Tuesday, January 26, 2010

သိပြီး မရှိသော အကြောင်းများ

“မရှိတာထက် မသိတာခက်တယ်” တဲ့။

အဲဒီစကားပုံလေးက လူတိုင်းကြားဖူးကြမှာ။ မိတ်ဆွေတော့ ဘယ်လိုလဲ မသိဘူး။ ကျွန်တော်ကတော့ အရင်က ခဏခဏ ကြားဖူးပေမယ့် သေချာကို စဉ်းစား မကြည့်ဖူးဘူး။ အခုမှ သေချာ စဉ်းစား ကြည့်မိတော့ မရှိတာ ကခက်တယ် ဒါပေမယ့် မသိတာက ပိုခက်တယ် အဲလို နားလည်မိပါတယ်။

ဟုတ်တာပေါ့။ မရှိတာ ခက်တာပေါ့။ ကျောက်ခေတ်က လူတွေမှာ အိမ်မရှိဘူး။ ကျောက်ဂူထဲမှာ နေကြရတယ်။ ခက်တာပေါ့။ လူတစ်ယောက် ရောဂါဖြစ်တယ်။ ဆေးကုစရာ ပိုက်ဆံ မရှိဘူး။ ဒါလဲ ခက်တာပဲ။

မသိလို့ ခက်တာတွေလည်း အများသား။ ကျောက်ခေတ်ကလူတွေ သံကို အသုံးချရမှန်း မသိသေးဘူး။ အဲဒီတော့ ခုတ်စရာ ထစ်စရာ ဖြတ်စရာ ရှိရင် ကျောက်တုံး ကျောက်ချွန်တွေကို သုံးရတယ်။ ခက်တာပေါ့။ တောက လူတစ်ယောက် ငှက်ဖျားရောဂါကို ဘယ်လိုကာကွယ်ရမှန်းမသိဘူး။ အဲဒါလည်း ခက်တာပဲ။

အဲလိုဆိုတော့ မရှိတာရော မသိတာရော ခက်တယ်ဆိုတာ ဟုတ်တာပေါ့။ ဒါပေမယ့် အဲဒီထက် ပိုခက်တာ ရှိသေးတယ်။ “သိပြီးတော့ မရှိတာ”။ တကယ်ကို အဲဒါက အခက်ဆုံးပဲဗျ။

ကျွန်တော်တို့ တစ်တွေ အင်တာနက်ဆိုတာ လက်ရှိ ကမ္ဘာကြီးရဲ့ မျက်လုံး၊ မရှိမဖြစ် ကွန်ယက် ဒါကို သိကြတယ်။ ဒါပေမယ့် မြန်မာနိုင်ငံ မှာအင်တာနက်ကို သုံးချင်တိုင်း သုံးလို့ မရဘူးဗျာ။ အကန့် အသတ် ကြီးနဲ့ ပဲသုံးရတယ်။ မခက်လား။ လျှပ်စစ်မီး အရေးကြီးတာ လူတိုင်း သိတယ်။ ဒါပေမယ့် ပုံမှန် မရဘူး။ မခက်လားဗျာ။

ဒါတင် မကသေးဘူး။ ဘာသာရေးဘက်ကို စဉ်းစား ကြည့်ဦး။ ဥပမာ ငါးပါးသီလ လုံရင် ကောင်းတယ် ဆိုတာ လူတိုင်းသိတယ်။ ဒါပေမယ့် မလုံနိုင်ဘူး။ မခက်ပါလား။

ကျန်းမာရေး ဘက်ကို စဉ်းစားကြည့်ဦး။ အိမ်တိုင်း ယင်လုံ အိမ်သာရှိသင့်တယ်။ ဒါလူတိုင်းသိတယ်။ ဒါပေမယ့် ကျေးလက်တောရွာတွေမှာ အိမ်တိုင်း မရှိသေးဘူး။ မခက်လားဗျာ။

အဲဒါတွေက သိပြီး မရှိတာတွေဗျ။ အဲ နောက်တစ်ခုရှိသေးတယ်။ ရှိပြီးတော့ မသိတာ။ ဒါလည်း ခက်တာပဲ။ ကျွန်တော် အဲလိုလူတွေ့ ဖူးတယ်။ သူဌေးသားတစ်ယောက်။ သူ့ အဖေက ပိုက်ဆံ တော်တော်ချမ်းသာတယ်။ အဲဒီလူက ကားကို သိန်း နှစ်ရာ တန်ကားကနေ သိန်း လေးရာတန်ကား ပြောင်းစီးတယ်။ ကျွန်တော်က အိမ်မှာ အင်တာနက် ချိတ်ပါလားဆိုတော့ ဟင် လတိုင်း ပိုက်ဆံသွင်းနေရမှာ နှမြောစရာကြီးတဲ့။ ကဲ အင်တာနက် ဘယ်လောက် အသုံးဝင်တယ် အရေးပါတယ်ဆိုတာ မသိတာ။ ဒါလည်း မခက်လား။

စာကြည့်တိုက်မှာ အလုပ်လုပ်တဲ့ သူတစ်ယောက်။ စာအုပ်တွေ အလကား ငှားဖတ်လို့ရပေမယ့် မဂ္ဂဇင်းနဲ့ ကာတွန်းက လွဲရင် မဖတ်ဖူးဘူးတဲ့ဗျာ။ ကျန်တဲ့ တန်ဖိုးရှိတဲ့ စာအုပ်တွေ ကြတော့ ဖတ်ရကောင်းမှန်းကို မသိတာတဲ့။ ကဲ မခက်လား။ ဒါတွေက ရှိပြီး မသိတာတွေ။

မရှိတာက ခက်တယ်ဆိုပေမယ့် မသိရင်လည်း မခက်ပြန် ဘူးဗျ။ တောက လူတွေ အင်တာနက် မရှိဘူး။ ဟန်းဖုန်း မရှိဘူး။ ဒါပေမယ့် သူတို့ အတွက် ခက်တယ်လို့ မထင်ကြဘူး။ ဘာလို့ လဲ။ သူတို့က အင်တာနက် တို့ ဟန်းဖုန်းတို့ ဘယ်လောက် အသုံးဝင်လည်း သိမှ မသိပဲကိုး။

တကယ်တမ်းက သိတဲ့ သူတွေက ပိုခက်တာ။ များများသိလေ များများ ခက်လေပဲဗျာ။ များများ သိလေ ပိုကောင်း တာတွေကို လိုချင်လာလေပဲ။ အဲဒီတော့ ဗျာ “သိပြီးတော့ မရှိတာ အခက်ဆုံးဗျ”။ တစ်ခါတစ်လေ တော့သိတာတွေ များလာလို့ စိတ်မချမ်းသာရတာတွေ များလာသလိုပဲ။ တစ်ချို့ ကိစ္စတွေကအစကတည်း ကမသိရင် အကောင်းသားဗျ။ သိတော့မှ ဒုက္ခပိုရောက်တာဗျို့။ လူရဲ့ မှတ်ဥာဏ်ကို ကွန်ပြူတာထဲက ဖိုင်တွေလို ကိုယ် မလိုချင်တာလေး တွေ ရွေးဖျက်လို့ ရရင် အကောင်းသားလို့တောင် တွေးမိပါရဲ့ဗျာ။

အဲလိုပြောလို့ “ကိုင်းဗျာ ဒါဖြင့်ရင် သိရဲ့ သားနဲ့ မရှိအောင် လုပ်တဲ့ သူတွေကြတော့ရော” လို့တော့ ကတ်သီး ကတ်သတ် မမေးလိုက်ပါနဲ့ မိတ်ဆွေ။ ဒါကတော့ သူတို့ မှာ မရှိစေချင်တဲ့ အကြောင်းရှိလို့ နေမှာ ပေါ့ဗျ။ ဘာအကြောင်းလဲ လို့တော့ ထပ်မမေးနဲ့လေဗျာ။ ကျွန်တော် မသိတော့ဘူးဗျ။ ခုနကပဲ Delete လုပ်လိုက်ပြီ။ စိတ်ညစ်လွန်းလို့။

ဇန်ဇ၀ါရီ ၂၀၁၀
မိုးတိမ်ညို

3 comments:

Anonymous January 26, 2010 at 10:09 PM  

ခင်ဗျား ရေးပုံကိုကြိုက် တယ်ဗျ ခင်ဗျားစာမှာအရောင်မပါဘူး ကိုခံစားချက်ကို ရိုးရိုးသားသားရေးတာမျိုး တချို့ရေးသလိုစာစီစာကုံးမဟုတ်ဘူး

ရေတမာ January 27, 2010 at 9:21 AM  

အဲဒီအတွေးတွေ သိရဲ့သားနဲ့ မလုပ်တဲ့ ကျနော်က ပိုခက်တယ်းP စာဖတ်သူအပေါ်မှာ ထားတဲ့ စေတနာကို မြင်ရတယ်ဗျ။

အရင် FWD မေးတွေထဲကနေ ကိုမိုးတိမ်ညိုကို ကြိုက်နှစ်သက်ခဲ့တာပါ။ အခု လင့်အသစ်ပြောင်းတဲ့အချိန်တွေထိ အားပေးနေပါတယ်။ ကိုယ်ကြိုက်နှစ်သက်တဲ့ စာရေးသူတယောက်က အားပေးစကားဆိုတော့ ၀မ်းသာမိပါတယ်ဗျာ။ ကျေးဇူးတင်ပါတယ်။

ကိုပေါ January 27, 2010 at 8:55 PM  

အဲဒါကြောင့် “ignorance is a bliss” လို့ ဆိုကြတာထင်ပါရဲ့။

Visitors

About Me

  © Blogger template 'Perfection' by Ourblogtemplates.com 2008

Back to TOP