ခံစားမှု့ ကူးစက်စေရန်
ရသ ဆိုတာနဲ့ ပတ်သက်ပြီး ဖတ်ဖူးတာလေး ပြောချင်လို့ပါ။
ရသ ဆိုတာ ခံစားမှု့ကို ဖော်ပြဖို့ ပေါ်လာတာတဲ့။ လူတွေ တီထွင်ထားတဲ့ ဘာသာစကား ဆိုတာ လူတွေရဲ့ ခံစားမှု့ကို ဖော်ပြဖို့ ဘယ်လိုမှ မလုံလောက်ပါဘူးတဲ့ဗျာ။ လူတွေက လူအချင်းချင်း ဆက်သွယ်ဖို့ ဘာသာစကားဆိုတာကို (အရေး၊အပြော) တီထွင်ခဲ့ကြတယ်တဲ့။ ဒါပေမယ့် အဲဒီဘာသာစကားသက်သက် နဲ့ တင်ဆိုရင် လူတွေရဲ့ ခံစားချက်ကို မဖော်ပြနိုင်ပါဘူးတဲ့ဗျာ။
အရိုးရှင်းဆုံး ဥပမာတစ်ခုအနေနဲ့ ပြောရရင် သရက်သီးကို မစားဖူးတဲ့ သူကို သရက်သီးရဲ့ အရသာကို ဘယ်လိုမှ ရှင်းပြလို့ မရဘူးတဲ့။ စာနဲ့ ဘယ်လိုရေးရေးလဲ မရပါဘူးတဲ့။ အနီးစပ်ဆုံး ချိုမြိန်သောအရသာရှိသည် လို့ပဲ ပြောလို့ရပါသတဲ့။
အဲဒါမျိုးကို ဖြေရှင်းဖို့ ရသ ဆိုတာ ပေါ်လာတယ်လို့ ပြောကြပါတယ်။
ဥပမာ ကိုလိုနီခေတ်က လူတွေအကြောင်း၊ နိုင်ငံ အခြေအနေ၊အကြောင်းတွေ ထဲထဲဝင်ဝင်သိချင်ရင် သမိုင်းစာအုပ်တွေ ဘယ်လောက် ဖတ်ဖတ် ပြည့်ပြည့် စုံစုံ သိနိုင်ဖို့ ဆိုတာ ခဲယဉ်းတယ်။ အကြောင်းအရာပဲ သိလိမ့်မယ်။ အဲဒီခေတ်က လူတွေရဲ့ ခံစားမှု့ကို မသိနိုင်ပါဘူး။ အောက်က ဥပမာ နှစ်ခုကို ယှဉ်ကြည့်ပါ။
“ကိုလိုနီခေတ်တွင် တိုင်းတပါးသား၏ ဖိနှိပ်မှု့ကြောင့် အမျိုးသား ဂုဏ်သိက္ခာကျဆင်းခဲ့သည်။”
အပေါ်ကစာကြောင်းကို ဖတ်လျှင် သြော်ကိုလိုနီခေတ်မှာ သူ့ကျွန်ဘ၀ရောက်လို့ အမျိုးသား ဂုဏ်သိက္ခာကျဆင်း ခဲ့ပါလားဆိုတာလောက်ပဲ သိရမယ် အဲဒီခေတ်က လူတွေရဲ့ စိတ်အခြေအနေ၊ ခံစား မှု့ကို သိဖို့မလွယ်ဘူး။ အဲလိုသိချင်ရင်တော့ အရင်တုန်းက စာအုပ်တစ်အုပ်ထဲမှာ ဖတ်ဖူးတဲ့ စာပိုဒ်လေး တစ်ခုကို ဖတ်ကြည့်ပါ။
“ဦးလူလှသည် ရန်ကုန်ဘူတာကြီးတွင် ဥရောပတိုင်သားများသာဟု ရေးသားထားသော ရထားတွဲပေါ်သို့ မှားတက် မိလေသည်။ သူတွဲအတွင်းသို့ရောက်သွားသောအခါ အခန့်သင့်ထိုင်နေကြသော မျက်နှာဖြူများက သူ့အား မလိုတမာ မျက်လုံးများဖြင့် ကြည့်ကြသည်။တစ်ယောက်သော မျက်နှာဖြူက ထိုင်ရာမှ ဆတ်ခနဲ့ ထလာပြီး ဒီအတွဲက မင်းအတွက် မဟုတ်ဘူး ထွက်သွား ဟုလေသံမာမာ ဖြင့်ပြောလေသည်”
အထက်ပါစာပိုဒ်ကို ဖတ်လျှင် ကိုလိုနီခေတ်မှ လူများ၏ အမျိုးသား ဂုဏ်သိက္ခာကျဆင်းနေပုံ အနည်းငယ်ကို ခံစားမိရနိုငမည် ဟုထင်ပါသည်။ တကယ်သာ ကိုလိုနီခေတ်အကြောင်းကို တော်တော်များများသိပြီး အဲဒီခေတ်က လူတွေ ဘယ်လိုခံစားရသလဲ ဘယ်လိုနေသလဲ သိချင်ရင် သမိုင်းစာအုပ်တွေ ဖတ်တာထက် ဆရာမင်းသိင်္ခရဲ့ ဆားပုလင်းနှင်းမောင်တို့ သိန်းဖေမြင့်ရဲ့ အရှေ့ကနေ၀န်းထွက်သည့်ပမာတို့ ရွှေဥဒေါင်းစာအုပ်တွေ၊ ဒဂုန်တာယာ စာအုပ်တွေတို့ အစရှိသဖြင့် အဲဒီခေတ်က စာရေးဆရာကြီးတွေရဲ့ ၀တ္ထုတွေ ဖတ်တာ ပိုပြီးတော့ ထဲထဲဝင်ဝင်သိမယ်လို့ ယူဆပါတယ်။ သမိုင်းစာအုပ်ကတော့ အချက်အလက်ပဲ ပေးနိုင်မယ်။ ခံစားမှု့ကို မပေးနိုင်လောက်ပါဘူး။
အဲဒါကြောင့် ရုပ်ရှင်ဖြစ်ဖြစ်၊ စာပေဖြစ်ဖြစ် ရသက တော်တော်အရေးကြီးပါတယ်။ အဲလို ရသမြောက်အောင် ဖန်တီးတယ်ဆိုတာ လည်းအနုပညာရှင် စစ်စစ်မှ ဖန်တီးနိုင်ပါလိမ့်မယ်။ တစ်ချို့ ရုပ်ရှင်ကားတွေ ကြည့်ပြီး ကြည့်တဲ့သူက မျက်ရည်တောက်တောက်ကျအောင် ငိုတယ်။ ဘာလို့လဲ။ ခံစားမှု့က ကူးစက်သွားလို့ပါပဲ။ တစ်ချို့ ၀တ္ထုတွေကို ဖတ်ပြီး အတောမသတ်နိုင်အောင်ရယ်တယ်။ အဲဒါလည်း ခံစားမှု့ ကူးစက်သွားလို့ပဲလေ။ အဲလို ခံစားမှု့ကို ကူးစက်နိုင်အောင် ဖန်တီးရတာ တော်တော်မလွယ်တဲ့ အလုပ်ပါ။ ကိုယ်ကိုယ်တိုင်ကို ကသေသေချာချာ ခံစားတတ်မှရမှာပါ။ အဲဒီလူတွေကို အနုပညာရှင် လို့ခေါ်မယ်ထင်ပါတယ်။
အနောက်တိုင်းရုပ်ရှင်တွေကို သေချာကြည့်ကြည့်ပါ။ သူတွေဆီမှာ ရုပ်ဝတ္ထုပစ္စည်းတိုးတက်ရုံမကဘူး အနုပညာပါ အရမ်းကောင်းတယ်လို့ တွေ့ရပါလိမ့်မယ်။ သူတို့ရုပ်ရှင်တွေမှ ရသ ကအများကြီးပါပါတယ်။ ရသနဲ့ နည်းပညာပေါင်းထားတော့ ကမ္ဘာကျော်ပြီပေါ့။
ကျွန်တော်တို့ ဆီမှာတော့ မြန်မာရုပ်ရှင် အဆင့်အတန်းက အခုအချိန်မှာ သူတို့နဲ့ ယှဉ်ရင် တော်တော်နိမ့်နေ ပါတယ်။ ဒါလည်း အခြေအနေအမျိုးမျိုးကြောင့်နေမှာပါ။ သူတို့လို နည်းပညာငွေကြေးမှ မရှိပဲနဲ့ လို့တော့ မပြောပါနဲ့။ ကိုရီးယား ဇာတ်လမ်းတွဲတွေကို ကြည့်ကြည့်ပါ။ ဘာ special effect ဘာ 3D မှ မလိုပါဘူး။ ရသ သက်သက်ပါ။ သူတို့ အနုပညာ ဘယ်လောက်ကောင်းလိုက်သလဲလို့။ ကျွန်တော်တို့ ဆီမှာလည်း အဲလောက်တော့ လုပ်လို့ရမယ်ထင်ပါတယ်။
ကျွန်တော်အနေနဲ့တော့ မြန်မာဇာတ်ကားတွေကို ဒီကားကတော့ ကောင်းလိုက်တာကွာ လို့ ကြွေးကြော်ပြီး ကြည့်လိုက် ချင်မိပါတယ်။ အခုတော့ဗျာ “ ဗမာကား ဗမာလို့ကြည့်ကွ” လို့သာ ကိုယ့်ကိုကိုယ် နှစ်သိမ့်ပြီး ကြည့်နေရပါတော့တယ်။
မိုးတိမ်ညို
ဇန်ဇ၀ါရီ၊ ၂၀၂၀။

2 comments:
မှန်တယ်ဗျာ။ သူတို့ဆီမှာ ရုပ်ဝတ္ထုချည်းပဲ တိုးတက်တာမဟုတ်ပါဘူး။ သတိထားကြည့်မိရင် အခြားတိုးတက်တဲ့ နေရာတွေ အများကြီးပါ။
နိုင်ငံခြားက ရုပ်ရှင်တွေ၊ ဂီတတွေ ကောင်းတာလည်း အမှန်ပဲဗျိုး။
ကျနော်တို့ဆီမှာ ငွေကြေးမရှိလို့ မရိုက်နိုင်ဘူးဆိုတာ.... တခုတော့ ဖြစ်နိုင်ပါတယ်။ ရုပ်ရှင်ကားတခုကို အချိန်ပေးပြီး အကောင်းမွန်ဆုံးရိုက်နိုင်အောင် ငွေကြေးမတတ်နိုင်တာ၊ တန်ရာတန်ကြေးပြန်ရအောင် ပြသဖို့ ရုပ်ရှင်ရုံတွေမရှိတာ၊ ကော်ပီရိုက်မရှိတာ၊ ဆင်ဆာက အမျိုးမျိုးထိန်းချုပ်နေတာ.... စတဲ့အချက်တွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒီပုံအတိုင်းဆက်သွားရင်တော့ ကြာလေ နောက်ကျကျန်ရစ်ခဲ့လေ ဖြစ်မှာ အသေအချာပါပဲ။
အင်း ဗမာကား။
အရင်ကတော့ အားတက်သရော ဝေဖန်တတ်တဲ့ ခေါင်းစဉ်မျိုးပါ။
ဟိုတလောလေးကတင် ဘောလုံးပွဲနဲ့ ပတ်သတ်တဲ့ ကိစ္စကို ဖတ်ပြီး ဝေဖန်ဖို့ရာမှာ နဲနဲ တွန့်လာပါတယ်။
အကြောင်းက...
မြန်မာဘောလုံးသမားတွေ SEA Games မှာလားမသိ၊ ရှုံးတဲ့အခါ ပြည်သူတွေ၊ ဂျာနယ်တွေဘက်ကနေ အသဲအမဲ ဝေဖန်တော့... လူကြီးတယောက်က ပြောတယ်တဲ့။ မြန်မာပြည်က ဘောလုံးသမားတွေကို အပြစ်မတင်ပါနဲ့ တဲ့။ တကယ်လို့များ မင်းတို့သာ သူတို့ ယှဉ်ပြီး ကန်ရတဲ့ နိုင်ငံတွေက မင်းတို့နဲ့ သက်တူရွယ်တူ၊ နယ်ပယ်တူက လူတွေနဲ့ ယှဉ်ရမယ်ဆိုရင် နိုင်မယ်၊ သာမယ်၊ အနည်းဆုံးတော့ တန်းတူ ယှဉ်နိုင်မယ်လို့ သေချာလို့လား ဆိုတာ
အင်း ဘာပဲဖြစ်ဖြစ်...
ကျွန်တော်တို့မှာ အနုပညာချင်းယှဉ်ဆိုရင် အချိန်မရွေးယှဉ်နိုင်ပါတယ်။ နည်းပညာဘက်မှာသာ အားနည်းနေတာပါလို့ ပြောတာ ကြားတိုင်း နားထဲမှာ ယားကျိကျိ ဖြစ်မိတာတော့ အမှန်ပဲ။
နောက်ရှိသေးတယ်။
ဗမာပရိသတ်က ကိုးရီးယားကားတွေ ကြည့်ပြီး ပါးပါးလေးပဲ ကြိုက်တယ် ပြောကြတော့ သမီးတို့က အိုက်တင်ကို ပါးပါးပဲ လျော့လုပ်ရတဲ့ အခါ သိပ်သက်သာတာပဲ လို့ ပြောတဲ့စကား။
ဦးနှောက် ဦးနှောက်!
ထူထူပိန်းပိန်းနဲ့ အိုဗာဖြစ်တာဟာ ခက်ခက်ခဲခဲ တပင်တပန်း လုပ်ရတာ ဖြစ်ပြီး၊ ပါးပါးလေးနဲ့ ထိအောင်လုပ်နိုင်တာ လွယ်လွယ်လေးနဲ့ ပေါ့တီးပေါ့ဆလေး လုပ်ရတာလို့ ထင်နေကြတဲ့ ဦးနှောက်။
ကိုယ်လဲ မယှဉ်နိုင်ပါဘူး။
ဒါပေမဲ့ အဓိက က မမီရင် မမီဘူး ဝန်ခံဖို့ပဲ။ ဘာကြောင့်ပါ ညာကြောင့်ပါ ဘယ်လိုကြောင့်ပါ ဘယ်ဝါကြောင့်ပါ ပြောနေတာတွေကတော့...
2004 Euro မှာ Cze အသင်းက ဂရိ ကိုလား ပေါ်တူဂီကိုလား မသိ ရှုံးတော့၊ မီဒီယာက အင်တာဗျူးတဲ့ အခါ သူတို့အသင်းက ကျွန်တော်တို့ အသင်းထက် အဲဒီနေ့က ကစားပုံ ပိုကောင်းခဲ့လို့ ဖြစ်ပါတယ် လို့ ဖြေခဲ့တယ် ဆိုတယ်။
Post a Comment