Sunday, October 31, 2010

မည်သို့ပင် ဖြစ်စေကာမူ

အဲဒီနေ့ကတော့ ကျွန်တော် တော်တော်လန်းနေတယ်ဗျ။ အဲ လန်းတယ်ဆိုတာ ဗန်းစကားနဲ့ စတိုင်ကျနေတယ်လို့ ဆိုလိုတာနော်။ အဟဲ။ ကိုယ့်ကိုကိုယ် ဖော်တာတော့ မဟုတ်ပါဘူးဗျာ။ ရှပ်အင်္ကျီ ကလည်း အကောင်းစား၊ ဘောင်းဘီကလည်း နာမည်ကြီး တံဆိပ်၊ ဖိနပ်ကလည်း ပြောင်နေအောင်တိုက်ထားတဲ့ ခွာမြင့်ဖိနပ်။ တကယ်ပါ တော်တော်ကို သန့်နေတာ။ ကိုယ့်ကိုကိုယ် အားရနေတာ မှန်ရှေ့မှာ တောင် အတော်အချိန်ကုန်သွားတယ်။ ရုံးသွားဖို့ အခန်းပြင်ထွက်လာတော့ အိမ်မှာ အတူနေတဲ့ အစ်ကိုကြီးကတောင် အောင်မာ မင်းသန့်လှချေလား ဒီနေ့တဲ့။ ကျွန်တော်ကလည်း ဒါသာမာန်ပါပဲ ဆိုတဲ့ ပုံမျိုးနဲ့ ဒီလိုပါပဲဗျာဆို ပြီး ထွက်လာခဲ့တယ်။ အိမ်တံခါးပိတ် နေတုံး အံ့သြတဲ့ အကြည့်နဲ့ ကြည့်နေတဲ့ အဲဒီ အစ်ကိုကြီး ပုံတောင်မျက်စိထဲက မထွက်ဘူး။

MRT ရောက်တော့ ပုံမှန် သတင်းစာ ဝေနေတဲ့ သူကလည်း (ကျွန်တော်နဲ့ မျက်မှန်းတန်းပြီး ခင်နေတဲ့သူ) ထူးထူးခြားခြား ယူအာဆိုးစမတ်တဲ့။ လူတောင် မြောက်ကြွကြွ ဖြစ်သွားတယ်။ ရုံးနားက ကော်ဖီဆိုင်မှာ ကော်ဖီသောက်တော့ လည်း ပုံမှန် စကားသိပ်မပြောတဲ့ ဆိုင်ကလူကလည်း ၀ှပ်ကမ်အိုက်ဆပ်ယူဆာ တဲ့။ အဲဒီ Sir ဆိုတာလေးက နားထဲမှာ ချိုသွားတာပဲ။ အင်း အဲဒီတော့မှ တွေးမိတယ် တောင်းမှာ အကွပ်လူမှာ အ၀တ်ဆိုတာ တယ်မှန်ပါလားလို့။ ဒီလိုစမတ်ကျကျဝတ်တော့ လူလည်း အဆင့်မြင့်သွားတာ နေမှာပေါ့ဗျာ။

ရုံးရောက်ပြီး ဟိုလုပ်ဒီလုပ်လုပ် ပြီးတော့ စီးကရက်တစ်လိပ်လောက် သောက်မလို့ အပြင်ထွက်လာခဲ့ပါတယ်။ ဆေးလိပ်သောက်နေကျ ၀ရန်တာမှာ ဘေးရုံးက သူတစ်ယောက်နဲ့ တွေ့တယ်ဗျ။ ကျွန်တော်သိသလောက် တော့ သူက အဲဒီရုံးမှာ ရာထူးကြီးကြီးဗျ။ မန်နေဂျာ အဆင့်တော့ အနိမ့်ဆုံးပဲ။ အရင်နေ့ကလည်း တွေ့တယ်။ ဒီနေ့မှ ထူးထူးခြားခြား နုတ်ဆက်နေတယ်ဗျာ။ နုတ်ဆက်ရမှာပေါ့ဗျာ။ ကျွန်တော့် စတိုင်က အရမ်းသန့်နေတာကိုး။ ဟုတ်ဘူးလား။ သူက အလာပသလာပ တွေလည်း အတော်ပြောတယ်။ နာမည်မေး၊ မင်းက မြန်မာ လားလို့မေး အခုဘာလုပ်နေတာ လည်း ဒီမှာရောက်တာ ကြာပြီလား အစုံပေါ့ဗျာ။ ရုံးထဲပြန်ဝင်ခါနီးတော့မှ သူက ဖုန်းနံပါတ် ပေးပါလားလို့ ပြောတယ်။ ကျွန်တော်လည်း ရပါတယ် ဆိုပြီး ပေးလိုက်တယ်။ သူကဆက်ပြော လိုက်တဲ့ စကားကို ကြားမှ ကျွန်တော်နတ်ပြည်ကနေ ပြာပုံထဲကို အရှင်လတ်လတ် ခုန်ချလိုက်တဲ့ နတ်သားလေး ဖြစ်သွားပါတော့တယ်။

ငါ့အိမ်မှာ ငှားထား မြန်မာအိမ်ဖော်ကွ စကားပြောရတာ ခက်လို့ တစ်ခါတစ်လေ ဖုန်းဆက်ပြီး ဘာသာ ပြန်ပေးပါလားတဲ့ ဗျ။

**********************************************

ကဲမိတ်ဆွေ အဲဒီနေရာမှာ မိတ်ဆွေဆိုရင်လည်း အီလည်လည်ကြီး ဖြစ်သွားမှာပဲနော်။ ကျွန်တော် ဆိုလိုချင်တာ အိမ်ဖော်လုပ်နေတာ တခြားနိမ့်ကျတဲ့ အလုပ်လုပ်နေတာတွေကို နှိမ့်ချပြောနေတာ မဟုတ်ပါဘူး။ ဆိုလိုချင်တာက လူတစ်ယောက်က ကိုယ့်ဟာကိုယ် ဘယ်လောက် အဆင့်မြင့်အောင်နေနေ ဘယ်လောက်ငွေရှိအောင်ရှာရှာ၊ ဘယ်လောက် ပညာတတ်တတ် သူ့ရဲ့ မိသားစု၊ လူမျိုး၊ နိုင်ငံက နိမ့်ကျနေရင် အဲဒီလူ ဘယ်လိုမှအမြဲတမ်း လက်မထောင်မနေနိုင်ဘူး။ တလောက ဖိုလစ်ပိုင် နိုင်ငံရဲ့ အဖြစ်အပျက်ကို ကြားဖူးကြမှာပါ။ နိုင်ငံခြားသတင်းစာ ဆရာတစ်ယောက်က သူ့တို့နိုင်ငံကို Country of Servant လို့ရေးလိုက် လို့ သူတို့တွေ ဆတ်ဆတ်ခါနာကြတာပါ။ အဲဒါ ဘာလို့လဲဆိုတော့ သူတို့နိုင်ငံက သူများနိုင်ငံတွေမှာ အိမ်ဖော် သွားလုပ်တဲ့သူ အရမ်းများလို့ပါပဲ။ အဲလို အပြောခံရတော့ ဘယ်လိုပဲ ဖြစ်ဖြစ် ဖိလစ်ပိုင် သမ္မတလည်း စော်ကားခံ ရတာပဲ၊ ဆရာဝန်၊ အင်ဂျင်နီယာ၊ ပါမောက္ခကြီး အားလုံးပဲ သိမ်းကြုံး စော်ကားခံရတာပါပဲ။ ကိုယ်တစ်ယောက်ထဲပဲ တိုးတက်အောင် လုပ်နေလို့မရဘူး။ ကိုယ့်ရဲ့ လူမျိုးနဲ့ နိုင်ငံကိုလည်း တတ်နိုင်သလောက် ပြန်ကြည့်ရမယ်ဗျ။ ရှောင်ထွက်ပြေးလို့မရဘူး။ ငါကနိုင်ငံခြားရောက်နေပြီ မြန်မာနိုင်ငံအတွင်း ဘယ်လောက် ဆင်းရဲဆင်းရဲ ဘာဖြစ်ဖြစ် ငါနဲ့ မဆိုင်ဘူးလို့ မတွက်ပါနဲ့။ တစ်ချိန်ချိန်မှာ တနည်းနည်းနဲ့ ကိုယ့်ကို ပြန်ပြီး အကျိုးသက်ရောက်ပါလိမ့်မယ်။

ကျွန်တော် အပေါ်မှာပြောခဲ့တဲ့ အကြောင်းအရာလိုပါပဲ။ ကိုယ့်ဟာကိုယ် ဘယ်လောက် ကော့ကြော့နေအောင် နေနေ ဆင်းရဲတဲ့ နိုင်ငံက၊ ပြသနာ တက်နေတဲ့နိုင်ငံက ဆိုတဲ့ အမြင်မျိုးက သူများအမြင်မှာ (လူအများစု) မပျောက်ပါဘူး။ ကျွန်တော်ငယ်ငယ်က အတန်းထဲမှာ စာအရမ်းကိုတော်ပြီး အရမ်းလိမ္မာတဲ့ ကလေးတစ်ယောက် တွေ့ဖူးတယ်။ သူ့မှာကံဆိုးတာက သူ့အဖေက နေ့နေ့ညည မူးနေတဲ့ အရက်သမားဖြစ်နေတာပါပဲ။ အဲဒီတော့ ဆရာ ဆရာမတွေ တခြားကလေး မိဘတွေ သူနဲ့ တွေ့ရင် သူစာတော်ကြောင်း လိမ္မာကြောင်းတော့ ချီးကျူး ကြပါတယ်။ ပြီးတာနဲ့ မင်းအဖေကြီးရော အရင်လိုမူးနေတုံးပဲလားတဲ့။ အဲလိုအမေးခံရတဲ့ အဲဒီကလေး မျက်နှာလေး ပျက်ပျက်သွားပါတယ်။ ကျွန်တော်တို့ အခြေအနေလည်းအခု အဲလိုပါပဲ။

ကျွန်တော့်အမြင်ကတော့ လူကောင်းတစ်ယောက် အနေနဲ့

ပထမဆုံး ကိုယ့်ကိုယ်ကို တိုးတက်အောင်လုပ်ရမယ်
ပြီးရင် ကိုယ့်မိသားစု
ပြီးရင်ကိုယ့် ဆွေမျိုး မိတ်ဆွေ ပတ်ဝန်းကျင်ရှိလူများ
ပြီးရင်ကိုယ့်လူမျိုး နိုင်ငံ
ပြီးမှ လူသားအားလုံး

အဆင့်ကျော်ရင် သိပ်အဆင်မပြေသလို ကိုယ်တစ်ယောက်ထဲပဲ ထန်းပင်ကြီးလို ထောင်တက်နေမယ် ဆိုရင်လည်း အဆင်မပြေပါဘူး။ ဥပမာဗျာ မိတ်ဆွေရဲ့ အိမ်မှာ အဆင်မပြေဘူးဆိုရင် ပတ်ဝန်းကျင်ကို မိတ်ဆွေ ဘယ်လိုမှ မကူညီနိုင်ဘူး။ အခု သူတပါးနိုင်ငံတွေရဲ့ အခက်အခဲတွေကို လိုက်ကူနေတဲ့ လူမှု့ရေး အဖွဲ့အစည်း တွေကို ကြည့်ပါ။ အများစုက ချမ်းသာနေတဲ့ ငြိမ်းချမ်းနေတဲ့ နိုင်ငံတွေကပါပဲ။ ကိုယ့်နိုင်ငံမှာ စစ်ဖြစ်နေတုံး လူမှု့ရေး အဖွဲ့ ဖွဲ့ပြီး ဒုက္ခရောက်နေတဲ့ အာဖရိကက နိုင်ငံတွေကို သွားကူနိုင်မလား။ ဘယ်ကူနိုင်လိမ့်မတုံး။ အဲဒီတော့ ပထမဆုံး ကိုယ့်မိသားစု၊ ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်နိုင်ငံ အတွင်းမှာ အဆင်ပြေအောင် အရင်လုပ်ရမှာပါ။

အဲလိုပြောလို့ ဒေသစွဲ၊ နိုင်ငံစွဲ၊ လူမျိုးစွဲ ပြင်းထန်တယ်လို့ ဆိုချင်ဆိုပါ။ လူမျိုးရေး ခွဲခြားမှု့များတဲ့ အတွေးအခေါ်တွေလို့ မိတ်ဆွေ စွပ်စွဲမလား။ တကယ်တော့ လူမျိုးရေး ခွဲခြားတယ်ဆိုတာ ပိုတိုးတက်တဲ့၊ ပိုအင်အားကြီးနဲ့၊ ပိုချမ်းသာတဲ့ နိုင်ငံတွေက ပိုလုပ်ကြတာပါ။ လူသားအားလုံး အတူတူပဲဆိုတာက စကားလုံးထဲ မှာသာရှိပြီး ပိုပြီး civilized ဖြစ်တယ်ဆိုတဲ့ လူတွေက လက်မခံကြပါဘူး။ အဲဒီတော့ ဒီလို ကမ္ဘာကြီးမှာ ရှင်သန်နေထိုင် ဖို့ဆိုရင် ကျွန်တော်တို့ အနေနဲ့ ကိုယ့်နိုင်ငံကိုယ့်လူမျိုးကို ကာကွယ်ရမှာပါ။

ပြောချင်တာက ကျွန်တော်တို့ရဲ့ နိုင်ငံအတွက် ကူညီနိုင်သလောက် ကူညီဖို့ပါ။ တိုက်ရိုက်ဖြစ်ဖြစ် သွယ်ဝိုက်တဲ့ နည်းနဲ့ ဖြစ်ဖြစ်ကူညီနိုင်တဲ့ နည်းလမ်းတွေ အများကြီး ရှိမှာပါ။ လောလောဆယ် ကူညီနိုင်တဲ့၊ ပါဝင်နိုင်တဲ့ အခြေအနေ မရှိသေးရင် အနည်းဆုံး စိတ်ဓါတ်တော့ ရှိသင့်ပါတယ်။ အဲလိုသူများပြောနေလို့ မင်းကရော ဘာလုပ်နိုင်သလဲကွာလို့ မေးလာရင်တော့ ကျွန်တော်လည်း ကျွန်တော်ပြောတဲ့အတိုင်း လုပ်နိုင်အောင် ကြိုးစားနေသူ တစ်ယောက်သာ ဖြစ်ပါကြောင်း...

အောက်တိုဘာ ၂၀၁၀
မိုးတိမ်ညို

Thursday, October 28, 2010

ရှက်တတ်ပါစေ

ဒီနှစ်ပိုင်းအတွင်းမှာတော့ နာမည်ကြီး အဆိုတော်တစ်ချို့ ကိုယ်ပိုင်သံစဉ်ဖက်ကို လှည့်လာကြတာကို တွေ့ရပါတယ်။ ကျွန်တော်တို့ အတွက်တော်တော်ဝမ်းသာစရာ ကောင်းပါတယ်။ အကောင်းဖက်ကို ရောက်လာတဲ့ လက္ခဏာပါ။

ကော်ပီနဲ့ ပတ်သက်ပြီး ကျွန်တော်ကြုံဖူးတဲ့ တစ်ချို့လူတွေရဲ့ စိတ်ဓါတ်လေးတွေ တော်တော်သဘောကျသဗျာ။ ဒီလိုဗျ။ ကျွန်တော်ကျောင်းတက်တုံးက ဘာသာရပ်တစ်ခုအတွက် လိုအပ်တဲ့ စာအုပ်ကို အင်တာနက်မှာရှာရင်း website တစ်ခုမှာ အဲဒီစာအုပ် ကို download လုပ်လို့ရအောင် တင်ပေးထားတယ်ဗျ။ ကျွန်တော်လည်း ၀မ်းသာအားရပေါ့ စာအုပ်ကို download လုပ်လိုက်တယ်။ download ကိုစောင့်နေရင်းနဲ့ အမှတ်မထင် အဲဒီ download link မှာရေးထားတဲ့ ကွန့်မင့်လေးတွေ ဖတ်မိတယ်ဗျ။ အဲဒီမှာ တစ်ယောက်ကရေးထားတယ်။ သူအရေး တစ်ကြီးလိုအပ်နေတဲ့ စာအုပ်လေးကို download လုပ်လို့ရတဲ့ အတွက် ကျေးဇူးတင်ကြောင်း။ ဒီနေ့တော့ စာအုပ်ကို download လုပ်ပြီး သုံးလိုက်တဲ့အကြောင်း။ နောက်နေ့မှပဲ အော်ရီဂျင်နယ် စာအုပ်ကို သွားဝယ်လိုက်ပါမယ်တဲ့။

အဲဒီ ကွန့်မန့်ကို ဖတ်ပြီး ကျွန်တော်တော်တော်တွေဝေသွားတယ်။ အဲဒီကွန့်မင့်ရေးတဲ့သူက နာမည်အရဆိုရင်တော့ အနောက်တိုင်းကဗျ။ သြော်သူတို့က လူတစ်ဖက်သားရဲ့ ကြိုးစားအားထုတ်မှု့ကို အတော်လေးစားတာပဲလို့။ ကျွန်တော့်လိုဆိုရင်တော့ စာအုပ် download ရပြီးမှတော့ ဘယ်သွားဝယ်တော့ မလဲ။ (အဲ သူတစ်ကယ်သွားဝယ် မ၀ယ်တော့ ကျွန်တော်မသိပါဘူး) ဒါပေမယ့် အဲလို သဘောထားကို တော့ သဘောကျလို့ပါ။ တကယ်ဝယ်တယ်လို့ သဘောထားပြီး ဒီစာကို ရေးတာပါ။

အဲဒီအကြောင်းကို ကျွန်တော် တော်တော်စဉ်းစားဖြစ်တယ်။ မူပိုင်ခွင့်၊ ရပိုင်ခွင့်၊ ကြိုးစားအားထုတ်မှု့ ဘယ်လို ပဲပြောပြော လူတစ်ယောက် (သို့) အဖွဲ့အစည်းတစ်ခုခုရဲ့ ရပိုင်ခွင့်ကို အလေးထားရမယ်ဆို တာပါပဲ။ တစ်စုံတစ် ယောက်က ကြိုးစားအားထုတ်မှု့တွေ အများကြီးလုပ်ပြီး ဖန်တီးထားတဲ့ အရာတစ်ခုကို ကိုယ်က အလကားယူသုံးလိုက်တာ။ အဲ တစ်ချို့က အလကားယူသုံးရုံမကဘူး ကိုယ့်အတွက်ပါ ၀င်ငွေရအောင် လုပ်လိုက် တာတရားသလားလို့။

ကျွန်တော်လဲ ဒီနေ့အထို တရားမ၀င် software တွေ၊ Game တွေ၊ Movie တွေ၊ သီချင်းတွေ၊ စာအုပ်တွေ အများကြီး အသုံး ပြုခဲ့ ပြီးပါပြီ။ တစ်စုံတစ်ယောက်ရဲ့ ကြိုးစားအားထုတ်မှု့ကို အသိအမှတ်မပြုပဲနဲ့ ကိုယ့် အကျိုး တစ်စုံတစ်ရာအတွက်သာ အသုံးပြုခဲ့တာပေါ့။

ကျွန်တော်သေသေချာချာ စဉ်းစားကြည့်ပါတယ်။ ဟို အနောက်တိုင်းက လူလို ကျွန်တော် ကျင့်ကြံနိုင် သလားလို့။
၁) ကျွန်တော် ကျောင်းသားဘ၀တုံးကဆိုရင် ဘယ်လိုမှ မကျင့်ကြံနိုင်ဘူး။ ဒီစာအုပ် အော်ရီဂျင်နယ် မ၀ယ်နိုင်ရင် စာမေးပွဲကျမယ် ဆိုရင် အကျခံရုံပဲ
၂) အခု အတိုင်းအတာတစ်ခုအထိဝယ်နိုင်တဲ့ အခြေအနေရောက်ပေမယ့် အဲလို စိတ်ဓါတ် အပြည့်အ၀ မရှိသေးဘူး

လူတော်တော်များများမှာ တွေ့ရပါတယ်။ အလကားရရင် အကုန်ယူမယ် တန်တယ်ဆိုတဲ့ စိတ်ဓါတ်မျိုး။ ကျွန်တော်တို့ မြန်မာတွေထဲမှာလည်း အဲလို စိတ်ဓါတ်တွေ အများကြီးပါပဲ။ (သူများကို ကြည့်ပဲ ပြောတာ မဟုတ်ပါဘူး။ ကျွန်တော်လည်း အပါအ၀င်ပေါ့)။ အဲဒီ စိတ်ဓါတ်လေးတွေက ပြင်သင့်ပါတယ်။ ရှက်တတ်သင့် ပါတယ်။ အရင်က မသိလို့လုပ်ခဲ့တာ ဆိုရင် အခုသိတဲ့ အချိန်မှာ ရာနုန်းပြည့် မပြင်နိုင်သေးရင်တောင်မှ ကိုယ်ပြင်နိုင်သလောက် ဖြေးဖြေးချင်း ပြင်သင့်ပါတယ်။ ကျွန်တော်တို့ နိုင်ငံက အရင်က တံခါးပိတ်ထားခဲ့ လို့ကမ္ဘာနဲ့ အဆက်အသွယ် ပြတ်နေခဲ့ပါတယ်။ ကော်ပီသီချင်းတွေကို လုံးဝမရှက်ပဲ မူလပိုင် ရှင်လုံးဝမသိရပဲ မြန်မာမှု့ပြုပြီး ဆိုခဲ့လို့ နိုင်ငံကျော် အဆိုတော်တွေ ပေါ်ခဲ့ပါတယ်။ ကျွန်တော်တို့တွေက လည်းကိုယ့် ဥခွံလေး ထဲမှာပဲ ကြီးပျင်းခဲ့ရလို့ ကော်ပီဆိုတာလည်း မသိ ဘာမှမသိပဲ တစ်ခဲနက် အားပေးခဲ့ကြပါပြီ။ အခုတော့ ကမ္ဘာနဲ့ အဆက်အသွယ်တော်တော်လေး ပြန်ရခဲ့တဲ့ အချိန်မှာတော့ ရှက်သင့်ပါပြီ။

မင်းတို့ မြန်မာတွေက သူခိုးတွေ လို့ တစ်ခြားနိုင်ငံသားက ပြောရင် ခံချင်ပါ့မလား။ သူတို့ပြောတာလည်း မှန်သင့်သလောက် မှန်နေတော့ ပြန်မပြောနိုင်ပဲ ငြိမ်ခံနေတဲ့ အခြေအနေမျိုး ထပ်ကြုံချင်ပါ သေးသလား။

သူငယ်ချင်း တစ်ယောက်က ပြောတယ်။ မန္တလေးမှာ KFC နဲ့ဆင်တူရိုးမှား ကြက်ကြော်ဆိုင် တစ်ဆိုင် ဖွင့်နေပါသတဲ့။ ဆိုင်တစ်ဆိပ်၊ logo၊ အရောင်ကအစ တကယ့် KFC နဲ့ ခပ်ဆင်ဆင်တူအောင် လုပ်ထားတယ်တဲ့။ ကဲ အဲဒါကို နိုင်ငံခြားသား တစ်ယောက်ယောက်က တွေ့သွားရင် ဘာပြောမလဲ။ ကျွန်တော်ဆိုလိုချင်တာ ကြက်ကြော်ဆိုင်ဖွင့်ချင်ရင် ကိုယ့်ဟာကိုယ်သီးခြားဖွင့် ဘာလို့ ဆင်တူရိုးမှား လုပ်ရတာလဲ။ အကယ်၍ များ မြန်မာနိုင်ငံ စီးပွားရေးတွေ ပွင့်လို့ တကယ့် KFC ၀င်လာပြီထားပါတော့။ အဲဒီဆိုင် ဘယ်လို မျက်နှာနဲ့ ရပ်တည်မလဲ။ ။ ဒါကျွန်တော့် အမြင်ပြောတာပါ။ KFC နဲ့ဆင်လို့ အခုလောလောဆယ် သူ့အနေနဲ့ စီးပွားရေးအရ အမြတ်အစွန်းလဲ ရချင်ရမှာပါ။ ဒါပေမယ့် သေချာ စဉ်းစားကြည့်ရင် ရှက်စရာကောင်းပါတယ်။

အဲဒါကမ္ဘာကြီးနဲ့ အဆက်အသွယ်ပြတ်နေတဲ့ ကျွန်းလေးပေါ်မှာ နေရတဲ့ သူလိုပါပဲ။ သူ့အနေနဲ့ ဘယ်သူနဲ့မှ ဆက်ဆံစရာမရှိတော့ အ၀တ်အစား မ၀တ်ဘဲ တောင် နေလို့ရတယ်။ ဒါပေမယ့် ပြင်ပကမ္ဘာနဲ့ ဆက်ဆံရတဲ့ အချိန်မှာတော့ သူအ၀တ်အစားကို ၀တ်ချင်ချင် မ၀တ်ချင်ချင် ပြန်ကို ၀တ်ရမယ်။ အခုနောက်ပိုင်းမှာ ကျွန်တော်တို့ နိုင်ငံရ အရင်ကထက်အများကြီး စီးပွားရေးပွင့်လာပါတယ်။ ကမ္ဘာနဲ့ အဆက်အဆံ ပိုများလာပါပြီ။ အရင်လို နေလို့ သိပ်အဆင်မပြေတော့ပါဘူး။

ဂီတဘက်မှာမှ မဟုတ်ပါဘူး။ ရုပ်ရှင်မှာလည်း အတူတူပါပဲ။ ကျွန်တော် မြန်မာဇာတ်ကား တစ်ချို့ ကြည့်ဖူးပါတယ်။ ကျွန်တော်ကြည့်ဖူးတဲ့ ဇာတ်ကားတစ်ချို့က နိုင်ငံခြားဇာတ်လမ်းကို ကျောရိုးယူပြီး မြန်မာမှု့ ပြုထားတာပါ။ အဲလိုကားတွေက ဘယ်တော့မှ ကမ္ဘာမကျော်နိုင်ပါဘူး။ ကျွန်တော်တို့ လည်း အတိုင်းအတာ တစ်ခုအထိတော့ နားလည်နိုင်ပါတယ်။ အခြေအနေအရလုပ် နေကြရတာတွေ အများကြီးပါ။ ကျွန်တော့် မိတ်ဆွေတစ်ယောက်ကတော့ ပြောပါတယ်။ 'ဟ သူတို့လည်း လုပ်ရတာ မလွယ်ဘူးကွ။ အိမ်က ကလေးက ဗိုက်ဆာလို့ ငိုနေပြီ ဒီဇာတ်လမ်း၊ ဒီသီချင်းရောင်းရမှ ဖြစ်မှာ ဒါကြောင့်လွယ်တာ လုပ်ရတာကွ။ ကိုယ်ပိုင် ဖန်တီးမှု့က အချိန်ပေးရတယ်။ ပေးရတာနဲ့ တန်အောင်ရမှမရတာ' တဲ့။

တလောက ဂျာနယ်တစ်စောင်မှာ မြန်မာနိုင်ငံဂီတနဲ့ ပတ်သက်ပြီး မူပိုင်ခွင့်တွေ ဘာတွေကို ဂီတသမားတစ်ချို့က ပြောထား ဆိုထားတာ ဖတ်လိုက်ရပါတယ်။ တော်တော်ရယ်စရာကောင်းပါတယ်။ သူတို့ကိုယ်တိုင်ကြတော့ သူများသီချင်းတွေ ခိုးထားပြီး ပြန်ခိုးမှာကြတော့ မူပိုင်ခွင့်တဲ့။ (ကိုယ်ပိုင် ဖန်တီးမှု့ သက်သက်သာလုပ်တဲ့ အနုပညာရှင်တွေကို မဆိုလိုပါ)

အခုနောက်ပိုင်းမှာတော့် ကျွန်တော် အထက်မှာပြောခဲ့သလို ပြောင်းလဲဖို့ တာစူနေကြပြီလို့ မြင်ပါတယ်။ ကျွန်တော်တို့ ဖက်ကလည်း တတ်နိုင်သလောက် အားပေးရမယ်။ ခိုးကူးခွေတွေ အတတ်နိုင်ဆုံး ရှောင်တာမျိုးတို့။ အော်ရီဂျင်နယ်ပဲ ၀ယ်တာမျိုးတို့ လုပ်နိုင်သလောက် လုပ်ပေးသင့်ပါတယ်။ ဖြေးဖြေးချင်း ပြင်သင့်ပါတယ်။ စာအုပ်တစ်အုပ်ထဲမှာ ဖတ်ဖူးပါတယ်။ ပညာရှင်တွေ တစ်ခုခုကို ဖန်တီးနိုင်ဖို့အတွက် ဖန်တီးနိုင်တဲ့ ပတ်ဝန်းကျင်အနေအထားရှိရပါမယ်တဲ့။ ကျွန်တော်တို့ဆီမှာ အခုအချိန်မှာ တစ်ယောက်ယောက်က ကြိုးစားပန်းစားဖန်တီး လိုက်ရင် အဲဒီဖန်တီးမှု့အတွက် အကျိုးခံစားခွင့်ကနည်း ပါတယ်။ အဲဒီတော့ ဖန်တီးနိုင်စွမ်းအားတွေက တဖြည်းဖြည်းနဲ့ ကျလာပါတယ်။ ကျွန်တော်တို့ကိုယ် ကျွန်တော်တို့လည်း ဝေဖန်သင့်ပါတယ်။ ဈေးပေါပေါရရင် အကုန်သုံးမယ်ဆိုတဲ့ စိတ်ဓါတ်မျိုးမထားပဲ မူပိုင်ရှင်ရဲ့ ရပိုင်ခွင့်ကို အလေးထားသင့်ပါတယ်။ မဟုတ်ရင် အားလုံးက ၀ိုင်းကြီးပတ်လည်လိုက်နေမှာပဲ။ အပြောလွယ်သလောက်လဲ အလုပ်ခက်ပါတယ်။

အခုနောက်ပိုင်းမှာတော့ ကျွန်တော်ကတော့ နည်းနည်းရှက်တတ်လာပါပြီ။ များများရှက်တတ်အောင် ဆက်ကြိုးစားလိုက်ပါဦးမည်။

PS. ကော်ပီသီချင်းတွေနဲ့ ပတ်သက်ပြီး ခံစားမိတာလေးတွေ အရင်က ကော်ပီယဉ်ကျေးမှု့ ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ ရေးခဲ့ဖူးပါတယ်။

အောက်တိုဘာ၊ ၂၀၁၀။
မိုးတိမ်ညို

Wednesday, October 27, 2010

အလံသစ်နှင့် ပတ်သက်သော ဆောင်းပါး တစ်ပုဒ်

ဟစ်တိုင်မှာ ဖိုးသောကြာရေးတဲ့ အလံခိုးခြင်းလော၊ အနိုင်ကျင့်ခြင်းလော (၂၅ အောက်တိုဘာ ၂၀၁၀) လေးကို အမှတ်မထင် ဖတ်မိသွားပါတယ်။

အရမ်းကောင်းတဲ့ ဆောင်းပါးတစ်ပုဒ်လို့ မြင်ပါတယ်။ တွေးစရာတွေ အများကြီး ပေးသွားပါတယ်။ ခေါင်းလည်း အများကြီး ရှုပ်သွားပါတယ်။ မြန်မာ နိုင်ငံ အလံသစ်နဲ့ ပတ်သက်ပြီး မသိသေးတာတစ်ချို့ သိလိုက်ရပါတယ်။ ထူးဆန်းတာက အဲဒီ အကြောင်းအရာကို ကျွန်တော် ဘယ် website ဘယ် blog မှာမှ မဖတ်ဖူးသေးပါဘူး။ (ကျွန်တော်ကပဲ မတွေ့လို့လားတော့ မသိဘူး)။ သူပြောတဲ့ အတိုင်းဆိုရင် အလံက အသစ်မဟုတ်ဘူးပေါ့။ အရင်က သုံးဖူးပြီးသား။ ဘာဖြစ်လို့ အခုမှ ပြန်ပေါ်လာရတာလဲ။ ဒါကို ဘယ်သူမှ ဘာလို့ မပြောကြတာလဲ။ အလံ ဒီဇိုင်းက ဘယ်သူက စထွင်ထားတာလဲ။

ပြီးတော့ ကြယ် ၁၄ လုံးနဲက အလံကို ထောက်ခံတာရော ဘာလို့လဲ။ အရင်က ကန့်ကွက်ခဲ့တဲ့ သူတွေက အခုအဲဒီ အလံကို ပဲ ပြည်ထောင်စုအလံလို့ ပြန်ပြောကြပြန်တယ်လို့လည်း ဆိုထားသေးတယ်။

အရင်တုန်းက သိပ်နားမလည်ဘူးလို့ ထင်တဲ့ကိစ္စ အခုတော့ တရားဝင်နားမလည်ဘူး ဖြစ်သွားပါပြီ။ ဒီညတော့ ဘီယာ တစ်ပုလင်းလောက်သောက်မှ အိပ်ပျော်တော့မယ် ထင်ပါ့။

မိတ်ဆွေလည်း ဖတ်ကြည့်သင့်တယ် ထင်လို့ မျှဝေပေးလိုက် ပါရစေ။

မိုးတိမ်ညို

Monday, October 25, 2010

ပေါ်ပင်ဘာသာရေး

ပေါ်ပင် လုပ်တယ်ဆိုတဲ့ ဘန်းစကားရဲ့ အဓိပ္ပယ်မြန်မာစကားမှာ ကြားဖူးမှာပါ။ တကယ်အစစ်အမှန်မဟုတ်ပဲနဲ့ ပေါ်ပြူလာ ဖြစ်ရုံ လူအများ အာရုံစိုက်ခံရရုံ တစ်ခုခုကို လုပ်ပြတယ်လို့ ဆိုလိုပါတယ်။ လူတွေကိစ္စတော်တော် များများမှာ ပေါ်ပင်လုပ်တတ်ကြပါတယ်။ အနုပညာ၊ နိုင်ငံရေး၊ ပညာရေး အစရှိသဖြင့်ပေါ့။ အဆိုးဆုံးကတော့ ဘာသာရေးမှာ ပေါ်ပင်လုပ်ကြတာပဲ။

ဘာသာရေးနဲ့ ပတ်သက်တဲ့ အခမ်းအနား(သို့) ပွဲတစ်ချို့မှာ လူတစ်ချို့ရဲ့ ပေါ်ပင်လုပ်မှု့တွေက မမြင်ချင် အဆုံးပါပဲ။ ကျွန်တော်အဓိက ဆိုလိုချင်တာကတော့ ကျွန်တော်တို့ ဗုဒ္ဓဘာသာ ပွဲတွေကိုပါ။ ကျွန်တော်တွေ့ဖူး တဲ့လူတစ်ချို့ကတော့ ဘာသာရေးနဲ့ ပတ်သက်ပြီး ဘာမှ အသိပညာ မရှိပဲ လူရိုသေရှင်ရိုသေဖြစ်ရုံ နာမည်ကြီးရုံ ရည်ရွယ်ချက်တွေနဲ့ ဘာသာရေး အရေခြုံတာတတ်ကြပါတယ်။ တစ်ချို့ကတော့ အလှူငွေတွေ အများကြီးမတည် မိမိနာမည်ကို စာလုံးအကြီးကြီးနဲ့ ဖော်ပြခိုင်းပေမယ့် ဘာသာရေး အယူနဲ့ ပတ်သက်ပြီးတော့ တစ်လုံးမှ မသိတဲ့ သူတွေလည်း ဒုနဲ့ဒေးပါ။

ကျွန်တော် အလှူတစ်ခုမှာ တွေ့ဖူးတဲ့ သူဌေးမကြီးတစ်ယောက်ဆိုရင် စကားလက်ဆုံကျတိုင်း သူ့မရဲ့ မြောက်များလှ တဲ့ အလှူဒါနတွေ အကြောင်း ပြောလို့ မဆုံးပါဘူး။ ဘယ်ဘုရားကို ထီးတော်တင်တာ၊ ဘယ်စေတီ ရွှေချတာ၊ ဘယ်ဘုန်းကြီးကျောင်းမှာ သိမ်ဆောက်လှူတာ စသဖြင့် စသဖြင့်။ အဲဒီ သူဌေးမကြီးက တစ်ခါတစ်လေ ဆက်ပြောတတ်သေးတယ်။ ကျွန်မ နောက်ဘ၀အတွက်တော့ ဘာမှ ပူစရာမလိုတော့ဘူးတဲ့။ အခုဆိုရင် ကျွန်မလှူထားတဲ့ အလှူအတန်းတွေကြောင့် နတ်ပြည်မှာ ကျွန်မအတွက် ဗိမာန်တောင် ဆောက်ပြီး လောက်ပြီတဲ့ဗျာ။ ကျွန်တော် သူဌေးမကြီးကို တစ်ခုပဲမေးချင်ပါတယ်။ သူဌေးမကြီးက အလှူအတန်းလုပ်နေတာ လား ဒါမှ မဟုတ်လူ့ပြည်ဘဏ်ကနေ နတ်ပြည့်ဘဏ်ကို ပိုက်ဆံ လွှဲနေတာလားလို့။

ဘယ်လိုပဲ ဖြစ်ဖြစ် သူမကတော့ ကျွန်တော်တို့ ဗုဒ္ဓဘာသာ အသိုင်းအ၀ိုင်းမှာ နေရာ အပေးအခံရဆုံးပါ။ အများဆုံး လှူထားတာကိုး။ ဘယ်မှာ ဖြစ်ဖြစ် သူမက ထိပ်ဆုံးဝိုင်းမှာပါပဲ။

အလှူအတန်းနဲ့ ပတ်သက်လို့ ဆရာမောင်သစ်ဆင်း စာအုပ်ထဲက အကြောင်းအရာလေး တစ်ခုမျှဝေချင်ပါတယ်။ တစ်ခါက ရွာတစ်ရွာမှာ သူဌေးကြီးတစ်ယောက်ရှိတယ်တဲ့။ တစ်ခါတော့ အဲဒီ သူဌေးကြီးက တောင်ကျောင်း ဆရာတော်ဆီလာပြီး နဂိုရှိနေတဲ့ ပျဉ်ထောင် ကျောင်းလေးအစား တိုက်ကျောင်း လှူဖို့ လာလျှောက်တင် ပါသတဲ့။ ဆရာတော့က သူဌေးကြီးကို ဘုန်းကြီးကျောင်းလှူမယ့်အစား ရွာက စာသင်ကျောင်း ကပ်မိုးကပ်ကာ လေးကို ကောင်းအောင်လှူလိုက်ပါလို့ အကြံပေးတယ်။ သူဌေးကြီးကလည်း ဘုန်းကြီးကျောင်းပဲ လှူမယ် တွင်တွင် ပြောနေပါသတဲ့။ ဆရာတော်ကလည်း နောက်ဆုံး နားချလို့ မရတဲ့ အဆုံး ဒကာ မလှူတတ်သေး ပါဘူး လို့ပြောချလိုက်တယ်တဲ့။ အဲဒီတော့ တစ်သက်လုံး အလှူရေစက် လက်နဲ့ မကွာနေလာတဲ့ သူဌေးကြီး လည်း စိတ်ဆိုးသွားပြီး ဘုန်းကြီးကျောင်းပေါ်က သုတ်ခနဲ ထပြန်သွားပါတယ်။ နောက်တော့ သူဌေးကြီးက မြောက်ကျောင်းမှာ ခမ်းနားလှတဲ့ တိုက်ကျောင်းကြီး တစ်ဆောင် ဆောက်လုပ်လှူဒါန်းလိုက်ပါသတဲ့။ ရွာက စာသင်ကျောင်းလေးကတော့ ဒုံရင်းဒုံရင်းပါပဲတဲ့။

အထက်ပါ အကြောင်းအရာလေးကို ဖတ်လိုက်ရင် ဆရာမောင်သစ်ဆင်းရဲ့ ဆိုလိုရင်းကို သဘောပေါက်ပါလိမ့်မယ်။ အဲလိုအလှူမျိုးကို ကျွန်တော့် မိတ်ဆွေ တစ်ယောက်ကတော့ မြို့မျက်နှာဖုံး အလှူလို့ ဆိုသဗျ။ မြို့မျက်နှာဖုံး ဖြစ်ချင်လို့ လှူတဲ့ အလှူပေါ့ဗျာ။ လူတစ်ချို့က သေရင် ရွှေထီးဆောင်းရတဲ့ ကျောင်းဒကာဘွဲ့ကိုပဲ လိုချင်ကြတယ်။ အဲဒီတော့ တကယ်လိုအပ်တဲ့ နေရာမှာက ဘာမှမရဘူး ဖြစ်သွားရော။ ကျွန်တော်တို့နဲ့ သိတဲ့ ဆရာတော်ကြီးတစ်ပါးက မိန့်ဖူးတယ်။ ဒကာတို့ ဘုန်းကြီးဆွမ်းပွဲမှာ ဆွမ်းခွက် နှစ်ဆယ် ပြည့်အောင်လှူမယ့်အစား မိဘမဲ့ကလေးကျောင်းမှာ ထမင်းတစ်နပ် ကျွေးလိုက်ပါလားတဲ့။ ဘုန်းကြီးတို့အတွက်က ဟင်းခွက်နှစ်ဆယ် မလိုပါဘူးတဲ့။ ကျွန်တော်ကတော့ ဘုန်းဘုန်းပြောတာကို အပြည့်အ၀ ထောက်ခံတယ်။

အဲလိုပြောလို့ ကျောင်းတို့၊ သိမ်တို့၊ စေတီတို့ကို လှူစရာမလို ဘူးလို့ ဆိုလိုတာ မဟုတ်ဘူးနော်။ တစ်ကယ် လိုအပ်နေတာကို အရင်ဆုံးလုပ်သင့်ပါတယ်။ ကျောင်းကောင်းမှ၊ သိမ်ကြီးဟီးနေမှ စေတီ ၀င်းနေမှ ဗုဒ္ဓ ဘာသာထွန်းကားတယ်လို့ ဆိုလို့မရပါဘူး။ ဘာသာဝင် အရေအတွက်များတိုင်း ဗုဒ္ဓဘာသာ ထွန်းကားတယ် လို့ဆိုလို့မရပါဘူး။ အသိပညာရှိမှ တကယ်ထွန်းကားတာပါ။ အသိပညာ ဖွံ့ဖြိုးအောင် အလေးပေး လုပ်ဆောင်ရမှာပါ။

တစ်ချို့ကိစ္စတွေမှာ ဘာသာရေးနဲ့ ယဉ်ကျေးမှု့ ရောနေတာတွေ အများကြီးရှိပါတယ်။ ဒါတွေကတော့ ရှောင်လို့ မရပါဘူး။ ဥပမာ ရှင်ပြုမင်္ဂလာဆိုရင် ဘာသာရေးအပြင် မြန်မာယဉ်ကျေးမှု့ တစ်ခုလိုကို ဖြစ်နေပါပြီ။ နောက်ပိုင်းမှာ ဘာသာရေးပွဲတွေက ယဉ်ကျေးမှု့ ရောနေပြီး ဘာသာရေးအယူအဆလား လူတွေ (ဘာသာရေး ဂိုဏ်းဆရာတွေ) ထွင်ထားတဲ့ ထုံးစံတွေလား ခွဲရခပ်ခက်ခက်တောင် ဖြစ်နေပါပြီ။ ရှေးရိုးဆန်တဲ့ ကျွန်တော့် အဒေါ်တစ်ယောက်ဆိုရင် ဘုရားတို့ ဘုန်းကြီးကျောင်းတို့ သွားတော့မယ်ဆိုရင် ပုဆိုး အတင်းဝတ်ခိုင်းပါတယ်။ ဘောင်းဘီရှည်နဲ့ မလိုက်နဲ့တဲ့။
ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေပဲ။ ပုဆိုးနဲ့မှ ကောင်းမှာပေါ့။တဲ့။ ဒီနေရာမှာ နည်းနည်းရောထွေးနေပါတယ်။ ပုဆိုးဝတ်တာ ဗုဒ္ဓဘာသာ နဲ့ ဘာမှ မဆိုင်ပါဘူး။ မြန်မာ ယဉ်ကျေးမှု့ အရ သာပုဆိုးဝတ်ကြတာပါ။ (ဒါတောင် ဆရာကြီး ဒေါက်တာသန်းထွန်းက ပုဆိုးဝတ်တာ မြန်မာ ယဉ်ကျေးမှု့ မဟုတ်ဘူးလို့ ဆိုထားတာ ဖတ်ဖူးသလိုပဲဗျ)

နယ်က ဘုန်းကြီးကျောင်းတစ်ကျောင်းက စေတီလေးတစ်ဆူမှာ ထီးတင်ပွဲနှင့် ပတ်သက်ပြီး ကြုံဖူးတာလေး ပြောပါရစေ။ စေတီက သိပ်မကြီးပါ။ နှစ်ထပ်တိုက် တစ်ခုစာလောက်တော့ ရှိပါမည်။ ထိုစေတီကို ကျောင်းထိုင် ဆရာတော်ကိုယ်တိုင် ထီးတင်ရမည်ဟု (မည်သူကမှန်းမသိ) ဆိုပါသည်။ ဆရာတော်မှာ အသက်ငါးဆယ်ကျော် ခြောက်ဆယ်နီးပါးရှိပါသည်။ စေတီ ထီးတင်ရန်ဆောက်လုပ်ထားသော ၀ါးလုံးငြမ်း ခနော်နီ ခနော်နဲ့ ပေါ်တွင် တက်၍ ထီးတင်သည်မှာ အောက်မှ ကြည့်ရှု့သူများ အသည်းတယားယားရှိလှပါသည်။ တစ်ခုပြောဖို့ ကျန်ခဲ့ပါသည်။ ထီးမတင်မှီ အထက်ပါထီးတော်နှင့် လိုအပ်သည့် ပစ္စည်းများကို ဆရာတော်၊ အလှူရှင်များ အခြားသော အရေးကြီး
ပုဂိုလ် များကကိုင်ဆောင်ပြီး စေတီကို ဘယ်နှစ်ပတ်ဆိုလားမသိ ပတ်ရသေးသည်။ ထိုအချင်းအရာများသည် ဗုဒ္ဓဘာသာ အယူဝါဒနှင့် မည်သို့သက်ဆိုင်ပါသနည်း။ စေတီပေါ်သို့ ထီးတော်တင်သည့် ကိစ္စကို ကျွမ်းကျင်သော အင်ဂျင်နီယာ၊ လက်သမား အစရှိသူတို့က ပြုလုပ်လျှင် ပိုမကောင်း ဘူးလား။ အကယ်၍ အခန့်မသင့်ပါက ဆရာတော် ပြုတ်ကျပြီး အနာတရာ ဖြစ်၍ သော်လည်းကောင်း၊ ပျံလွန်တော်မူ၍ သော်လည်းကောင်း ဖြစ်ပါက ဗုဒ္ဓဘာသာ ၀င်များအတွက် ပိုပြီး မနစ်နာ နိုင်ဘူးလား။ စဉ်းစားမိတာပါ။ တစ်ယောက်နှင့်တစ်ယောက်တော့ အယူအဆတူချင်မှ တူပါလိမ့်မည်။

ကျွန်တော်တွေ့ဖူးတဲ့ လူတစ်ချို့က ပေါ်ပင်တွေပဲ လိုက်လုပ်နေကြပြီး သစ္စာလေးပါး ဘာလဲဆိုတာတောင် မသိပါဘူး။ (မိတ်ဆွေ မယုံရင် မိတ်ဆွေပတ်ဝန်းကျင်မှာရှိတဲ့ လူအချို့ကို သစ္စာလေးပါး ဘာလဲဆိုတာ မေးကြည့်ပါ။ အဓိပ္ပာယ်ကို ရှင်းပြခိုင်းပါ။ ကြက်တူရွေးစကား ပြောသလို ပါဠိလို ရွတ်နိုင်တာကို သိတယ်လို့ မမှတ်ယူပါနှင့်)။ ကျွန်တော်လည်း ဘွဲ့ရပြီးမှ သစ္စာလေးပါး ဘာဆိုတာ စာအုပ်တစ်ချို့ရဲ့ ကျေးဇူးကြောင့် သိတာပါ။ တစ်သက်လုံးမိရိုးဖလာ ကိုးကွယ်လာခဲ့တာပါ။
သစ္စာလေးပါး ဘာမှန်းမသိသော ဗုဒ္ဓဘာသာ ဘာသာဝင် ဟူသော စကားလုံးသည် နှစ်ဆယ့် တစ်ရာစု အတွက် အကောင်းဆုံးသော ဟာသ တစ်ခု ဖြစ်နိုင်ပါသည်။

အခုအချိန်မှာ လူတစ်ချို့ကတော့ ဘာသာရေးဂိုဏ်းဆရာ တစ်ချို့ တီထွင်ဖန်တီးထားတဲ့ အရာတွေနောက် တစ်ကောက်ကောက်လိုက်ရင်း အချိန်တွေ ငွေတွေ ကုန်နေကြပါတယ်။ ပေါ်ပင်ဘာသာရေး၊ မြို့မျက်နှာဖုံး ဘာသာရေး တွေပဲလုပ်နေကြပါတယ်။ လူသေလူဖြစ် စာအုပ်ရေးခဲ့တဲ့ ဆရာတော် ရှင်ဥက္ကဌ စကားနဲ့ ဆိုရရင် 'ယုန်ချိုနဲ့ ပြုလုပ်ထားတဲ့စူးဖြင့် ပုဇွန်သွေးကို ဖောက်ယူရန်ကြိုးစား နေကြသည်' ဆိုသလိုပါပဲ။




အောက်တိုဘာ၊၂၀၁၀။

မိုးတိမ်ညို

Tuesday, October 19, 2010

ဒို့နိုင်ငံကြီးမှာ

တစ်ခါက အငြိမ့်တစ်ခုထဲမှာ လူရွင်တော် နှစ်ယောက်ပြက်လုံးပျက်နေတာ ကြည့်ဖူးပါတယ်။ တစ်ယောက်က ဒီလိုဆိုတယ်ဗျ။

'ဒို့နိုင်ငံ ကြီးမှာ စေတီပုထိုး ကျောင်းကန်ပေါတယ် အမျိုးဂုဏ်ဇာတိသွေး မြင့်မားလှတယ်....'

အဲဒီအချိန်မှာ နောက်တစ်ယောက်က လပ်ခုပ်လေး တီးပြီး အားပေးနေတယ်ပေါ့ဗျာ။ ပြီးတော့ ပထမတစ်ယောက်ကပဲ ဆက်ဆိုတယ်။

'ဆက်မဆိုတော့ ဘူးကွယ် ..... ဒီတင်ပဲ ရပ်တာ ကောင်းတယ် ဆက်ဆိုရင် အကုန်လုံး သောက်ကျိုးနဲ လိမ့်မယ်...' တဲ့ဗျ။

အဲဒီမှာ ဘေးက လူရွင်တော်က ပေါက်ကရကွာ ဆိုပြီး ဆိုတဲ့ ကောင်ကို ရိုက်လိုက်တယ်။

ပြက်လုံးလေးကတော့ ဒါပါပဲ။ သာမာန်ကြည့်ရင်တော့ သာမာန်ပဲ ရယ်ပြီး ပြီးသွားမှာပါ။ ဒါပေမယ့် သူတို့ ဆိုလိုက်လိုက် သီချင်းနောက်ကွယ်မှာ စဉ်းစား စရာတွေက အများကြီးပါပဲ။

ဟုတ်ပါတယ်။ သူဆိုခဲ့ တဲ့အတိုင်း ကျွန်တော်တို့ နိုင်ငံက အမျိုးဂုဏ်တွေ၊ ဇာတိမာန်တွေ ရှိခဲ့ပါတယ်။ အရင် ကရှိခဲ့တာတွေပေါ့ဗျာ။ အခုအချိန်အထိ ဆက်ပြောရရင်တော့ ဟိုလူရွင်တော် ဆိုခဲ့ တဲ့ အတိုင်း သောက်ကျိုး နည်း ကုန်မှာ အသေအချာ ပါပဲ။ (သောက်ကျိုးလည်း နည်းခဲ့ကြပြီးပါပြီ)

နိုင်ငံရေး ဆောင်းပါး တစ်ပုဒ်ထဲ ဖတ်ဖူးသလိုပါပဲ။ အခုလို ဖြစ်ခဲ့တာတွေကို ဘယ်သူ့ကြောင့် ဘယ်ဝါကြောင့် ဘယ်ဝါဒကြောင့် ညာဝါဒကြောင့် စသဖြင့် လက်ညှိုးထိုးမနေပဲ အခုဘာလုပ်ကြ မလဲ ဆိုတာ စဉ်းစား သင့်ပါပြီတဲ့။ ဟုတ်ပါတယ်။ ကျွန်တော်လည်း ထောက်ခံပါတယ်။ ဒါပေမယ့် သမိုင်းဆိုတာတော့ မေ့လို့မရဘူး။ သင်ခန်းစာ ယူရအောင် သင်ကိုသင်ရမယ်း။ ဆရာကြီး ဒေါက်တာ သန်းထွန်းပြောခဲ့ သလိုပေါ့ဗျာ။ မအအောင် လို့ သမိုင်း တော့သင်ရမှာပေါ့။

ကျွန်တော်တို့ နိုင်ငံက ဒုတိယကမ္ဘာစစ်ပြီးခါစ ကလည်း အရှေ့တောင် အာရှမှာ ထိပ်ဆုံးကပါ။ ကျွန်တော် အမှတ်မထင် Google မှာ လျှောက်မွှေရင်းနဲ့ Time Magazine ကဦးနုပုံ နဲ့ ကျွန်တော်တို့ နိုင်ငံ ကိုယ်စားပြု တဲ့ စေတီပုံတွေ မျက်နှာဖုံးမှာ တွေ့လိုက်ရတော့ အရင်တုံးက များ တို့နိုင်ငံက ကမ္ဘာမှာ တော်တော် ၀င်ဆံ့တာပဲဟ လို့တောင် တွေးမိပါသေးတယ်။



အတိတ်က ရွှေထီးဆောင်းခဲ့ရတာတွေ ပြန်ပြောရရင် စင်ကာပူမြို့ တည်တော့ ကျွန်တော်တို့ ရန်ကုန်မြို့ကို တောင် လာကြည့်ခဲ့ရသေး လို့ ဆိုသဗျ။ အဲဒါကြောင့်နေမှာ တိုပါအိုး ဘုန်းကြီးကျောင်းနားမှာ မြန်မာ လမ်းနာမည်တွေ အများကြီးပဲ။ ပဲခူးလမ်း၊ မန်းလေးလမ်း၊ ဗန်းမော်လမ်း၊ ဧရာဝတီလမ်း၊ ရှမ်းလမ်း၊ ပုသိမ်လမ်း၊ မင်းဘူးလမ်း၊ အင်းဝလမ်း တဲ့ဗျာ။ Ava Plaza အင်းဝ ပလာဇာတောင် ရှိသေးတယ်။


အခုတော့ အခြေအနေတွေကတော်တော် ကွာခြားသွားပါပြီ။ ပြီးတော့ တစ်ခုသတိထားမိတာရှိသေးတယ်။ စင်ကာပူကို ၀င်တဲ့ စားသောက်ကုန်တော်တော်များများ ထိုင်းက လုပ်တာတွေ များတယ်။ ဆန်ဆိုတာ ကတော့ မပြောနဲ့တော့ အားလုံး ထိုင်းကကြည့်ပဲ။ အဲလိုမြင်ရတော့ ကျွန်တော် Envy ဖြစ်မိတယ်ဗျာ။ အတူတူခြင်းကို ကျွန်တော်တို့ နိုင်ငံက ဘာလို့ အဲလောက် နောက်ရောက်နေတာရလဲ။

ကျွန်တော်တို့ နိုင်ငံ ပြောင်းလဲဖို့ လိုအပ်နေတာ တော်တော်ကြာပါပြီ။ အခုတော့ နောက်လရွေးကောက်ပွဲတဲ့။ လာပြန်ပြီတစ်ခါ။ ကျွန်တော်ကတော့ ဘယ်လိုဖြစ်ဖြစ် အကောင်းဘက်ကနေပဲ မျှော်လင့်ပါတယ်။ ဘာပဲပြောပြော အကောင်းဘက်က မြင်ကြည့်ပါတယ်။ နိုင်ငံရေးအရ မပြောင်းလဲနိုင်သေးရင်တောင်မှ စီးပွားရေး အရတော့ ပြောင်းလဲသင့်ပြီ ထင်တာပါပဲဗျာ။ စင်ကာပူ၊ တရုတ်၊ ဗီယက်နာမ် တို့လိုပေါ့ဗျာ။

မြန်မာနိုင်ငံသား တွေ ပြည်ပနိုင်တွေမှာ ဘယ်လောက်ပဲ အဆင်ပြေပြေ ပညာတွေ ဘယ်လောက်တတ်တတ် မပြည့်စုံပါဘူး။ ကျွန်တော့်ရဲ့ ခံစားချက်ပါ။ ကျွန်တော့်ကို စင်ကာပူနိုင်ငံသား မိတ်ဆွေတစ်ယောက်က ပြောဖူးတယ်။ မင်းဒီမှာ နေတာကြာပြီပဲ။ အခွင့်အရေးရရင် စင်ကာပူနိုင်ငံသား ခံလိုက်ပါလားတဲ့။ ဒီမှာ အစစအစစ အရာရာတိုးတက်တယ်။ စီးပွားရေးကောင်းတယ် ဘ၀လုံခြုံမှု့ရှိတယ်။ မင်းအတွက် ဘာမကောင်းတာများရှိလဲ။ အနာဂတ်အတွက်လည်း ကောင်းနေတာပဲ။ မင်းတို့ဆီမှာထက် အများကြီးသာပါတယ်ကွာတဲ့။ သူကတော့ တကယ့် စေတနာနဲ့ ပြောတာပါ။ ကျွန်တော် သူ့ကို မေးခွန်းတစ်ခု ပြန်ထုတ်မိပါတယ
်။

ခင်ဗျားကို ဖိုက်စတား ဟော်တယ် မှာ တစ်သက်လုံးထားမယ် နေနိုင်လားလို့။

အဲလိုမေးတော့ တစ်သက်လုံးတော့ ဘယ်နေနိုင်မလဲကွတဲ့။ ကျွန်တော်လည်း ဒီလိုပါပဲလို့။ ကျွန်တော့်အနေနဲ့ စင်ကာပူမှာ နေနေရတာ ဖိုက်စတား ဟော်တယ်မှာ နေရသလိုပါပဲ။ အစစအရာရာ ကောင်းပေမဲ့ ကျွန်တော့်အိမ် မှ မဟုတ်တာဗျာနော့်။ မဟုတ်ဘူးလား မိတ်ဆွေ။

အောက်တိုဘာ ၂၀၁၀
မိုးတိမ်ညို

Saturday, October 16, 2010

ရာဇ၀င်ထဲမှာ ထားရစ်ခဲ့တော့



ဒီတစ်ခါ ကြည့်မိတဲ့ ဇာတ်ကား တစ်ကားကတော့ ထိုင်းဇာတ်ကားပါ။ Bang Rajan တဲ့။ ဇာတ်လမ်း အကြောင်းကတော့ မြန်မာတွေ ထိုင်းနိုင်ငံကို ၁၇၆၇ ခုနှစ်မှာ ကျူးကျော်ခဲ့တာကို တွန်းလှန်တဲ့ ကားပါ။ Bang Rajan ဆိုတဲ့ ရွာလေးက နေ ခုခံနေလိုက်တာ အင်အားကြီးမားတဲ့ မြန်မာတပ်တွေ တော်တော် ခက်ခက်ခဲခဲ တိုက်ခိုက်ရတယ်ဆိုတာကို တင်ပြထားပါတယ်။ စစ်၊ အချစ်၊ အမုန်း၊ ဇာတ်ကြမ်း ရသ အစုံပါပဲ။ Bang Rajan 2 လည်း ထွက်ပါပြီ။ အဲဒီကားလည်း ကောင်းပါတယ်။

ဒါကတော့ မြန်မာ စစ်ဗိုလ်ပုံပေါ့

အဲဒီဇာတ်လမ်းထဲမှာတော့ မြန်မာတွေက လူဆိုးလူယုတ်မာ လူညစ်တွေပေါ့။ စစ်နိုင်လို့ ထင်တိုင်းကြဲ၊ လူသတ်၊ မုဒိန်းကျင့် မကောင်းမှု့ အစုံပါပဲ။ အင်း ဘယ်လိုပဲ ဖြစ်ဖြစ် စစ်ဆိုတာကတော့ တော်တော် မကောင်းပါဘူး။ တကယ်တော့ မြန်မာတွေမှ မဟုတ်ပါဘူး။ ဒါ အခု ကျွန်တော်တို့ နေတဲ့ ကမ္ဘာကြီးရဲ့ သဘာဝလို ဖြစ်နေပါပြီ။ ကြီးနိုင်ငယ်ညှင်း နဲ့ တကယ်တော့ တောရိုင်းဥပဒေသပါပဲ။

ဇာတ်လမ်းကြည့်ရင်းနဲ့ ကျွန်တော်တို့ မြန်မာရုပ်ရှင်တွေ အပေါ် အတော်ကို အားမလိုအားမရ ဖြစ်မိပါတယ်။ မြန်မာအက်ရှင်ကားတွေ ဘယ်ကားမှ လိုက်မမှီပါဘူး။ အဝေးကြီး မှာ ပြတ်ကျန်နေခဲ့ပါပြီ။ မြန်မာဇာတ်ကား တော်တော်များများက အံ့သြစရာ ကောင်းလောက်အောင်ကို ညံ့ပါတယ်။ မြန်မာကားတွေ ညံ့တာကို တစ်ချို့က နည်းပညာ လိုက်မမှီလို့လို့ စောဒက တက်ပါတယ်။ တကယ်တော့ ဒါလည်း တစ်ပိုင်းပါ။ တကယ်ကတော့ အနုပညာကို အားနည်းတယ်လို့ ထင်ပါတယ်။ ဥပမာကိုရီးယားကားတွေကိုပဲ ကြည့်ပါ။ ဘာ Special Effect ဘာ Action မှ မပါပါဘူး။ ရသသက်သက်ပါ။


တစ်ခု သဘောကျတာက အဲဒီဇာတ်ကားထဲမှာ မြန်မာစစ်တပ်ရဲ့ အပြင်အဆင် တွေပါပဲ။ ကျွန်တော်တို့ မြန်မာတွေရိုက်လိုက်ရင် တကယ့်စစ်တပ်နဲ့ ဘယ်တော့မှ မတူဘူး။ ဇာတ်ကြီးနဲ့ ပဲတူတယ်။ ပြီးတော့ ၀တ်စုံတွေက အသစ်တွေ။ နည်းနည်းတော့ အတုယူဖို့ကောင်းတယ်။ ရွာတွေ အိမ်တွေ အပြင်အဆင်က လည်း တော်တော် သဘာဝကျပါတယ်။ မင်းကျန်စစ်တို့ သူ့ကျွန်မခံပြီ နဲ့ ယှဉ်လိုက်ရင် ရှက်ဖို့တောင် ကောင်းပါတယ်။ အရင်တုံးက ကျွန်တော်တို့လောက် မတိုးတက်တဲ့ ထိုင်းနိုင်ငံက အခုတော့...

ဗိုလ်ထွန်းကြည် အနှစ်ငါးဆယ်ကျော်ကိုယ်တွေ့များ စာအုပ်မှ ကောက်နုတ်ချက်လေး လည်း ဖတ်ကြည့်ပါဦး။

စာရေးသူက ၁၉၆၁ ခုနှစ် အမေရိကန်သို့ ပညာသင် သွားရောက်စဉ် ဘန်ကောက်နှင့် ရန်ကုန် လေယာဉ်ကွင်း နှိုင်းယာဉ်ပုံကို “ဘန်ကောက်လေယာဉ်ကွင်း တွေ့ရတော့ တို့နိုင်ငံ မဆိုးလှပါလား လို့ တွေးမိသည်။ ထိုအချိန်က ဘန်ကောက် လေယာဉ်ကွင်းမှာ နုံချာလှသည်။ လေယာဉ်ကွင်း ထဲတွင် ၀ါးကပ်မိုး ထရံကာတဲများပင် ရှိနေသည်။ ပျံကျ ကျူးကျော်နေသော အဆောက်အဦးများ မဟုတ် လေယာဉ်ကွင်းမှ အသုံးပြုနေသော အဆောက်အဦးများ ဖြစ်သည်။ ကျွန်တော်တို့ မင်္ဂလာဒုံ လေယာဉ်ကွင်းနှင့် ဘာမှမဆိုင်” ဟု ဖော်ပြထားသည်

အင်းလေ ဆရာအော်ပီကျယ် ကာတွန်းလို့ပေါ့။ ဘယ်သူ့ ကြောင့်လို့ ပြောရမှာ ခပ်ခက်ခက်ပဲ။




အခုဇာတ်လမ်း နှစ်ကားလုံးလည်း ဇာတ်လမ်းအရတော့ တော်တော်ကောင်းပါတယ်။ ဒါပေမယ့် မိတ်ဆွေ တစ်ခုတော့ အကြံပေးပါရစေ။ အဲဒီဇာတ်ကားတွေ တကယ်လို့များ ကြည့်မိမယ် ဆိုရင် မိတ်ဆွေမှာ မျိုးချစ်စိတ်လေး တစ်ချို့များရှိခဲ့ ရင်ခဏတော့ ဘေးမှာ ချိတ်ထားပြီးမှ ကြည့်ပါလို့ အကြံဥာဏ်ပေးပါရစေ။

အောက်တိုဘာ ၂၀၁၀
မိုးတိမ်ညို

Visitors

About Me

  © Blogger template 'Perfection' by Ourblogtemplates.com 2008

Back to TOP