Tuesday, March 30, 2010

ချွေတာ စုဆောင်း သူဌေးလောင်း

ကျွန်တော့် အမေကို အခြားသူများက ကပ်စေးနဲသည်ဟု ဆိုကြလေသည်။ အချို့ကမူ စည်းစနစ်ကျသည် ဟုဆိုသည်။ ကပ်စေးနဲ သည်ဟုဆိုလျှင် အပျက်သဘော တွေးခြင်းဖြစ်ပြီး စည်းစနစ်ကျသည်ဟု တွေးလျှင် အပြုသဘောတွေးခြင်းဖြစ်ပေမည်။ မည်သို့ပင်ဖြစ်စေ ကျွန်တော့် အမေသည် အနည်းငယ် နှမြောတတ် သူတစ်ဦးဟု ထင်ပါသည်။ ဤသည်မှာလည်း သဘာဝကျပါသည်။ အိမ်ထောင်ရှင်မတစ်ဦးအနေနှင့် အလေ အလွင့် နည်းပါးစေရန် အတတ်နိုင်ဆုံးထိန်းသိမ်းရမည် မဟုတ်ပါလား။ ကျွန်တော်တို့အိမ်တွင်လည်း မည် သူ ကမှ စေ့စေ့စပ်စပ်မရှိသဖြင့် အမေမှ မထိန်းသိမ်း လျှင်လည်း အလေအလွင့်က တော်တော်များ မည် ဖြစ်သည်။ ထို့ကြောင့် အမေ၏ နှမြောတတ်သော အကျင့်သည် ကျွန်တော်တို့ မိသားစုထဲတွင် အရေးပါသလို တစ်ခါ တစ်ခါရယ်စရာ (အကောင်းဘက် ကပြောခြင်းဖြစ်သည်)လည်း ဖြစ်တတ်လေသည်။

တစ်ညသော် ကျွန်တော်တို့ မိသားစု အားလုံးအိပ်ယာဝင်ကြသည့် အချိန်တွင် အောက်ထပ် ဧည့်ခန်းထဲမှ အသံကြားသဖြင့် ကျွန်တော် ဆင်းကြည့်ရာ အမေ့ကို ဆက်တီခုံပေါ်တွင် တစ်ယောက်တည်း ထိုင်ပြီး ဘုရားစာ ရွတ်နေသည်ကိုတွေ့ ရသည်။ တွေ့ရိုးတွေ့ စဉ်မဟုတ်သဖြင့် ကျွန်တော်အံ့သြသွား ပြီး အမေ့ကိုမေးလိုက်သည်။ “ အမေ မအိပ် သေးဘူးလား ဘာလုပ်နေတာတုံး“ အမေကမော့ ကြည့်ပြီး “အေးဒီမှာ ခြင်ဆေး ခွေလေး မကုန်သေးလို့ထိုင်နေတာ“ ကြည့်လိုက် တော့ ခြင်ဆေးခွေလေးက လက်တစ်ဆစ် လောက်သေးသေးလေး ကျန်နေခြင်းဖြစ်သည်။ မီးငြိမ်းလိုက် လျှင်လည်း နောက်တစ်ခါ ပြန်ထွန်းရမည် မဟုတ်တော့ချေ။ အမေက ဒီခြင်ဆေးခွေလေးကို သူ့ဟာသူ ကုန်သွား အောင်ထွန်းထားခဲ့ရမည်ကို လည်း မသိစိတ်က နှမြောနေပုံရသည်။ အမေ့ စိတ်ကူးထဲတွင် ခြင်ဆေး ထွန်းထားလျှင်လူထိုင်နေမှ အကျိုးရှိမည်ဟူသော အချက်သာ လောလော ဆယ်ရှိနေသည်ဟုထင်သည်။ ထိုကြောင့် အိပ်ချင်ရက်နှင့် အပင်ပန်းခံပြီး ပေထိုင်နေခြင်းဖြစ်လေသည်။ တစ်ခါအလေ လူများမှာ အဲလို အတွေးလွန်ပြီး အတွေးချော် သွားတတ်လေသည်။

ထိုနည်း၎င်းပင် ကျွန်တော်၏ အစ်ကိုဝမ်းကွဲတစ်ယောက်လည်းဖြစ်ဖူးသည်။ သူသည် ကျွန်တော့် အမေဖက်မှ ဖြစ်ပြီး လူလတ်ပိုင်းစီးပွားရေး သမား တစ်ယောက် ဖြစ်သည်။ စီးပွားရေးတွက်တွက်တတ်သည်။ တစ်ခုခုရင်းနှီးပြီး လျှင် အကျိုးအမြတ် တစ်ခုခုတော့ ပြန်ရမှ ဖြစ်မည် ဟူသော သူမျိုးဖြစ်သည်။ တစ်ခါသော် နိုင်ငံခြားဇာတ်ကားတစ်ကား ရုပ်ရှင်ရုံတွင် ပြသရာသူကအရင်ကြည့်ပြီး အလွန်ကောင်းသဖြင့် ဆွေမျိုး များကြည့်ရန် နောက်ရက်တွင် လက်မှတ်ငါးစောင်ဝယ်ခဲ့ လေသည်။ ရုပ်ရှင်သွားခါနီးတွင် တစ်ယောက်က အရေးကြီး ကိစ္စပေါ်လာသဖြင့် မလိုက်နိုင်ခဲ့ရာ အခြားလူတစ်ယောက် ကို လူစားထိုးရန်ရှာဖွေရာ ကံဆိုးစွာ ပင်ဆွေမျိုးမိတ်ဆွေများထဲမှ မည်သူကမှ မလိုက်နိုင်ဖြစ်နေသည်။ ထို့ကြောင့် ရုပ်ရှင်ရုံတွင် ပိုနေသော လက်မှတ်တစ်စောင်ကို ပြန်ရောင်းရန် ကြိုးစားရာလည်း ၀ယ်မည့် သူရှာမတွေ့ပါ။ ကြံရာမရသည့် အဆုံးတွင် ထိုအစ်ကို သည် အနွေးထည်လေး ၀တ်ပြီး ရုပ်ရှင်ရုံထဲသို့လိုက်ထိုင်ကာ ဇာတ်ကားပြီးသည် အထိထိုင်ခုံတွင် ထိုင်အိပ်နေပါသည်။ ၀ယ် ထား သည့် ထိုင်ခုံ အလဟသ အဖြစ်မခံနိုင်လို့ တန်အောင် အပင်ပန်းခံပြီး ထိုင်ခုံပေါ်တွင် လာအိပ်ခြင်းဖြစ်လေသည်။

နောက်တစ်ခုကတော့ ကျွန်တော်တို့ အဒေါ်အကြောင်း။ အဲဒီအကြောင်းကတော့ ကျွန်တော့် အစ်ကိုဝမ်းကွဲတစ်ယောက် ပြန်ပြောပြတာပါ။ သူတို့ ခပ်ငယ်ငယ် အလယ်တန်းကျောင်းသား ဘ၀လောက်တုံးကတဲ့။ အဲဒီခေတ်က ကုန်ပစ္စည်းရှားပါးတဲ့ ခေတ်ဆိုပဲ။ အခုခေတ်လို ဆပ်ပြာမွှေးတွေ မျိုးစုံအောင် မရှိသေးဘူး။ ကျွန်တော်တို့ ငယ်ငယ်တုန်းကတောင် ကာဗော်လစ် ဆပ်ပြာကို အကောင်းလုပ် သုံးခဲ့ရသေး တယ်လေ။ သူတို့အမေ ကျွန်တော့်အဒေါ်က လည်း တော်တော်လေး စေ့စပ် တယ်ဗျ။ သူက ရေချိုးခန်းထဲမှာ ဒီလို ရေးထားတယ်တဲ့။ ‘ခေါင်း.. ကာဗော်လစ်.. ကိုယ်လုံး အ၀တ်လျှော်ဆပ်ပြာ’ တဲ့။ သူဆိုလိုချင်တာက ကာဗော်လစ် ဆပ်ပြာက ဈေးကြီးတယ်ပေါ့ဗျာ။ အဲဒါကြောင့် အကုန်အကျသက်သာအောင်လို့ ရေချိုးတဲ့ အခါ ကာဗော်လစ် ဆပ်ပြာကို ခေါင်းနဲ့ မျက်နှာပဲသုံး ဈေးပေါတဲ့ ရွှေဝါ အ၀တ်လျှော်ဆပ်ပြာကို ကိုယ်လုံးတိုက်လို့ ရေးထားတာ။ ဒါကပါးစပ်နဲ့ လည်းပြောပြီးသားပါ။ ပိုသေချာအောင် လို့ ရေချိုးခန်းထဲမှာပါ ရေးထားတာတဲ့။ သူ့ဟာသူ ရေးထားတာ ဘာမှ မဖြစ်ပေမယ့် ကျွန်တော့် အစ်ကို သူငယ်ချင်းတွေ အိမ်လာလည်မှ ဒုက္ခရောက်တော့တာပဲ။ သူတို့က ရေချိုးခန်းထဲက အဲဒီ စာတန်းကို တွေ့သွားသတဲ့။ သူတို့ကလည်း တော်တော်ဆိုးတယ် ဗျ။ ဘာမှ မပြောပဲ တိတ်တိတ် ကလေး ကျိတ်မှတ်သွားတာ။ နောက်ရက် ကျွန်တော့် အစ်ကို ကျောင်းသွားပြီး ကျောင်းခန်းထဲလည်း ၀င်ရော လူငါးယောက်လောက်က ‘ခေါင်း.. ကာဗော်လစ်.. ကိုယ်လုံး အ၀တ်လျှော်ဆပ်ပြာ ခေါင်း.. ကာဗော်လစ်.. ကိုယ်လုံး အ၀တ်လျှော်ဆပ်ပြာ’ လို့ ၀ိုင်းအော်ကြပါသတဲ့။ ကျွန်တော့် အစ်ကိုလည်း အစပိုင်းတော့ အူကြောင်ကြောင် ဖြစ်နေသေးတယ်။ ဒီစာသားကြီး ငါကြားဖူးပါတယ်နဲ့ လို့တောင် တွေးနေသေးတာတဲ့။ နောက်မှ သူ့ကို ၀ိုင်းရယ်ကြမှ ဟာ အိမ်က ရေချိုးခန်းထဲက စာသား ကြီးပါလားလို့ သဘောပေါက်သွားသတဲ့။ အဲဒီနေ့ ကသူရှက်လိုက်တာ မှ ခေါင်းကို မဖော်နိုင်ဘူးတဲ့။ အိမ်မရောက်မှ အမေရာ အမေကအဲလိုရေးထားတော့ ကျောင်းမှာ ကျွန်တော့်ဝိုင်းအော် ကြတာဗျဆိုပြီး ပုဆိုးစုတ်ရေဆွတ်ပြီး ရေချိုးခန်းထဲက စာတန်းကြီး ကို သွားဖျက်ပါလေရောတဲ့ဗျာ။ အဒေါ်ကတော့ အဲဒီ အကြောင်းအခု အခုထိ သဘောကျပြီး ပြောပြော ရယ်တုံးပဲ။

နောက်တစ်ခုကတော့ ကျွန်တော်တို့နဲ့ စင်ကာပူမှာ အတူနေတဲ့ အစ်ကိုကြီး တစ်ယောက်။ သူက လူပျိုကြီး။ သူလည်း အတော်လေးကို စေ့စပ်တယ်။ ကျွန်တော်တို့နဲ့ တော့ကွာပါ့။ ဘာပစ္စည်းဝယ်ဝယ် ဈေးအနည်းဆုံးကို ရအောင်ရှာဝယ်တယ်။ ဒါပေမယ့် အလွန်အကျွံဖြစ် လာတော့လည်း ခံရတာပဲဗျ။ ဖြစ်ပုံကဒီလို။ တစ်ခါက သူ လက်ဆွဲအိတ် လျှော့ဈေးနဲ့ ရတယ်ဆိုလို့ မနက်အစောကြီး ထသွားပြီး တန်းစီပြီး ၀ယ်လာခဲ့တယ်။ ဘယ်လောက် သက်သာလဲ မေးကြည့်တော့ စင်ကာပူ လေးဒေါ်လာ တဲ့။ ကျွန်တော်ကတောင် မဆိုးပါ ဘူးလို့ တွက်နေသေးတယ်။ ဒါနဲ့ ပဲ ဆက်မေးကြည့်မိတယ်။ ဘယ်မှာသွားဝယ်တာ လဲဆိုတော့ ကျွန်တော်တို့ နေတဲ့ နေရာကနေ တစ်နာရီလောက် ရထားစီးရတဲ့ နေရာ။ ပြီးတော့ ဘူတာကနေ ရှစ်မှတ်တိုင်လောက် ကားစီးရသေးတယ်တဲ့။ သူအဲလိုပြောတော့ ကျွန်တော်ထရယ်တော့ တာပေါ့။ ဟားဟား အစ်ကိုကြီးနဲ့ဗျာ လေးကျပ်သက်သာ တယ်သာ ပြောတယ် အစ်ကိုကြီး ပြောတဲ့ ခရီးမျိုးဆိုရင် ရထားခနဲ့ ကားခ အသွား အပြန်က ငါးကျပ်ကျော်ကျော်လောက် ကျမှာ ဘယ်နှယ့်လုပ် သက်သာမှာလဲဗျ လို့ ပြောလိုက်တယ်။ အဲကျမှ သူသေချာစဉ်းစား မိပြီး မျက်နှာကြီးကို စူပုတ်သွားတာပဲ။ ပြီးတော့ ပြောတယ် မင်းပြောတာ ဟုတ်တယ်ကွ။ ငါ့မှာ အစောကြီးလည်း တန်းစီရသေး တယ်။ သွားပါပြီကွာ။ ရထားခ တင်မကဘူး အပြန်ဗိုက်ဆာလို့ မနက်စာ သုံးကျပ် ဖိုးပါ ထည့်တွက်ရင် ရှံးပြီကွဆိုပြီး အိတ်ကြီး ပစ်ချပြီး စိတ်ပျက်လက်ပျက် အခန်းထဲ ၀င်သွားပါတော့ တယ်။ ကဲ တအား စေ့စပ်တယ်ဆိုတော့ လည်း မခက်လား။

အဲ နောက်ဆုံးတစ်ခုကတော့ ကျွန်တော့်ရဲ့ ကောင်မလေး မရွှေချောပေါ့။ သူလည်း အဲလိုပဲ။ စေ့စပ် တယ်လို့ဆိုရမပေါ့။ သူကျတော့ ဖုန်းကဒ်ကိစ္စ။ ဒီမှာ ကမြန်မာနိုင်ငံကို ခေါ်ရင် အင်တာ နေရှင်နယ်ကို ခေါ်တဲ့ ကဒ်လေး ၀ယ်ပြီး ခေါ်ရတာလေ။ အဲဒါမှာ ဈေးသက်သာတာ။ တစ်ရက်တော့ ဈေးသွားရင်းနဲ့ ဖုန်းဆိုင်ရှေ့ရောက်တော့ သတိရတာနဲ့ ‘အိမ်ကို ဖုန်းခေါ်ဦးမှာ ဆို တစ်ခါတည်း ဖုန်းကဒ်ဝယ်ခဲ့လေ’ လို့ ကျွန်တော်ကမေးတော့။ ‘အမလေး ဒီဆိုင်မှာ မ၀ယ်ဘူး ဒီဆိုင်က ဈေးကြီးတယ်’ တဲ့။ ကျွန်တော်က ပြန်မေးရတယ်။ ‘ဟာ ဖုန်းကဒ်က ဘယ်လောက် ကွာမှာမို့လို့လည်းကွ’ ဆိုတော့ သူက ‘မဟုတ်ဘူး ဟိုဈေးက ဆိုင်က ပြားနှစ်ဆယ် သက်သာတယ်’ တဲ့။ သူပြောတဲ့ ဈေးက ဘစ်ကားစီးရင် သုံးမှတ်တိုင် လမ်းလျှောက်ရင် မိနစ် နှစ်ဆယ်လောက် လျှောက်ရမှာ။ ‘အမလေး မရွှေချောရယ် ပြားနှစ်ဆယ်နဲ့ တော့ အဲဒီထိမသွားပါနဲ့ တော့။ အဲဒီ ပြားနှစ်ဆယ် ကျုပ်ပေးပါ့မယ်’ ဆိုပြီး ပြားနှစ်ဆယ်စေ့လေး ရွဲ့ပြီး ထုတ်ပေးလိုက်မိတယ်။ ဟဲဟဲ မပိုင်လား။ မိတ်ဆွေကတော့ ‘ပြောင်ရှင်း မင်းပိုင်သကွာ’ ဆိုပြီး အားကျနေမယ်ထင်ပါ့။

သိပ်တော့ ချီးမွမ်းတာ မစောလိုက်နဲ့ဦး မိတ်ဆွေ။ ဘာဆက်ဖြစ်တယ်ဆိုတာ နားထောင်ပါဦးလေ။ အဲ ဘာဖြစ်လဲ ဆိုတော့ မရွှေချော စိတ်ကောက်သွားလို့ ကေအက်(ဖ်)စီ နဲ့ ချော့လိုက်ရတာ တစ်ဆယ်ကျော် ကျွတ်သွားပါတယ်ဗျို့။ (မိတ်ဆွေ များ သတိထားဖို့ ပါ။ ကိုယ်ခံ ပညာမျှဝေလိုက်ပါတယ်)

ကဲဗျာ။ ဒါတွေကတော့ လူတွေ စေ့စပ်တဲ့ အကြောင်း ဒါမှ မဟုတ် ကပ်စေးနဲ တဲ့ အကြောင်း လို့ပဲ ဆိုရမလားပဲ။ အဲလို လူတွေကို ကပ်စေးနဲ တယ်ဆိုပြီး သိပ်တော့ အပြစ် မတင်လိုက်နဲ့ ဦးဗျ။ တစ်ချို့ နေရာတွေမှာ လိုအပ်တယ်။ မြန်မာ စကားမှာတောင် ရှိသေးတယ်။ ‘စီးတဲ့ရေ ဆည်တဲ့ ကန်သင်း’ တဲ့။ အိမ်ထောင် တစ်ခုမှာ ဆို အိမ်ထောင် ရှင်မက အဲလို စေ့စပ်မှ တော်ရာကျတာဗျို့။ အဲ စကားစပ်မိလို့ ပြောရဦးမယ်။ နယ်မြို့လေး တစ်မြို့က ကျွန်တော်တို့ အရီးကျတော့ တစ်မျိုး။ သူကလည်း တော်တော် ကပ်စေးနဲတယ်လို့ အပြောခံရတာပဲ။ ဒါပေမယ့် သူ စရိုက်နဲ့ သူပဲ။ သူ အလှူပွဲတို့ ဘာတို့သွားစရာရှိရှိ မြို့ ခရီးသွားစရာ ရှိရှိ ကောင်းကောင်း ၀တ်တယ်။ ဒါမျိုးကျ မနှမြောဘူး။ တောင်းမှာ အကွပ်လူမှာ အ၀တ်ဆိုတဲ့ စကားကို လက်ကိုင်ထားတာဗျ။ သူက ဖိနပ်ဆိုရင် လည်း နည်းနည်းစုတ်ရင်ကို အပြင် မစီးတော့ ဘူး။ သွားစရာ ရှိရင် အသစ်ဝယ်စီးတယ်။ အဲလို ၀ယ်လွန်းလို့ သူများ ဟဲ့ ညည်း နဲ့ ဟိုဖိနပ် ကြီးက အကောင်းကြီးရှိသေးတာ ဘာလို့ အသစ်စီးတာလဲ လို့ မေးရင် သူက အမလေး လူမှ ရုပ်ဆိုးပါတယ်ဆို ဖိနပ်စုတ်တော့ မစီးနိုင်ပါဘူးတော် လို့ပြောလေ့ ရှိသတဲ့။

လူတစ်ကိုယ် စရိုက်တစ်မျိုးပေါ့ဗျာ။ ဘယ်လိုပဲပြောပြော ဒါတွေက ကောင်းတဲ့ ဘက်ကတွေး ရင်တော့ ကောင်းပါတယ်ဗျာ။ ဘယ်ကိစ္စမှ အလွန် အကျွံ မဖြစ်ဖို့ပါပဲ။


မတ် ၂၀၁၀။
မိုးတိမ်ညို

Monday, March 29, 2010

ကို ဂိုင်းမျိုး၊ ကိုစာအုပ် နှင့် ကျွန်တော်- ဘောလုံးပွဲ အကြောင်း

ဤအကြောင်းအရာများ သည်ကျွန်တော့်မိတ်ဆွေနှစ်ယောက် ဖြစ်သော ကိုဂိုင်းမျိုးနှင့် ကိုစာအုပ် တို့ အကြောင်းဖြစ်ပါသည်။ သူတို့နှစ်ယောက်လုံးသည် ကျွန်တော့် ထက် နှစ်နှစ်ခန့်သာ ကြီးသော လူလတ်ပိုင်း အရွယ်များဖြစ်ပါသည်။ သူတို့၏ နာမည်များမှာ နာမည် အရင်းများ မဟုတ်ကြပါ။ နာမည် ပြောင်များဖြစ်ပါသည်။ ကို ဂိုင်းမျိုး ဟူသော နာမည်မှာ သူ၏ ဆွေမျိုးများက ခေါ်ဆိုရာမှ တွင်သွားခဲ့ ခြင်း ဖြစ်သည်။ ဖြစ်ပုံမှာ သူတို့ ၏ ဒေသဘက်တွင် အလွန်ဘုပြောသော လူကြီးတစ်ယောက် ရှိသည်ဟု ဆိုသည်။ သူများ ကဖြူလျှင် သူကမဲ။ သူများက မဲလျှင်သူကဖြူ စသည်ဖြင့် မည်သည့် အရာကို မဆို ဘုပြောတတ် သည်ဟု နာမည်ကြီးလေသည်။ နောက်ပိုင်းတွင် ဓါးထိုးခံရပြီး သေသွားသည် ဟုဆို၏။ ထို့အတူ ကိုဂိုင်းမျိုးသည်လည်း မည်သို့ ဗီဇပါလာသည် မသိ။ ငယ်ငယ် ကလည်း ကဘုက လန့် ပြောသည်။ ဂွတိုက်သည်။ ထို့ကြောင့် သူ့အမေက ” မင်းက ဦးဂိုင်းမျိုး အတိုင်းပဲ ရွာမှာဆို ဓါးထိုးခံရပြီ” ဟုပြောဆိုရာ မှကိုဂိုင်းမျိုးဟု နာမည်တွင်သွားခြင်းဖြစ်သည်။ ယခုအချိန်တွင် မူ ပတ်ဝန်းကျင်က ပါ သူ့ကို ကိုဂိုင်းမျိုးဟုသာ ခေါ်ဆိုလေသည်။

ကိုစာအုပ်သည်လည်း သူ၏ နာမည် အရင်းမဟုတ်ချေ။ သူသည် နေရာတကာ လိုအပ်သည်ထက်ပို ပြီး စည်းစနစ် အလွန်ကျသည်။ စေ့စပ်သည်။ မဟုတ်တာမလုပ်။ လူတွေနဲ့ အဆင်ပြေအောင်နေသည်။ နေရာတိုင်းတွင် မှန်လွန်းသည်။ တစ်ခါတစ်လေ မှန်လွန်းသဖြင့် ကြောင်တောင်တောင်ပင် ဖြစ်တတ်လေသည်။
စာအုပ်ကြီး အတိုင်း သာလုပ်လွန်းသောကြောင့် ကိုစာအုပ်ဟု အမည်တွင် သွားခြင်း ဖြစ်လေသည်။

ကျွန်တော့် အမြင်မှာတော့ သူတို့ နှစ်ယောက်သည် ပညာရှိများဖြစ်လေသည်။ သူ့နည်း သူ့ဟန်နှင့် ပညာရှိကြသည်။ အဲ သူတို့နှစ်ယောက် သည် လုံးဝမတည့်ကြပါ။ မတည့် ဆိုသည် ထက် မတဲ့ အတူနေ ဟုဆိုရမည်ဖြစ်လေသည်။ တစ်ယောက်နှင့် တစ်ယောက် မတွေ့ရင်လည်း မနေနိုင် တွေ့ ပြန်ရင် လည်း ထရိုက်မတတ် စကားနိုင်လုကြလေသည်။ ပြီးတော့ လည်း ဘာမှမဟုတ်။ နောက်နေ့ထပ်တွေ့လျှင် လည်း ထပ်စကားနိုင်လုကြသည်သာဖြစ်သည်။

ကျွန်တော်ကတော့ သူတို့ နှစ်ယောက်ကို အလွန်ခင်ပါသည်။ သူတို့ကလည်း ကျွန်တော့်ကို ညီတစ်ယောက် လိုခင်ကြလေသည်။ သူတို့ ဆီမှ ပညာအများ ကြီးရသည် ဟုယူဆသည်။ ကျွန်တော့်မှာ သူတို့လို အတွေးအခေါ်မကောင်း သဖြင့် သူ့တို့ နှစ်ယောက် ငြင်းခုံ ကြသော အကြောင်းအရာများသည် ဗဟုသုတဖြစ်ဖွယ်၊ မှတ်သားဖွယ်ရာများသာ ဖြစ်လေသည်။ သူတို့ကလည်း များသော အားဖြင့် ကျွန်တော့်ကို ကြားနေလုပ်ပြီးသာ ငြင်းကြသည်။

ကျွန်တော်တို့ သည် တစ်ရပ်ကွက်ထဲသားများ ဖြစ်ကြသည့် အလျှောက် လမ်းထိပ်က လက်ဖက်ရည် ဆိုင်ကလေးတွင် ဆုံလေ့ရှိကြသည်။ ဆိုင်ကလေးမှာ သိပ်လည်း မကြီး သိပ်လည်း မငယ် အနေတော် ဖြစ်သည်။ လက်ဖက်ရည် ကောင်းသည့် အပြင် နံနက်ဆိုလျှင် မုန့်ဟင်းခါး၊ မုန့်တီ၊ အုန်းနို့ခေါက်ဆွဲ တို့ပါရသည်။ ဆိုင်ရှင်ကလည်းရင်းနှီးနေပြီ ဖြစ်သဖြင့် ကျွန်တော်တို့ လာလျှင် လက်ဖက်ရည်ကို သူများထက်ကောင်းအောင် ဖျော်ပေးလေသည်။

ဒီနေ့ လက်ဖက်ရည်ဆိုင်ကျွန်တော်ရောက်သွားတော့ ကိုစာအုပ်ရောက်နှင့်နေပြီ။ ဘောလုံး ဂျာနယ် တစ်စောင်ကို သဲကြီးမဲကြီး ဖတ်နေလေသည်။ ခဏနေတော့ ကိုဂိုင်းမျိုးပါရောက်လာသည်။ ကျွန်တော် တို့ နှစ်ယောက် လက်ဖက်ရည်မှာပြီးသည် အထိ ကိုစာအုပ် မော့မကြည့်နိုင်သေး။ ခဏနေမှ အသက်ပြန်ဝင် လာဟန်ဖြင့်

စာ- ဒီနေ့တော့ ဗျာ မန်ယူပဲ ဖြစ်မယ်ထင်တယ်။

သူက အရင်းမရှိ အဖျားမရှိပြောသည်။

ဂိုင်း- နေပါဦးဗျ ကိုစာအုပ်ရ။ အဲဒီ ဘောလုံးအသင်းမှာ ခင်ဗျားရှယ်ရာ ပါသလား။ ဒါမှမဟုတ် ဘောလုံးသမား ထဲမှာ ခင်ဗျား အမျိုးတစ်ယောက်ယောက်များပါလို့လား။ ခင်ဗျား ဒီလောက် သဲကြီးမဲကြီး ဖြစ်နေပုံ ထောက်တော့။

ပြောလို့သာ ပြောသည်။ ကိုဂိုင်းမျိုးက ဘောလုံးဝါသနာမပါပါ။ ကျွန်တော်ကတော့ ပါသည်လည်း မဟုတ် မပါသည်လည်းမဟုတ်။

စာ- ခင်ဗျားကတော့ ပြောလိုက်ရင် ဂွပဲ။ အဲလိုတော့ ဘယ်ဟုတ်မလဲဗျ။ ကျွန်တော်က ဘောလုံးပွဲ ကို ခံစားကြည့်တာဗျ။

ဂိုင်း- ဘောလုံးပွဲများ။ ဘာများ ခံစားစရာရှိတုန်း။ ခင်ဗျားဖတ်ဖူးလား စာရေးဆရာတစ်ယောက် ရေးထားတာ။ ဂြိုသားတစ်ယောက်က ဘောလုံးပွဲကို ကြည့်ပြီးတော့ သူ့ဂြိုလ်ကို ပြန်ရောက်တဲ့ အခါမှာ ဒီလို report တင်တယ်တဲ့။ ” ကမ္ဘာဂြိုလ် ပေါ်ရှိ ဥရောပဟုခေါ်သော ဒေသတစ်ခုရှိ မြေကွပ်လပ် ခပ်ကျယ်ကျယ်တွင် လေဖြည့်ထားသော ရာဘာလုံး တစ်လုံးကို လူနှစ်ဆယ်ကျော်ခန့် ၀ိုင်းလုရာတွင် လူပေါင်း သောင်းပေါင်းများစွာက စိတ်ဝင်တစား ကြည့်ရှု့ကြသည် ထူးဆန်းပေစွ” တဲ့။ ဟားဟား ခင်ဗျားတို့ ဘောလုံးက အဲလိုဗျ။

စာ- မင်းတော်တော်ညံ့သေးတာပဲ ဂိုင်းမျိုးရာ။ တကယ်တော့ ဘောလုံးကစားနည်းဆိုတာ အနုပညာကွ။ စီမံ ခန့်ခွဲမှု့ အနုပညာ။ စိတ်ခံစားမှု့ပါတယ်။ လူတစ်ဦးတစ်ယောက်ခြင်းစီရဲ့ စိတ်ခံစားမှု့တွေ၊ ကျွမ်းကျင်မှု့ တွေကို စည်းကမ်းဘောင် တစ်ခုအတွင်းကနေ စီမံခန့်ခွဲရတဲ့ အနုပညာတစ်ခုကွ။ အဲဒါကြောင့် လူတွေစိတ်ဝင်စားကြတာ။

ဂိုင်း- အံ့သြပါ့ဗျာ။ ဒီဘာမှ မဟုတ်တဲ့ ဟာကိုများ ဒီလောက် အအိပ်ပျက် အစားပျက်ခံလို့။ စည်းကမ်းဘောင် ဟုတ်စ။ ဘောလုံးပွဲစည်းကမ်းဆိုတာ အလကား လူတွေလုပ်ထားတာပါဗျာ။ ကဲ လူတွေအားလုံး သဘောတူလို့ ဘေးထွက်ဘောကို ခြေထောက်နဲ့ တည်ကန်မယ်၊ ကော်နာကစ်ကို လက်နဲ့ မြှောက်မယ် ဆိုရင် ဘာဖြစ်သွားမလဲ။ ဘာမှ မဖြစ်ဘူး။ အကုန်လုံးသဘောတူရင် ရမှာပဲ။

စာ- ဒါကတော့ကွာ အဲလိုဂွပြောလို့တော့ မရဘူးလေ။ အားလုံးလိုက်နာတဲ့ စည်းကမ်းဘောင်တစ်ခု အတွင်းကတော့ စီမံခန့်ခွဲကတယ် ကြိုးစားရတယ်။ ကဲဘယ်လောက် စိတ်ဝင်စားဖို့ ကောင်းလဲ မင်းကမှ မခံစားတတ်တာ။ မင်းကအဲလို မခံစားတတ်အောင် အသိပညာ နုံနဲလို့နေမှာပေါ့ ကွ။

ကိုစာအုပ်က အခွင့်အရေးရတုန်း နှိပ်ကွပ်သည်။ သို့သော် ကိုဂိုင်းမျိုးက မဖြုံ။

ဂိုင်း- မဟုတ်ဘူးဗျ။ ခင်ဗျားတို့က သာတစ်ဆိတ်ကို တစ်အိတ်လုပ်နေတာ။ ပုံမှန် အပျင်းပြေလောက် ကြည့်တောရောပေါ့။ အခုဟာက နေ့ မအိပ်ညမအိပ်နဲ့။ ညနှစ်နာရီဆိုလည်း ကြည့် သုံးနာရီဆိုလည်း ကြည့်။ ငွေလဲကုန် လူလည်း ပင်ပန်းသေး။ ပြီးတော့ လည်း ဆွေးနွေးလိုက်ကျတာတွေက နောက်ရက်ပဲ ဥရောပ ကလပ် အသင်းတစ်ခုကို သွား အုပ်ချုပ်ရတော့ မှာလိုလို။ ဟိုလူက ဒါဖြစ်လို့ကွ။ ဒီလူကို ဒီနားပို့ လိုက်ရင်ပိုကောင်းမှာနဲ့။ ဟိုလူကို ဟိုလိုလုပ်ရမှာနဲ့။ ခင်ဗျားတို့ပဲသိ ခင်ဗျားတို့ပဲတတ်။

စာ- မင်းတော်တော်ဝေးတာပဲကွာ။ ဒါမျိုးက ခံစားတတ်မှ။ ကျွဲပါးစောင်းတီး အလကားပဲ။ ဒီမယ် ဘောလုံးဆို တာ သာမန်ကစားနည်း မဟုတ်ဘူး။ နိုင်ငံတစ်နိုင်ငံရဲ့ ဂုဏ်သိက္ခာ အဆင့်အတန်းတောင် ဘောလုံး နဲ့ မြင့် တင်လို့ ရတယ်ကွ။

ဂိုင်း- အဲဒါဆိုလည်းဗျာ ကိုယ့်နိုင်ငံ ကန်တဲ့ပွဲတို့ ကိုယ့်လူမျိုးကန်တဲ့ ပွဲတို့ဒါမျိုးအားပေး ပေါ့ဗျာ။ အခုဟာ က ကိုယ်နဲ့ ဘာမှ မဆိုင်တဲ့ နိုင်ငံကလူတွေကန်ကြတာများ အသည်းအသန် ဖြစ်ရတယ်လို့ ။

စာ- ဟာဒါကတော့ ကွာ ဂီတ လိုပေါ့။ ဂီတဆိုတာ ဘယ်နိုင်ငံက ဖြစ်ဖြစ် ဘယ်လူမျိုးရဲ့ ဂီတဖြစ်ဖြစ် ခံစား လို့ရတာပဲကွ။

အခြေအနေက တင်းမာလာသည်။ ကျွန်တော်က ၀င်ပြောရတော့သည်။

ကျွန်တော်- ခင်ဗျားတို့ကလည်း ဗျာ တော်ပါတော့ ငြင်းမနေပါနဲ့တော့။ ကိုယ့်ဝါသနာနဲ့ကိုပဲဗျာ။ တစ်ယောက် နဲ့ တစ်ယောက် ဘယ်တူနိုင်ပါ့မလဲ။

ဂိုင်း- တစ်ယောက်နဲ့ တစ်ယောက် မတူနိုင်တာတော့ သိပါတယ်ဗျာ။ တစ်ခုတော့ ပြောဦးမယ် ကိုစာအုပ်ရ။ ခင်ဗျားရဲ့ မန်ယူကလပ်အသင်းမှာ လူလိုရင်ဗျာ ကျွန်တော့် တူလေးကို ခေါ်စမ်းပါဗျ။ ညနေဆိုဟိုဘက် ကားလမ်းမှာ ဘောလုံးသွားသွားကန်နေတာ စိတ်မချလို့ဗျ။ ဟားဟား။

ပြောပြောဆိုဆို ကိုဂိုင်းမျိုးသည် လက်ဖက်ရည်ကို ဂွပ်ခနဲက မော့သောက်ကာ ထွက်သွားလေသည်။

ထိုနေ့ အတွက်တော့ ကိုစာအုပ် ဘာစကားမှ မပြောပဲ ဂျာနယ် ကိုသာ တွင်တွင်ကြီး ဆက်ဖတ်နေပါတော့ သည်။

ဆက်ပါဦးမည်။

မိုးတိမ်ညို
မတ်လ၊ ၂၀၀၉။

Friday, March 26, 2010

စားကြမယ်ဟေ့ ကြိတ်မှိတ်

စင်ကာပူမှာ တခြားသူတွေအတွက်တော့ မပြောတတ်ဘူး။ အစားချေးများတဲ့ ကျွန်တော့် အတွက်တော့ စားရေးသောက်ရေး အဆင်မပြေဘူးဗျ။ မပြေဘူးဆိုတာလည်း အပြင်မှာ စားတဲ့ အခါကိုပြောတာပါ။ အိမ်မှာ ချက်စားရင်တော့ ကျွန်တော်က ဘာချက်ချက် ကြိုက်တယ်။ အဲ အပြင်မှာ လုံးဝမစားဘူး မကြိုက်ဖူးလို့တော့ လှေနံ ဓါးထစ် မမှတ်လိုက်နဲ့ ဦးဗျနော်။ တစ်ခါတစ်လေတော့ လည်း စားကောင်းပါတယ်။ များသော အားဖြင့် တော့ ဘာစားရမှန်းကို မသိဘူး။ တစ်ခါတစ်လေ ဟော်ကာစင်တာကို ပတ်လျှောက်နေရတာ လေးငါးပတ်။

သူငယ်ချင်းတစ်ယောက်ကတော့ပြောတယ်။ စလုံးက တူးဖိုးဖိုး အကောင်းဆုံးပဲကွတဲ။ ဘာလဲဟ တူးဖိုးဖိုးဆိုတာ။ ဘောလုံးပွဲ လိုင်းအပ် လားလို့ မေးတော့မှ သူက ဟုတ်ဖူးကွ မနက်စာ နှစ်ကျပ် နေ့လည်စာ လေးကျပ် ညစာလေး ကျပ်လို့ ပြောတာကွတဲ့။ အော် သူပြောမှ ဟုတ်ပါလားဆိုပြီး သဘောကျမိပါတယ်။

တစ်ခါတစ်လေကျတော့ ကျွန်တော်ကိုက ဂဂျီဂဂျောင်နိုင်တာ ပါ။

တစ်ခါ ဟော်ကာ စင်တာက ထမင်းဆိုင်မှာ နေ့လည်စာ စားတုံးကပေါ့။ အဲဒီနေ့က အဲဒီဆိုင်က လူတော်တော်များတယ်ဗျ။ ထမင်းနဲ့ ဟင်းရောင်းတဲ့ ဆိုင်ပေါ့ဗျာ။ ကြူနေရတာကို အကြာကြီးပဲ။ ရောင်းတာက တရုတ်ကြီးတစ်ယောက်နဲ့ တရုတ်မတစ်ယောက်။ တရုတ်မက ထမင်းဟင်း ထည့်ပေးပြီး တရုတ်ကြီးက ပိုက်ဆံယူတယ်။ ဘာစားချင်သလဲဆိုတာကတော့ ထုံးစံအတိုင်း လက်ညှိုးထိုးမှာ ရတာပေါ့။ ကျွန်တော်လည်း ကျွန်တော့်အလှည့်ရောက်အောင်စောင့်ရင်း ရှေ့ကလူတွေ ဘာတွေစားသလဲ ကြည့်နေတာပေါ့။ ကျွန်တော့်အလှည့်ရောက်တော့ တရုတ်မက ‘အိဟီယားလား အိဟီယားလား’ (eat here lah..)လို့ အသံရော အမူအရာနဲ့ ရော မေးပါတယ်။ ကျွန်တော်လည်း မင်းသိင်္ခ၀တ္ထုထဲကလို အလွန်ပီသစွာသော အင်္ဂလိပ်ဘာ သာစကားဖြင့် ‘ရက်(စ်)’ လို့တစ်ခွန်းထဲ ပြန်ဖြေလိုက်ပါတယ်။ သူတို့ကလည်း လူတွေက များနေတော့ မြန်ချင်နေတာဗျ။ ထမင်းကိုလည်း ရေခဲပုံးထဲကနေ ပလတ်စတစ်ခွက်နဲ့ဘတ်ခနဲ ထည့်လိုက်တယ်ဗျ။ ပြီးတော့ ဘာဟင်းလဲဆိုတာ ပြခိုင်းတယ်။ ကိုယ်က ဘာစားရမှန်း မသိလို့ နည်းနည်းကြာနေရင် လည်း စိတ်မရှည်ချင်ဘူးဗျ။ ဒါနဲ့ တွေ့တဲ့ ဟင်းတစ်ချို့ကို လက်ညှိုး ထိုးပြလိုက်တယ်။ အမလေး ဗျာ သူက ကျွန်တော်ပြတဲ့ ဟင်းတွေကို ဇွန်းကြီးနဲ့ ကော်ပြီး ထမင်းပန်ကန်ထဲကို ဘတ်ခနဲက ဘတ်ခနဲ ထည့်လိုက်ပုံများတော့ ကျွန်တော်တို့ ဆီက ပန်းရံဆရာကြီး မဆလာကော်ပြီး အုတ်နံရံမှာ ဘတ်ခနဲ ကပ်လိုက်တဲ့ အတိုင်းပါပဲဗျာ။ အဲဒီတော့ ကျွန်တော့်ရဲ့ နဂိုကနည်းနေတဲ့ အာသီသလေး ထွက်ပြေးသွားပါရော။

ဒါပေမယ့် မစားလို့လည်း မဖြစ်သေးဘူးဆိုပြီး ကျွန်တော်လည်း စားပွဲလွတ်တစ်လုံးမှာ ထိုင်ပြီး တို့ကနန်းဆိတ်ကနန်း စားလိုက်ပါသေးထဲ။ မျှော်လင့်ထားတဲ့ အတိုင်းပါပဲ။ စားလို့ မ၀င်ဘူး။ ဒါနဲ့ ဖြစ်ချေဘူး ကော်ဖီအေးလေးတော့ သောက်ဦးမယ်ဆိုပြီး ကော်ဖီရောင်း တဲ့ဆီကို လာပြီး ကော်ဖီအေးတစ်ခွက် မှာလိုက်ပါတယ်။ အဲဒီမှာ လည်းရောင်းတဲ့ လူကြီးက တိုင်ဂီလိုဟာနဲ့ သွယ်ထားတဲ့ ရေပိုက်ခေါင်းတဲ့က ကော်ဖီလို့ ယူဆရ တဲ့ ညိုညို ပျစ်ပျစ် အရာတွေ ဖန်ခွက်တစ်ခွက်ထဲ ဘရောဆိုပြီး ဖွင့်ချလိုက်ပါရော။ တစ်ဝက်လောက်လဲ ရောက်ရော ပိုက်ခေါင်းကို ပိုက်လိုက်ပြီး အနားက စတီးကန်ထဲက ရေခဲ အချို့ကို ပူကျက်နေတဲ့ အဲဒီ အရည်ထဲကို ဂလောက်ဂလောက်နဲ့ ထည့်လိုက်တာ တစ်ချို့ ရေခဲတွေတောင် အောက်ကျကုန်ပါရောဗျာ။ ပြီးတော့ အိုက်ကော်ပီ ၀မ်းဒေါ်လာ ဆိုပြီး ကျွန်တော့ဘက်တွန်းပေးလိုက်ပါရော။ ကျွန်တော်လည်း အခြေအနေကို စိတ်ပျက်စွာနဲ့ ကော်ဖီခွက်ကြီး ယူလာပြီး သောက်ဖို့ ကြိုးစားတော့ ချက်ချင်းသောက်လို့ မရသေးပါဘူး ခင်ဗျာ။ အောက်ပိုင်းက အပူပဲရှိပြီး အပေါ်က ရေခဲတွေက အအေးတွေပေါ့။ ဒါပေမယ့် တော်ပါသေးတယ်။ ကော်ဖီကတော့ သောက်လို့ ဖြစ်တယ်။

အဲဒါတွေက အစားအသောက်နဲ့ ပတ်သက်ပြီး ကြုံရတဲ့ ဟာတွေပေါ့ဗျာ။ အစား ချေးမများတဲ့ သူကတော့ အေးအေးဆေးဆေးပါပဲ။ ဘာစားစားရတယ်။

သေချာစဉ်းစားကြည့်တော့လည်း သူ့တို့ဟာနဲ့ သူတို့ကတော့ ဟုတ်နေတာပဲဗျ။ သူတို့မှာ အချိန်မရှိဘူးကိုး။ သူ့အရပ်နဲ့ သူ့ဇာတ်ပဲလေ။ ငယ်ငယ်ကတည်းက စလုံးမှာ နေတဲ့သူလည်း ကျွန်တော်တို့ ဆီက အစားအသောက်တွေ ဘယ်စားကောင်းပါ့မလဲ နော့်။ ဒါသဘာဝပါပဲ။ အဲဒီတော့ ကျွန်တော်ကသာ ပတ်ဝန်းကျင်အလိုက် အလွယ်တကူ မပြောင်းလဲနိုင်တဲ့ သတ္တ၀ါ တစ်ကောင် ဖြစ်နေပါရော လားဆိုပြီး တရားနဲ့ သာဖြေမိပါတော့တယ်။

မတ် ၂၀၁၀
မိုးတိမ်ညို

Tuesday, March 9, 2010

အားလုံးမှန်ပါသည်

တစ်ခါကတိုင်းပြည်တစ်ပြည်မှာ ဘုရင်ကြီးတစ်ပါးအုပ်စိုးသတဲ့။ တစ်ရက်တော့ အဲဒီဘုရင်ကြီးဟာ လယ်ထွန်မင်္ဂလာ ကျင်းပလိုပြီး သူ့ရဲ့ လယ်ထွန်မင်္ဂလာမှာ မြို့တော်သူမြို့တော်သားများ တက်ရောက် စေလိုသောကြောင့် အောက်ပါအတိုင်း ကြေငြာမောင်းခတ်စေလေသတဲ့။

‘တိုင်းသူ ပြည်သား လူအများတို့လေ။ ဘုန်းကံကြီးမြတ်လှသော ရေမြေ့သခင် အရှင်မင်းမြတ်ကြီး၏ လယ်ထွန် မင်္ဂလာ အခမ်းအနားကို မနက်ဖြန်တွင် ကျင်းပမည် ဖြစ်ပါသဖြင့် မြို့သူမြို့သား အားလုံးတက်ရောက်ရန် ကြေငြာမောင်း ခတ်လိုက်သည်’

ဒူဒူ…ဒူ

ကြေငြာမောင်းထုသူများ ထိုသို့ကြေငြာအပြီးတွင် အမတ်ကြီးတစ်ဦးရောက်လာပြီး

‘အရှင်မင်းမြတ်ခင်ဗျား ကျွန်တော်မျိုး အကြံတစ်ခုပေးပါရစေ။ ရေမြေ့သခင် အရှင်မင်းကြီးရဲ့ အမိန့်ဖြစ်ပြီး လူတွေကို ဒီအတိုင်းရိုးရိုးခေါ်တာတော့ မကောင်းပါဘူး ဘုရား။ တကယ်လို့ မလာကြရင် အရှင့်ရဲ့ သိက္ခာကျရချေရဲ့။ အဲတော့ မလာတဲ့သူကို တစ်ခုခုတော့ အပြစ်ပေးသင့်တာ ပေါ့ဘုရား’

ဘုရင်မင်းမြတ်လည်း အမတ်ကြီးရဲ့ လျှောက်တင်ချက်ကို စဉ်းစားပြီး သင့်တော်သည်ဟု ထင်သဖြင့်

‘အိမ်း ဟုတ်ပေသားပဲ ဒါဆိုအမိန့်တော်မှာ ပြစ်ဒဏ်ထည့်စေ’

ဟုဆိုသဖြင့် အမိန့်ကြော်ငြာသမားတို့ မောင်းထုပြီး အောက်ပါအတိုင်း ကြေငြာရပြန်သည်။

‘တိုင်းသူ ပြည်သား လူအများတို့လေ။ ဘုန်းကံကြီးမြတ်လှသော ရေမြေ့သခင် အရှင်မင်းမြတ်ကြီး၏ လယ်ထွန် မင်္ဂလာ အခမ်းအနားကို မနက်ဖြန်တွင် ကျင်းပမည် ဖြစ်ပါသဖြင့် မြို့သူမြို့သား အားလုံးတက်ရောက်ရန် ကြေငြာမောင်း ခတ်လိုက်သည်။……. ပျက်ကွက်ပါက သေဒဏ်။’

ဒူဒူ…ဒူ

ထိုအမိန့်တော်ကို ကြေငြာအပြီး ခဏတွင် ထိုမင်းကြီးကိုးကွယ်သော ဆရာတော်ကြီး နန်းတော်သို့ အပြေး ရောက်လာပြီး။

‘ဒကာတော်မင်းမြတ်။ ဒကာရဲ့ လယ်ထွန်မင်္ဂလာကို မလာတဲ့သူသေဒဏ်ပေးမယ်ဆိုတော့ အပြစ်ဒဏ်က ကြီးလွန်းမနေဘူးလားဘုရား။ အဲလိုသာတကယ်ဆိုရင် အရှင်မင်းကြီး အကြင်နာတရား မပြည့်ဝတဲ့ မင်းကြီးဖြစ်နေပါပေါ့။ မေတ္တာတရားရဲ့ ပြည့်ဝတဲ့ မင်းကြီး ဘယ်ဖြစ်ပါ့တော့မလဲဒကာ။ စဉ်းစားပါဦး’

ထိုအခါမင်းကြီးလည်း ဆရာတော်၏ လျှောက်တင်ချက်ကို သေချာစဉ်းစားပြီး သင့်မြတ်လှသည်ဟု ထင်သဖြင့် မူးကြီးမတ်ကြီးများနှင့် တိုင်ပင်ပြီး အမိန့်တော်ကို ပြင်ဆင်စေရာ အမတ်ကြီးတစ်ဦးက

‘အရှင်မင်းကြီးခင်ဗျား။ ရာဇာတို့၏ နုတ်ထွက်စကားသည် မပြင်ကောင်းပါဘုရား။ သို့အတွက်ကြောင့် အမိန့်တော်ကို မပြင်ပဲ ထပ်မံသာ ဖြည့်စွက်သင့်ပါသည်ဘုရား’

ဟုလျှောက်တင်ရာ အရှင်မင်းကြီးလည်း ‘ဟုတ်ပေသားပဲ’ ဟုဆိုကာ မူးမတ်ကြီး၏ အကြံပေးချက်အတိုင်း အောက်ပါအတိုင်း ပြင်စေပြန်သည်။

‘တိုင်းသူ ပြည်သား လူအများတို့လေ။ ဘုန်းကံကြီးမြတ်လှသော ရေမြေ့သခင် အရှင်မင်းမြတ်ကြီး၏ လယ်ထွန် မင်္ဂလာ အခမ်းအနားကို မနက်ဖြန်တွင် ကျင်းပမည် ဖြစ်ပါသဖြင့် မြို့သူမြို့သား အားလုံးတက်ရောက်ရန် ကြေငြာမောင်း ခတ်လိုက်သည်။. ….ပျက်ကွက်ပါက သေဒဏ်။ …..သေဒဏ်ဟုဆိုသော်လည်း သိပ်ကြောက်ရန်တော့ မလို။’

ဒူဒူ…ဒူ

ထိုအမိန့်တော်ကို မောင်းထုသူတို့ကြေငြာပြီး ခဏတွင် မင်းတိုင်ပင် အမတ်ကြီးတစ်ဦး နန်းတော်ထဲ သို့ ပြေးလာပြီး လျှောက်တင်ပြန်လေသည်။

‘အရှင်မင်းကြီးဘုရား။ ကျွန်တော်မျိုးလျှောက်တင်ပါသည်။ အရှင်မင်း၏ ကြေငြာချက်သည် သေဒဏ်ဟု ကြေငြာထားသော်လည်း သိပ်ကြောက်ရန်တော့ မလိုဟုဆိုသဖြင့် လူအများပေါ့ပျက်ပျက်ဖြစ်နေပြီး ရယ်စရာ ဖြစ်နေပါတယ်ဘုရား။ သို့အတွက်ကြောင့် မင်းတို့၏ စကား မပြင်စကောင်းလည်း မဖြစ်စေရန်၊ လူလည်း လေးစားစေရန် ထပ်မံဖြည့်စွက်သည့်ပါသည်ဘုရား’

ဟုအကြံပေးပြန်ရာ နောက်ဆုံးတွင် အမိန့်စာမှာ အောက်ပါအတိုင်းဖြစ်သွားလေသတည်း။

‘တိုင်းသူ ပြည်သား လူအများတို့လေ။ ဘုန်းကံကြီးမြတ်လှသော ရေမြေ့သခင် အရှင်မင်းမြတ်ကြီး၏ လယ်ထွန် မင်္ဂလာ အခမ်းအနားကို မနက်ဖြန်တွင် ကျင်းပမည် ဖြစ်ပါသဖြင့် မြို့သူမြို့သား အားလုံးတက်ရောက်ရန် ကြေငြာမောင်း ခတ်လိုက်သည်။…….. ပျက်ကွက်ပါက သေဒဏ်။……. သေဒဏ်ဟုဆိုသော်လည်း သိပ်ကြောက်ရန်တော့ မလို။…… သို့သော်လည်း ပေါ့တော့ မပေါ့နှင့်။’

ဒူဒူ…ဒူ ဟူ၏။

အထက်ပါပုံပြင်သည် ရယ်စရာပုံပြင်ဟုဆိုနိုင်သောလည်း အမှန်တကယ်ရယ်စရာမဟုတ်ပါ။ အပြင်လောက မှာတကယ်ဖြစ်နေပါသည်။ ကိုယ်ပိုင်ဆုံးဖြစ်ချက်မရှိသော၊ ကိုယ်ပိုင် စဉ်းစားဥာဏ်မရှိသော၊ plan မရှိသော သူများ သည်အထက်ပါအတိုင်း လုပ်နေကြပါသည်။

ကျွန်တော့်မိတ်ဆွေတစ်ယောက်တစ်ခါကပြောဘူးသည်။ အပေါ်ကပုံပြင်နဲ့ တိုက်ရိုက်တော့ မဆိုင်လှပါ။ သဘောတရားတော့ အတူတူပဲလို့ ထင်ပါ့ (plan မရှိပဲ သူများပြောတိုင်း လျှောက်လုပ်နေတာခြင်း တူလို့) ။
သူနယ်ရုံးတစ်ရုံးမှာ အရာရှိလုပ်တုံးကတဲ့။ အဲဒီရုံးရဲ့ အနောက်ဘက်မှာ တစ်ဧကလောက်ကျယ်တဲ့ ရုံးပိုင် မြေကွပ်လပ်တစ်ခုရှိပါသတဲ့။ ဒါနဲ့ သူလည်း မြေကွပ်လပ် ကိုအလကား မဖြစ်ရလေအောင် အဲဒီရုံးက အကြီးအကဲက ရုံးသူရုံးသားများနဲ့ တိုင်ပင်ပြီး ပဲခင်းစိုက်ထားလိုက်သတဲ့။ အဲလိုနေ့ တစ်နေ့တော့ရုံးကို စိုက်ပျိုးရေး ကျွမ်းကျင်တဲ့ နယ်ခံ တစ်ယောက် ရောက်လာပြီး ဟာဆရာကြီးနှယ့် ဒီရာသီက ပဲစိုက်လို့မကောင်းဘူး ပြောင်းဖူးစိုက် ဆိုတော့ အဲဒီအရာရှိလည်း ဟုတ်မှာပဲဆိုပြီး ပဲခင်းကို ပြန်ရိတ်ပြီး ပြောင်းဖူးစိုက်ပြန်သတဲ့။
ပြောင်းဖူး ခင်းတော်တော်လေး ကြီးလာပြီး ဝေေ၀ဆာဆာဖြစ်နေတဲ့ အချိန်မှာ အဲဒီရုံးကို အရာရှိကြီးတစ်ဦး စစ်ဆေးရေး လာသတဲ့။ ရုံးကိစ္စတွေပြီးပြီးတော့ ရုံးထဲကို လျှောက်ကြည့်တဲ့ အချိန်မှာ အဲဒီအရာရှိကြီးက ပြောင်းဖူးခင်းကို တွေ့တော့ ဒါဘယ်သူ့ အခင်းလဲလို့မေးတော့ သူတို့လည်း ဒါကျွန်တော်တို့ ရုံးပိုင်ပါဆိုပြီး ရှင်းပြသတဲ့။ အဲဒီမှာ အဲဒီအရာရှိကြီးက ဟာဒီမြေကွက်က ရုံးအပိုင်ဆိုရင် ဒီလို စိုက်ချင်တိုင်း လျှောက်စိုက် လို့မရဘူး။ ဒို့က စီမံကိန်းနဲ့ လုပ်နေတာ။ တတ်ကျွမ်းတဲ့ ပညာရှင်တွေနဲ့ တိုင်ပင်ပြီးပြီ။ စီမံကိန်းသီးနှံပဲ စိုက်ရမယ်။ ဒီအခင်းကို အကုန်ရိတ်ပစ်လိုက် ဆိုပြီး ဆူပူကြိမ်းမောင်းတော့တာပဲတဲ့။ အဲဒီတော့ သူတို့လည်း ကြီးထွားဆဲ ဖြစ်နေတဲ့ ပြောင်းဖူးခင်းလေးကို နှမြောစွာ ရိတ်ပစ်လိုက်ရပါရော။ အဲလိုနဲ့ ရက်အနည်းငယ် ကြာတော့ အထက်က စီမံကိန်းသီးနှံဆိုတာ ကျလာပါ သတဲ့။ ဘာလဲဆိုတော့ ‘ပြောင်းဖူး’ ပါတဲ့ ခင်ဗျား။

မတ်၊၂၀၁၀။
မိုးတိမ်ညို

Sunday, March 7, 2010

မည်သို့လုပ်လိုက်သည်မသိ

ကျွန်တော်ငယ်ငယ်က ကာတွန်းစာအုပ်တွေ တော်တော်ကြိုက်ပါတယ်။ ကာတွန်းစာအုပ် အပြင် ကျွန်တော် ဖတ်ရင်း ကြီးပျင်းလာတာကတော့ သိုင်းဝတ္ထုတွေပါပဲ။ ငယ်ငယ်ကတော့ သိုင်းဝတ္ထုတွေကို တော်တော် စွဲလမ်းခဲ့ တယ်ဗျ။ ကိုယ်ကိုယ်တိုင်ပဲ သိုင်းလောကထဲ ၀င်ချင်သလိုလို၊ အတွင်းအားပဲ ကျင့်တော့ မလိုလို စိတ်ကူး ယဉ်ဖူးလေရဲ့။ အဲ သိုင်းဝတ္ထုတွေနဲ့ပတ်သက်ပြီးတော့ မှတ်မှတ်ရရကျန်ခဲ့တာ တစ်ခုကတော့ သိုင်းဝတ္ထုတစ် အုပ်ထဲမှာ ရေးထားတဲ့ စာကြောင်းလေး တစ်ခုပါ။ အဲဒီမှာ ၀တ္ထုရေးဆရာက ဇာတ်လိုက်နှင့် ရန်သူ သိုင်းသမား ဆယ်ယောက်ကို တွေ့ခိုင်းပြီး ‘မင်းသား မည်သို့ လုပ်လိုက်သည်မသိ ရန်သူဆယ်ယောက် မှာ အတုံးအရုံး ကျဆုံးသွားသည်’ တဲ့။ ၀တ္ထုရေးဆရာက အဲဒီ ဇာတ်လိုက်ရဲ့ သိုင်းကွက်တွေ မြန်ဆန်လွန်းတာ ကို တင်စားချင်တာလား သူကိုယ်တိုင်ပဲ ဘယ်လိုချသည် ဘယ်သိုင်းကွက်သုံးသည် စသည်တို့ကို အသေးစိတ် ရေးရမှာ ပျင်း၍လား မသိ။ ဘယ်လိုဖြစ်ဖြစ် လိုရင်းတော့ ရောက်သွားတာပဲ။ အဲဒီ စာသားကို သမိန်ပေါသွပ် ကာတွန်းထဲမှာလည်း ဖတ်လိုက်ရသေးပါတယ်။

တကယ်တော့ အဲဒီကိစ္စက ကျွန်တော်တို့ အတွက် သိပ်တော့ အထူးအဆန်းတော့ မဟုတ်ပါဘူး။ ဇာတ်ပွဲတွေမှာ လည်းအဲဒီသဘော ဆန်ဆန်ရှိပါရဲ့။ ကျွန်တော့် အဖေရဲ့ မိတ်ဆွေ ဇာတ်ဆရာ အဖိုးကြီးက ပြန်ပြောဖူးရဲ့။ တစ်ခါတစ်လေကတော့ လည်းအခက်သားကွ။ ငါတို့ ဇာတ်ကရင် တစ်ချို့ ရက်တွေမှာဆိုရင် မင်းသားမင်းသမီးတွေ သရုပ်ဆောင်တွေက အိုက်တင်လုပ်တာများလွန်းသွားတော့ ပြဇာတ်က အချိန်မကြာ သင့်ပဲ ကြာသွား မိုးလင်းခါနီးပြီ ဇာတ်က မပြီးသေးဘူး။ ကျန်တဲ့ ဆိုင်းဆရာတွေ၊ ကားလိပ်ဆွဲ၊ မီးထိုး အစရှိ သဖြင့် အားလုံးပင်ပန်းပြီး အိပ်ချင်နေကြပြီ။ ဇာတ်က မပြီးနိုင်သေး။ တကယ်ဇာတ်လမ်း အတိုင်းကရင်လည်း အနည်းဆုံး နှစ်နာရီလောက်က ကြာဦးမှာဆိုတော့ မဖြစ်ချေဘူးဆိုပြီး ငါလည်း သိကြားမင်းလို့ ၀တ်ပြီး ဆင်းကယ်ရတာပဲ။ အဲဒီတော့မှ သိကြားမင်းဆင်းလာပြီ ဆိုပြီး ဇာတ်ရဲ့ ရှုပ်ခဲ့ သမျှတွေ ရှင်းရတာပဲ။ ဒီလူက ဒီလိုဖြစ်၊ ဟိုလူက ဟိုလိုဖြစ်၊ ဘာညာနဲ့ အားလုံး ရှင်းသွားတော့ ဇာတ်လည်း ပြီးရော ကားလိပ်လည်း ချရရောပေါ့ကွာ။ အဲဒါကြောင့် မြန်မာစကား မှာ သိကြားမင်း ဆင်းကယ်တယ်ဆိုတာ ပေါ်လာတာထင်ပါ့ကွာတဲ့။

ဟုတ်ပါ့ဗျာ။ သိကြားမင်းဆင်းကယ်သလို၊ မည်သို့လုပ်လိုက်သည် မသိ ဆိုသလို ကျွန်တော်တို့ လည်း အဲဒီလို အတွေးတွေ အများကြီး ရှိပါ့ဗျာ။ ကျွန်တော်တို့တစ်တွေ ရုန်းကန်နေရတဲ့ ဘ၀မှာ ဒုက္ခတွေ သုခတွေ အများကြီး ကြုံရမှာပါပဲဗျာ။ ဒုက္ခကြုံတဲ့ အချိန်ကြရင်တော့ ကျွန်တော်တို့ အနေနဲ့ အဲဒီလိုမျိုး ရုတ်တရက် ကြီး အဆင်ပြေသွား တာမျိုး ဖြစ်ချင်ကြတာကြည့်ပါပဲ။ တကယ်တော့ မဖြစ်နိုင်ဘူးတာလဲ သိကြတာပါပဲ။

အခုလူတွေ ထီထိုးနေကြတာတွေ၊ ချဲထိုးနေကြတာတွေ လည်း အဲလို သဘောမျိုးလို့ ထင်ပါ့။ စင်ကာပူက လူတွေလဲအတူတူပါပဲဗျာ။ စင်ကာပူ မှာဆို လူတန်းကြီး ကို အရှည်ကြီးပဲ။ တကယ်တော့ လူတွေက ယျေဘူ ယျအားဖြင့်တော့ အတူတူကြည့်ပဲဗျ။ စနစ်လေးတွေကွာသွားကြလို့သာ ကွာသယောင်ယောင် ထင်ရတာ။ လူတွေမျှော်လင့်တာက နေ့ချင်းညချင်း သူဌေးဖြစ်သွားတာတို့၊ ဒီနေ့ ဘစ်(စ)ကားစီး နောက်နေ့ ကိုယ်ပိုင်ကား စီး အဲလို မျိုးစိတ်ကူးတွေနဲ့ ပေါ့ဗျာ။ တကယ် ကံကောင်းတဲ့ သူအချို့အတွက် လည်း ဟုတ်နေတာကိုးဗျ။ ဒါပေမယ့် အဲလို ဖြစ်ဖို့က သိပ်တော့ မလွယ်ပါဘူး။ ဘယ်ဟာမဆို ဖြေးဖြေးနဲ့ လမ်းကြောင်း မှန်မှန် ကြိုးစားတာက အကောင်းဆုံးပဲဗျို့။

ကျွန်တော်တို့ ကြီးပြင်းလာတဲ့ ပတ်ဝန်းကျင် ပေါ်မူတည်ပြီးတော့လဲ လူတွေက မတူကြပြန်ဖူးဗျ။ ကျွန်တော် ဥပမာ တစ်ခုပြောပြမယ်။ ကျွန်တော်ကြည့်ဖူးတဲ့ ‘The Last King of Scotland’ ဆိုတဲ့ ဇာတ်ကားထဲမှာ မင်းသားက ဆေးကျောင်းဆင်းခါက ဆရာဝန်ပေါက်စလေး။ သူက သူတို့ နိုင်ငံမှာ မနေချင်းဘူးငြီးငွေ့တယ် ပေါ့။ ဒါနဲ့ ဘယ်ကိုသွားရမလဲဆိုတာ စဉ်းစားတယ်။ ဆုံးဖြတ်မရတော့ ဘယ်လိုလုပ်တယ် ထင်သလဲ။ ကမ္ဘာလုံး အရုပ်ကြီးကို လှည့် ကမ္ဘာလုံးကြီး အရှိန်နဲ့ လည်နေတဲ့ အချိန်မှာ မျက်စိမှန်ပြီး ဇွပ်ဆို လက်နဲ့ ထောက်လိုက်တယ်။ ပြီးတော့ ဘယ်နိုင်ငံမှာ လက်ထောက်မိသလဲ ကြည့်။ အဲဒီ လက်ထောက်မိတဲ့ နေရာ သွားသတဲ့။ ကောင်းရော။

သူတို့နဲ့ ယှဉ်မိတော့ နည်းနည်းတော့ စိတ်အားငယ်မိတယ်။ ကျွန်တော်တို့ အခြေအနေနဲ့ တော့ အဲလိုမျိုး ဘယ်လိုမှ မဖြစ်နိုင်ဘူးလေ။ ဖြစ်နိုင်ရင်လည်း တကယ့်ကို လူနည်းစုလေးပဲ။

အဲဒီတော့ဗျာ ‘မည်သို့ လုပ်လိုက်သည်မသိ ရန်သူဆယ်ယောက် မှာ အတုံးအရုံးကျဆုံးသွားသည်’ ဆိုတဲ့ သိုင်းကွက်မျိုး ဖြစ်ဖြစ် သိကြားမင်းဆင်း ကယ်တဲ့ အခြေအနေမျိုးကို တစ်ချို့လူတွေ တစ်ခါတစ်လေမှာ မျှော်လင့် မိတာကို အပြစ်မပြောရက်ပါဘူးဗျာ။

မတ်၊၂၀၁၀။
မိုးတိမ်ညို

Visitors

About Me

  © Blogger template 'Perfection' by Ourblogtemplates.com 2008

Back to TOP