Monday, October 25, 2010

ပေါ်ပင်ဘာသာရေး

ပေါ်ပင် လုပ်တယ်ဆိုတဲ့ ဘန်းစကားရဲ့ အဓိပ္ပယ်မြန်မာစကားမှာ ကြားဖူးမှာပါ။ တကယ်အစစ်အမှန်မဟုတ်ပဲနဲ့ ပေါ်ပြူလာ ဖြစ်ရုံ လူအများ အာရုံစိုက်ခံရရုံ တစ်ခုခုကို လုပ်ပြတယ်လို့ ဆိုလိုပါတယ်။ လူတွေကိစ္စတော်တော် များများမှာ ပေါ်ပင်လုပ်တတ်ကြပါတယ်။ အနုပညာ၊ နိုင်ငံရေး၊ ပညာရေး အစရှိသဖြင့်ပေါ့။ အဆိုးဆုံးကတော့ ဘာသာရေးမှာ ပေါ်ပင်လုပ်ကြတာပဲ။

ဘာသာရေးနဲ့ ပတ်သက်တဲ့ အခမ်းအနား(သို့) ပွဲတစ်ချို့မှာ လူတစ်ချို့ရဲ့ ပေါ်ပင်လုပ်မှု့တွေက မမြင်ချင် အဆုံးပါပဲ။ ကျွန်တော်အဓိက ဆိုလိုချင်တာကတော့ ကျွန်တော်တို့ ဗုဒ္ဓဘာသာ ပွဲတွေကိုပါ။ ကျွန်တော်တွေ့ဖူး တဲ့လူတစ်ချို့ကတော့ ဘာသာရေးနဲ့ ပတ်သက်ပြီး ဘာမှ အသိပညာ မရှိပဲ လူရိုသေရှင်ရိုသေဖြစ်ရုံ နာမည်ကြီးရုံ ရည်ရွယ်ချက်တွေနဲ့ ဘာသာရေး အရေခြုံတာတတ်ကြပါတယ်။ တစ်ချို့ကတော့ အလှူငွေတွေ အများကြီးမတည် မိမိနာမည်ကို စာလုံးအကြီးကြီးနဲ့ ဖော်ပြခိုင်းပေမယ့် ဘာသာရေး အယူနဲ့ ပတ်သက်ပြီးတော့ တစ်လုံးမှ မသိတဲ့ သူတွေလည်း ဒုနဲ့ဒေးပါ။

ကျွန်တော် အလှူတစ်ခုမှာ တွေ့ဖူးတဲ့ သူဌေးမကြီးတစ်ယောက်ဆိုရင် စကားလက်ဆုံကျတိုင်း သူ့မရဲ့ မြောက်များလှ တဲ့ အလှူဒါနတွေ အကြောင်း ပြောလို့ မဆုံးပါဘူး။ ဘယ်ဘုရားကို ထီးတော်တင်တာ၊ ဘယ်စေတီ ရွှေချတာ၊ ဘယ်ဘုန်းကြီးကျောင်းမှာ သိမ်ဆောက်လှူတာ စသဖြင့် စသဖြင့်။ အဲဒီ သူဌေးမကြီးက တစ်ခါတစ်လေ ဆက်ပြောတတ်သေးတယ်။ ကျွန်မ နောက်ဘ၀အတွက်တော့ ဘာမှ ပူစရာမလိုတော့ဘူးတဲ့။ အခုဆိုရင် ကျွန်မလှူထားတဲ့ အလှူအတန်းတွေကြောင့် နတ်ပြည်မှာ ကျွန်မအတွက် ဗိမာန်တောင် ဆောက်ပြီး လောက်ပြီတဲ့ဗျာ။ ကျွန်တော် သူဌေးမကြီးကို တစ်ခုပဲမေးချင်ပါတယ်။ သူဌေးမကြီးက အလှူအတန်းလုပ်နေတာ လား ဒါမှ မဟုတ်လူ့ပြည်ဘဏ်ကနေ နတ်ပြည့်ဘဏ်ကို ပိုက်ဆံ လွှဲနေတာလားလို့။

ဘယ်လိုပဲ ဖြစ်ဖြစ် သူမကတော့ ကျွန်တော်တို့ ဗုဒ္ဓဘာသာ အသိုင်းအ၀ိုင်းမှာ နေရာ အပေးအခံရဆုံးပါ။ အများဆုံး လှူထားတာကိုး။ ဘယ်မှာ ဖြစ်ဖြစ် သူမက ထိပ်ဆုံးဝိုင်းမှာပါပဲ။

အလှူအတန်းနဲ့ ပတ်သက်လို့ ဆရာမောင်သစ်ဆင်း စာအုပ်ထဲက အကြောင်းအရာလေး တစ်ခုမျှဝေချင်ပါတယ်။ တစ်ခါက ရွာတစ်ရွာမှာ သူဌေးကြီးတစ်ယောက်ရှိတယ်တဲ့။ တစ်ခါတော့ အဲဒီ သူဌေးကြီးက တောင်ကျောင်း ဆရာတော်ဆီလာပြီး နဂိုရှိနေတဲ့ ပျဉ်ထောင် ကျောင်းလေးအစား တိုက်ကျောင်း လှူဖို့ လာလျှောက်တင် ပါသတဲ့။ ဆရာတော့က သူဌေးကြီးကို ဘုန်းကြီးကျောင်းလှူမယ့်အစား ရွာက စာသင်ကျောင်း ကပ်မိုးကပ်ကာ လေးကို ကောင်းအောင်လှူလိုက်ပါလို့ အကြံပေးတယ်။ သူဌေးကြီးကလည်း ဘုန်းကြီးကျောင်းပဲ လှူမယ် တွင်တွင် ပြောနေပါသတဲ့။ ဆရာတော်ကလည်း နောက်ဆုံး နားချလို့ မရတဲ့ အဆုံး ဒကာ မလှူတတ်သေး ပါဘူး လို့ပြောချလိုက်တယ်တဲ့။ အဲဒီတော့ တစ်သက်လုံး အလှူရေစက် လက်နဲ့ မကွာနေလာတဲ့ သူဌေးကြီး လည်း စိတ်ဆိုးသွားပြီး ဘုန်းကြီးကျောင်းပေါ်က သုတ်ခနဲ ထပြန်သွားပါတယ်။ နောက်တော့ သူဌေးကြီးက မြောက်ကျောင်းမှာ ခမ်းနားလှတဲ့ တိုက်ကျောင်းကြီး တစ်ဆောင် ဆောက်လုပ်လှူဒါန်းလိုက်ပါသတဲ့။ ရွာက စာသင်ကျောင်းလေးကတော့ ဒုံရင်းဒုံရင်းပါပဲတဲ့။

အထက်ပါ အကြောင်းအရာလေးကို ဖတ်လိုက်ရင် ဆရာမောင်သစ်ဆင်းရဲ့ ဆိုလိုရင်းကို သဘောပေါက်ပါလိမ့်မယ်။ အဲလိုအလှူမျိုးကို ကျွန်တော့် မိတ်ဆွေ တစ်ယောက်ကတော့ မြို့မျက်နှာဖုံး အလှူလို့ ဆိုသဗျ။ မြို့မျက်နှာဖုံး ဖြစ်ချင်လို့ လှူတဲ့ အလှူပေါ့ဗျာ။ လူတစ်ချို့က သေရင် ရွှေထီးဆောင်းရတဲ့ ကျောင်းဒကာဘွဲ့ကိုပဲ လိုချင်ကြတယ်။ အဲဒီတော့ တကယ်လိုအပ်တဲ့ နေရာမှာက ဘာမှမရဘူး ဖြစ်သွားရော။ ကျွန်တော်တို့နဲ့ သိတဲ့ ဆရာတော်ကြီးတစ်ပါးက မိန့်ဖူးတယ်။ ဒကာတို့ ဘုန်းကြီးဆွမ်းပွဲမှာ ဆွမ်းခွက် နှစ်ဆယ် ပြည့်အောင်လှူမယ့်အစား မိဘမဲ့ကလေးကျောင်းမှာ ထမင်းတစ်နပ် ကျွေးလိုက်ပါလားတဲ့။ ဘုန်းကြီးတို့အတွက်က ဟင်းခွက်နှစ်ဆယ် မလိုပါဘူးတဲ့။ ကျွန်တော်ကတော့ ဘုန်းဘုန်းပြောတာကို အပြည့်အ၀ ထောက်ခံတယ်။

အဲလိုပြောလို့ ကျောင်းတို့၊ သိမ်တို့၊ စေတီတို့ကို လှူစရာမလို ဘူးလို့ ဆိုလိုတာ မဟုတ်ဘူးနော်။ တစ်ကယ် လိုအပ်နေတာကို အရင်ဆုံးလုပ်သင့်ပါတယ်။ ကျောင်းကောင်းမှ၊ သိမ်ကြီးဟီးနေမှ စေတီ ၀င်းနေမှ ဗုဒ္ဓ ဘာသာထွန်းကားတယ်လို့ ဆိုလို့မရပါဘူး။ ဘာသာဝင် အရေအတွက်များတိုင်း ဗုဒ္ဓဘာသာ ထွန်းကားတယ် လို့ဆိုလို့မရပါဘူး။ အသိပညာရှိမှ တကယ်ထွန်းကားတာပါ။ အသိပညာ ဖွံ့ဖြိုးအောင် အလေးပေး လုပ်ဆောင်ရမှာပါ။

တစ်ချို့ကိစ္စတွေမှာ ဘာသာရေးနဲ့ ယဉ်ကျေးမှု့ ရောနေတာတွေ အများကြီးရှိပါတယ်။ ဒါတွေကတော့ ရှောင်လို့ မရပါဘူး။ ဥပမာ ရှင်ပြုမင်္ဂလာဆိုရင် ဘာသာရေးအပြင် မြန်မာယဉ်ကျေးမှု့ တစ်ခုလိုကို ဖြစ်နေပါပြီ။ နောက်ပိုင်းမှာ ဘာသာရေးပွဲတွေက ယဉ်ကျေးမှု့ ရောနေပြီး ဘာသာရေးအယူအဆလား လူတွေ (ဘာသာရေး ဂိုဏ်းဆရာတွေ) ထွင်ထားတဲ့ ထုံးစံတွေလား ခွဲရခပ်ခက်ခက်တောင် ဖြစ်နေပါပြီ။ ရှေးရိုးဆန်တဲ့ ကျွန်တော့် အဒေါ်တစ်ယောက်ဆိုရင် ဘုရားတို့ ဘုန်းကြီးကျောင်းတို့ သွားတော့မယ်ဆိုရင် ပုဆိုး အတင်းဝတ်ခိုင်းပါတယ်။ ဘောင်းဘီရှည်နဲ့ မလိုက်နဲ့တဲ့။
ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေပဲ။ ပုဆိုးနဲ့မှ ကောင်းမှာပေါ့။တဲ့။ ဒီနေရာမှာ နည်းနည်းရောထွေးနေပါတယ်။ ပုဆိုးဝတ်တာ ဗုဒ္ဓဘာသာ နဲ့ ဘာမှ မဆိုင်ပါဘူး။ မြန်မာ ယဉ်ကျေးမှု့ အရ သာပုဆိုးဝတ်ကြတာပါ။ (ဒါတောင် ဆရာကြီး ဒေါက်တာသန်းထွန်းက ပုဆိုးဝတ်တာ မြန်မာ ယဉ်ကျေးမှု့ မဟုတ်ဘူးလို့ ဆိုထားတာ ဖတ်ဖူးသလိုပဲဗျ)

နယ်က ဘုန်းကြီးကျောင်းတစ်ကျောင်းက စေတီလေးတစ်ဆူမှာ ထီးတင်ပွဲနှင့် ပတ်သက်ပြီး ကြုံဖူးတာလေး ပြောပါရစေ။ စေတီက သိပ်မကြီးပါ။ နှစ်ထပ်တိုက် တစ်ခုစာလောက်တော့ ရှိပါမည်။ ထိုစေတီကို ကျောင်းထိုင် ဆရာတော်ကိုယ်တိုင် ထီးတင်ရမည်ဟု (မည်သူကမှန်းမသိ) ဆိုပါသည်။ ဆရာတော်မှာ အသက်ငါးဆယ်ကျော် ခြောက်ဆယ်နီးပါးရှိပါသည်။ စေတီ ထီးတင်ရန်ဆောက်လုပ်ထားသော ၀ါးလုံးငြမ်း ခနော်နီ ခနော်နဲ့ ပေါ်တွင် တက်၍ ထီးတင်သည်မှာ အောက်မှ ကြည့်ရှု့သူများ အသည်းတယားယားရှိလှပါသည်။ တစ်ခုပြောဖို့ ကျန်ခဲ့ပါသည်။ ထီးမတင်မှီ အထက်ပါထီးတော်နှင့် လိုအပ်သည့် ပစ္စည်းများကို ဆရာတော်၊ အလှူရှင်များ အခြားသော အရေးကြီး
ပုဂိုလ် များကကိုင်ဆောင်ပြီး စေတီကို ဘယ်နှစ်ပတ်ဆိုလားမသိ ပတ်ရသေးသည်။ ထိုအချင်းအရာများသည် ဗုဒ္ဓဘာသာ အယူဝါဒနှင့် မည်သို့သက်ဆိုင်ပါသနည်း။ စေတီပေါ်သို့ ထီးတော်တင်သည့် ကိစ္စကို ကျွမ်းကျင်သော အင်ဂျင်နီယာ၊ လက်သမား အစရှိသူတို့က ပြုလုပ်လျှင် ပိုမကောင်း ဘူးလား။ အကယ်၍ အခန့်မသင့်ပါက ဆရာတော် ပြုတ်ကျပြီး အနာတရာ ဖြစ်၍ သော်လည်းကောင်း၊ ပျံလွန်တော်မူ၍ သော်လည်းကောင်း ဖြစ်ပါက ဗုဒ္ဓဘာသာ ၀င်များအတွက် ပိုပြီး မနစ်နာ နိုင်ဘူးလား။ စဉ်းစားမိတာပါ။ တစ်ယောက်နှင့်တစ်ယောက်တော့ အယူအဆတူချင်မှ တူပါလိမ့်မည်။

ကျွန်တော်တွေ့ဖူးတဲ့ လူတစ်ချို့က ပေါ်ပင်တွေပဲ လိုက်လုပ်နေကြပြီး သစ္စာလေးပါး ဘာလဲဆိုတာတောင် မသိပါဘူး။ (မိတ်ဆွေ မယုံရင် မိတ်ဆွေပတ်ဝန်းကျင်မှာရှိတဲ့ လူအချို့ကို သစ္စာလေးပါး ဘာလဲဆိုတာ မေးကြည့်ပါ။ အဓိပ္ပာယ်ကို ရှင်းပြခိုင်းပါ။ ကြက်တူရွေးစကား ပြောသလို ပါဠိလို ရွတ်နိုင်တာကို သိတယ်လို့ မမှတ်ယူပါနှင့်)။ ကျွန်တော်လည်း ဘွဲ့ရပြီးမှ သစ္စာလေးပါး ဘာဆိုတာ စာအုပ်တစ်ချို့ရဲ့ ကျေးဇူးကြောင့် သိတာပါ။ တစ်သက်လုံးမိရိုးဖလာ ကိုးကွယ်လာခဲ့တာပါ။
သစ္စာလေးပါး ဘာမှန်းမသိသော ဗုဒ္ဓဘာသာ ဘာသာဝင် ဟူသော စကားလုံးသည် နှစ်ဆယ့် တစ်ရာစု အတွက် အကောင်းဆုံးသော ဟာသ တစ်ခု ဖြစ်နိုင်ပါသည်။

အခုအချိန်မှာ လူတစ်ချို့ကတော့ ဘာသာရေးဂိုဏ်းဆရာ တစ်ချို့ တီထွင်ဖန်တီးထားတဲ့ အရာတွေနောက် တစ်ကောက်ကောက်လိုက်ရင်း အချိန်တွေ ငွေတွေ ကုန်နေကြပါတယ်။ ပေါ်ပင်ဘာသာရေး၊ မြို့မျက်နှာဖုံး ဘာသာရေး တွေပဲလုပ်နေကြပါတယ်။ လူသေလူဖြစ် စာအုပ်ရေးခဲ့တဲ့ ဆရာတော် ရှင်ဥက္ကဌ စကားနဲ့ ဆိုရရင် 'ယုန်ချိုနဲ့ ပြုလုပ်ထားတဲ့စူးဖြင့် ပုဇွန်သွေးကို ဖောက်ယူရန်ကြိုးစား နေကြသည်' ဆိုသလိုပါပဲ။




အောက်တိုဘာ၊၂၀၁၀။

မိုးတိမ်ညို

5 comments:

ကိုပေါ October 26, 2010 at 8:18 AM  

မှန်ပါ၏။ ခေတ်အဆက်ဆက် ဘာသာရေးကို အရေခြုံတာတို့၊ ဘာသာရေးနဲ့လုပ်စားတာတို့ဟာ ထောက်ခံသူများတဲ့အတွက် အင်မတန် စားသာတဲ့အလျောက် တကယ် ယုံကြည်သက်ဝင်သူထက် ပေါ်ပင်လိုက်သူတွေ တနေ့တခြား များပြားလာကြောင်းပါ။

ဘာသာရေးပြီးရင် ဒုတိယ လိုက်တာက ယဉ်ကျေးမှု။ နိုင်ငံရေးမှာလည်း အရေခြုံတွေများလှပေမယ့် နိုင်ငံရေးလုပ်သူတွေကို လူတွေက သံသယ မျက်လုံးနဲ့ ကြည့်တတ်တော့ ဘာသာရေး၊ ယဉ်ကျေးမှုသမားတွေလောက်တော့ အရေအတွက် မများလှဘူးပေါ့ဗျာ။

tin min htet October 26, 2010 at 9:04 PM  

ကိုမိုးတိမ်ညို၊ အဲဒီအကြောင်းအရာလေးက တော်တော် တွေးစရာကောင်းပါတယ်။ ဒါပေမဲ့ မောင်သစ်ဆင်းလို့ ထင်တာနဲ့ ပြန်ရှာကြည့်တော့ တွေ့ပါတယ်။ သင့်ဘဝက ဆောင်းပါးတွေ စုထုတ်ထားတဲ့ "ကြောက်စိတ်" ဆိုတဲ့ စာအုပ်မှာ ပါပါတယ်။ "ပိုက်ဆံနဲ့ချမ်းမြေ့သုခ" ဆိုတဲ့ ဆောင်းပါးက ဖြစ်ပါတယ်။

Moe Tain Nyo October 26, 2010 at 9:33 PM  

ကိုတင်မင်းထက်ရေ ကျေးဇူးပါပဲ။ ကျွန်တော် အမှတ်မှားသွားလို့ပါ။ ဟုတ်ပါတယ်။ မောင်သစ်ဆင်းရဲ့ ကြောက်စိတ်စာအုပ်ထဲကပါ။

သိင်္ဂါကျော် November 4, 2010 at 5:38 PM  

ကျော်ကြားချင်တာနဲ့ လျှံနေတဲ့ နေရာတွေမှာ ထပ်ထပ်ပြီး လှူကြမယ့် အစား တကယ် လိုအပ်၊ ရှားပါးနေတဲ့ နေရာမျိုးမှာလည်း လူမသိ သူမသိ လှူတတ်ကြရင် ကောင်းမယ်နော်..။

Anonymous December 11, 2010 at 12:01 PM  

i love your post so much.. so though provoking.. very rare among burmese bloggers.

Visitors

About Me

  © Blogger template 'Perfection' by Ourblogtemplates.com 2008

Back to TOP