Saturday, January 23, 2010

နိုင်ငံ ခြားရောက် ရွှေများ အကြောင်း

ဒီအကြောင်းက ကျွန်တော် တကယ်ကို မရေးချင်တဲ့ အကြောင်းပါ။ ဒါပေမယ့် မရေးပဲ လည်း မနေနိုင်လို့ ရေးလိုက်ပါပြီ။

အခု စင်ကာပူရောက် မြန်မာတွေ ကြားမှာ ‘ဟော့’ ဖြစ်နေတဲ့ အကြောင်းပေါ့။ စင်ကာပူ ST သတင်းစာ မှာ ပါလာတဲ့ ဆောင်းပါး တစ်ပုဒ်နဲ့ ပတ်သက်ပြီး ကွန့်မင့် တိုက်ပွဲတွေ ဖြစ်သွားတယ်ဆိုပဲ။

သတင်းစာပါ အကြောင်းတစ်ချို့ကိုရော ကွန့်မင့် တစ်ချို့ ကိုပါ မကျေနပ်ကြတဲ့ ကျွန်တော်တို့ မြန်မာတစ်ချို့က ကွန့်မန့်တွေ ပြန်ရေးရင်း နဲ့ တစ်ချို့ရေးတဲ့ ကွန့်မန့်တွေက လွန်လွန် ကျူးကျူး တွေ ဖြစ်ကုန်ကြပါရောဗျာ။
အဲဒီ ဟာတွေကို သွားဖတ်မိတဲ့ ကျွန်တော် လည်း ရသမျိုးစုံခံစားလိုက်ရပါတယ်ဗျာ။ ပထမတော့ ဒေါသထွက်တယ်၊ ပြီးတော့ ၀မ်းနည်းတယ်၊ စိတ်မကောင်းဖြစ်တယ်၊ စိတ်ပျက်တယ်၊ အားတက်တယ်၊ အဲ မရှက်မကြောက် ၀န်ခံ ရရင် စိုးရိမ် စိတ်လည်း ဖြစ်မိတယ်ဗျ။

တစ်ခုချင်းကို ရှင်းပါရစေ။

ဒေါသထွက်တာကတော့ ကျွန်တော်တို့ နိုင်ငံသားတွေကို စော်ကားမော်ကား ခပ်နှိမ်နှိမ်လေး ပြောတဲ့ ရေးတဲ့ အတွက်ပါပဲ။ (ကျွန်တော်ဖတ်မိသလောက်တော့ ဆောင်းပါးက အဲလောက် မဆိုးပါဘူး။ ကွန့်မန့် တစ်ချို့က ပိုဆိုးတာပါ။)
ဝမ်းနည်းတာကတော့ သြော် ငါတို့ တွေဒီလို ခံနေရပါလား ဆိုပြီး တွေးမိလို့ပါ။

စိတ်မကောင်း ဖြစ်တာကတော့ ဒီလိုခံနေရတာကို ဘာမှ မလုပ်နိုင်တဲ့ အတွက်ကြောင့်ပါ။

စိတ်ပျက်တာကတော့ တစ်ချို့ မျိုးချစ်ပုဂ္ဂိုလ်တစ်ချို့ ရဲ့ မရင့်ကျက်မှု့ကြောင့် ပါ။

အားတက်တဲ့ အချက်ကတော့ ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်တော်တို့ တစ်တွေက ကိုယ့်နိုင်ငံနဲ့ လူမျိုးကို ဘယ်နေရာရောက်ရောက် ချစ်ကြပါလားဆိုပြီး စိတ်ချလုံခြုံ အားတက်မိတာပါ။

တစ်ခုတော့ ၀န်ခံပါရစေ။ စိုးရိမ်တယ်ဆိုတာ ကိုယ့် ရဲ့ ခနော်နီ ခနော်နဲ့ ကုလားထိုင်လေး လှုပ်သွား မှာစိုးရိမ်မိ လို့ပါပဲ။ လူဆိုတဲ့ အမျိုးကလည်း အဆိုးဆုံးဆိုရင် မရမရ လမ်းရှာပြီးတွေးတတ်ကြတယ်လေ။ (မဖြစ်နိုင်မှန်း သိရက်နဲ့ပါ)

ယေဘူယျအား ဖြင့် ကြည့်ရင် စင်ကာပူလို ပထမကမ္ဘာ နိုင်ငံက သူတွေက ကျွန်တော်တို့လို တတိယမ္ဘာနိုင်ငံ ကသူတွေကို ခပ်နှိမ်နှိမ်လေး ဆက်ဆံချင်ကြတယ်။ ဒါလည်း ထားပါတော့လေ။ လူ့သဘာဝလို့ ပဲ ပြောချင် ပါတယ်။ မြင့်နေတဲ့သူကတော့ နိမ့်နေတဲ့သူကို ငုံကြည့်မှာပဲလေ။ ကျွန်တော်တို့လည်း ကိုလိုနီခေတ် တုံးက ကျွန်တော်တို့ဆီမှာ အလုပ်လာလုပ်တဲ့ အောက်ခြေလူတန်းစား ကုလားတွေကို ခပ်နှိမ်နှိမ်လေး ဆက်ဆံ ကြတာပဲလေ။

အခု ဖြစ်တဲ့ အခြေအနေက တစ်ချို့ စလုံးတွေက သူတို့ အစိုးရ ပေါ်လစီ ကို မကြိုက်လို့ ဝေဖန်တာက နေစတယ်လို့ ထင်ပါတယ်။ စလုံး အစိုးရက နိုင်ငံခြား ပညာရှင်ဆိုပြီး ခေါ်လိုက်တာ ခေါ်လိုက်တာ တကယ်တော့ ပညာရှင်မဟုတ်ပဲနဲ့ လုပ်ခနည်း အလုပ်သမား တွေဖြစ်နေတယ်လို့ ဆိုပါတယ်။ သူတို့ ပြောတာလည်း မှားတယ်လို့တော့ ပြောလို့ မရပါဘူး။ အဲလို ခေါ်တော့ ဘာဖြစ်လဲ။ သာမာန် လူတန်းစား စလုံးတွေ မှာ သွားထိပါတယ်။ သာမာန် လူတန်းစားတွေက နိုင်ငံ ခြားသားတွေနဲ့ ယှဉ်ပြီး အလုပ်ရှာ နေရတာလေ။ နိုင်ငံခြား အလုပ်သမားက လုပ်ခပိုနည်းတော့ သူတို့နဲ့ ယှဉ်ရင် ဒေသခံ စလုံးတွေ က အခွင့် အရေး ပိုနည်းသွားကြ တာပေါ့။ သူတို့ အတွက်က အလုပ်က မရှိလို့ ကိုမဖြစ်ရှာဘူးလေ။ တကယ်ပါ။ သူတို့ ဘ၀မှ ၀န်ထမ်း အလုပ် မလုပ်လို့ကို မရဘူး။ ဘာပဲ ပြောပြော ကျွန်တော်တို့ နိုင်ငံမှာက ၀န်ထမ်း မလုပ်ချင်ရင် ကွမ်းယာဆိုလေး၊ အိမ်ဆိုင်လေး ဖွင့် နေလို့ရသေးတယ်။ ကိုရွှေ စလုံးတို့က အဲလိုဆိုတော့ သနားစရာတော့ အကောင်းသားဗျ။

ပြီးတော့ ဘော့(စ်) လို့ခေါ်တဲ့ အလုပ်ရှင် သူဌေးတွေ။ ဒီနေရာမှာတော့ ၀ါးလုံးရှည်နဲ့ သိမ်းရမ်းပါရစေ။ (ကောင်းတဲ့ သူဌေးတွေလည်း ရှိပါတယ်။) အများစုကတော့ စီးပွားရေး သမားစိတ်ပဲ။ အတ္တကြီးတယ်ပေါ့ဗျာ။ တစ်ဖက်သားကို ကိုယ်ချင်း မစာဘူး။ စာနာစိတ်မရှိဘူး။ နားလည် မပေးနိုင်ဘူး။ သူတို့ဘက်ကကြည့် ရင်လည်း မှန်မှာပဲဗျ။ အဲလိုလုပ်မှလည်း သူဌေးဖြစ်မှာကိုး။

ကျွန်တော်တို့ လူတစ်ချို့ကို တစ်ခါတစ်လေကျတော့ တအားရယ်ချင်တယ်။ တစ်ချို့ လူတွေက အမြဲပြောတယ်။ သူ့ကို ဘော့(စ်) ကဘယ်လို သဘောကျတာ။ ဘယ်လိုပစားပေးတာ။ သူများ မရတဲ့ အခွင့် အရေးတွေရတယ်။ စသဖြင့်ပေါ့။ ကျွန်တော် တစ်ခုပဲ ပြောလိုက်ချင်ပါတယ်။ စာဖတ်သူ မိတ်ဆွေအနေနဲ့ နွားသတ်သမား တစ်ယောက် နွားတစ်ကောင်ကို ကြည့်တဲ့ မျက်လုံး မျိုး မြင်ဖူးပါသလား။ ဒီနွား ဘယ်လောက် အချိန်စီးမလဲ ဆိုတဲ့ အကြည့်မျိုး။ အဲလိုပါပဲ။ နွားသတ်သမား တစ်ယောက်က ဟာ ဒီနွားကြီး လှလိုက်တာကွာ လို့ ချီးကျူးတာ အဲဒီနွားက ဂုဏ်ယူရမလား။ စဉ်းစား ကြည့်ကြပါ။ (ကျွန်တော်ပြောတာ နည်းနည်း အစွန်းရောက်တယ်ဆိုတာ ၀န်ခံပါတယ်)

အဓိက ပြောချင်တာက ဘော့(စ်) လို့ ခေါ်တဲ့ သူဌေး အများစုက အဲလိုပါပဲ။ ဒါကြောင့် ကျွန်တော်တို့ မှာ မကျေနပ်ချက်တွေ နေ့စဉ်နှင့် အမျှ တွေ့နေရလေပါပဲ။ မြန်မာနိုင်ငံ မှာ အလုပ်လုပ်ရင် လည်း ဒါမျိုးကတော့ အနည်းနဲ့ အများရှိမှာပဲလေ။ ဒါပေမယ့် နိုင်ငံ ခြားမှာ လောက်တော့ ခံစားချက် ပြင်းချင်မှ ပြင်းမှာပေါ့။ ကိုယ့်နိုင်ငံ မှာကိုယ့် မိသားစုနဲ့ နေရတာကတစ်ကြောင်း ကိုယ့်လူမျိုးခြင်း ဖြစ်နေတာက တစ်ကြောင်း ဆိုတော့ ဒီမှာထက်စာ ရင် ပို ဖြေသိမ့်လို့ ရမှာပေါ့။ အဲလိုနဲ့ ကျွန်တော်တို့ အများစုက သူများ နိုင်ငံ မှာ အလုပ်လုပ်နေရ လို့၊ အဲဒီနိုင်ငံ သားတွေက ခွဲခြားဆက်ဆံတာ ခံနေရလို့ နေ့စဉ်နှင့် အမျှ ဆူးတွေ တစ်ချောင်းပြီးတစ်ချောင်း ပေါက်နေကြပါတယ်။ တကယ်သာ မကျေနပ်တိုင်းသာ ဆူးတစ်ချောင်း တစ်ချောင်းပေါက်ရမယ်ဆိုရင် လူလည်း ဇီးပင်ကြီး ဖြစ်နေလောက်ပါပြီ။

အဲဒီ သိမ်းထားတဲ့ ခံစားချက် တွေက မီးပွားလေး တစ်ပွားကျတာနဲ့ ထပေါက်တဲ့ ဆီတိုင်ဂီလိုပါပဲ။ ဒါပေမယ့် တစ်ခု မကောင်းတာက တစ်ချို့ တုံ့ ပြန်မှု့တွေက ခံစား ချက်ပြင်းနေတော့ အလွန် အကျွံတွေ ပြောမိကုန်ရော။ အဲလို ပြောလေ ကိုယ်ဘက်က ပိုနာလေပါပဲ။ သူများကို နှိပ်ကွပ်ချင်ဇောနဲ့ ကိုယ်က ပိုခံရတာ ကို မသိလိုက်ပါဘူး။ ကျွန်တော့် ဒေါ်ကြီးတစ်ယောက် ပြောသလို ဆိုရင် ဒီကောင်က တော့ သူများ လုပ်ဖို့ ဆိုရင် ချီးငုံ ထွေးမယ့်ကောင်တဲ့။ ဟုတ်ပါ့ဗျား။ သူများကို ချီးပေပါစေတော့ ဆိုပြီး ငုံထွေးတာတဲ့ဗျာ။ သူများ ပေဖို့ ပဲ အရေးကြီးတယ်။ ကိုယ်ငုံချင်ငုံရပစေတဲ့။ တော်တော်ခက်တဲ့ သူတွေပဲ။

တကယ်တော့ ဒီလို အဖြစ်တွေက အကြောင်းအရာ ကအဓိကမဟုတ်ဘူးလို့ ထင်ပါတယ်။ အခြေ အနေကြီးကြောင့်ပါ။ ကျွန်တော်တို့ တစ်တွေ ကိုယ့်နိုင်ငံ ကိုယ် ပြန်မနေနိုင်သေးသ၍ မြန်မာနိုင်ငံ သားလို့ လက်မ မထောင်နိုင်သေး သ၍ကတော့ အလားတူ အဖြစ်တွေကို ကြုံတွေ့နေရဦးမှာ အသေအချာပါပဲဗျာ။
နိုင်ငံခြားကို လာပြီး အလုပ်လုပ်တဲ့သူတွေထဲမှာ လည်း အမျိုးအမျိုး အစားစား ရှိပါတယ်။ တစ်ချို့ ပိုက်ဆံလာရှာဖို့၊ တစ်ချို့ ရွှေ့ပြောင်း အခြေချဖို့၊ တစ်ချို့ကတော့ ဘာမှန်းညာမှန်းမသိ လောလော ဆယ်အခြေအနေအရ မီးစင်ကြည့်ကနေတာ။ အဲဒီ အထဲမှာ ရွှေ့ပြောင်း အခြေချဖို့ စိတ်ကူးတဲ့ သူတွေကို တော့ မပြောတော့ပါဘူး။ မှန်တယ် မှားတယ်လဲ ပြောလို့မရပါဘူး။ လူတိုင်းက ကိုယ့် ဘ၀နဲ့ ကိုယ်ပဲလေ။ ကိုယ်လုပ် သလိုမလုပ်လို့ မှားတယ်လို့ ဘယ်ပြောလို့ရပါ့မလဲ။ ပိုက်ဆံရှာပြီး ပြန်မယ့်သူတွေ နဲ့ ဘာမှန်း ညာမှန်း မသိသေးတဲ့ သူတွေကတော့ အမြဲတမ်း ပြန်ဖို့ တစ်ပြင်ပြင်ပါပဲဗျာ။ သူသူ ကိုယ်ကိုယ် ကိုယ့်နိုင်ငံ မှာ ပြန်နေချင်ကြတယ်ဗျ။ စင်ကာပူ ကလည်း သနားစရာကောင်းပါတယ်ဗျာ။ ရုပ်ဝတ္ထုပစ္စည်း ဒီလောက်အဆင်ပြေအောင် လုပ်ပေးထားတာကို ကျွန်တော်တို့ ကိုပျော်အောင် မလုပ်ပေးနိုင်ဘူးလေ။ မပျော်ဘူးဆိုတာလည်း ကိုယ့်အခြေအနေနဲ့ ကိုယ်ဗျ။ အဲ ကိုရွှေအမေရိကန်ကြီး၊ ကိရွှေယူရိုပီယန်ကြီး ဆိုရင်တော့ ပျော်ချင် ပျော်မပေါ့ဗျာ။ သူတို့ ဆိုရင် စလုံးတွေက ၀ိုင်းမထားတာကိုး။ ဆရာကြီး အနေနဲ့ နေရတာကိုး။ ကျွန်တော်တို့ အများစုကတော့ တပည့်ကြီး အနေနဲ့ လာရတာဆိုတော့ ဘယ်ပျော်ပါ့မလဲဗျ။ ဒါလည်း သဘာဝကျပါတယ်။

မြန်မာနိုင်ငံ ပြန်ချင်တယ် ပြန်ချင်တယ် ဟု ညည်းကြသူများကို လည်း စာရေးဆရာကြီး တစ်ယောက် ပြောပြ ဖူးတဲ့ အကြောင်းလေး တစ်ခု ပြန်ပြီး ဖောက်သယ်ချချင်ပါတယ်။

တစ်ခါက လေယဉ်မှုးကြီး တစ်ယောက်ရှိသတဲ့။ အဲဒီ လေယာဉ်မှုးကြီးက သူလေယာဉ် အတက်အဆင်းလုပ်တဲ့ လေယာဉ်ကွင်း စပ်က ချောင်းလေး တစ်ချောင်းမှာ လူငယ်ကလေး တစ်ယောက် မြက်အုပ်ထုပ်လေးဆောင်းပြီး ငါးမျှားနေတာကို လေယာဉ်တက်တိုင်း တွေ့သတဲ့။ အဲဒီတော့ သူလည်း တွေးမိတယ်။ သြော် သူ့ဘ၀များ အေးချမ်းလိုက်တာ။ ဇိမ်လေးနဲ့ ငါးထိုင်မျှားရုံပဲ။ ငါ့ဘ၀များ စထက်တွေများကြီး ပင်ပန်းလိုက်တာပေါ့။ ငါလည်း သူလို့ပဲ နေချင်လိုက်တာလို့ သူရဲ့ စထရက် များလှတဲ့ လေယဉ်မှုးဘ၀နဲ့ နှိုင်းယှဉ် ကြည်မိပါတယ်တဲ့။ အဲဒီမှာ ဆရာပြောထားတာကတော့ အဲဒီ လေယာဉ်မှုးက ငါးမျှားနေတဲ့ ကောင်လေး ဘ၀ကို လိုချင်နေ တယ်ဆိုတာ တကယ်ဟုတ်ရဲ့လား။ တကယ်တမ်း တွေးကြည့်တော့ မဟုတ်နိုင်ပါတဲ့။ ခဏတစ်ဖြုတ် အပန်းပြေရုံလောက်တော့ နေနိုင်မှာပေါ့။ ဒါပေမယ့် မင်းတကယ် ငါးမျှားစားတော့ ကွာဆိုရင် တော့ သူဘယ်နေနိုင်ပါမလဲတဲ့။ အခုလက် ရှိအခြေအနေက စိတ်ညစ်စရာကောင်းနေတော့ ချောင်းဘေး မှာ အေးအေးလူလူ ထိုင်ငါးမျှားနေတဲ့ ကောင်လေးကတော့ စိတ်ချမ်းသာမှာပဲလို့ ထင်ပြီး သူ့ဘ၀နဲ့ ခဏတစ် ဖြုတ်သာ လဲချင်တာပါ။ (တကယ်တော့ အဲဒီ ငါးမျှားနေတဲ့ ကောင်လေးကလည်း ပူပင်သောက များစွာနဲ့ ဖြစ်ချင် ဖြစ်မှာပေါ့။ ဥပမာ အခု ရတဲ့ ငါးကို ရောင်းမှ ဒီညနေစာ ဆန်ဝယ်နိုင်သလိုမျိုး။)

ပြောချင်တာက အခု စင်ကာပူရောက်နေတဲ့ ကျွန်တော်တို့ တော်တော်များများလ ည်း အဲလိုပဲ မကြာခဏ တမ်းတ မိကြပါတယ်။ အမလေး စင်ကာပူများ စထရက် များလိုက်တာကွာ။ စက်ရုပ်နိုင်ငံပဲ။ ကိုယ့်နိုင်ငံကို ပြန်ပြီး လယ်စိုက်စားတာက မှ ကောင်းဦးမယ်။ အဲလို ညည်းကောင်း ညည်းဖူးကြပါလိမ့်မယ်။ တကယ်တော့ အဲလို ဖြစ်တာဟာ ဟိုလေယာဉ်မှုးငါးမျှားနေတဲ့ ကောင်လေးကို အားကျသလိုပါပဲ။ တကယ်တမ်း ပြန်ကွာ ဆိုရင် ဘယ်သူမှ မပြန်နိုင် ကြသေးပါဘူး။ အခြေအနေ အကြောင်း အမျိုးမျိုးကလည်း ရှိသေးသကိုး။ အဲလို ပြန်ချင် ရက် နဲ့ မပြန်နိုင်လေ မကျေနပ်မှု့ အစိုင်အခဲက ကြီးလေပဲလေ။ အဲဒီတော့ ကျွန်တော်တို့ ကလက်ရှိဖြစ်နေတဲ့ အခြေအနေကို တနည်းနည်းနဲ့ လက်ခံနိုင်ဖို့လိုပါတယ်။ ဒါမှ စိတ်ချမ်းသာမှာလေ။ ကိုယ်လုပ်ချင်တာကို မလုပ်နိုင်သေးသ၍တော့ လုပ်သင့်တာကို အကောင်း ဆုံးဖြစ်အောင်ပဲ လုပ်ရမှာပဲလေ။

စိတ်ခံစားချက်နောက်ကို တစ်ကောက်ကောက် လိုက်နေလို့တော့ လက်ရှိအခြေအနေအရ မဖြစ်နိုင်သေးပါဘူး။
ကျွန်တော်ကတော့ အဲလို အဖြစ်အပျက်တွေ ကြုံလာလေ ကိုယ့်နိုင်ငံကို ပိုချစ်လာလေပါပဲ။ ကိုယ့်နိုင်ငံ ကိုယ့် လူမျိုးရဲ့ တန်ဖိုးကိုပို သိလာလေပါပဲ။

မိတ်ဆွေကို တစ်ခုမေးချင်ပါတယ်။ စင်ကာပူမှာ အဆင်ပြေနေသူများ (ကိုယ့်ကိုယ်ကို အဆင်ပြေနေသူဟု ယူဆထားသူများ) လက်ရှိ အဆင်ပြေတဲ့ အတိုင်း တစ်သက်လုံး ပြေမယ်လို့ ထင်ပါသလား။ ဒီ အခြေအနေအတိုင်း မပြောင်းလဲ ပဲ အမြဲရှိနေတယ်လို့ ယူဆပါသလား။

ကျွန်တော် ရဲ့ အမြင် အရတော့ မထင်ပါ ခင်ဗျား။ အချိန် အတိုင်းအတာ တစ်ခုထိပါပဲ။ တစ်ချိန်ချိန်မှာ အခြေအနေအကြောင်း တစ်ခုခု ဖြစ်လာ ရင် မိတ်ဆွေရဲ့ ကုလားထိုင် လေး ယိုင်သွားနိုင်ပါတယ်။ အဲဒါကြောင့် နိုင်ငံခြားဆိုတဲ့ တိုင်လုံးကြီးကို အမှီပြု ပြီးတော့ မိတ်ဆွေရဲ့ ဘ၀အိမ်လေးကို မဆောက်ပါနဲ့လို့ပဲ အကြံပေးချင်ပါတယ်။ အဲ တစ်ခြားနိုင်ငံ သားအဖြစ် ခံယူမည့်သူများက လွဲလို့ပေါ့ဗျာ။

ဒီအကြောင်းတွေကို ပိုပြီး ဖတ်ချင်သေးရင် ကိုပေါရေးထားတဲ့ တော်ကြပါတော့ဗျို့ ဆိုတဲ့ ပို(စ့်)မှာ ဖတ်ကြည့် ကြပါဦးဗျာ။

မိုးတိမ်ညို
ဇန်ဇ၀ါရီ ၂၀၁၀

11 comments:

Rita January 23, 2010 at 11:59 AM  

:)

Anonymous January 23, 2010 at 1:59 PM  

ကောင်းတယ်ဗျ။ ခင်ဗျားရဲ့ စာက တစ်ချို့သော အိပ်မက် မက်နေသူ၊ စိတ်ကူးယဉ်လွန်နေတဲ့သူတွေအတွက် လှုပ်နိုးလိုက်တဲ့ ဆောင်းပါးကောင်းလေးတစ်ခု လို့ထင်တယ်ဗျို့....။ စောင့်ဖတ်နေပါတယ် ကိုမိုးတိမ်ရေ...။

JulyDream January 23, 2010 at 4:32 PM  

မျိုးချစ်စိတ် လွန်ကဲတာကနေ မျက်ကန်းမျိုးချစ် ဖြစ်သွားတာကို ရှောင်နိုင်ရင် အကောင်းဆုံးပါပဲ။ =)

Anonymous January 23, 2010 at 6:57 PM  

နွားကြီးနေရာကနေ ၀င်ရောက်ခံစားသွားပါတယ်..:D

amk January 24, 2010 at 8:31 AM  

အကိုပြောမှ ကိုယ့်ကို ကို ဘွတ်ဘဲ ကြီးဖြစ် နေမှန်းသိတော့တယ် ဟာလာလုပ်မယ် ဘော့ရဲ့မျက်လုံးတွေက ကြောချမ်းစရာပါဗျာ

ကိုပေါ January 24, 2010 at 10:29 AM  

တခါတလေကျတော့ ဆရာအောင်သင်းပြောသလိုပဲဗျ။ တံတွေးကို မော့ထွေးမိလို့ ကိုယ့်တံတွေးခွက်မှာကိုယ် ပက်လက်မျောရတယ်ဆိုတာ ဒါမျိုးပဲနေမှာ။

တကယ်တော့ဗျာ။ အဲဒီဆောင်းပါးမှာ ရေးထားတာက စော်ကားရာ ကျပေမယ့် မဖြစ်စလောက်ပါ။ တကယ်တော့ လီကွမ်းယူတို့၊ ဂိုချုပ်တောင်တို့၊ ဂျော့ယိုးတို့ မြန်မာပြည်နဲ့ ပတ်သက်ပြီး ပြောသွားတာတွေကမှ တကယ့် မြန်မာ တမျိုးသားလုံးကို သိမ်းကျုံးစော်ကားသွားတာဗျ။ အဲဒီတုန်းက ဘယ်မြန်မာမှ နာရကောင်းမှန်းမသိတာ အံ့သြစရာ ကောင်းတယ်။

တခြားလူမျိုးတွေကိုလည်း.... ဥပမာ ပီအာရ်စီတွေကို အင်္ဂလိပ်စာနဲ့ ပတ်သက်ပြီး သူတို့ ရေးနေကြတာတဲ့ ဆောင်းပါးတွေ အများကြီး ကျနော်ဖတ်ဖူးပါတယ်။ ဒီထက်တောင် ဆိုးသေးပါတယ်။ ကျနော်တို့လူတွေက မြန်မာကိုပဲ ကွက်ပြီး နှိမ်တယ်လို့ အောက်မေ့နေပုံရတယ်။

တခါတလေကျတော့ဗျာ.... ကိုယ့်လူတွေကလည်း ပြောစရာရှိတယ်။ ဆရာအောင်သင်းပြောသလို အမြင်ကျယ်ရမယ့်နေရမှာ ဟိုဒင်းကြီးက ကျယ်နေတယ်ဆိုတာမျိုး။

Anonymous January 24, 2010 at 1:45 PM  

so KP think TR is correct to put Ma YYO and burmese in the spot light?

actually KP is against PAP which is pro-FT. that means PAP is pro-burmese.

Opposition r anti-FT which means burmese r not in their favor...

so where KP stands?

Nanda January 26, 2010 at 2:37 AM  

Quite an upset to see some of these person-centric comments.
Nobody in the comments , including KP's, above said TR is correct to pick a Burmese in his article.
It's utterly nonsense to accuse KP is against PAP and and so on blah blah. Simply ridiculous!
It doesn't matter where KP stands so long as he is voicing for the interest of Burmese in SG.
What we care is that the Burmese in SG not to be pawns in their political fight.

Sea Wave January 29, 2010 at 9:09 AM  

Singapore is not first class country. If our country is grade 3, S'pore is 2.2.

Anonymous February 9, 2010 at 11:57 PM  

What ever you guy say... Sg government is better than Myanmar Junta... working here ..better than working myanmar...

Anonymous February 10, 2010 at 12:02 AM  

If our Myanmar people still have this kind of attitudes, we always left behind.

Visitors

About Me

  © Blogger template 'Perfection' by Ourblogtemplates.com 2008

Back to TOP