Saturday, March 26, 2011

နတ်ပြည်တစ်ရက် လူ့ပြည်တစ်သက်

ကျွန်တော်တို့ ငယ်ငယ်လေးကတည်းက လူကြီးသူမတွေ ပြောတာရော စာအုပ်တွေထဲမှာပါ “နတ်ပြည်မှာ တစ်ရက် ကလူ့ပြည်မှာ တစ်သက်နဲ့ ညီတယ်လို့” မှတ်ဖူးဖတ်ဖူးတယ်ဗျ။ စာဖတ်နေတဲ့ မိတ်ဆွေတော့ ဘယ်လိုနားလည်သလဲ မသိဘူး။ ကျွန်တော်ကတော့ ငယ်ငယ်ကတော့ ကလေးအတွေးနဲ့ ရိုးရိုးရှင်းရှင်းပဲ ကိုယ့်ဟာကို ဘာသာပြန်လိုက်တယ်။ တစ်ရက်ဆိုတာ နေထွက်ချိန်က နေ၀င်ချိန် ပြီးတော့ နောက်တစ်ရက် နေထွက် အချိန်အထိ ဒါတစ်ရက်ပဲလို့။

အဲလိုဆိုတော့ လူ့ပြည်မှာ တစ်ရက်က နှစ်ဆယ့်လေးနာရီ ကြာပေမယ့် နတ်ပြည်မှာက နှစ်ပေါင်းတစ်ရာ လောက် ကြာတယ်ပေါ့ဗျာ။ အဲလိုပဲ နားလည်မိတယ်။ ငယ်ငယ်ကတော့ သြော်သူတို့က နတ်ကိုး တန်ခိုးရှိတာ ကိုး ဒါကြောင့် တစ်ရက်က နှစ်ပေါင်းတစ်ရာလောက်ကြာတာလို့ ပဲ တွေးမိတယ်။

ဒါပေမယ့် အခုနောက်ပိုင်းကြတော့ အတွေးအမြင်တော်တော် ပြောင်းသွားသဗျ။ အဲဒီ နတ်ပြည်မှာ တစ်ရက် လူ့ပြည်မှာ တစ်သက်ဆိုတဲ့ စကားလုံးက တော်တော်အတွေးအခေါ်ပါတယ်ဗျ။ ဒုက္ခနဲ့ သုခကို ရှင်းရှင်းလင်းလင်း ခွဲပြထားတာ။

အဖြစ်အပျက်တစ်ခု ကြာတယ်မကြာဘူး၊ မြန်တယ် မမြန်ဘူးဆိုတာ လူတစ်ယောက်ချင်းစီရဲ့ စိတ်ထားနဲ့ အများကြီး ဆိုင်တယ်။ ကြာတယ်ဆိုတဲ့ အကြောင်းအရာတစ်ခုက လည်းနာရီလက်တံကြီး နှေးသွားလို့ ကြာတာ မဟုတ်ဘူး။ မြန်တယ်ဆိုတာလည်း နာရီလက်တံကြီး မြန်သွားလို့ မြန်တာ မဟုတ်ဘူး။ ဥပမာဗျာ သွားနာနေတဲ့ သူတစ်ယောက် ဆယ်မိနစ်လောက် နာတာက တစ်နာရီလောက်နာတယ်လို့ ထင်ရတယ်။ ရည်းစားနဲ့ ချိန်းတွေ့နေတဲ့ သူတစ်ယောက် နှစ်နာရီလောက်ကြာရင်တောင်မှ နှစ်မိနစ်ပဲ လို့ထင်ရတယ်။ ထမင်းဆာနေတဲ့ သူတစ်ယောက် ထမင်းအိုးတည်ထားတာကို ထိုင်စောင့်နေရရင် တစ်ကမ္ဘာလောက်ကြာတယ် လို့ထင်ရတယ်။ ရုပ်ရှင်ဇာတ်လမ်းကောင်း ကြည့်နေတဲ့သူလည်း သုံးနာရီလောက်တောင်မှ ဘယ်လိုကုန်သွား မှန်းမသိလိုကြဘူး။

ဆေးရုံတစ်လလောက် တက်နေရတဲ့ သူတစ်ယောက်ကို "ဟာ တစ်လတောင်ရှိပြီလား မြန်တာနော်" လို့ သွားပြောရင် အရိုက်ခံရနိုင်တယ်ဗျ။ ဟန်းနီးမွန်း တစ်ပတ်လောက် ထွက်တဲ့ ကြင်စဦး ဇနီး မောင်နှံကို လည်း "ဟင် မင်းတို့ ဟန်းနီးမွန်းကလည်း ကြာတာကွာ" လို့သွားပြောရင် လူမှု့ရေးတော်တော် ညံ့တဲ့သူ လို့ အထင်ခံရ နိုင်တယ်ဗျ။

ဒီတော့ ကျွန်တော်တို့ရဲ့ ပျော်စရာကောင်းတဲ့ အချိန်တွေဆိုရင် ကုန်တာ မြန်ပြီးတော့ စိတ်ညစ် စရာ အချိန်တွေက ကြာတယ်လို့ ယေဘူယျ ခံစားရတယ်လေ။

ဒါကြောင့်ပေါ့ဗျာ။ နတ်ပြည်မှာ တစ်ရက်က လူ့ပြည်မှာ တစ်သက်ဆိုတာလဲ အဲဒီလိုပဲ။ နတ်ပြည်ဆိုတာက သီအိုရီအရ သုခခံစားတဲ့ နေရာကိုးဗျ။ အဲဒီတော့ အချိန်တွေက မြန်တယ်လို့ထင်ရမှာပဲလေ။

ကျွန်တော်တို့ လူ့ပြည်ဆိုတာက ဒုက္ခက သုခထက် ပိုများတဲ့နေရာလေ။ အဲဒီတော့ ဒီနှစ်ပေါင်းလေးငါး ခြောက်ဆယ် ခုနှစ်ဆယ်လောက်ကို လူတွေက အကြာကြီးပဲလို့ ခံစားရတာပေါ့ဗျာ။ သူ့ဟာသူနေတဲ့ အချိန်က လူတွေရဲ့ ခံစားမှု့ကို လိုက်ပြီး ကြာတယ်မြန်တယ်ဆိုတာ ဖြစ်လာတာပဲဗျ။

ဒီလိုပြောကြကြေးဆိုရင် ငရဲပြည်ရဲ့ တစ်ရက်ဆိုတာလည်း လူ့ပြည်ရဲ့ တစ်မိနစ်လောက်ပဲ ကြာတယ်လို့ ခံစားရမယ် ထင်ပါ့ဗျာ။ ဘာလို့လဲ ဆိုတော့ တစ်မိနစ်လောက် နှိပ်စက်ခံနေရတဲ့သူက အချိန်တွေကြာတယ် လို့ထင်ရမှာပဲလေ။ အဲ စာတွေထဲမှာတော့ မဖတ်ဖူးပါဘူး။ ကိုယ့်ဟာကို လျှောက်တွေးကြည့်တာ။

အဓိကပြောချင်တာကတော့ နတ်ပြည်အကြောင်းငရဲပြည်အကြောင်းမဟုတ်ဘူးနော်။ လူတွေရဲ့ စိတ်ခံစားမှု့က အချိန်အပေါ်ဘယ်လိုသက်ရောက်တယ်ဆိုတာလေး တွေးကြည့်တာပါ။

အဲဒီတော့ မိတ်ဆွေ အကြောင်းအရာတစ်ခု အဖြစ်အပျက်တစ်ခုက မိတ်ဆွေ အတွက် ဒုက္ခလား သုခလား သိချင်ရင်တော့ အဲဒီအဖြစ်အပျက်က မိတ်ဆွေ အတွက် အချိန်တွေတအားကြာသလား မြန်သလား လို့ ဆုံးဖြတ်ကြည့်လိုက်။ ယေဘူယျအားဖြင့်တော့ ဒုက္ခလား သုခလား ဆိုတာခွဲခြားနိုင်လိမ့်မယ်ထင်ပါ့ဗျ။

26 March 2011

မိုးတိမ်ညို

Wednesday, March 16, 2011

လူမုန်းများသော နေ့တစ်နေ့

အလကားနေရင်း လူမုန်းခံရတဲ့ နေ့တစ်နေ့ရှိတယ်ဗျ။ အဲ အလကားနေရင်းတော့ လည်းမဟုတ်ဘူး။ အကြောင်းတော့ရှိတယ်။ ဒါပေမယ့် သူနဲ့ တော့တိုက်ရိုက်မဆိုင်ပါဘူး။ သူနဲ့ ဆန့်ကျင်ဖက် လူချစ်ခံရတဲ့ နေ့လည်း ရှိသေးတယ်ဗျ။ လူမုန်းခံရတဲ့ နေ့ကတော့ တနင်္လာနေ့။ လူချစ်လူခင်များတဲ့ နေ့ကတော့ သောကြာ နေ့ပေါ့။

Happy Friday.
Tomorrow is Holiday...

ဒါတွေကတော့ gmail တို့ facebook တို့ မှာ လူအများ အပတ်စဉ် ရေးလေ့ရေးထရှိတဲ့ စာကြောင်းလေး တွေပေါ့။

သူ့ဟာသူနေတဲ့ တနင်္လာနေ့ ကတော့ လူမုန်းစရာ ဖြစ်ပြီး သောကြာနေ့ကတော့ တော်တော် လူချစ်လူခင်များတဲ့ သဘောဗျ။ ဘာကြောင့် တနင်္လာနေ့ကို လူတွေမုန်းကြသလဲဆိုတော့ ရုံးစတတ်တဲ့ ရက်ဖြစ်နေလို့တဲ့ဗျာ။ သောကြာနေ့ကတော့ နောက်နေ့ ရုံးပိတ်မှာ မို့လို့ ပျော်ကြတာပါတဲ့။ ရုံးတတ်တဲ့ သူ တော်တော်များများရဲ့ မျက်နှာတွေကို သတိထားကြည့်ကြည့်။ တနင်္လာနေ့ နဲ့ သောကြာနေ့ တူကို မတူဘူး။ တနင်္လာနေ့ဆို မှုန်ကုပ်နေတာပဲ။ သောကြာနေ့ဆိုရင်တော့ မြောက်ကြွမြောက်ကြွနဲ့ဗျ။


ဘာလို့ အဲလိုတွေ ဖြစ်ကြတာလည်း လို့ တွေးကြည့်မိပါတယ်။ ကျွန်တော် စဉ်းစားမိတာကို ပြောရရင်တော့ Law of duality ကြောင့်ဗျာ။ ဟဲဟဲ ဘိုလိုမှုတ်တယ်ဆိုပြီး တွန့်မသွားနဲ့ဦး မိတ်ဆွေ။ လူရှိန်အောင် တစ်ခါ တစ်လေလေး ပြောရတာပါဗျာ။ ဒီလိုဗျ။ Law of duality ကို မြန်မာလို ဘာသာပြန်ရင် ဆန့်ကျင့်ဘက် နိယာမ လို့ ပြန်ရမလားပဲ။

ဆန့်ကျင်ဖက် နိယာမက ဘာကို ဆိုလိုတာလဲဆိုတော့ ကျွန်တော်တို့ လောကကြီး တစ်ခုလုံးက ဆန့်ကျင်ဖက် တွေ နဲ့ ဖွဲ့စည်းထားတာ ဆိုပဲ။ ဥပမာ အပူနဲ့ အအေး၊ အလင်းနဲ့ အမှောင်၊ ဒုက္ခ သုခ၊ ချစ်ခြင်း မုန်းခြင်း စသဖြင့်ပေါ့။ အဲဒီမှာ ဘာသွားတွေ့ရလည်း ဆိုတော့ တစ်ခုနဲ့ တစ်ခု မှီခိုနေတာကိုပဲဗျ။ တစ်ခု မရှိရင် နောက်တစ်ခု မရှိနိုင်ဘူး။

ခေါင်းမရှုပ်သွားနဲ့ ဦး မိတ်ဆွေ။ ခရစ်ယာန်ဘာသာ နဲ့ ပြောရရင် မကောင်းဆိုးဝါး (Evil) ဆိုတာ မရှိရင် ဘုရားသခင်(God) ဆိုတာ မရှိနိုင်ဘူး။ ရှိတယ်ထားဦး ဘာမှ အဓိပ္ပာယ်မရှိဘူး။ အပူဆိုတာ မရှိရင် အအေးဆိုတာ ဘာလဲ လို့ မသိနိုင်ဘူး။ အမှောင်ဆိုတာ မရှိရင် အလင်းဆိုတာကို ဘယ်သူမှ မတမ်းတဘူး။ ငရဲ ပြည်ဆိုတာ မရှိရင် နတ်ပြည်ဆိုတာ ဘာအဓိပ္ပာယ်မှ မရှိဘူး။ အဲဒါတွေက ဆန့်ကျင်ဖက်နိယာမတွေပဲဗျ။ တစ်ခုရှိမှ နောက်တစ်ခုက အဓိပ္ပာယ်ရှိတာ။

ကဲ အဲဒါကြောင့်ဗျာ လူတွေ သောကြာနေ့ ဆိုရင် နောက်တစ်ရက် ရုံးပိတ်တော့မှာ မို့လို့ ပျော်ကြတာပါတဲ့။ ဘာကြောင့် လဲ ဆိုတော့ ရုံးမှာ မပျော်တဲ့ ဒုက္ခဆိုတာ ရှိနေလို့ ရုံးပိတ်ရက်ဆိုတဲ့ သုခလေး ကိုတမ်းတကြ တာပေါ့ဗျာ။ တကယ်လို့ ဘာအလုပ်မှ မလုပ်တဲ့ သူတစ်ယောက်ကို Happy Friday လို့ သွားပြောကြည့်ပါလား။ ဘာလဲ ဒီကောင် အူကြောင်ကြောင်နဲ့ လို့တောင် ကိုယ့်ပြန်ပြောသွားဦးမယ်။ သူ့အတွက်က ပိတ်ရက် ဖွင့်ရက်မှ မရှိပဲကိုး။ ကျွန်တော့် အထင်တော့ ဒီလောကကြီးမှာ လုပ်ငန်းခွင်မှာ ပျော်တဲ့ သူအရေအတွက် ထက် မပျော်တဲ့ သူက အရေအတွက်က ပိုများတယ်ထင်တယ်။ ဘာလို့လဲဆိုတော့ လူတော်တော်များများက ၀ါသနာနဲ့ အလုပ် ထပ်တူမကျကြလို့ပဲ။ အဲလို ထပ်တူကျနိုင်တဲ့ သူတော်တော်ရှားတယ်ဗျ။ များသောအားဖြင့်က ထမင်းစားဖို့ အလုပ်လုပ်နေကြရတာဗျ။

အဲဒီတော့ ရုံးများပိတ်ပြီဆိုရင်တော်တော်ပျော်ကြတာဗျ (ဟဲဟဲ ကျွန်တော် အပါအ၀င်ပေါ့ဗျာ)။ အဲဒီတော့ ကျွန်တော်တို့ လည်း ရုံးဖွင့်ရက်ကလေးတွေကို ကြံဖန် ကျေးဇူးတင်လိုက်ကြရအောင်ဗျာ။ ရုံးဖွင့်ရက် သာ မရှိဘူးဆိုရင် ဘယ်ရုံးပိတ်ရက်မှ ဒီလောက် ပျော်စရာ ကောင်းမှ မဟုတ်တော့ဘူးလေ။ ကျွန်တော်တို့ ဘ၀မှာ ပျော်စရာ တစ်ခုလျှော့သွားမှာပေါ့။ ဟုတ်တယ် မဟုတ်လား။ အကောင်းမြင် ၀ါဒပေါ့ဗျာ။

ဒါနဲ့ စကားမစပ်ဗျာ။ မနက်ဖြန်သောကြာနေ့ဗျို့.။

March 2011
မိုးတိမ်ညို

Tuesday, March 15, 2011

လူတွေကခက်တယ်(၂)


လူတွေက ခက်တယ်ဗျာ။ တကယ်ပြောတာ။ အခုတစ်ခါ ခက်တာကပိုဆိုးတယ်။
ကျွန်တော် ဒီနေ့ Bottle Tree ရှိတဲ့နေရာကို မထင်မှတ်ပဲ ရောက်သွားတယ်ဗျ။ အဲဒီမှာ တော်တော်ခက်တာ တစ်ခုသွားတွေ့တယ်ဗျ။ Bottle Tree ရှိတဲ့နေရာက စင်ကာပူမှာ လူတွေ တော်တော်သွားလည်ကြတဲ့ နေရာပါ။
အဲဒီမှာ ရေကန်လေးတွေအများကြီးရှိတယ်ဗျ။ ပုလင်းပုံ သစ်ပင်ကြီးလည်းရှိတယ်။ တခြားစိတ်ဝင်စားစရာကတော့ ငါးမျှားတာဗျ။ ရေကန်တွေတော်တော်များများရှိတယ်။ ကျွန်တော်ရောက်သွားတဲ့ အချိန်ကမိုးရွာနေတော့ လူတွေက အပြင်က ရေကန်တွေမှာ ငါးမမျှားပဲနဲ့ အမိုးရှိတဲ့ ရေကန်သေးသေးလေးမှာ ၀ိုင်းပြီး ငါးမျှားနေလိုက်ကြတာ။

လူတွေဗျာ ရေကန်သေးသေးလေးမှာ ငါးမျှားနေတာကြ။ ကန်ကလည်း တကယ့်သေးသေးလေး။ ငါးတို့ ပုဇွန်တို့ ကိုအဲဒီကန်ထဲမှာ လူတွေမျှားလို့ရအောင် လွတ်ပေးထားတာဗျ။ တစ်နာရီ ၁၄ ဒေါ်လာတဲ့ဗျာ။ ငါးလေးတွေ ပုဇွန်လေးတွေ ချိတ်မှာ ချိတ်ပြီး ယက်ကန်ယက်ကန် ပါပါလာတာ တော့ မမြင်ချင်အဆုံးပါပဲဗျာ။

ပထမဆုံးပြောချင်တာ ငါးမျှားတယ်ဆိုတဲ့ အဓိပ္ပာယ်ကိုဗျ။ တကယ်က ငါးမျှားတယ်ဆိုတာ မမြင်ရတဲ့ ရေထဲက တစ်ခုခုကို ကံစမ်းမဲ နှိုက်သလို ကံစမ်းတဲ့ သဘောဗျ။ ငါးရှည့်ရမလား၊ ငါးခူရမလား၊ ပုဇွန်ရမလား စသဖြင့် ရင်ခုန်စရာရှာရတာ။ အခုဟာက ဒီကန်မှာမျှားရင် ပုဇွန်၊ ဟိုဘက်ကန်က ငါးရံ့ စသဖြင့် အတိအကျကြီး သိနေရတာ။

ပြီးတော့ဗျာ လူတွေရဲ့ စိတ်ဓါတ်။ သူများရဲ့ suffering ကို အပန်းဖြေသဘောနဲ့ လုပ်ကြတာတဲ့။ မိတ်ဆွေ စဉ်းစားကြည့်ပါဗျာ။ မိတ်ဆွေရဲ့ အာခေါင်ကို သံချိတ်နဲ့ ချိတ်ပြီး မမယ်။ ဘယ်လိုခံစားရမလဲ။ ငါးမျှားတာကို အသက်မွေးဝမ်းကြောင်းအတွက် တံငါသည် လုပ်ရတဲ့ သူတွေကိုတော့ မပြောလိုပါဘူးဗျာ။ အခုဟာ အပျော်ငါးမျှား တာတဲ့။ Just for fun တဲ့။ တော်တော်ခက်တဲ့ လူတွေပဲ။

အဲဒီလူတွေရဲ့ နှလုံးသားက ဘယ်လိုရှိတယ်ဆိုတာ ကြည့်လိုက်ချင်စမ်းပါဘိ။ ကျွန်တော်ကတော့ အဲလို အပန်းဖြေမှု့ကို အားမပေးဘူးဗျာ။ အဲလိုကိုယ့်ထက်အားနည်းတဲ့ သတ္တ၀ါလေးတွေရဲ့ suffering ကို ဇိမ်နဲ့ ထိုင်ကြည့်နိုင်တဲ့ သူတွေက ကိုယ့်ပတ်ဝန်းကျင်က လူတွေအတွက် ကောင်းကျိုးပေးနိုင်ပါ့ မလားဆိုတာကို သံသယ ဖြစ်မိပါရဲ့။


March 2011
မိုးတိမ်ညို

လူတွေကခက်တယ်(၁)


Visitors

About Me

  © Blogger template 'Perfection' by Ourblogtemplates.com 2008

Back to TOP