Saturday, October 16, 2010

ရာဇ၀င်ထဲမှာ ထားရစ်ခဲ့တော့



ဒီတစ်ခါ ကြည့်မိတဲ့ ဇာတ်ကား တစ်ကားကတော့ ထိုင်းဇာတ်ကားပါ။ Bang Rajan တဲ့။ ဇာတ်လမ်း အကြောင်းကတော့ မြန်မာတွေ ထိုင်းနိုင်ငံကို ၁၇၆၇ ခုနှစ်မှာ ကျူးကျော်ခဲ့တာကို တွန်းလှန်တဲ့ ကားပါ။ Bang Rajan ဆိုတဲ့ ရွာလေးက နေ ခုခံနေလိုက်တာ အင်အားကြီးမားတဲ့ မြန်မာတပ်တွေ တော်တော် ခက်ခက်ခဲခဲ တိုက်ခိုက်ရတယ်ဆိုတာကို တင်ပြထားပါတယ်။ စစ်၊ အချစ်၊ အမုန်း၊ ဇာတ်ကြမ်း ရသ အစုံပါပဲ။ Bang Rajan 2 လည်း ထွက်ပါပြီ။ အဲဒီကားလည်း ကောင်းပါတယ်။

ဒါကတော့ မြန်မာ စစ်ဗိုလ်ပုံပေါ့

အဲဒီဇာတ်လမ်းထဲမှာတော့ မြန်မာတွေက လူဆိုးလူယုတ်မာ လူညစ်တွေပေါ့။ စစ်နိုင်လို့ ထင်တိုင်းကြဲ၊ လူသတ်၊ မုဒိန်းကျင့် မကောင်းမှု့ အစုံပါပဲ။ အင်း ဘယ်လိုပဲ ဖြစ်ဖြစ် စစ်ဆိုတာကတော့ တော်တော် မကောင်းပါဘူး။ တကယ်တော့ မြန်မာတွေမှ မဟုတ်ပါဘူး။ ဒါ အခု ကျွန်တော်တို့ နေတဲ့ ကမ္ဘာကြီးရဲ့ သဘာဝလို ဖြစ်နေပါပြီ။ ကြီးနိုင်ငယ်ညှင်း နဲ့ တကယ်တော့ တောရိုင်းဥပဒေသပါပဲ။

ဇာတ်လမ်းကြည့်ရင်းနဲ့ ကျွန်တော်တို့ မြန်မာရုပ်ရှင်တွေ အပေါ် အတော်ကို အားမလိုအားမရ ဖြစ်မိပါတယ်။ မြန်မာအက်ရှင်ကားတွေ ဘယ်ကားမှ လိုက်မမှီပါဘူး။ အဝေးကြီး မှာ ပြတ်ကျန်နေခဲ့ပါပြီ။ မြန်မာဇာတ်ကား တော်တော်များများက အံ့သြစရာ ကောင်းလောက်အောင်ကို ညံ့ပါတယ်။ မြန်မာကားတွေ ညံ့တာကို တစ်ချို့က နည်းပညာ လိုက်မမှီလို့လို့ စောဒက တက်ပါတယ်။ တကယ်တော့ ဒါလည်း တစ်ပိုင်းပါ။ တကယ်ကတော့ အနုပညာကို အားနည်းတယ်လို့ ထင်ပါတယ်။ ဥပမာကိုရီးယားကားတွေကိုပဲ ကြည့်ပါ။ ဘာ Special Effect ဘာ Action မှ မပါပါဘူး။ ရသသက်သက်ပါ။


တစ်ခု သဘောကျတာက အဲဒီဇာတ်ကားထဲမှာ မြန်မာစစ်တပ်ရဲ့ အပြင်အဆင် တွေပါပဲ။ ကျွန်တော်တို့ မြန်မာတွေရိုက်လိုက်ရင် တကယ့်စစ်တပ်နဲ့ ဘယ်တော့မှ မတူဘူး။ ဇာတ်ကြီးနဲ့ ပဲတူတယ်။ ပြီးတော့ ၀တ်စုံတွေက အသစ်တွေ။ နည်းနည်းတော့ အတုယူဖို့ကောင်းတယ်။ ရွာတွေ အိမ်တွေ အပြင်အဆင်က လည်း တော်တော် သဘာဝကျပါတယ်။ မင်းကျန်စစ်တို့ သူ့ကျွန်မခံပြီ နဲ့ ယှဉ်လိုက်ရင် ရှက်ဖို့တောင် ကောင်းပါတယ်။ အရင်တုံးက ကျွန်တော်တို့လောက် မတိုးတက်တဲ့ ထိုင်းနိုင်ငံက အခုတော့...

ဗိုလ်ထွန်းကြည် အနှစ်ငါးဆယ်ကျော်ကိုယ်တွေ့များ စာအုပ်မှ ကောက်နုတ်ချက်လေး လည်း ဖတ်ကြည့်ပါဦး။

စာရေးသူက ၁၉၆၁ ခုနှစ် အမေရိကန်သို့ ပညာသင် သွားရောက်စဉ် ဘန်ကောက်နှင့် ရန်ကုန် လေယာဉ်ကွင်း နှိုင်းယာဉ်ပုံကို “ဘန်ကောက်လေယာဉ်ကွင်း တွေ့ရတော့ တို့နိုင်ငံ မဆိုးလှပါလား လို့ တွေးမိသည်။ ထိုအချိန်က ဘန်ကောက် လေယာဉ်ကွင်းမှာ နုံချာလှသည်။ လေယာဉ်ကွင်း ထဲတွင် ၀ါးကပ်မိုး ထရံကာတဲများပင် ရှိနေသည်။ ပျံကျ ကျူးကျော်နေသော အဆောက်အဦးများ မဟုတ် လေယာဉ်ကွင်းမှ အသုံးပြုနေသော အဆောက်အဦးများ ဖြစ်သည်။ ကျွန်တော်တို့ မင်္ဂလာဒုံ လေယာဉ်ကွင်းနှင့် ဘာမှမဆိုင်” ဟု ဖော်ပြထားသည်

အင်းလေ ဆရာအော်ပီကျယ် ကာတွန်းလို့ပေါ့။ ဘယ်သူ့ ကြောင့်လို့ ပြောရမှာ ခပ်ခက်ခက်ပဲ။




အခုဇာတ်လမ်း နှစ်ကားလုံးလည်း ဇာတ်လမ်းအရတော့ တော်တော်ကောင်းပါတယ်။ ဒါပေမယ့် မိတ်ဆွေ တစ်ခုတော့ အကြံပေးပါရစေ။ အဲဒီဇာတ်ကားတွေ တကယ်လို့များ ကြည့်မိမယ် ဆိုရင် မိတ်ဆွေမှာ မျိုးချစ်စိတ်လေး တစ်ချို့များရှိခဲ့ ရင်ခဏတော့ ဘေးမှာ ချိတ်ထားပြီးမှ ကြည့်ပါလို့ အကြံဥာဏ်ပေးပါရစေ။

အောက်တိုဘာ ၂၀၁၀
မိုးတိမ်ညို

5 comments:

ကိုပေါ October 17, 2010 at 12:37 AM  

မျိုးချစ်စိတ်ကိုတော့ ဘေးမဖယ်ခိုင်းနဲ့လေဗျာ။ မရဘူး။ စိတ်ကြီးတယ်။

“ကမ္ဘာမှ မြန်မာ(နောက်ဆုံးက)ဟေ”့.... လို့ အားပါးတရကြီး ကြွေးကြော်နေကျဆိုတော့။

ဟိုတလောက အိန္ဒိယ ဘောလီးဝုဒ် ကားနှစ်ကားကြည့်လိုက်ရတာ ကောင်းချက်ဗျာ။ ဟောလီးဝုဒ်ရုပ်ရှင်တွေ ကြည့်ရသလားအောက်မေ့ရတယ်။

အင်း.... အားကစားဆိုရင်လည်း အရှေ့တောင်အာရှမှာ ငယ်နိုင်လို့ ပြောရမယ့် နိုင်ငံတောင် မကျန်တော့ဘူးထင်တယ်ဗျိုး။

Lun Lunn October 17, 2010 at 12:56 AM  

Ko MTN ...

It would be very appreciated if you can provide the link to see that movie as I could not be able to find full movie online.

Ko Paw ...

I think the movie you referred is 3 Idiots, right? It's very nice movie.

Moe Tain Nyo October 17, 2010 at 12:59 AM  

Lun Lunn: Try the following link.

http://www.letmewatchthis.com/watch-2671751-Bang-Rajan-2

ကိုပေါ October 17, 2010 at 8:38 AM  

လွန်လွန်း....

မဟုတ်ဘူးဗျ။ ဇာတ်ကားတကားရဲ့ နာမည်က “Shaurya” တဲ့။ သူက တွမ်ခရုဇ်နဲ့ ဒယ်မီမိုးတို့ပါတဲ့ A few good man နဲ့ ဇာတ်လမ်းချင်းဆင်တယ်။ ဒါပေမယ့် ကျနော့်စိတ်ထဲမှာ သူက အများကြီး ပိုကောင်းတယ်။ သာမန် ပေါ့ပေါ့နေ ပေါ့ပေါ့စား Army Lawyer တစ်ယောက်ဟာ “တပ်ထဲမှာ အထက်အရာရှိကို ပစ်သတ်လို့ စစ်ခုံရုံးတင်ပြီး အပြစ်ပေးခံရတော့မယ့် ဗိုလ်တယောက်” ဖက်ကနေ ရှေ့နေလိုက်ပေးတဲ့ အမှု။ ရုပ်ရှင်အနေနဲ့ရော ပေးချင်တဲ့ မက်ဆေ့ခ်ျရော အင်မတန် ပြီးပြည့်ကောင်းမွန်တဲ့ ဇာတ်ကားတခုပဲ။

နောက်ဇာတ်ကားတခုက A Wednesday တဲ့။ သူက အပေါ်က ဇာတ်ကားနဲ့ သဘောတရားရေးရာအရ ဆန့်ကျင်ဖက်ပဲ။ သူက မွတ်စလင်အကြမ်းဖက်တွေကို အစိုးရက ကိုင်တွယ်အပြစ်ပေးပုံကို စိတ်ကုန်နေတဲ့ သာမာန်ပြည်သူ အမည်ခံ အဖိုးကြီးတစ်ယောက်က အဲဒီအကြမ်းဖက်တွေက ပညာသားပါပါ ကိစ္စတုံးတဲ့ ဇာတ်လမ်းပဲ။ သဘောတရားရေးရာအရ ကျနော် မထောက်ခံပေမယ့် ဆွဲဆောင်မှုရှိတဲ့ ဇာတ်ကားတခုပါပဲ။

ကြည့်မယ်ဆိုရင် အင်္ဂလိပ်စာတမ်းထိုးတဲ့ အခွေကို ရှာပြီး ကြည့်ပါ။

Lun Lunn October 17, 2010 at 3:56 PM  

Ko MTN & Ko Paw ...

Thank for your info ...

3 Idiots is also very nice movie. You can find with Eng Sub, HD at YouTube.

I watched as my nephew recommended.

Have a beautiful Sunday! (Not Song Title :))

Visitors

About Me

  © Blogger template 'Perfection' by Ourblogtemplates.com 2008

Back to TOP