘူးလေဟုလည်းတွေးမိသည်။ ဒါပေမယ့် သူ့ကူညီပုံမျိုးက ပိုအကျိုး ရှိသလိုလို။ သူနဲ့ ကျွန်တော်နဲ့ အခွင့်အရေးအတူတူရပေမယ့် သူကအဲဒီအခွင့်အရေးကို ပိုအကျိုးရှိအောင် အသုံးချနိုင်တာပဲ။ အပြင်လောကမှာဆို ဒီလူတော်တော်အောင်မြင်မှာပဲ လို့ မဆီမဆိုင်တွေးမိသေးသည်။

ကျွန်တော်တွေးရင်းတွေးရင်း သဘောကျလာသည်။ အင်းငါလည်း သူ့လိုလုပ်ကြည့်ဦးမှဆိုပြီး ထိုင်ခုံတွေရှိသည့် နေရာ အနားသို့ မသိမသာရွေ့သွားသည်။ နေရာတစ်နေရာလွတ်တော့ စွေ့ကနည်း ၀င်ထိုင်လိုက်ပါသည်။ အင်းပထမအဆင့်တော့ အောင်မြင်သွားပြီ။ ငါသူများကို ကူညီဖို့နေရာတစ်နေရာရသွားပြီ ဟုတွေးပြီး ကျွန်တော့်ကို ကျွန်တော် ကျေနပ်နေမိသည်။
ထိုသို့အတန်ကြာကျေနပ်နေစဉ် လူတစ်ချို့ ကျွန်တော့်ကို ကွက်ကြည့် ကွက်ကြည့် လုပ်နေကြသည်ဟု ထင်လာမိလေသည်။ ထိုကြောင့် ပတ်ဝန်းကျင်ကို ကျွန်တော်အတန်ငယ် ဝေ့ကြည့် လိုက်လေ၏။ ထိုသို့ ကျွန်တော်အလန့်တကြား ကြည့်လိုက်မှ ဟုတ်ပါ့ဗျား ကျွန်တော့် အနားမှ တောင်ဝှေးနှင့် အန်ကယ်ကြီးတစ်ယောက် တုန်ချိတုန်ချိနှင့် ရပ်နေလေသည်။ ဘယ်အချိန်ကတက်လာမှန်း မသိ။ ခက်တာပဲ။ တကယ့်ကို ကျွန်တော့် ဘေးမှာ။ ကျွန်တော့် အတွေးနဲ့ ကျွန်တော်မို့လို့ မမြင်မိတာဗျာ။ သေချာကြည့်တော့ နေရာ ဖယ်အပေးသင့်ဆုံးသူက ကျွန်တော်။ ပြီးတော့ ကျွန်တော်ထိုင်ထားတာကလည်း Priority Seat ဖြစ်နေလေရဲ့ဗျာ။ ကျွန်တော်ကပဲ အန်ကယ်ကြီးနှင့် နေရာလုနေသလို။ ကျွန်တော် ရှက်ရှက်နှင့် အလျှင်အမြန် ထပေးလိုက်ရလေသည်။ အန်ကယ်ကြီးကလည်း ၀တ်ကျေတန်းကျေ ကျေးဇူးပဲဟု ပြောလေသည်။ သူကလည်း ထင်မပေါ့။ ဒီသူငယ်နဲ့ မကောင်းတတ်လို့ ထပေးတယ်။ မသိတတ်လိုက်တာလို့။ ကျွန်တော်တော်တော် စိတ်ညစ်သွားသည်။

အင်း တရားရှာကိုယ်မှာသာတွေ့ဆိုသလိုပေါ့။ ကျွန်တော့်အမှားပဲလေ။ ကျွန်တော်က မမြင်တာပဲ။ ကူညီချင် ရုံနဲ့ တော့ မရသေးဘူး။ လည်ဦးမှ။ နပ်ဦးမှ။ အထာသိဦးမှ။ ဟိုတစ်ယောက်က ငါ့ထက်လည် လို့ နပ်လို့ အိုကေတာပဲ။ ငါကသူ့လို မရည်အချင်းမရှိတော့ ခံပေါ့ ဟု ကိုယ့်ကိုယ်ကို နှစ်သိမ့်ရပါသည်။ သူများလို အရည်အချင်းမရှိပဲနဲ့ မတုနဲ့လေဟု ကိုယ့်ကိုကိုယ်ဆုံးမရပါသည်။ သူ့လိုလုပ်ချင်ရင်လည်း ရထား ကို ကိုယ့်အတွေးလေနဲ့ ကိုယ်အေးအေးလူလူစီးရမည်မဟုတ်။ ရှေ့တန်းမှာ ကင်းစောင့်နေသော စစ်သားတစ်ယောက်လိုက် မျက်လုံးပြဲနေအောင်ကြည့် နေရမည်ဖြစ်သည်။ ဒါမှ မဟုတ်ရင်လည်း ဘယ်သူလာလာ ဖယ်မပေးစတန်း ဖာသိဖာသာ စီး။
နေပါစေတော့။ ဘယ်သူသိသိ မသိသိ ကုသိုလ်ရရ မရရ နေပါစေတော့။ ကိုယ့်စတိုင်နဲ့ကိုပဲလေ။

ထိုနေ့မှစ၍ကျွန်တော် ရထားပေါ်တွင် ထိုင်ဖို့ မကြိုးစားတော့ ပါခင်ဗျား။ မိတ်ဆွေသူငယ်ချင်းများအနေနှင့် ယနေ့မှစ၍ ကျွန်တော် MRT စီးသွားသည်ဟု ကြားမိပါက ခရီးသည်များ အကြားတွင် တစ်နေရာရာကို မှီပြီး မတ်တပ်ရပ်လျှက် ငိုက်မြည်းနေသော သူတစ်ယောက် အဖြစ်သာ မြင်ယောင်ကြည့်ကြပါကုန်။

မိုးတိမ်ညို
ဇွန်၊၂၀၀၉

Monday, November 23, 2009

လွတ်မြောက်ရာလမ်းကို ရှာဖွေကြသူများ

အထက်ပါပုံကို ရုတ်တရက်ကြည့်မိလျှင် အမေဇုံတောမှ လူသားစားလူရိုင်းများ၏ပုံလော ဟုထင်စရာရှိပါသည်။ မဟုတ်ပါ။ ဤပုံ သည် ဒါရိုက်တာ Bernardo Bertolucci ရိုက်ကူးသော Little Buddha (1993)ဇာတ်ကားထဲမှ ဘုရားမပွင့်မှီ အချိန် တွင်တွေ့ရသော ပဉ္စ၀က္ကီ ငါးဦး၏ ပုံဖြစ်ပါသည်။ အကယ်၍ မိရိုးဖလာ ဗုဒ္ဓဘာသာဝင် တစ်ယောက်ဆိုလျှင် ဤနေရာတွင် ပင်နှလုံးခုန် ရပ်သွားနိုင်ပါသည်။


မြန်မာဗုဒ္ဓစာပေများ အရ ပဉ္စ၀က္ကီငါးဦးတို့ ၏သရုပ်ဖော်ပုံများကို ဖော်ပြရာတွင် သင်္ကန်း အပြည့်အစုံ ဦးပျည်း ကတုံးနှင့် ကြည်ညိုဖွယ်ရာသာ ဖော်ပြကြပါသည်။ အဘယ်ကြောင့်ဆိုသော် ဗုဒ္ဓ စာပေများရှိ ပဉ္စ၀က္ကီငါးဦးပုံတို့မှာ ဘုရားပွင့်ပြီး အချိန် ကိုသာရည်စူး သရုပ်ဖော်ထားခြင်း ဖြစ်သောကြောင့်ဟု ထင်ပါ သည်။ သို့သော် ဘုရားပွင့် ပြီးပြီးချင်း အချိန် ဓမ္မစကြာ တရားဦးကို ဗောဓိပင် အောက်၌ ဟောကြား တော်မူ သော အချိန်တွင် ထို ပဉ္စ၀က္ကီငါးဦးတို့ ၏ပုံမှာ သင်္ကန်း၊ဦးပျည်း ကတုံးဖြင့် ဖြစ်နိုင်ပါသလား။ သို့မဟုတ် အထက်ပါပုံ အတိုင်းဖြစ်နိုင်ပါသလား။

ကျွန်ုပ်တို့ လက်လှမ်းမှီသလောက် စဉ်းစားကြည့်သော် ဘုရားပွင့်တော်မူသော နေရာသည် အိန္ဒိယနိုင်ငံ၏ အရှေ့မြောက်ဘက် (ယခု နီပေါနိုင်ငံ)၊ 485BC ၊ထိုအချိန်က ယခုခေတ် သံဃာ ကဲ့သို့သော အဆင်အပြင်မှာ မပေါ်သေး၊ ထိုအချိန်က အိန္ဒိယတွင် စိတ်အကျင့် ကိုကျင့်သောသူများ ၊လွတ်မြောက်ရာ လမ်းကြောင်းကို ရှာသူများသည် ယခုခေတ် ကျွန်ုပ်တို့သိသော ဆာဒူးကဲ့သို့သော ပုဂ္ဂိုလ်များ သာဖြစ်နိုင်လေသည်။ သံဃာဆိုသည် မှာ ဘုရားပွင့်ပြီးမှ ပေါ်လာခြင်းဖြစ်သည် ဟုဖတ်ဖူးပါသည်။ သို့ဆိုလျှင် ပဉ္စ၀က္ကီငါးဦး၏ပုံမှာ အထက်ပါပုံးအတိုင်း ဖြစ်နေမယ်လား။ နောင်တွင်မှ သင်္ကန်းနှင့် ဦးပျဉ်းနှင့် ကြည့်ညိုဖွယ်ရာ ဖြစ်လာသလော။

ပဉ္စ၀က္ကီငါးဦး၏ပုံမှာ မည်သို့ပင်ဖြစ်စေကာမူ အရေးမကြီးပါ။ အဓိကကျသည်မှာ ဗုဒ္ဓတရား တော်သာ ဖြစ်သည်ဟု မိတ်ဆွေအနေနှင့် စောဒကတတ်နိုင်ပါသည်။ ထိုအချကိကိုည်း လက်ခံပါသည်။ သို့သော်လည်း ထိုခေတ်က ပထမဆုံးသော ဗုဒ္ဓ၀ါဒကို လက်ခံသူများ သည် အဘယ်ကဲ့သို့သော သူများဖြစ်သနည်းဟု လေ့လာသင့်သည်ဟု ထင်ပါသည်။

ထိုကြောင့် ဓမ္မစကြာတရားဦး ဟောသည့် ပုံစံ ကို သရုပ်ဖော်ရာတွင် မည်သည့်ပုံစံကို သရုပ်ဖော်သင့်သနည်း။ ယခင်ပုံစံအတိုင်း ကြည်ညိုဖွယ်ရာ သံဃာများ၏ ပုံစံသရုပ်ဖော်လျှင် အပြည့်အ၀ မှန်နိုင်မည်လား။ အကယ်၍ အထက်ပါပုံ အတိုင်း သရုပ်ဖော်လျှင်ရော ဗုဒ္ဓဘာသာဝင်များ မည်ကဲ့သို့ သဘောထားမည်နည်း။ ပိုပြီး အကျိုးရှိမလား၊ မရှိဘူးလား။ စဉ်းစားကြည့်ဖို့ဖြစ်ပါသည်။


ကိုးကား http://www.buddhist-temples.com/gautam-buddha.html
http://en.wikipedia.org/wiki/Buddhism
မိုးတိမ်ညို
ဒီဇင်ဘာ၊၂၀၀၈။

Sunday, November 1, 2009

ပျော်ရွင်မှု့ ဆိုသည်မှာ

ငယ်ငယ်ကပျော်စရာတွေ တော်တော်များခဲ့သည်

၁။ အဖေခရီးထွက်ရာမှ ပြန်လာလျှင်ပျော်သည်
၂။ အိမ်ကဘူးပင်တွင် ဘူးသီးသီးလျှင်လည်းပျော်သည်
၃။ အိမ်ကကြောင်မ ကြောင်လေးတွေမွေးတော့လည်းပျော်ခဲ့ဖူးသည်။
၎။ သီတင်းကျွတ်တွင် ဖယောင်းတိုင်များထွန်းရတာကိုလည်း ပျော်သည်။
၅။ တီဗွီမှ ကာတွန်းကာလာသည်ကိုလည်း ပျော်သည်။
၆။ သိုင်းဝတ္ထုဖတ်ရတာကို လည်းပျော်သည်။
၇။ ………….ပျော်သည်။
၈။…………..ပျော်သည်။
…….
…….
ထိုသို့ စဉ်းစားကြည့်လိုက်ပါက ငယ်ငယ်ကပျော်စရာတွေ တော်တော်များခဲ့သည်ကို တွေ့ရလေသည်။ ယခု အသက်အရွယ်အတော်အတန်ရလာသော်အခါတွင်ပျော်စရာ အတော်နည်းသွားခဲ့လေပြီ။ ကျွန်တော်သေချာ စဉ်းစား ကြည့်သည်။ ဘာကြောင့် မပျော်တော့ သလဲဟု။ အိမ်ကဘူးပင်တွင် ဘူးသီး မသီးတော့၍လား။ တွီဗွီမှ ကာတွန်းကား မလားတော့ဘူးလား။ သိုင်းဝတ္ထု မဖတ်ဖြစ်လို့လား။ တစ်ခုမှ မဟုတ်ပါ။ ကျွန်တော်တို့ကို တော်ရုံတန်ရုံကိစ္စက ပျော်ရွင် အောင် လုပ်ပေးနိုင်စွမ်း မရှိတော့ခြင်းကြောင့်သာ ဖြစ်သတည်း။

သို့ဆိုလျှင် ကျွန်တော်တို့ အဘယ်ကြောင့်မပျော်ရွင်တော့ သနည်း။ လိုအင်ဆန္ဒတွေများလားလို့လား။ လိုအပ်ချက်တွေများလာလို့လား။ ပျော်ရွင်မှု့ကို ဖန်တီးပေးနိုင်သော စံနှုန်းတွေ မတူတော့လို့လား။

သေချာစဉ်းစား ကြည့်လိုက်သော် အားလုံးမှန်ပါသည်။ အရွယ်ရောက်လာသည်နှင့် အမျှ လူ့ဘ၀တွင် လိုအပ်ချက်တွေများလာ လေသည်။ ကျွန်တော်တို့ သည်ထိုလိုအပ်ချက်များနောက်သို့ တစ်ကောက်ကောက်လိုက်ရင်း ပျော်ရွင်မှု့နှင့် တဖြည်းဖြည်း ဝေးကွာလာရလေသည်။ ထိုအခြင်းအရာ သည် အမှန်တရားသာ ဖြစ်လေသည်။ လူ့အဖွဲ့ အစည်းအတွင်း တွင်နေလျှင် လူတို့ လိုအပ်သည်ဟု သတ်မှတ်ထားသော အရာများကို ရရှိအောင် ဆောင်ရွက်ရန်ကား ကျွန်ုပ်တို့ ၏ သမိုင်းပေး တာဝန် ဖြစ်ခဲ့ချေပြီ။
နိုင်ငံခြားပုံပြင်တစ်ပုဒ် ကြားဖူးပါသည်။ ပုံပြင်လေးကတော့ ဒီလိုပါ။

တစ်ခါက လူတစ်ယောက်က မှော်ခွက်တစ်ခုရတယ်တဲ့။ အဲဒီမှော်ခွက်က ဘယ်လိုစွမ်းသလဲဆိုတော့ အဲဒီလူ ငိုလို့ သူ့ရဲ့ မျက်ရည်က အဲဒီမှော်ခွက်ထဲကို ကျရင် အဲဒီမျက်ရည်က စိန်တုံးလေးတွေ ဖြစ်သွားသတဲ့။ ပုံပြင်ကတော့ နည်းနည်းရှည်ပါတယ်။ အစအဆုံး မပြောတော့ပါဘူး။ ပုံပြင်ရဲ့ နောက်ဆုံးကဘယ်လို အဆုံးသတ်သွားသလဲဆိုတော့ အဲဒီလူက စိန်ပုံကြီးပေါ်မှာ ထိုင်နေတယ်တဲ့။ လက်တစ်ဖက်မှာက သွေးစွန်းနေတဲ့ ဓါးတစ်ချောင်း နောက်တစ်ဖက်မှာကတော့ သူ့ဇနီးရဲ့ အလောင်းကို ပွေ့လျှက်သား ငိုနေလေရဲ့ တဲ့။

ပုံပြင်ကိုရုတ်တရက်ဖတ်လိုက်ရင်တော့ အာလာဒင်ပုံပြင်လိုထူးဆန်းထွေလာတွေ ရေးထားတဲ့ ပုံပြင်လို့ ထင်မှာပဲ။ ဒါပေမယ့် သေချာစဉ်းစားကြည့်လိုက်တော့ ကျွန်တော်တို့ရဲ့ ဘ၀တွေနဲ့ အများကြီးသွားဆင်နေပါ တယ်။
လက်တွေ့ ဘ၀မှာ အဲဒီလိုတော့ ကိုယ့်ဇနီးကို သတ်ပြီး စိန်ပုံကြီးမှာတော့ ထိုင်မနေဘူးပေါ့။ ဒါပေမယ့် သေချာတာ တစ်ခုကတော့ ကိုယ့်မှာ ရှိတဲ့ တန်ဖိုးရှိတဲ့ အရာတွေကို အဆုံးရှုံးခံပြီးတော့ လူအများက တန်ဖိုးရှိတယ်ကို လက်ခံထားတဲ့ ရုပ်ဝတ္ထုပစ္စည်းတွေနောက်လိုက်နေတဲ့ သူတွေ (မိမိကိုယ်တိုင် အပါအ၀င်) ဒုနဲ့ဒေးပါ။

မိတ်ဆွေကတော့ စောဒကတက်ချင်တက်မှာပေါ့။ လူ့ဘ၀မှာ ရုပ်ဝတ္ထုပစ္စည်းတွေကလည်း မရှိမဖြစ်လိုအပ် တာပဲလို့။ ဟုတ်ပါတယ်။ လက်ခံပါတယ်။ ရုပ်ဝတ္ထုပစ္စည်းဆိုတာ မရှိမဖြစ်ကိုလိုပါတယ်။ ဒါပေမယ့် အဲဒီရုပ်ဝတ္ထု တွေကို ဘယ်လိုရှာဖွေသလဲဆိုတာ၊ ရှာဖွေတဲ့ နေရာမှာ ဘာတွေကို ပေးဆပ်လိုက်ရသလဲဆိုတာ တော်တော်အရေး ကြီးပါတယ်။ လူတော်တော်များများက တော့ သေသာသေသွားတယ် အဲဒီ အဓိပ္ပယ်ကို မသိလိုက်ဘူးလို့ထင်ပါတယ်။ အဲလိုပြောလို့ မင်းရော ဘာသိသလဲလို့မေးရင် ကျွန်တော်လည်း မသိသေးပါဘူး။ ရှာဖွေနေတုံးပါ။ ဒါပေမယ့် ရှာဖွေရမယ်ဆိုတာတော့ သိပါတယ် (သို့)သိတယ်လို့ ထင်ပါတယ်။

အထက်ပါအကြောင်းအရာတွေကို ကျွန်တော့် မိတ်ဆွေတစ်ယောက်ကို ပြောပြတော့ သူကပြန်ပြောတယ်။
‘ ဟုတ်ပါတယ်။ မင်းပြောတာတွေက သီအိုရီအရတော့ မှန်ပါတယ် ဒါပေမယ့် လက်တွေ့မှာတော့ မလွယ်ဘူးကွ။ ငွေရမှ လူလိုသူလိုနေနိုင်မယ်။ ငွေရဖို့အတွက်တော့ ဘ၀ပေး အခြေအနေအရ အဆင်ပြေ တာလုပ်ကြရမှာပဲကွ။ ကိုယ်လုပ်ချင်တာလုပ်ပြီး စာဝတ်နေရေး အဆင်ပြေတဲ့ သူဆိုတာ လက်ချိုးရေလို့ ရပါတယ်ကွာ။ အခုလည်း မင်းပျော်အောင်နေတတ်ရင် ပျော်မှာပါ’

သူပြောမှ ကျွန်တော်စဉ်းစားမိသည်။ ယခုအချိန်တွင်ကော ကျွန်တော့်တွင် ပျော်စရာ ဘာများရှိသလဲ ဟုစာရင်း ချကြည့်တော့ အနည်းငယ်ရှိသည်ကိုတွေ့ရပါသည်။
၁။ ရုံးပိတ်ရက် သူငယ်ချင်းများနှင့် လေပန်းရင်း ဘီယာဆိုင်ထိုင်ရသည်ကို ပျော်သည်။
၂။ ဘောလုံးပွဲကြည့်ရသည်ကို ပျော်သည်။
၃။ စီးကရက်ဘူးထဲတွင် စီးကရက် ပြည့်နေလျှင်ပျော်သည်။
၎။ လစာရသည့်နေ့ပျော်သည်။
၅။ တစ်ယောက်ယောက်ကို ဆရာလုပ်ရလျှင် ပျော်သည်။
၆။ ခရီးထွက်ရလျှင် ပျော်သည်။
၇။…. ပျော်သည်။
၈။… ပျော်သည်။
……
…….
သို့ဆိုလျှင် ကျွန်တော်ထင်သလောက် မဆိုးသေးပါ။ ပျော်တတ်လျှင် ကြံဖန်ပျော်နိုင်ပါသေးသည်။

မိုးတိမ်ညို
1 Nov 2009

Visitors

About Me

  © Blogger template 'Perfection' by Ourblogtemplates.com 2008

Back to TOP