Thursday, December 16, 2010

လူတွေကခက်တယ်

လူတွေကခက်တယ်ဗျာ။ ခက်တယ်ဆိုတာဒီလိုပါ။ နားလည်မှု့မရှိတာ၊ မသိတတ်တာ၊ အတ္တကြီးတာ၊ ကိုယ်ချင်းမစာတတ်တာ အဲဒါတွေကြောင့် ခက်တယ်လို့ပြောတာ။ သူများခက်တာကိုပဲ ပြောတာမဟုတ်ပါဘူး။ ကျွန်တော်ခက်တွေလည်း ပါပါတယ်။ ကျွန်တော်လည်း လူပဲကို။ ကျွန်တော်ခက်တာတွေကိုတော့ ပြီးမှပြောမယ်ဗျာ။ သူများခက်တာတွေ အရင် ပြောပါရစေ။

လူတွေမှာ အခက်ဆုံးတစ်ခုက ကိုယ့်ကိုယ်ကို မမြင်နိုင်တာပဲ။ ဘာတဲ့ သူများမျက်ချေးကိုပဲ မြင်ပြီး ကိုယ့်မျက်ချေးကြတော့ မမြင်ဘူးလို့ ပြောကြတယ်။ တစ်ချို့ကိစ္စတွေမှာ တကယ်မှန်တယ်ဗျ။ ကျွန်တော်တွေ့ဘူးတဲ့ မိန်းမတစ်ယောက်ဆိုရင် ဒီလိုပြောတယ်ဗျာ။ "ဟိုကောင်မများ အားအားယားယား သူများအတင်းချနေလိုက်တာ ကျုပ်တို့ဖြင့် သူများအကြောင်း ယောင်လို့ တောင်မပြောပေါင်" တဲ့။ ကဲဗျာ။ သူပြောတာကြားတော့ ကျွန်တော် ပြုံးပဲ ပြုံးမိပါတော့တယ်။ ဒါကြောင့်ပြောတာ။ လူတွေက ခက်တယ်လို့။

တလောက ဖတ်ဖူးတဲ့ ဘူးရွက်ဟင်းချို ဇာတ်လမ်းလေး လဲအဲလိုပဲ။ အတိုချုံးပဲ ပြောတော့မယ်ဗျာ။ လင်မယား နှစ်ယောက်နဲ့ သမီးလေးတစ်ယောက်ရှိသတဲ့။ ယောက်ကျားက လေဖြတ်နေတော့ စီးပွားရေး အဆင်မပြေကြဘူး ပေါ့ဗျာ။ တစ်ရက်ကြတော့ ဟင်းချက်မလို့ ဟင်းမရှိတော့ မိန်းမက အပျိုပေါက်အရွယ် သမီးလေးကို ဘေးအိမ်မှာ ဘူးညွှန့် သွားခူးခိုင်းတယ်တဲ့။ ဘူးညွှန့် သွားခူးတဲ့ သမီးလေးက အပြန်ကြတော့ ငိုပြီး ပြန်လာတယ်တဲ့ဗျာ။ အမေက မေးတော့ အဲဒီသွားခူးတဲ့ အိမ်ကအဒေါ်ကြီးက ဘူးညွှန့်လာခူးလို့ တင်တင်စီးစီး ပြောလိုက်လို့ ငိုတာလို့ပြောသတဲ့။ အဲဒါနဲ့ အဖေရော အမေရော စိတ်မကောင်းဖြစ်ကြပြီး ဘူးညွှန့် တစ်စီး အတွက်နဲ့ ဒီလိုအပြောခံရတာ နောက်အပြောမခံရအောင် ကြိုးစားမယ် ဆိုပြီး ကြိုးစားကြတာ နောက်တော့ စီးပွားရေး အတန်အသင့် အဆင်ပြေသွားတဲ့ အကြောင်းပါ။

ဒီဇာတ်လမ်းက ယေဘူယျအားဖြင့် ဘာ မက်ဆေ့စ် ပေးချင်တာလည်းဆိုတော့ ဘူးရွက်တစ်ညွှန့်ကြောင့် မခံချင်စိတ်၊ အဲဒီကနေကြိုးစားချင်စိတ်ပေါ်လာပြီး အောင်မြင်တဲ့အကြောင်း အဲလိုပြောချင်တာ လို့ယူဆပါတယ်။ တခြားဖက်ကနေတွေးကြည့်လိုက်ရင် ဒီလိုဗျ။

ဘူးရွက်သွားတောင်းလို့ ပြောဆိုလွတ်လိုက်တဲ့ မိန်းမကြီးက အပြင်လောကမှာ ဆိုရင် ဘယ်လိုနေမလဲ။ တော်ရုံတန်ရုံ စိတ်ထားရှိတဲ့သူတစ်ယောက်ဆိုရင် ဘူးရွက်တစ်ခါလာတောင်းရုံ နဲ့တော့ စိတ်မဆိုးလောက်ပါဘူး။ သူတို့မိသားစုကရော ဘူးရွက်အပြင်ဘာတောင်းဖူးလဲ။ နေ့တိုင်းတောင်းနေသလား။ အဲလိုဆိုရင်တော့ သူသူကိုယ်ကိုယ်စိတ်တိုမှာပဲလေ။ အဲလိုမမြင်ပဲနဲ့ ဘူးရွက်လေးတောင်းတာများ ပြောဆိုလိုကတာလို့ ပဲလူတွေကမြင်ကြတယ်လေ။ ကိုယ့်လိုအပ်ချက်ကိုကြတော့ မမြင်ကြဘူး။ ကဲ မခက်လား။

ပြီးတော့လာပြီ ကျွန်တော့်အကြောင်း။ စင်ကာပူမှာ ကျွန်တော့်အတွက် စိတ်အနှောက်အယှက် ဖြစ်တာ တစ်ခုရှိတယ်ဗျ။ ဘာလဲဆိုတော့ စက်ဘီးတွေ ပလက်ဖောင်းပေါ် တက်စီးတာကိုပဲ။ လမ်းလေးများ အေးအေးဆေးဆေး လျှောက်ရင်ချင် ဘယ်တော့မှ အေးအေး မလျှောက်ရဘူး။ နောက်ကနေ ကလင် ကလင် နဲ့လုပ်လိုက် တိန် ကနဲ တင်ကနဲ တီးလိုက်နဲ့ တော်တော် စိတ်အနှောက်အယှက်ဖြစ်တယ်။ တစ်ခါတစ်လေ နောက်ကနေ ဆောင့်တွန်းပစ်ချင်စိတ်တောင် ပေါက်မိပါရဲ့။

အဲ ဒါက ကျွန်တော်စက်ဘီး မစီးဖူးခင်က အတွေးခင်ဗျ။
ကျွန်တော် တစ်ခါတော့ သူငယ်ချင်း စက်ဘီးယူစီးပြီး တစ်နေရာသွားပြန်တော့ ဟဲဟဲ လမ်းလျှောက်နေတဲ့ သူတွေကို နောက်ကနေ သိမ်းကျုံး တိုက်ပစ်ချင်ပြန်ရောဗျာ။ ဘယ်နှယ့်ဗျာ ရှေ့မှာ ကိုးလိုးကန့်လန့်နဲ့။ ဘယ်ဘက်ရှောင်ရမလို ညာဘက်က ရှောင်ရမလိုနဲ့။ တော်တော် ခက်တဲ့ လူတွေပဲ။

အဲဒီမှာ ကျွန်တော်ဘာသွားတွေ့လည်း ဆိုတော့ ကျွန်တော်တို့ရဲ့ အတ္တကိုပဲဗျ။ လူတိုင်းမှာတော့ အနည်းနဲ့ အများ အတ္တရှိကြတာပဲ။ အတ္တမရှိဖို့ဆိုတာ သာမာန်လူအတွက် မလွယ်ပါဘူး။ အဲဒီအတ္တကို ဘယ်လိုတုံ့ပြန်မလဲ ဆိုတဲ့ အပေါ်မှာစဉ်းစားသင့်ပါတယ်။

ကောင်းတဲ့ အရာအားလုံးကို လူတိုင်းလိုက်လုပ်နိုင်တာ မဟုတ်ဘူးဗျ။ ဥပမာ ငါးပါးသီလ ကိုပဲကြည့်လေ။ ကောင်းတယ်၊ လူတိုင်းသိတယ်။ ဒါပေမယ့် တစ်ကယ် လုံနိုင်တဲ့သူ ဘယ်နှစ်ယောက်ရှိလဲ။ မရှိဘူးဗျ။ လက်ချိုးရေကြည့်လို့ရတယ်။

တစ်ခါတစ်လေကျတော့ လူတစ်ယောက်နဲ့ တစ်ယောက် အဆင်မပြေတာ အဲဒီ အတ္တကြောင့်ပဲလို့ ထင်ပါတယ်။ လူတိုင်းကတော့ ကိုယ်မှန်တယ်လို့ ထင်ကြတာပဲ။ တစ်ချို့ကိစ္စတွေမှာ နှစ်ယောက်လုံးမှန်တယ်ဗျ။ ဥပမာ ခွေးသား အရမ်းကြိုက်တဲ့သူနဲ့ ခွေးအရမ်းချစ်တဲ့ သူအတူတူနေကြရင် တစ်ချိန်ချိန်တော့ ပြသနာ တက်မှာပဲ လို့တွေးကြည့်လို့ရတယ်ဗျ။ ဘယ်သူမှားသလဲ မှန်သလဲကတော့ ဘယ်လိုပြောမလဲ။

လူတွေကခက်နေတာ ရုပ်ရှင်ထဲကလို လူဆိုးနဲ့ ဇာတ်လိုက်ကွင်းကွင်းကွက်ကွက်ကြီး ခွဲကြည့်ချင်ကြတယ်။ အပြင်လောကမှာ အဲဒီအခြေအနေကရှားပါတယ်။ ကျွန်တော်စဉ်းစားမိတာ တစ်ခုရှိတယ်။ ကျွန်တော်နဲ့ အဆင်မပြေဖြစ်ခဲ့တဲ့သူ၊ မတဲ့ခဲ့တဲ့သူတွေအကြောင်း။ သေသေချာချာစဉ်းစားကြည့်ရင် သူတို့လည်း သူတို့ အသိုင်းအ၀ိုင်းမှာတော့ ပုံမှန်လူတွေပဲ။ အဲ တစ်ချို့သူတွေအတွက်တော့ လူကောင်းတွေပဲ။ အဲလိုဆို တော့ကျွန်တော်ကရောလူဆိုးလား။ ကျွန်တော်လည်းလူဆိုးမဟုတ်ဘူး လို့ထင်တာပါပဲ။ အဖြေကတော့ အခြေအနေတစ်ခုခုမှာ ကတောက်ကဆဖြစ်ကြလို့ တစ်ယောက်နဲ့ တစ်ယောက်မတည့်ကြတာပဲလို့။ အဲဒါကို လူဆိုးလူကောင်းခွဲနေလို့ကတော့ ဘယ်တော့မှ အဖြေထွက်မှာ မဟုတ်ဘူးဗျ။

တကယ်ဗျ။ လူတစ်ချို့ကတော်တော်ခက်တယ်။ ကိုယ့်အမှားကိုယ် ဘယ်တော့မှ မမြင်ဘူး။ သူများအမှားပဲ မြင်တတ်တယ်။ အဲဒီအထဲမှာ ကျွန်တော်လည်း ပါချင်ပါမှာပါ။ တကယ်ဖြစ်သင့်တာက လူတစ်ယောက်ယောက်နဲ့ အဆင်မပြေဖြစ်ရင် ငါဘာမှားသွားလည်း အရင်စဉ်းစားသင့်တယ်။ ပြီးမှ အကြောင်းအရင်း သေချာရှာ။ ရုပ်ရှင်ပြသလို တစ်ကွက်ခြင်းရှင်းရှင်းလင်းလင်း ပေါ်လာလိမ့်မယ်။ အဲလို မဟုတ်ပဲ ငါဒီလောက်ကောင်းတာကို ဟိုအကောင်များ ယုတ်မာလိုက်တာလို့ စဉ်းစားရင်တော့ ဘယ်တော့မှ အဖြေထွက်မှာ မဟုတ်ဘူး။

Chicken Soup For the Soul ထဲက ၀တ္ထုတိုလေး တစ်ပုဒ်လိုပဲ။ ဒီလိုဗျ။

တစ်ခါက ခရီးသွားတစ်ဦးက မြို့တစ်မြို့နားရောက်လာတော့ မြို့ အ၀င်ဝမှာ ထိုင်နေတဲ့ ပညာရှိကြီး ချဉ်းကပ်ပြီး ဒီမြို့က လူတွေက စိတ်နေစိတ်ထား ဘယ်လိုရှိကြသလဲလို့ မေးတယ်တဲ့။ အဲဒီတော့ ပညာရှိကြီးက ခရီးသွားကို ခင်ဗျား အရင်ထွက်လာခဲ့တဲ့ မြို့ကလူတွေကရော ဘယ်လိုလဲဗျလို့ ပြန်မေးလိုက်တယ်တဲ့။ အဲဒီတော့ ခရီးသွားက ‘ဟာဗျာ အရင်မြို့ကလူတွေကတော့ ယုတ်မာလိုက်တာဗျာ။ တကယ်ကို စိတ်ပုတ်တဲ့ သူတွေပဲ ကျွန်တော်ဖြင့် အဲဒီမြို့က မြန်မြန်ထွက်လာတာ ကံကောင်းတာပဲ’ လို့ ဖြေသတဲ့။ အဲဒီတော့ ပညာရှိကြီးက ‘ဒီမြို့မှာလည်း ခင်ဗျား အဲလိုလူတွေပဲ တွေ့ရဦးမှာပါပဲ’ လို့ ပြန်ဖြေသတဲ့။

ခဏနေတော့ နောက်ခရီးသွားတစ်ဦးရောက်လာပြီး ပထမခရီးသွားအတိုင်းပဲ မေးပြန်သတဲ့။ ပညာရှိကြီးလည်း ပထမခရီးသွားကို မေးသလိုပြန်မေးတော့ ဒုတိယခရီးသွားက ‘အရင်မြို့က လူတွေကဗျာ တော်တော် ကိုစိတ်ကောင်းရှိကြတာဗျ။ ကူညီတတ်တာလည်းလွန်ရောဗျာ။ စိတ်ထားလည်း ကောင်းလိုက်ကြတာ။ ကျုပ်ဖြင့် အဲဒီမြို့က ထွက်လာရတာ စိတ်တောင် မကောင်းဘူး။ မဖြစ်လို့သာ ထွက်လာခဲ့တာ’ လို့ ဖြေသတဲ့။ အဲဒီတော့ ပညာရှိကြီးက ‘ဒီမြို့မှာလည်း ခင်ဗျား အဲလိုလူတွေပဲ တွေ့ရဦးမှာပါပဲ’ လို့ ပြန်ဖြေလိုက်ပါတယ်တဲ့။

ကဲအဲဒီတော့ဗျာ မိတ်ဆွေလည်း တခြားလူတွေကပဲ တော်တော်ခက်တယ် (ကိုယ်ကတော့ မခက်ဘူး) လို့ ထင်နေရင် အင်း ရှေ့လျှောက်လည်း ခက်တဲ့ သူတွေပဲ တွေ့ရဦးမှာပါပဲ လို့ ပညာရှိကြီးက ပြောမှာ အသေအချာပဲဗျို့။

ဒီဇင်ဘာ ၂၀၁၀။
မိုးတိမ်ညို

Saturday, November 13, 2010

အခွင့်ထူးခံလိုသူများ

‘မင်တို့ နားမလည်ဘူးလားကွ။ တို့က မင်းတို့ လွတ်လပ်ရေးအတွက် အသက်စွန့် ပြီး တိုက်နေရတဲ့ ကောင်တွေ၊ မင်းတို့ဟာ တို့ရဲ့ကျေးဇူးကို သိတတ်ရမယ်။ မအေပေးတွေ၊ ကျေးဇူးမသိတတ်လို့ ခုထိမလာကြတာပဲ။’


သည်ကား အခွင့်ထူးခံလူတန်းစား၏ ရေခံမြေခံ စိတ်ဓါတ်ဖြစ်ပါသည်။

အထက်ပါ ဒိုင်ယာလော့ တစ်စိတ်တစ်ပိုင်းသည် စာရေးဆရာကြီး ဦးသိန်းဖေမြင့်၏ အရှေ့က နေ၀န်းထွက်သည့်ပမာ ၀တ္ထုထဲမှ ဖြစ်ပါသည်။ ဗိုလ်ရန်နိုင်၏ ဘီအိုင်အေတပ်ခွဲမှ ဗိုလ်တစ်ဦးမှ လှေသမားများ ကိုမာန်မဲ နေခြင်းဖြစ်ပါသည်။ သခင်တင်ထွန်း သည်ထိုဟိန်းဟောက်သံကို ကြားလိုက်ရသော အခါ ခေါင်းကြီးသွားသည် ဟုဆိုပါသည်။ အကယ်၍သခင်တင်ထွန်းသာ နောက်နှစ်ပေါင်း သုံးလေးငါးဆယ် လောက်ကို ကြိုမြင်နိုင်ခဲ့မည် ဆိုပါလျှင်…..

'ထီးတွေပိတ်ကြပါ ထီးတွေပိတ်ကြပါ'

၈၈ အရေးအခင်းတွင် ကျွန်တော့်၏ စိတ်သန္တာန်တွင် ထင်ကျန်ရစ်ခဲ့သော အသံများထဲတွင် အထက်ပါအော်သံလည်း ပါဝင်လေသည်။ ထိုစဉ်က ကျွန်တော်၏ အသက်မှာ ၇ နှစ်ခန့် ဖြစ်ပါသည်။၈၈ အရေးအခင်းအတွင်း နေပူထဲတွင် ဆန္ဒပြနေသူများထဲမှ ခေါင်းဆောင် ဖြစ်ဟန်တူသော လူတစ်ယောက်က လမ်းဘေးဝဲယာတွင် အားပေးကြည့်ရှု့နေသူများကို ၄င်းတို့ နေပူထဲတွင် လမ်းလျှောက်နေသကဲ့သို့ အားပေးလျှက်ရှိကြသော မိဘပြည်သူများကိုလည်း ၄င်းတို့ကဲ့သို့ နေပူခံရန် အော်ဟစ်နေသော အသံဖြစ်ပါသည်။ အားပေးကြည့်ရှု့ နေသူများထဲတွင် ကလေးသူငယ်များ သက်ကြီးရွယ်အို အဖိုးအဖွားများ နာမကျန်းဖြစ်နေသူများ ပါကောင်း ပါနိုင်သည်ကို အဆိုပါ ခေါင်းဆောင် သတိမူမိဟန်မတူ။ ထိုသို့ရပ်ကြည့်နေသူများကို ၄င်းတို့ကဲ့သို့ နေပူခံရန် တိုက်တွန်းလိုက်ပါက မည်ကဲ့သို့ အကျိုးကျေးဇူး ရနိုင်သည်ကို ကျွန်တော်မသိပါ။

မည်သို့ပင်ဖြစ်စေကာမူ အထက်ပါ ဥပမာနှစ်ခုထဲမှ ပုဂိုလ်နှစ်ဦးတို့၏ စိတ်သန္တာန်သည် တူညီကြသည် ဟုဆိုလျှင် မှားသည်ဟု ငြင်းရန်တော့ ခက်ခဲလိမ့်မည်ထင်ပါသည်။ ဘာမှမလုပ်ပဲ အခွင့်ထူးခံချင်သော အခွင့်ထူးခံနေရသော လူများထက်တော့ အထက်ပါပုဂ္ဂိုလ်နှစ်ဦးက အပုံကြီးသာသည်ဟုတော့ ဆိုရမည် ဖြစ်ပါသည်။

ကျွန်တော် အလှူပွဲတစ်ခုတွင် ကြုံတွေ့ခဲ့ရသော အတွေ့အကြုံတစ်ခုကို ပြောပါရစေ။ အလှူတစ်ခု လုပ်ကြရာတွင် အလှူပွဲစီစဉ်သူများသည် တူညီဝတ်စုံများ ၀တ်ဆင်ရလေသည်။ လူထုပရိတ်သတ် ကိုထမင်းကျွေးသောအခါတွင် လူထုပရိတ်သတ်သည် ထမင်းဟင်းတို့ကို တန်းစီ၍ ယူရလေသည်။ တွင် ကျွန်တော်တို့ နှင့် ခင်မင်သော အလှူပွဲစီစဉ် သူတစ်ဦးက (တူညီဝတ်စုံ ၀တ်ဆင်ထားသူတစ်ဦး) ကျွန်တော် တို့ကို တန်းမစီစေပဲ အခြားသူများကို ကျော်လွှားကာ ထမင်းဟင်းများကို ယူပေးလေသည်။ ကျွန်တော်တို့လည်း အားရ၀မ်းသာစွာ ထိုသူကို ကျေးဇူးစကား ဆိုကြလေ၏။ ထိုကိစ္စသည် အသေးအဖွဲလေးသာဖြစ်ပါသည်။ သို့သော် ထိုအသေးအဖွဲလေးများသည် လူတို့၏ အခွင့်ထူး ခံလိုသော စိတ်ကို ဖော်ပြခြင်းဖြစ်သည်ဟု ဆိုနိုင်ပါသည်။ ထိုဘာမဟုတ်သော ကိစ္စတွင်ပင်လျှင် အခွင့်ထူးခံလိုပါက တကယ့်မဟာအခွင့်အရေးကြီးများ ဆိုလျှင် အဘယ်သို့ရှိချေမည်နည်း။

အလားတူပင် ကျွန်တော်ကိုယ်တိုင် ကြုံတွေ့ခဲ့ရသော အကြောင်းအရာတစ်ခုမှာ အောက်ပါအတိုင်း ဖြစ်လေသည်။ တစ်ခါသော် ကျွန်တော်သည် အစိုးရရုံးတစ်ရုံးတွင် ကိစ္စတစ်ခုအတွက် အခြားသောသူများနှင့်အတူ စောင့်ဆိုင်းနေရလေသည်။ ထိုအချိန်တွင် မထင်မှတ်ပဲ ထိုရုံးတွင် အရာရှိလုပ်နေသော ကျွန်တော်၏ မိတ်ဆွေတစ်ယောက်နှင့် တွေ့ရာ ကျွန်တော်က ထိုကိစ္စအတွက် စောင့်ဆိုင်းနေရသည်ပါဟု ပြောသဖြင့် ထိုမိတ်ဆွေအရာရှိမှ ကျွန်တော့် အရင်စောင့်ဆိုင်းနေသူများအားကျော်၍ ကျွန်တော့်၏ ကိစ္စကိုဆောင်ရွက်ပေးရာ ကျွန်တော် အလွန်ပျော်ရွင်ပြီး ထိုအရာရှိမိတ်ဆွေကို ကျေးဇူးအထူးတင်ခဲ့ဘူးပါသည်။ ဤသည်မှာလည်း အခွင့်ထူးခံလိုသော စိတ်ဓါတ်တစ်မျိုးပင်ဖြစ်လေသည်။

တစ်ချို့ကပြောကြလေသည်။ ဤကဲ့သို့သောကိစ္စများသည် အခွင့်ထူးခံသည်ဟု မဆိုနိုင်။ ခက်ခဲအောင် လုပ်ထားသော ရုံးကိစ္စများကို မည့်သည့်နည်းနှင့် ကျော်လွှားကျော်လွှား မှန်ကန်သည်။ ငါးကြင်းဆီနှင့် ငါးကြင်းပြန်ကြော်သည်ဟု စောဒကတက်ကြသည်။ သို့ဆိုလျှင် လာဘ်စားသော အရာရှိများသည် သူတို့လည်း လခမလုံလောက်သောစနစ်ကြောင့် လာဘ်စားရပါသည် ငါးကြင်းဆီနှင့် ငါးကြင်းပြန်ကြော်သည်ဟု ဆင်ခြေပေး ကြလိမ့်မည်။ လူမကောင်းသောကြောင့် စနစ်ပျက်စီးသလား စနစ်မကောင်းသောကြောင့် လူပျက်စီးသလား ဆိုသည့်ကိစ္စမှာ ကြက်နှင့် ကြက်ဥ ဘယ်အရာက စဖြစ်သနည်းဆိုသကဲ့သို့ ပြောရန်ခက်လှပါသည်။

တစ်ချို့ကိစ္စများသည် အလွန်ပင်ဖြေရှင်းရန်ခက်လေသည်။ ဥပမာ သင်၏ချစ်လှစွာသော သူတစ်ယောက်သည် ယဉ်မတော်တဆဖြစ်မှု့ကြောင့် တရားရင်ဆိုင်နေရသည်ဆိုပါစို့။ အကယ်၍ တစ်စုံတစ်ယောက်ကများ သင့်ကို ငွေကြေးမည်မျှပေးပါက ထိုအမှု့ကိစ္စကို ကွင်းလုံးကျွတ်လွတ်အောင်ဆောင်ရွက် ပေးမည်ဆိုပါလျှင် သင်သည်ထို လာဘ်ပေးလာဘ်ယူမှု့တွင်ပါဝင်မည်လား။ သို့တည်းမဟုတ် လာဘ်ပေးလာဘ်ယူ အားမပေးဟု ခံယူကာ သင့်အချစ်ဆုံးသူတစ်ယောက်ကို ကြောက်စရာကောင်းလှသော ထောင်နန်းစံခိုင်းရက်မည်လား။ ဘယ်လိုပဲဖြစ်ဖြစ် ထိုလာဘ်ပေးလာဘ်ယူမှု့တွင် သင်ပါဝင်လိုက်ပါက သင်လည်း ငွေကြေးတတ်နိုင်၍ အခွင့်ထူးရသော လူတန်းစားထဲ တွင် တစ်စိတ်တစ်ပိုင်းပါဝင်သွားမည်ဖြစ်ပါသည်။

ကျွန်တော်ဖတ်ရှု့မိသလောက်တော့ တိုးတက်နေသော နိုင်ငံခြားတိုင်းပြည်များတွင်လည်း ထိုကဲ့သို့သော အခွင့်ထူးခံလိုသော အခွင့်ထူးခံနေရသော ရေပေါ်ဆီ လူတန်းစားများရှိကြပါသည်။ သို့သော်လည်း ထိုနိုင်ငံများသည် ထိုလူများ၏ လွှမ်းမိုးမှု့များကို အနည်းနှင့်အများဆိုသလို ရှောင်ကွင်းကာ တိုးတက်သော နိုင်ငံ အဆင့်သို့ တက်လှမ်းသွားနိုင်ကြလေသည်။ ကျွန်တော်တို့၏ နိုင်ငံသည်ကား ထိုအခြေအနေများကို မကျော်လွှားနိုင်ပဲ နိမ့်ကျသော နိုင်ငံအဖြစ်သို့ လျှောဆင်းသွားလေသည်။ ကျော်လွှားနိုင်သော နိုင်ငံအသီးသီးတို့တွင် မည်သို့ ကျော်လွှားနိုင်သည်ဟူသော အချက်များသည်ကား တစ်နိုင်ငံနှင့်တစ်နိုင်ငံ တူညီကြမည်မဟုတ်ပါချေ။

အခွင့်ထူးခံကို အင်္ဂလိပ်လို Elite ဟုခေါ်နိုင်ပါသည်။ Elite အမျိုးမျိုးရှိသည်ဟု ဆိုကြသည်။ ပညာတတ် အခွင့်ထူးခံများ၊ ပိုင်ဆိုင်မှု့ အခွင့်ထူးခံများ၊ နိုင်ငံရေးအခွင့်ထူးခံများ စသဖြင့် အခွင့်ထူးခံ အများအပြား ရှိကြသည်။ ယေဘူယျအားဖြင့် လူအားလုံးတူညီစွာအခွင့်အရေးရရန်မှာ မဖြစ်နိုင်ပါ။ မမျှတဟုလည်း ဆိုနိုင်ပါသည်။ ဥပမာ ဆိပ်ကမ်းအလုပ်သမားများထဲတွင် တစ်ရက်လျှင် ဆန်အိတ် ၅၀ သယ်နိုင်သော ဗလကြီးနှင့် တစ်ရက်လျှင် ဆန်အိတ် ၁၀ အိတ်သာသယ်နိုင်သော ဂျပိန်လေးနှင့် လုပ်ခအတူတူသာ ရမည် ဆိုပါက တရားမည်လော။ ထိုနည်းတူ ပညာရပ်တစ်ခုပို ပင်ပန်းကြီးစွာ သင်ယူထားသော ပညာရှင်တစ်ယောက် သည်လည်း သာမာန်လူထက်တော့ အခွင့်အရေးပိုရသင့်ပါသည်။ ယခုအခွင့်ထူးခံနှင့် ပက်သက်ပြီးခက်နေသည် မှာမတရား အခွင့်ထူးခံလိုသူများကြောင့်ဖြစ်ပါသည်။ ဥပမာ မောင်ကကြီးနှင့် မောင်ခခွေးသည် စာတော်ကြသည်။ သို့သော် မောင်ကကြီးသည် သူဌေးကြီး၏ သားဖြစ်သောကြောင့် ပညာသင်ခွင့် ရပြီး မောင်ခခွေးသည် ဆင်းရဲသောကြောင့် ပညာသင်ခွင့်မရပါ ဟုဆိုလျှင် ထိုလူ့အဖွဲ့အစည်းသည် တိုးတက်ရန် ခက်ခဲပါလိမ့်မည်။

ထို့အတွက်ကြောင့် ငါဒါလုပ်ခဲ့သောကြောင့် ဒါရသင့်သည်ဟူသောကိစ္စကို ဆုံးဖြတ်ရာတွေ တရား၏ မတရား၏ မျှတ၏ မမျှတ၏ အရင်စဉ်းစားရန်လိုသည်ဟု ဆိုချင်ပါသည်။ အဲ ဘာမှမလုပ်ခဲ့ပဲ တစ်စုံတစ်ခု၏ အရှိန်အ၀ါဖြင့် အခွင့်ထူး ရနေသူများ/ရလိုသူများကိုမူ ထည့်စဉ်းစားရန်ပင် လိုအပ်မည်မထင်ပေ။ တစ်ခုသေချာသည်ကတော့ လူတစ်ဦးတစ်ယောက်ချင်းစီ၏ မတရား အခွင့်ထူးခံလိုသော စိတ်ဓါတ်ကို လျှော့နည်း အောင်မလုပ်နိုင်လျှင် ထိုနိုင်ငံ/ထိုလူမျိုးသည် တိုးတက်မှု့ (သို့) ငြိမ်းချမ်းမှု့နှင့် ဝေးကွာနေဦးမည် ဖြစ်ပါသည်။

နိုင်ဝင်ဘာ ၂၀၁၀
မိုးတိမ်ညို

Saturday, November 6, 2010

ထားဝယ် ရေနက်ဆိပ်ကမ်း

ထားဝယ်ဖက်မှ ထိုင်း-အီတလီ ကုမ္မနီတစ်ခုက ရေနက်ဆိပ်ကမ်း ဆောက်မယ်လို့ ဖတ်လိုက်ရပါတယ်။ အဲဒီ ဆိပ်ကမ်းက ထိုင်းမှာရှိတဲ့ အကြီးဆုံးဆိပ်ကမ်းထက် ဆယ်ဆကြီးတယ်လို့ သတင်းတစ်ပုဒ်မှာ ဖော်ပြထားတယ်ဗျ။ စက်မှု့ဇုံတွေရော လမ်းတွေရော ပါဦးမယ်လို့လည်း သိရပါတယ်။ ကျွန်တော် အနေနဲ့တော့ အဲဒီကိစ္စကို တော်တော်ဝမ်းသာမိပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဒေသတွင်းတိုးတက်နိုင်တဲ့ အခွင့်အလမ်းတစ်ခုလို့ မြင်ပါတယ်။ အဲဒီဘက်ကလူတွေရော နိုင်ငံအတွင်းကလူတွေရော အလုပ်အကိုင် စီးပွားရေး အခွင့်အလမ်းတွေ အများကြီးပေါ်လာနိုင်တယ်ဗျ။ နိုင်ငံတကာနဲ့ လည်းအဆက်အသွယ်ပိုများလာ တာပေါ့ဗျာ။ သဘောင်္တွေလည်း မလက်ကာ ရေလက်ကြားကို ဖြတ်စရာမလိုတော့ပဲနဲ့ အရှေ့ဖက်နိုင်ငံတွေကို ကုန်စည်ပို့လို့ရလာတာပေါ့။ ဒါက ကျွန်တော်သိတဲ့ အချက်တွေ။

ကျွန်တော်မသိတဲ့ အချက်တွေလည်း ရှိသေးတယ်ဗျ။ Google Earth မှာကြည့်လိုက်တော့ ထားဝယ်ကော့သောင်း အောက်ဖက်နည်းနည်းဆက်ဆင်း လိုက်ရင် ထိုင်းနိုင်ငံ ပိုင်တဲ့ နယ်မြေတွေ အများကြီး ရှိတယ်ဗျ။

မြန်မာဘာသာ သတင်းတစ်ပုဒ်မှာ ဖတ်လိုက်ရသေးတယ်ဗျ။ ဒီလိုလာဆောက်တဲ့ အတွက် ဒေသခံတွေမှာ ဆုံးရှုံးမှု့တွေ ဖြစ်ပေါ်နိုင်တဲ့ အကြောင်း၊ ရွာတွေဖယ်ရမယ့် အကြောင်းရေးထားတာဗျ။ ဟုတ်ပါတယ်။ အစိုးရ အာဏာပိုင်တွေက စနစ်တကျ မလုပ်ဘူး ဆိုရင်တော့ အနည်းနဲ့ အများဆုံးရှုံးမှု့တော့ ရှိမှာပါပဲ။ ဒါပေမယ့် နောက်ပေါ်လာမယ့် အလုပ်အကိုင်အခွင့်အလမ်းတွေ တခြားစီးပွားရေးအခွင့် အလမ်းတွေက ပိုများမယ်လို့ ထင်တာပါပဲ။ အဲဒီ သတင်းရေးသူရဲ့ ရည်ရွယ်ချက်ကို ဥာဏ်မမှီပါဘူးဗျာ။ ကနောင်မင်းသား ရေမြုတ်ဗုံး စမ်းသတ်တော့ ငါးတွေသေတယ်ဆိုပြီး တားသလိုများ ဖြစ်နေလားမသိဘူး။

ကျွန်တော်သိချင်တာက ဘာဖြစ်လို့ ထိုင်းက မြန်မာနိုင်ငံဘက်မှာ အကြီးဆုံးဆိပ်ကမ်းတစ်ခုကို လာဆောက်တာလဲလို့။ မြန်မာနိုင်ငံက ဆောက်ဖို့ ကမ်းလှမ်းတာလား။ ထိုင်းတောင်ပိုင်းကမ်းခြေက မြေ၊ရေ အနေအထားအရ ရေနက်ဆိပ်ကမ်း ဆောက်လို့မရလို့လား။ ထိုင်းတောင်ပိုင်းက မလုံခြုံလို့လား။ တခြားအကြောင်း တစ်ခုခုရှိလို့လား။ အဲဒါနဲ့ ပတ်သက်မယ့် ဆောင်းပါးတွေရှာကြည့် ပေမယ့် အခုအထိတော့ မတွေ့သေးဘူး။ တစ်ယောက်ယောက်သိလို့ ပြောပြပေးရင်ကောင်းမှာပဲဗျ။

သေချာတော့ မသိဘူး။ ဒါပေမယ့် ဟိုကြော်ငြာလိုပေါ့ဗျာ။ အကြံအစည်တစ်ခုခုတော့ ရှိရမယ်။

ဖတ်လိုက်ရတဲ့ ဆောင်းပါးလေးကတော့ အောက်ကလင့်မှာပါ။

http://www.businessweek.com/news/2010-11-03/italian-thai-signs-8-6-billion-myanmar-port-contract.html


နိုဝင်ဘာ ၂၀၁၀
မိုးတိမ်ညို

Tuesday, November 2, 2010

ခေတ်သစ် သင်ရိုးညွှန်းတမ်း

တစ်နေ့က ဂျာမနီနိုင်ငံ အကြောင်းပါတဲ့ စာအုပ်တစ်အုပ် ဖတ်မိတော့ ဒုတိယ ကမ္ဘာစစ်မတိုင်မှီက ဂျာမနီ အမျိုးသား ရေးစိတ်ဓါတ် အပြင်းထန်ဆုံးအချိန်မှာ ပထမ ကမ္ဘာစစ်က သူတို့ကို ဖိနှိပ်ထားတဲ့ သူတွေကို အံတုဖို့ ပြင်ဆင်နေတဲ့ အကြောင်းပါလာတယ်ဗျ။ ကလေးတွေကို ငယ်ငယ်ကတည်းက စိတ်ဓါတ်တွေ ရိုက်သွင်းပေးခဲ့တယ်တဲ့။ ဘယ်လိုလဲ ဆိုတော့ မူလတန်းမှာ သချာင်္တွေမှာ ဒီလိုသင်တယ်တဲ့။ လေယာဉ်တစ်စီးသည် ၁ မိနစ်တွင် ဗုံးအလုံးရေ ၂၀ ဖြုတ်ချနိုင်ပါက ၅ မိနစ်တွင် ဗုံးအလုံးရေ မည်မျှ ဖြုတ်ချနိုင်မည်နည်း။ ရန်သူစစ်သား ၄၈၇၉၀ ရှိသည်တွင် ဂျာမာန်စစ်သားတို့ ပစ်သဖြင့် ရန်သူ ၃၉၂၈ သေပြီး ၂၃၂၃ ထွက်ပြေးလျှင် ရန်သူမည်မျှ ကျန်မည်နည်း။ စသဖြင့် သင်ကြတယ်တဲ့။

ပြီးတော့ အရင်က ဖတ်ဖူးတဲ့ ပါလစ္စတိုင်းနဲ့ ပတ်သက်တဲ့ ၀တ္ထုတစ်ပုဒ်ထဲမှာလဲ အဲလိုပဲ။ သူတို့က ဂျူးတွေကို တအားမုန်းတာဆိုတော့ ဒီလို သင်တယ်တဲ့။ ဘစ်ကား တစ်စီးတွင် ဂျူးအလောင်းကောင် ၂၀ တင်နိုင်လျှင် ဘစ်ကား ၁၀ စီးတွင် မည်မျှတင်နိုင်မည်နည်း။ တစ်ရက်လျှင် ဂျူးဆ ၁၅ ယောက်သတ်နိုင်ပါက ရက်ပေါင်း ၂၀ တွင် ဂျူးမည်မျှ သတ်နိုင်မည်နည်းတို့ သင်ကြတယ်တယ်တဲ့။ တော်တော်တော့ ကြောက်စရာ ကောင်းတယ် စိတ်ဓါတ် ရိုက်သွင်းမှု့ တွေပါ။

သူတို့တွေ အဲလိုငယ်ငယ်ကတည်းက စိတ်ဓါတ် ရိုက်သွင်းလိုက်တော့ ကြီးရင် သူတို့ ဖြစ်စေချင်တဲ့ အတိုင်း အများစုသော ကလေးတွေက ဖြစ်လာကြတယ် ဆိုပဲ။ အဲဒီအကြောင်းတွေ ဖတ်လိုက်ရတော့ ကျွန်တော်လည်း ကျွန်တော်တို့ နိုင်ငံမှာ လည်းအဲလိုလုပ်လို့ ဖြစ်နိုင်တယ်လို့ စဉ်းစားမိတယ်ဗျာ။ အနာဂတ်အတွက် အခုကတည်းက ကြိုတင်ပြင်ဆင်ရတာပေါ့ဗျာ။ ဟုတ်ဘူးလား။ စဉ်းစားလို့ရသလောက် ဥပမာ လေးတွေ ရေးပေးလိုက်ပါတယ်။

၁) အင်ဂျင်နီယာတစ်ယောက်သည် တံတားဆောက်သည့် ပိုက်ဆံ၏ ၃၀ ရာခိုင်နုန်းကို ယူထားပါက တံတား ဆောက်ခ ကျပ်သိန်း တစ်သောင်းရပါက သူ့တွင် ပိုက်ဆံမည်မျှ ဘုံးနိုင်မည်နည်း။
၂) ဆီဆိုင်မန်နေဂျာတစ်ဦးသည် တစ်ရက်လျှင် ဓါတ်ဆီ ဂါလံ ၁၀၀ ခိုးရောင်းပါက ရက်သုံးဆယ်တွင် မည်မျှ ခိုးနိုင်မည်နည်း။
၃) အကောက်ခွန်ဌာနသည် နိုင်ငံခြားမှ ပြန်လာသူများ ထံမှ တစ်ယောက် ၁၀ ဒေါ်လာရလျှင် လူ ၁၅၀ ပြန်လာပါက မည်မျှရမည်နည်း။
၎) သံရုံးဝန်ထမ်း တစ်ဦးသည် ပစ်ပို့ တစ်အုပ် သက်တမ်းတိုးခ ဒေါ်လာ ၂၀ ရလျှင် လူ ၅၀ တိုးပါက မည်မျှ ရမည် နည်း။
၅) အခွန်ဆောင်ရန်အတွက် လူတစ်ယောက်သည် သံရုံးတွင် ၂၄ နာရီခန့် စောင့်ရပါက လူ၂၀ သည် နာရီမည် မျှ ဆုံးရှုံးသွားမည်နည်း။
၆) မောင်မောင် သည် အထက်အရာရှိတစ်ဦးကို ကျပ် နှစ်သိန်းကန်တော့ရပါက ဆယ်ဦးဆိုလျှင် မည်မျှ ကန့် တော့ရမည်နည်း။
၇) ဆည်တစ်ခုမှာ ရေကုဗတန် တစ်ထောင်ဖွင့်ချ၍ ရွာတစ်ရွာ ရေမြုတ်လျှင် ရေကုဗတန် တစ်သိန်းဖွင့် ချပါက ရွာဘယ်နှစ်ရွာ ရေမြုတ်မည်နည်း။
၈) တစ်နှစ်တွင် ဈေး ၅ ခုမီးလောင်ပါက နှစ်ပေါင်း ၅၀ တွင် ဈေးပေါင်း မည်မျှ မီးလောင်မည်နည်း။
၉) တစ်နှစှ်လျှင် မြန်မာနိုင်ငံမှာ ပညာရှင် ၁၀၀၀၀ နိုင်ငံခြားထွက်ပါက နှစ်ပေါင်း ၂၀ ကြာသော အခါ မြန်မာနိုင်ငံတွင် ပညာရှင် မည်မျှ ကျန်မည်နည်း။

စသဖြင့် စသဖြင့်။ သို့ဆိုလျှင်တော့ ကျွန်တော်တို့ နိုင်ငံ အနာဂတ်ကို စိတ်အေးသွားပါပြီ။

နိုင်ဝင်ဘာ ၂၀၁၀။
မိုးတိမ်ညို

Sunday, October 31, 2010

မည်သို့ပင် ဖြစ်စေကာမူ

အဲဒီနေ့ကတော့ ကျွန်တော် တော်တော်လန်းနေတယ်ဗျ။ အဲ လန်းတယ်ဆိုတာ ဗန်းစကားနဲ့ စတိုင်ကျနေတယ်လို့ ဆိုလိုတာနော်။ အဟဲ။ ကိုယ့်ကိုကိုယ် ဖော်တာတော့ မဟုတ်ပါဘူးဗျာ။ ရှပ်အင်္ကျီ ကလည်း အကောင်းစား၊ ဘောင်းဘီကလည်း နာမည်ကြီး တံဆိပ်၊ ဖိနပ်ကလည်း ပြောင်နေအောင်တိုက်ထားတဲ့ ခွာမြင့်ဖိနပ်။ တကယ်ပါ တော်တော်ကို သန့်နေတာ။ ကိုယ့်ကိုကိုယ် အားရနေတာ မှန်ရှေ့မှာ တောင် အတော်အချိန်ကုန်သွားတယ်။ ရုံးသွားဖို့ အခန်းပြင်ထွက်လာတော့ အိမ်မှာ အတူနေတဲ့ အစ်ကိုကြီးကတောင် အောင်မာ မင်းသန့်လှချေလား ဒီနေ့တဲ့။ ကျွန်တော်ကလည်း ဒါသာမာန်ပါပဲ ဆိုတဲ့ ပုံမျိုးနဲ့ ဒီလိုပါပဲဗျာဆို ပြီး ထွက်လာခဲ့တယ်။ အိမ်တံခါးပိတ် နေတုံး အံ့သြတဲ့ အကြည့်နဲ့ ကြည့်နေတဲ့ အဲဒီ အစ်ကိုကြီး ပုံတောင်မျက်စိထဲက မထွက်ဘူး။

MRT ရောက်တော့ ပုံမှန် သတင်းစာ ဝေနေတဲ့ သူကလည်း (ကျွန်တော်နဲ့ မျက်မှန်းတန်းပြီး ခင်နေတဲ့သူ) ထူးထူးခြားခြား ယူအာဆိုးစမတ်တဲ့။ လူတောင် မြောက်ကြွကြွ ဖြစ်သွားတယ်။ ရုံးနားက ကော်ဖီဆိုင်မှာ ကော်ဖီသောက်တော့ လည်း ပုံမှန် စကားသိပ်မပြောတဲ့ ဆိုင်ကလူကလည်း ၀ှပ်ကမ်အိုက်ဆပ်ယူဆာ တဲ့။ အဲဒီ Sir ဆိုတာလေးက နားထဲမှာ ချိုသွားတာပဲ။ အင်း အဲဒီတော့မှ တွေးမိတယ် တောင်းမှာ အကွပ်လူမှာ အ၀တ်ဆိုတာ တယ်မှန်ပါလားလို့။ ဒီလိုစမတ်ကျကျဝတ်တော့ လူလည်း အဆင့်မြင့်သွားတာ နေမှာပေါ့ဗျာ။

ရုံးရောက်ပြီး ဟိုလုပ်ဒီလုပ်လုပ် ပြီးတော့ စီးကရက်တစ်လိပ်လောက် သောက်မလို့ အပြင်ထွက်လာခဲ့ပါတယ်။ ဆေးလိပ်သောက်နေကျ ၀ရန်တာမှာ ဘေးရုံးက သူတစ်ယောက်နဲ့ တွေ့တယ်ဗျ။ ကျွန်တော်သိသလောက် တော့ သူက အဲဒီရုံးမှာ ရာထူးကြီးကြီးဗျ။ မန်နေဂျာ အဆင့်တော့ အနိမ့်ဆုံးပဲ။ အရင်နေ့ကလည်း တွေ့တယ်။ ဒီနေ့မှ ထူးထူးခြားခြား နုတ်ဆက်နေတယ်ဗျာ။ နုတ်ဆက်ရမှာပေါ့ဗျာ။ ကျွန်တော့် စတိုင်က အရမ်းသန့်နေတာကိုး။ ဟုတ်ဘူးလား။ သူက အလာပသလာပ တွေလည်း အတော်ပြောတယ်။ နာမည်မေး၊ မင်းက မြန်မာ လားလို့မေး အခုဘာလုပ်နေတာ လည်း ဒီမှာရောက်တာ ကြာပြီလား အစုံပေါ့ဗျာ။ ရုံးထဲပြန်ဝင်ခါနီးတော့မှ သူက ဖုန်းနံပါတ် ပေးပါလားလို့ ပြောတယ်။ ကျွန်တော်လည်း ရပါတယ် ဆိုပြီး ပေးလိုက်တယ်။ သူကဆက်ပြော လိုက်တဲ့ စကားကို ကြားမှ ကျွန်တော်နတ်ပြည်ကနေ ပြာပုံထဲကို အရှင်လတ်လတ် ခုန်ချလိုက်တဲ့ နတ်သားလေး ဖြစ်သွားပါတော့တယ်။

ငါ့အိမ်မှာ ငှားထား မြန်မာအိမ်ဖော်ကွ စကားပြောရတာ ခက်လို့ တစ်ခါတစ်လေ ဖုန်းဆက်ပြီး ဘာသာ ပြန်ပေးပါလားတဲ့ ဗျ။

**********************************************

ကဲမိတ်ဆွေ အဲဒီနေရာမှာ မိတ်ဆွေဆိုရင်လည်း အီလည်လည်ကြီး ဖြစ်သွားမှာပဲနော်။ ကျွန်တော် ဆိုလိုချင်တာ အိမ်ဖော်လုပ်နေတာ တခြားနိမ့်ကျတဲ့ အလုပ်လုပ်နေတာတွေကို နှိမ့်ချပြောနေတာ မဟုတ်ပါဘူး။ ဆိုလိုချင်တာက လူတစ်ယောက်က ကိုယ့်ဟာကိုယ် ဘယ်လောက် အဆင့်မြင့်အောင်နေနေ ဘယ်လောက်ငွေရှိအောင်ရှာရှာ၊ ဘယ်လောက် ပညာတတ်တတ် သူ့ရဲ့ မိသားစု၊ လူမျိုး၊ နိုင်ငံက နိမ့်ကျနေရင် အဲဒီလူ ဘယ်လိုမှအမြဲတမ်း လက်မထောင်မနေနိုင်ဘူး။ တလောက ဖိုလစ်ပိုင် နိုင်ငံရဲ့ အဖြစ်အပျက်ကို ကြားဖူးကြမှာပါ။ နိုင်ငံခြားသတင်းစာ ဆရာတစ်ယောက်က သူ့တို့နိုင်ငံကို Country of Servant လို့ရေးလိုက် လို့ သူတို့တွေ ဆတ်ဆတ်ခါနာကြတာပါ။ အဲဒါ ဘာလို့လဲဆိုတော့ သူတို့နိုင်ငံက သူများနိုင်ငံတွေမှာ အိမ်ဖော် သွားလုပ်တဲ့သူ အရမ်းများလို့ပါပဲ။ အဲလို အပြောခံရတော့ ဘယ်လိုပဲ ဖြစ်ဖြစ် ဖိလစ်ပိုင် သမ္မတလည်း စော်ကားခံ ရတာပဲ၊ ဆရာဝန်၊ အင်ဂျင်နီယာ၊ ပါမောက္ခကြီး အားလုံးပဲ သိမ်းကြုံး စော်ကားခံရတာပါပဲ။ ကိုယ်တစ်ယောက်ထဲပဲ တိုးတက်အောင် လုပ်နေလို့မရဘူး။ ကိုယ့်ရဲ့ လူမျိုးနဲ့ နိုင်ငံကိုလည်း တတ်နိုင်သလောက် ပြန်ကြည့်ရမယ်ဗျ။ ရှောင်ထွက်ပြေးလို့မရဘူး။ ငါကနိုင်ငံခြားရောက်နေပြီ မြန်မာနိုင်ငံအတွင်း ဘယ်လောက် ဆင်းရဲဆင်းရဲ ဘာဖြစ်ဖြစ် ငါနဲ့ မဆိုင်ဘူးလို့ မတွက်ပါနဲ့။ တစ်ချိန်ချိန်မှာ တနည်းနည်းနဲ့ ကိုယ့်ကို ပြန်ပြီး အကျိုးသက်ရောက်ပါလိမ့်မယ်။

ကျွန်တော် အပေါ်မှာပြောခဲ့တဲ့ အကြောင်းအရာလိုပါပဲ။ ကိုယ့်ဟာကိုယ် ဘယ်လောက် ကော့ကြော့နေအောင် နေနေ ဆင်းရဲတဲ့ နိုင်ငံက၊ ပြသနာ တက်နေတဲ့နိုင်ငံက ဆိုတဲ့ အမြင်မျိုးက သူများအမြင်မှာ (လူအများစု) မပျောက်ပါဘူး။ ကျွန်တော်ငယ်ငယ်က အတန်းထဲမှာ စာအရမ်းကိုတော်ပြီး အရမ်းလိမ္မာတဲ့ ကလေးတစ်ယောက် တွေ့ဖူးတယ်။ သူ့မှာကံဆိုးတာက သူ့အဖေက နေ့နေ့ညည မူးနေတဲ့ အရက်သမားဖြစ်နေတာပါပဲ။ အဲဒီတော့ ဆရာ ဆရာမတွေ တခြားကလေး မိဘတွေ သူနဲ့ တွေ့ရင် သူစာတော်ကြောင်း လိမ္မာကြောင်းတော့ ချီးကျူး ကြပါတယ်။ ပြီးတာနဲ့ မင်းအဖေကြီးရော အရင်လိုမူးနေတုံးပဲလားတဲ့။ အဲလိုအမေးခံရတဲ့ အဲဒီကလေး မျက်နှာလေး ပျက်ပျက်သွားပါတယ်။ ကျွန်တော်တို့ အခြေအနေလည်းအခု အဲလိုပါပဲ။

ကျွန်တော့်အမြင်ကတော့ လူကောင်းတစ်ယောက် အနေနဲ့

ပထမဆုံး ကိုယ့်ကိုယ်ကို တိုးတက်အောင်လုပ်ရမယ်
ပြီးရင် ကိုယ့်မိသားစု
ပြီးရင်ကိုယ့် ဆွေမျိုး မိတ်ဆွေ ပတ်ဝန်းကျင်ရှိလူများ
ပြီးရင်ကိုယ့်လူမျိုး နိုင်ငံ
ပြီးမှ လူသားအားလုံး

အဆင့်ကျော်ရင် သိပ်အဆင်မပြေသလို ကိုယ်တစ်ယောက်ထဲပဲ ထန်းပင်ကြီးလို ထောင်တက်နေမယ် ဆိုရင်လည်း အဆင်မပြေပါဘူး။ ဥပမာဗျာ မိတ်ဆွေရဲ့ အိမ်မှာ အဆင်မပြေဘူးဆိုရင် ပတ်ဝန်းကျင်ကို မိတ်ဆွေ ဘယ်လိုမှ မကူညီနိုင်ဘူး။ အခု သူတပါးနိုင်ငံတွေရဲ့ အခက်အခဲတွေကို လိုက်ကူနေတဲ့ လူမှု့ရေး အဖွဲ့အစည်း တွေကို ကြည့်ပါ။ အများစုက ချမ်းသာနေတဲ့ ငြိမ်းချမ်းနေတဲ့ နိုင်ငံတွေကပါပဲ။ ကိုယ့်နိုင်ငံမှာ စစ်ဖြစ်နေတုံး လူမှု့ရေး အဖွဲ့ ဖွဲ့ပြီး ဒုက္ခရောက်နေတဲ့ အာဖရိကက နိုင်ငံတွေကို သွားကူနိုင်မလား။ ဘယ်ကူနိုင်လိမ့်မတုံး။ အဲဒီတော့ ပထမဆုံး ကိုယ့်မိသားစု၊ ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်နိုင်ငံ အတွင်းမှာ အဆင်ပြေအောင် အရင်လုပ်ရမှာပါ။

အဲလိုပြောလို့ ဒေသစွဲ၊ နိုင်ငံစွဲ၊ လူမျိုးစွဲ ပြင်းထန်တယ်လို့ ဆိုချင်ဆိုပါ။ လူမျိုးရေး ခွဲခြားမှု့များတဲ့ အတွေးအခေါ်တွေလို့ မိတ်ဆွေ စွပ်စွဲမလား။ တကယ်တော့ လူမျိုးရေး ခွဲခြားတယ်ဆိုတာ ပိုတိုးတက်တဲ့၊ ပိုအင်အားကြီးနဲ့၊ ပိုချမ်းသာတဲ့ နိုင်ငံတွေက ပိုလုပ်ကြတာပါ။ လူသားအားလုံး အတူတူပဲဆိုတာက စကားလုံးထဲ မှာသာရှိပြီး ပိုပြီး civilized ဖြစ်တယ်ဆိုတဲ့ လူတွေက လက်မခံကြပါဘူး။ အဲဒီတော့ ဒီလို ကမ္ဘာကြီးမှာ ရှင်သန်နေထိုင် ဖို့ဆိုရင် ကျွန်တော်တို့ အနေနဲ့ ကိုယ့်နိုင်ငံကိုယ့်လူမျိုးကို ကာကွယ်ရမှာပါ။

ပြောချင်တာက ကျွန်တော်တို့ရဲ့ နိုင်ငံအတွက် ကူညီနိုင်သလောက် ကူညီဖို့ပါ။ တိုက်ရိုက်ဖြစ်ဖြစ် သွယ်ဝိုက်တဲ့ နည်းနဲ့ ဖြစ်ဖြစ်ကူညီနိုင်တဲ့ နည်းလမ်းတွေ အများကြီး ရှိမှာပါ။ လောလောဆယ် ကူညီနိုင်တဲ့၊ ပါဝင်နိုင်တဲ့ အခြေအနေ မရှိသေးရင် အနည်းဆုံး စိတ်ဓါတ်တော့ ရှိသင့်ပါတယ်။ အဲလိုသူများပြောနေလို့ မင်းကရော ဘာလုပ်နိုင်သလဲကွာလို့ မေးလာရင်တော့ ကျွန်တော်လည်း ကျွန်တော်ပြောတဲ့အတိုင်း လုပ်နိုင်အောင် ကြိုးစားနေသူ တစ်ယောက်သာ ဖြစ်ပါကြောင်း...

အောက်တိုဘာ ၂၀၁၀
မိုးတိမ်ညို

Thursday, October 28, 2010

ရှက်တတ်ပါစေ

ဒီနှစ်ပိုင်းအတွင်းမှာတော့ နာမည်ကြီး အဆိုတော်တစ်ချို့ ကိုယ်ပိုင်သံစဉ်ဖက်ကို လှည့်လာကြတာကို တွေ့ရပါတယ်။ ကျွန်တော်တို့ အတွက်တော်တော်ဝမ်းသာစရာ ကောင်းပါတယ်။ အကောင်းဖက်ကို ရောက်လာတဲ့ လက္ခဏာပါ။

ကော်ပီနဲ့ ပတ်သက်ပြီး ကျွန်တော်ကြုံဖူးတဲ့ တစ်ချို့လူတွေရဲ့ စိတ်ဓါတ်လေးတွေ တော်တော်သဘောကျသဗျာ။ ဒီလိုဗျ။ ကျွန်တော်ကျောင်းတက်တုံးက ဘာသာရပ်တစ်ခုအတွက် လိုအပ်တဲ့ စာအုပ်ကို အင်တာနက်မှာရှာရင်း website တစ်ခုမှာ အဲဒီစာအုပ် ကို download လုပ်လို့ရအောင် တင်ပေးထားတယ်ဗျ။ ကျွန်တော်လည်း ၀မ်းသာအားရပေါ့ စာအုပ်ကို download လုပ်လိုက်တယ်။ download ကိုစောင့်နေရင်းနဲ့ အမှတ်မထင် အဲဒီ download link မှာရေးထားတဲ့ ကွန့်မင့်လေးတွေ ဖတ်မိတယ်ဗျ။ အဲဒီမှာ တစ်ယောက်ကရေးထားတယ်။ သူအရေး တစ်ကြီးလိုအပ်နေတဲ့ စာအုပ်လေးကို download လုပ်လို့ရတဲ့ အတွက် ကျေးဇူးတင်ကြောင်း။ ဒီနေ့တော့ စာအုပ်ကို download လုပ်ပြီး သုံးလိုက်တဲ့အကြောင်း။ နောက်နေ့မှပဲ အော်ရီဂျင်နယ် စာအုပ်ကို သွားဝယ်လိုက်ပါမယ်တဲ့။

အဲဒီ ကွန့်မန့်ကို ဖတ်ပြီး ကျွန်တော်တော်တော်တွေဝေသွားတယ်။ အဲဒီကွန့်မင့်ရေးတဲ့သူက နာမည်အရဆိုရင်တော့ အနောက်တိုင်းကဗျ။ သြော်သူတို့က လူတစ်ဖက်သားရဲ့ ကြိုးစားအားထုတ်မှု့ကို အတော်လေးစားတာပဲလို့။ ကျွန်တော့်လိုဆိုရင်တော့ စာအုပ် download ရပြီးမှတော့ ဘယ်သွားဝယ်တော့ မလဲ။ (အဲ သူတစ်ကယ်သွားဝယ် မ၀ယ်တော့ ကျွန်တော်မသိပါဘူး) ဒါပေမယ့် အဲလို သဘောထားကို တော့ သဘောကျလို့ပါ။ တကယ်ဝယ်တယ်လို့ သဘောထားပြီး ဒီစာကို ရေးတာပါ။

အဲဒီအကြောင်းကို ကျွန်တော် တော်တော်စဉ်းစားဖြစ်တယ်။ မူပိုင်ခွင့်၊ ရပိုင်ခွင့်၊ ကြိုးစားအားထုတ်မှု့ ဘယ်လို ပဲပြောပြော လူတစ်ယောက် (သို့) အဖွဲ့အစည်းတစ်ခုခုရဲ့ ရပိုင်ခွင့်ကို အလေးထားရမယ်ဆို တာပါပဲ။ တစ်စုံတစ် ယောက်က ကြိုးစားအားထုတ်မှု့တွေ အများကြီးလုပ်ပြီး ဖန်တီးထားတဲ့ အရာတစ်ခုကို ကိုယ်က အလကားယူသုံးလိုက်တာ။ အဲ တစ်ချို့က အလကားယူသုံးရုံမကဘူး ကိုယ့်အတွက်ပါ ၀င်ငွေရအောင် လုပ်လိုက် တာတရားသလားလို့။

ကျွန်တော်လဲ ဒီနေ့အထို တရားမ၀င် software တွေ၊ Game တွေ၊ Movie တွေ၊ သီချင်းတွေ၊ စာအုပ်တွေ အများကြီး အသုံး ပြုခဲ့ ပြီးပါပြီ။ တစ်စုံတစ်ယောက်ရဲ့ ကြိုးစားအားထုတ်မှု့ကို အသိအမှတ်မပြုပဲနဲ့ ကိုယ့် အကျိုး တစ်စုံတစ်ရာအတွက်သာ အသုံးပြုခဲ့တာပေါ့။

ကျွန်တော်သေသေချာချာ စဉ်းစားကြည့်ပါတယ်။ ဟို အနောက်တိုင်းက လူလို ကျွန်တော် ကျင့်ကြံနိုင် သလားလို့။
၁) ကျွန်တော် ကျောင်းသားဘ၀တုံးကဆိုရင် ဘယ်လိုမှ မကျင့်ကြံနိုင်ဘူး။ ဒီစာအုပ် အော်ရီဂျင်နယ် မ၀ယ်နိုင်ရင် စာမေးပွဲကျမယ် ဆိုရင် အကျခံရုံပဲ
၂) အခု အတိုင်းအတာတစ်ခုအထိဝယ်နိုင်တဲ့ အခြေအနေရောက်ပေမယ့် အဲလို စိတ်ဓါတ် အပြည့်အ၀ မရှိသေးဘူး

လူတော်တော်များများမှာ တွေ့ရပါတယ်။ အလကားရရင် အကုန်ယူမယ် တန်တယ်ဆိုတဲ့ စိတ်ဓါတ်မျိုး။ ကျွန်တော်တို့ မြန်မာတွေထဲမှာလည်း အဲလို စိတ်ဓါတ်တွေ အများကြီးပါပဲ။ (သူများကို ကြည့်ပဲ ပြောတာ မဟုတ်ပါဘူး။ ကျွန်တော်လည်း အပါအ၀င်ပေါ့)။ အဲဒီ စိတ်ဓါတ်လေးတွေက ပြင်သင့်ပါတယ်။ ရှက်တတ်သင့် ပါတယ်။ အရင်က မသိလို့လုပ်ခဲ့တာ ဆိုရင် အခုသိတဲ့ အချိန်မှာ ရာနုန်းပြည့် မပြင်နိုင်သေးရင်တောင်မှ ကိုယ်ပြင်နိုင်သလောက် ဖြေးဖြေးချင်း ပြင်သင့်ပါတယ်။ ကျွန်တော်တို့ နိုင်ငံက အရင်က တံခါးပိတ်ထားခဲ့ လို့ကမ္ဘာနဲ့ အဆက်အသွယ် ပြတ်နေခဲ့ပါတယ်။ ကော်ပီသီချင်းတွေကို လုံးဝမရှက်ပဲ မူလပိုင် ရှင်လုံးဝမသိရပဲ မြန်မာမှု့ပြုပြီး ဆိုခဲ့လို့ နိုင်ငံကျော် အဆိုတော်တွေ ပေါ်ခဲ့ပါတယ်။ ကျွန်တော်တို့တွေက လည်းကိုယ့် ဥခွံလေး ထဲမှာပဲ ကြီးပျင်းခဲ့ရလို့ ကော်ပီဆိုတာလည်း မသိ ဘာမှမသိပဲ တစ်ခဲနက် အားပေးခဲ့ကြပါပြီ။ အခုတော့ ကမ္ဘာနဲ့ အဆက်အသွယ်တော်တော်လေး ပြန်ရခဲ့တဲ့ အချိန်မှာတော့ ရှက်သင့်ပါပြီ။

မင်းတို့ မြန်မာတွေက သူခိုးတွေ လို့ တစ်ခြားနိုင်ငံသားက ပြောရင် ခံချင်ပါ့မလား။ သူတို့ပြောတာလည်း မှန်သင့်သလောက် မှန်နေတော့ ပြန်မပြောနိုင်ပဲ ငြိမ်ခံနေတဲ့ အခြေအနေမျိုး ထပ်ကြုံချင်ပါ သေးသလား။

သူငယ်ချင်း တစ်ယောက်က ပြောတယ်။ မန္တလေးမှာ KFC နဲ့ဆင်တူရိုးမှား ကြက်ကြော်ဆိုင် တစ်ဆိုင် ဖွင့်နေပါသတဲ့။ ဆိုင်တစ်ဆိပ်၊ logo၊ အရောင်ကအစ တကယ့် KFC နဲ့ ခပ်ဆင်ဆင်တူအောင် လုပ်ထားတယ်တဲ့။ ကဲ အဲဒါကို နိုင်ငံခြားသား တစ်ယောက်ယောက်က တွေ့သွားရင် ဘာပြောမလဲ။ ကျွန်တော်ဆိုလိုချင်တာ ကြက်ကြော်ဆိုင်ဖွင့်ချင်ရင် ကိုယ့်ဟာကိုယ်သီးခြားဖွင့် ဘာလို့ ဆင်တူရိုးမှား လုပ်ရတာလဲ။ အကယ်၍ များ မြန်မာနိုင်ငံ စီးပွားရေးတွေ ပွင့်လို့ တကယ့် KFC ၀င်လာပြီထားပါတော့။ အဲဒီဆိုင် ဘယ်လို မျက်နှာနဲ့ ရပ်တည်မလဲ။ ။ ဒါကျွန်တော့် အမြင်ပြောတာပါ။ KFC နဲ့ဆင်လို့ အခုလောလောဆယ် သူ့အနေနဲ့ စီးပွားရေးအရ အမြတ်အစွန်းလဲ ရချင်ရမှာပါ။ ဒါပေမယ့် သေချာ စဉ်းစားကြည့်ရင် ရှက်စရာကောင်းပါတယ်။

အဲဒါကမ္ဘာကြီးနဲ့ အဆက်အသွယ်ပြတ်နေတဲ့ ကျွန်းလေးပေါ်မှာ နေရတဲ့ သူလိုပါပဲ။ သူ့အနေနဲ့ ဘယ်သူနဲ့မှ ဆက်ဆံစရာမရှိတော့ အ၀တ်အစား မ၀တ်ဘဲ တောင် နေလို့ရတယ်။ ဒါပေမယ့် ပြင်ပကမ္ဘာနဲ့ ဆက်ဆံရတဲ့ အချိန်မှာတော့ သူအ၀တ်အစားကို ၀တ်ချင်ချင် မ၀တ်ချင်ချင် ပြန်ကို ၀တ်ရမယ်။ အခုနောက်ပိုင်းမှာ ကျွန်တော်တို့ နိုင်ငံရ အရင်ကထက်အများကြီး စီးပွားရေးပွင့်လာပါတယ်။ ကမ္ဘာနဲ့ အဆက်အဆံ ပိုများလာပါပြီ။ အရင်လို နေလို့ သိပ်အဆင်မပြေတော့ပါဘူး။

ဂီတဘက်မှာမှ မဟုတ်ပါဘူး။ ရုပ်ရှင်မှာလည်း အတူတူပါပဲ။ ကျွန်တော် မြန်မာဇာတ်ကား တစ်ချို့ ကြည့်ဖူးပါတယ်။ ကျွန်တော်ကြည့်ဖူးတဲ့ ဇာတ်ကားတစ်ချို့က နိုင်ငံခြားဇာတ်လမ်းကို ကျောရိုးယူပြီး မြန်မာမှု့ ပြုထားတာပါ။ အဲလိုကားတွေက ဘယ်တော့မှ ကမ္ဘာမကျော်နိုင်ပါဘူး။ ကျွန်တော်တို့ လည်း အတိုင်းအတာ တစ်ခုအထိတော့ နားလည်နိုင်ပါတယ်။ အခြေအနေအရလုပ် နေကြရတာတွေ အများကြီးပါ။ ကျွန်တော့် မိတ်ဆွေတစ်ယောက်ကတော့ ပြောပါတယ်။ 'ဟ သူတို့လည်း လုပ်ရတာ မလွယ်ဘူးကွ။ အိမ်က ကလေးက ဗိုက်ဆာလို့ ငိုနေပြီ ဒီဇာတ်လမ်း၊ ဒီသီချင်းရောင်းရမှ ဖြစ်မှာ ဒါကြောင့်လွယ်တာ လုပ်ရတာကွ။ ကိုယ်ပိုင် ဖန်တီးမှု့က အချိန်ပေးရတယ်။ ပေးရတာနဲ့ တန်အောင်ရမှမရတာ' တဲ့။

တလောက ဂျာနယ်တစ်စောင်မှာ မြန်မာနိုင်ငံဂီတနဲ့ ပတ်သက်ပြီး မူပိုင်ခွင့်တွေ ဘာတွေကို ဂီတသမားတစ်ချို့က ပြောထား ဆိုထားတာ ဖတ်လိုက်ရပါတယ်။ တော်တော်ရယ်စရာကောင်းပါတယ်။ သူတို့ကိုယ်တိုင်ကြတော့ သူများသီချင်းတွေ ခိုးထားပြီး ပြန်ခိုးမှာကြတော့ မူပိုင်ခွင့်တဲ့။ (ကိုယ်ပိုင် ဖန်တီးမှု့ သက်သက်သာလုပ်တဲ့ အနုပညာရှင်တွေကို မဆိုလိုပါ)

အခုနောက်ပိုင်းမှာတော့် ကျွန်တော် အထက်မှာပြောခဲ့သလို ပြောင်းလဲဖို့ တာစူနေကြပြီလို့ မြင်ပါတယ်။ ကျွန်တော်တို့ ဖက်ကလည်း တတ်နိုင်သလောက် အားပေးရမယ်။ ခိုးကူးခွေတွေ အတတ်နိုင်ဆုံး ရှောင်တာမျိုးတို့။ အော်ရီဂျင်နယ်ပဲ ၀ယ်တာမျိုးတို့ လုပ်နိုင်သလောက် လုပ်ပေးသင့်ပါတယ်။ ဖြေးဖြေးချင်း ပြင်သင့်ပါတယ်။ စာအုပ်တစ်အုပ်ထဲမှာ ဖတ်ဖူးပါတယ်။ ပညာရှင်တွေ တစ်ခုခုကို ဖန်တီးနိုင်ဖို့အတွက် ဖန်တီးနိုင်တဲ့ ပတ်ဝန်းကျင်အနေအထားရှိရပါမယ်တဲ့။ ကျွန်တော်တို့ဆီမှာ အခုအချိန်မှာ တစ်ယောက်ယောက်က ကြိုးစားပန်းစားဖန်တီး လိုက်ရင် အဲဒီဖန်တီးမှု့အတွက် အကျိုးခံစားခွင့်ကနည်း ပါတယ်။ အဲဒီတော့ ဖန်တီးနိုင်စွမ်းအားတွေက တဖြည်းဖြည်းနဲ့ ကျလာပါတယ်။ ကျွန်တော်တို့ကိုယ် ကျွန်တော်တို့လည်း ဝေဖန်သင့်ပါတယ်။ ဈေးပေါပေါရရင် အကုန်သုံးမယ်ဆိုတဲ့ စိတ်ဓါတ်မျိုးမထားပဲ မူပိုင်ရှင်ရဲ့ ရပိုင်ခွင့်ကို အလေးထားသင့်ပါတယ်။ မဟုတ်ရင် အားလုံးက ၀ိုင်းကြီးပတ်လည်လိုက်နေမှာပဲ။ အပြောလွယ်သလောက်လဲ အလုပ်ခက်ပါတယ်။

အခုနောက်ပိုင်းမှာတော့ ကျွန်တော်ကတော့ နည်းနည်းရှက်တတ်လာပါပြီ။ များများရှက်တတ်အောင် ဆက်ကြိုးစားလိုက်ပါဦးမည်။

PS. ကော်ပီသီချင်းတွေနဲ့ ပတ်သက်ပြီး ခံစားမိတာလေးတွေ အရင်က ကော်ပီယဉ်ကျေးမှု့ ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ ရေးခဲ့ဖူးပါတယ်။

အောက်တိုဘာ၊ ၂၀၁၀။
မိုးတိမ်ညို

Wednesday, October 27, 2010

အလံသစ်နှင့် ပတ်သက်သော ဆောင်းပါး တစ်ပုဒ်

ဟစ်တိုင်မှာ ဖိုးသောကြာရေးတဲ့ အလံခိုးခြင်းလော၊ အနိုင်ကျင့်ခြင်းလော (၂၅ အောက်တိုဘာ ၂၀၁၀) လေးကို အမှတ်မထင် ဖတ်မိသွားပါတယ်။

အရမ်းကောင်းတဲ့ ဆောင်းပါးတစ်ပုဒ်လို့ မြင်ပါတယ်။ တွေးစရာတွေ အများကြီး ပေးသွားပါတယ်။ ခေါင်းလည်း အများကြီး ရှုပ်သွားပါတယ်။ မြန်မာ နိုင်ငံ အလံသစ်နဲ့ ပတ်သက်ပြီး မသိသေးတာတစ်ချို့ သိလိုက်ရပါတယ်။ ထူးဆန်းတာက အဲဒီ အကြောင်းအရာကို ကျွန်တော် ဘယ် website ဘယ် blog မှာမှ မဖတ်ဖူးသေးပါဘူး။ (ကျွန်တော်ကပဲ မတွေ့လို့လားတော့ မသိဘူး)။ သူပြောတဲ့ အတိုင်းဆိုရင် အလံက အသစ်မဟုတ်ဘူးပေါ့။ အရင်က သုံးဖူးပြီးသား။ ဘာဖြစ်လို့ အခုမှ ပြန်ပေါ်လာရတာလဲ။ ဒါကို ဘယ်သူမှ ဘာလို့ မပြောကြတာလဲ။ အလံ ဒီဇိုင်းက ဘယ်သူက စထွင်ထားတာလဲ။

ပြီးတော့ ကြယ် ၁၄ လုံးနဲက အလံကို ထောက်ခံတာရော ဘာလို့လဲ။ အရင်က ကန့်ကွက်ခဲ့တဲ့ သူတွေက အခုအဲဒီ အလံကို ပဲ ပြည်ထောင်စုအလံလို့ ပြန်ပြောကြပြန်တယ်လို့လည်း ဆိုထားသေးတယ်။

အရင်တုန်းက သိပ်နားမလည်ဘူးလို့ ထင်တဲ့ကိစ္စ အခုတော့ တရားဝင်နားမလည်ဘူး ဖြစ်သွားပါပြီ။ ဒီညတော့ ဘီယာ တစ်ပုလင်းလောက်သောက်မှ အိပ်ပျော်တော့မယ် ထင်ပါ့။

မိတ်ဆွေလည်း ဖတ်ကြည့်သင့်တယ် ထင်လို့ မျှဝေပေးလိုက် ပါရစေ။

မိုးတိမ်ညို

Monday, October 25, 2010

ပေါ်ပင်ဘာသာရေး

ပေါ်ပင် လုပ်တယ်ဆိုတဲ့ ဘန်းစကားရဲ့ အဓိပ္ပယ်မြန်မာစကားမှာ ကြားဖူးမှာပါ။ တကယ်အစစ်အမှန်မဟုတ်ပဲနဲ့ ပေါ်ပြူလာ ဖြစ်ရုံ လူအများ အာရုံစိုက်ခံရရုံ တစ်ခုခုကို လုပ်ပြတယ်လို့ ဆိုလိုပါတယ်။ လူတွေကိစ္စတော်တော် များများမှာ ပေါ်ပင်လုပ်တတ်ကြပါတယ်။ အနုပညာ၊ နိုင်ငံရေး၊ ပညာရေး အစရှိသဖြင့်ပေါ့။ အဆိုးဆုံးကတော့ ဘာသာရေးမှာ ပေါ်ပင်လုပ်ကြတာပဲ။

ဘာသာရေးနဲ့ ပတ်သက်တဲ့ အခမ်းအနား(သို့) ပွဲတစ်ချို့မှာ လူတစ်ချို့ရဲ့ ပေါ်ပင်လုပ်မှု့တွေက မမြင်ချင် အဆုံးပါပဲ။ ကျွန်တော်အဓိက ဆိုလိုချင်တာကတော့ ကျွန်တော်တို့ ဗုဒ္ဓဘာသာ ပွဲတွေကိုပါ။ ကျွန်တော်တွေ့ဖူး တဲ့လူတစ်ချို့ကတော့ ဘာသာရေးနဲ့ ပတ်သက်ပြီး ဘာမှ အသိပညာ မရှိပဲ လူရိုသေရှင်ရိုသေဖြစ်ရုံ နာမည်ကြီးရုံ ရည်ရွယ်ချက်တွေနဲ့ ဘာသာရေး အရေခြုံတာတတ်ကြပါတယ်။ တစ်ချို့ကတော့ အလှူငွေတွေ အများကြီးမတည် မိမိနာမည်ကို စာလုံးအကြီးကြီးနဲ့ ဖော်ပြခိုင်းပေမယ့် ဘာသာရေး အယူနဲ့ ပတ်သက်ပြီးတော့ တစ်လုံးမှ မသိတဲ့ သူတွေလည်း ဒုနဲ့ဒေးပါ။

ကျွန်တော် အလှူတစ်ခုမှာ တွေ့ဖူးတဲ့ သူဌေးမကြီးတစ်ယောက်ဆိုရင် စကားလက်ဆုံကျတိုင်း သူ့မရဲ့ မြောက်များလှ တဲ့ အလှူဒါနတွေ အကြောင်း ပြောလို့ မဆုံးပါဘူး။ ဘယ်ဘုရားကို ထီးတော်တင်တာ၊ ဘယ်စေတီ ရွှေချတာ၊ ဘယ်ဘုန်းကြီးကျောင်းမှာ သိမ်ဆောက်လှူတာ စသဖြင့် စသဖြင့်။ အဲဒီ သူဌေးမကြီးက တစ်ခါတစ်လေ ဆက်ပြောတတ်သေးတယ်။ ကျွန်မ နောက်ဘ၀အတွက်တော့ ဘာမှ ပူစရာမလိုတော့ဘူးတဲ့။ အခုဆိုရင် ကျွန်မလှူထားတဲ့ အလှူအတန်းတွေကြောင့် နတ်ပြည်မှာ ကျွန်မအတွက် ဗိမာန်တောင် ဆောက်ပြီး လောက်ပြီတဲ့ဗျာ။ ကျွန်တော် သူဌေးမကြီးကို တစ်ခုပဲမေးချင်ပါတယ်။ သူဌေးမကြီးက အလှူအတန်းလုပ်နေတာ လား ဒါမှ မဟုတ်လူ့ပြည်ဘဏ်ကနေ နတ်ပြည့်ဘဏ်ကို ပိုက်ဆံ လွှဲနေတာလားလို့။

ဘယ်လိုပဲ ဖြစ်ဖြစ် သူမကတော့ ကျွန်တော်တို့ ဗုဒ္ဓဘာသာ အသိုင်းအ၀ိုင်းမှာ နေရာ အပေးအခံရဆုံးပါ။ အများဆုံး လှူထားတာကိုး။ ဘယ်မှာ ဖြစ်ဖြစ် သူမက ထိပ်ဆုံးဝိုင်းမှာပါပဲ။

အလှူအတန်းနဲ့ ပတ်သက်လို့ ဆရာမောင်သစ်ဆင်း စာအုပ်ထဲက အကြောင်းအရာလေး တစ်ခုမျှဝေချင်ပါတယ်။ တစ်ခါက ရွာတစ်ရွာမှာ သူဌေးကြီးတစ်ယောက်ရှိတယ်တဲ့။ တစ်ခါတော့ အဲဒီ သူဌေးကြီးက တောင်ကျောင်း ဆရာတော်ဆီလာပြီး နဂိုရှိနေတဲ့ ပျဉ်ထောင် ကျောင်းလေးအစား တိုက်ကျောင်း လှူဖို့ လာလျှောက်တင် ပါသတဲ့။ ဆရာတော့က သူဌေးကြီးကို ဘုန်းကြီးကျောင်းလှူမယ့်အစား ရွာက စာသင်ကျောင်း ကပ်မိုးကပ်ကာ လေးကို ကောင်းအောင်လှူလိုက်ပါလို့ အကြံပေးတယ်။ သူဌေးကြီးကလည်း ဘုန်းကြီးကျောင်းပဲ လှူမယ် တွင်တွင် ပြောနေပါသတဲ့။ ဆရာတော်ကလည်း နောက်ဆုံး နားချလို့ မရတဲ့ အဆုံး ဒကာ မလှူတတ်သေး ပါဘူး လို့ပြောချလိုက်တယ်တဲ့။ အဲဒီတော့ တစ်သက်လုံး အလှူရေစက် လက်နဲ့ မကွာနေလာတဲ့ သူဌေးကြီး လည်း စိတ်ဆိုးသွားပြီး ဘုန်းကြီးကျောင်းပေါ်က သုတ်ခနဲ ထပြန်သွားပါတယ်။ နောက်တော့ သူဌေးကြီးက မြောက်ကျောင်းမှာ ခမ်းနားလှတဲ့ တိုက်ကျောင်းကြီး တစ်ဆောင် ဆောက်လုပ်လှူဒါန်းလိုက်ပါသတဲ့။ ရွာက စာသင်ကျောင်းလေးကတော့ ဒုံရင်းဒုံရင်းပါပဲတဲ့။

အထက်ပါ အကြောင်းအရာလေးကို ဖတ်လိုက်ရင် ဆရာမောင်သစ်ဆင်းရဲ့ ဆိုလိုရင်းကို သဘောပေါက်ပါလိမ့်မယ်။ အဲလိုအလှူမျိုးကို ကျွန်တော့် မိတ်ဆွေ တစ်ယောက်ကတော့ မြို့မျက်နှာဖုံး အလှူလို့ ဆိုသဗျ။ မြို့မျက်နှာဖုံး ဖြစ်ချင်လို့ လှူတဲ့ အလှူပေါ့ဗျာ။ လူတစ်ချို့က သေရင် ရွှေထီးဆောင်းရတဲ့ ကျောင်းဒကာဘွဲ့ကိုပဲ လိုချင်ကြတယ်။ အဲဒီတော့ တကယ်လိုအပ်တဲ့ နေရာမှာက ဘာမှမရဘူး ဖြစ်သွားရော။ ကျွန်တော်တို့နဲ့ သိတဲ့ ဆရာတော်ကြီးတစ်ပါးက မိန့်ဖူးတယ်။ ဒကာတို့ ဘုန်းကြီးဆွမ်းပွဲမှာ ဆွမ်းခွက် နှစ်ဆယ် ပြည့်အောင်လှူမယ့်အစား မိဘမဲ့ကလေးကျောင်းမှာ ထမင်းတစ်နပ် ကျွေးလိုက်ပါလားတဲ့။ ဘုန်းကြီးတို့အတွက်က ဟင်းခွက်နှစ်ဆယ် မလိုပါဘူးတဲ့။ ကျွန်တော်ကတော့ ဘုန်းဘုန်းပြောတာကို အပြည့်အ၀ ထောက်ခံတယ်။

အဲလိုပြောလို့ ကျောင်းတို့၊ သိမ်တို့၊ စေတီတို့ကို လှူစရာမလို ဘူးလို့ ဆိုလိုတာ မဟုတ်ဘူးနော်။ တစ်ကယ် လိုအပ်နေတာကို အရင်ဆုံးလုပ်သင့်ပါတယ်။ ကျောင်းကောင်းမှ၊ သိမ်ကြီးဟီးနေမှ စေတီ ၀င်းနေမှ ဗုဒ္ဓ ဘာသာထွန်းကားတယ်လို့ ဆိုလို့မရပါဘူး။ ဘာသာဝင် အရေအတွက်များတိုင်း ဗုဒ္ဓဘာသာ ထွန်းကားတယ် လို့ဆိုလို့မရပါဘူး။ အသိပညာရှိမှ တကယ်ထွန်းကားတာပါ။ အသိပညာ ဖွံ့ဖြိုးအောင် အလေးပေး လုပ်ဆောင်ရမှာပါ။

တစ်ချို့ကိစ္စတွေမှာ ဘာသာရေးနဲ့ ယဉ်ကျေးမှု့ ရောနေတာတွေ အများကြီးရှိပါတယ်။ ဒါတွေကတော့ ရှောင်လို့ မရပါဘူး။ ဥပမာ ရှင်ပြုမင်္ဂလာဆိုရင် ဘာသာရေးအပြင် မြန်မာယဉ်ကျေးမှု့ တစ်ခုလိုကို ဖြစ်နေပါပြီ။ နောက်ပိုင်းမှာ ဘာသာရေးပွဲတွေက ယဉ်ကျေးမှု့ ရောနေပြီး ဘာသာရေးအယူအဆလား လူတွေ (ဘာသာရေး ဂိုဏ်းဆရာတွေ) ထွင်ထားတဲ့ ထုံးစံတွေလား ခွဲရခပ်ခက်ခက်တောင် ဖြစ်နေပါပြီ။ ရှေးရိုးဆန်တဲ့ ကျွန်တော့် အဒေါ်တစ်ယောက်ဆိုရင် ဘုရားတို့ ဘုန်းကြီးကျောင်းတို့ သွားတော့မယ်ဆိုရင် ပုဆိုး အတင်းဝတ်ခိုင်းပါတယ်။ ဘောင်းဘီရှည်နဲ့ မလိုက်နဲ့တဲ့။
ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေပဲ။ ပုဆိုးနဲ့မှ ကောင်းမှာပေါ့။တဲ့။ ဒီနေရာမှာ နည်းနည်းရောထွေးနေပါတယ်။ ပုဆိုးဝတ်တာ ဗုဒ္ဓဘာသာ နဲ့ ဘာမှ မဆိုင်ပါဘူး။ မြန်မာ ယဉ်ကျေးမှု့ အရ သာပုဆိုးဝတ်ကြတာပါ။ (ဒါတောင် ဆရာကြီး ဒေါက်တာသန်းထွန်းက ပုဆိုးဝတ်တာ မြန်မာ ယဉ်ကျေးမှု့ မဟုတ်ဘူးလို့ ဆိုထားတာ ဖတ်ဖူးသလိုပဲဗျ)

နယ်က ဘုန်းကြီးကျောင်းတစ်ကျောင်းက စေတီလေးတစ်ဆူမှာ ထီးတင်ပွဲနှင့် ပတ်သက်ပြီး ကြုံဖူးတာလေး ပြောပါရစေ။ စေတီက သိပ်မကြီးပါ။ နှစ်ထပ်တိုက် တစ်ခုစာလောက်တော့ ရှိပါမည်။ ထိုစေတီကို ကျောင်းထိုင် ဆရာတော်ကိုယ်တိုင် ထီးတင်ရမည်ဟု (မည်သူကမှန်းမသိ) ဆိုပါသည်။ ဆရာတော်မှာ အသက်ငါးဆယ်ကျော် ခြောက်ဆယ်နီးပါးရှိပါသည်။ စေတီ ထီးတင်ရန်ဆောက်လုပ်ထားသော ၀ါးလုံးငြမ်း ခနော်နီ ခနော်နဲ့ ပေါ်တွင် တက်၍ ထီးတင်သည်မှာ အောက်မှ ကြည့်ရှု့သူများ အသည်းတယားယားရှိလှပါသည်။ တစ်ခုပြောဖို့ ကျန်ခဲ့ပါသည်။ ထီးမတင်မှီ အထက်ပါထီးတော်နှင့် လိုအပ်သည့် ပစ္စည်းများကို ဆရာတော်၊ အလှူရှင်များ အခြားသော အရေးကြီး
ပုဂိုလ် များကကိုင်ဆောင်ပြီး စေတီကို ဘယ်နှစ်ပတ်ဆိုလားမသိ ပတ်ရသေးသည်။ ထိုအချင်းအရာများသည် ဗုဒ္ဓဘာသာ အယူဝါဒနှင့် မည်သို့သက်ဆိုင်ပါသနည်း။ စေတီပေါ်သို့ ထီးတော်တင်သည့် ကိစ္စကို ကျွမ်းကျင်သော အင်ဂျင်နီယာ၊ လက်သမား အစရှိသူတို့က ပြုလုပ်လျှင် ပိုမကောင်း ဘူးလား။ အကယ်၍ အခန့်မသင့်ပါက ဆရာတော် ပြုတ်ကျပြီး အနာတရာ ဖြစ်၍ သော်လည်းကောင်း၊ ပျံလွန်တော်မူ၍ သော်လည်းကောင်း ဖြစ်ပါက ဗုဒ္ဓဘာသာ ၀င်များအတွက် ပိုပြီး မနစ်နာ နိုင်ဘူးလား။ စဉ်းစားမိတာပါ။ တစ်ယောက်နှင့်တစ်ယောက်တော့ အယူအဆတူချင်မှ တူပါလိမ့်မည်။

ကျွန်တော်တွေ့ဖူးတဲ့ လူတစ်ချို့က ပေါ်ပင်တွေပဲ လိုက်လုပ်နေကြပြီး သစ္စာလေးပါး ဘာလဲဆိုတာတောင် မသိပါဘူး။ (မိတ်ဆွေ မယုံရင် မိတ်ဆွေပတ်ဝန်းကျင်မှာရှိတဲ့ လူအချို့ကို သစ္စာလေးပါး ဘာလဲဆိုတာ မေးကြည့်ပါ။ အဓိပ္ပာယ်ကို ရှင်းပြခိုင်းပါ။ ကြက်တူရွေးစကား ပြောသလို ပါဠိလို ရွတ်နိုင်တာကို သိတယ်လို့ မမှတ်ယူပါနှင့်)။ ကျွန်တော်လည်း ဘွဲ့ရပြီးမှ သစ္စာလေးပါး ဘာဆိုတာ စာအုပ်တစ်ချို့ရဲ့ ကျေးဇူးကြောင့် သိတာပါ။ တစ်သက်လုံးမိရိုးဖလာ ကိုးကွယ်လာခဲ့တာပါ။
သစ္စာလေးပါး ဘာမှန်းမသိသော ဗုဒ္ဓဘာသာ ဘာသာဝင် ဟူသော စကားလုံးသည် နှစ်ဆယ့် တစ်ရာစု အတွက် အကောင်းဆုံးသော ဟာသ တစ်ခု ဖြစ်နိုင်ပါသည်။

အခုအချိန်မှာ လူတစ်ချို့ကတော့ ဘာသာရေးဂိုဏ်းဆရာ တစ်ချို့ တီထွင်ဖန်တီးထားတဲ့ အရာတွေနောက် တစ်ကောက်ကောက်လိုက်ရင်း အချိန်တွေ ငွေတွေ ကုန်နေကြပါတယ်။ ပေါ်ပင်ဘာသာရေး၊ မြို့မျက်နှာဖုံး ဘာသာရေး တွေပဲလုပ်နေကြပါတယ်။ လူသေလူဖြစ် စာအုပ်ရေးခဲ့တဲ့ ဆရာတော် ရှင်ဥက္ကဌ စကားနဲ့ ဆိုရရင် 'ယုန်ချိုနဲ့ ပြုလုပ်ထားတဲ့စူးဖြင့် ပုဇွန်သွေးကို ဖောက်ယူရန်ကြိုးစား နေကြသည်' ဆိုသလိုပါပဲ။




အောက်တိုဘာ၊၂၀၁၀။

မိုးတိမ်ညို

Visitors

About Me

  © Blogger template 'Perfection' by Ourblogtemplates.com 2008

Back to TOP