Tuesday, October 19, 2010

ဒို့နိုင်ငံကြီးမှာ

တစ်ခါက အငြိမ့်တစ်ခုထဲမှာ လူရွင်တော် နှစ်ယောက်ပြက်လုံးပျက်နေတာ ကြည့်ဖူးပါတယ်။ တစ်ယောက်က ဒီလိုဆိုတယ်ဗျ။

'ဒို့နိုင်ငံ ကြီးမှာ စေတီပုထိုး ကျောင်းကန်ပေါတယ် အမျိုးဂုဏ်ဇာတိသွေး မြင့်မားလှတယ်....'

အဲဒီအချိန်မှာ နောက်တစ်ယောက်က လပ်ခုပ်လေး တီးပြီး အားပေးနေတယ်ပေါ့ဗျာ။ ပြီးတော့ ပထမတစ်ယောက်ကပဲ ဆက်ဆိုတယ်။

'ဆက်မဆိုတော့ ဘူးကွယ် ..... ဒီတင်ပဲ ရပ်တာ ကောင်းတယ် ဆက်ဆိုရင် အကုန်လုံး သောက်ကျိုးနဲ လိမ့်မယ်...' တဲ့ဗျ။

အဲဒီမှာ ဘေးက လူရွင်တော်က ပေါက်ကရကွာ ဆိုပြီး ဆိုတဲ့ ကောင်ကို ရိုက်လိုက်တယ်။

ပြက်လုံးလေးကတော့ ဒါပါပဲ။ သာမာန်ကြည့်ရင်တော့ သာမာန်ပဲ ရယ်ပြီး ပြီးသွားမှာပါ။ ဒါပေမယ့် သူတို့ ဆိုလိုက်လိုက် သီချင်းနောက်ကွယ်မှာ စဉ်းစား စရာတွေက အများကြီးပါပဲ။

ဟုတ်ပါတယ်။ သူဆိုခဲ့ တဲ့အတိုင်း ကျွန်တော်တို့ နိုင်ငံက အမျိုးဂုဏ်တွေ၊ ဇာတိမာန်တွေ ရှိခဲ့ပါတယ်။ အရင် ကရှိခဲ့တာတွေပေါ့ဗျာ။ အခုအချိန်အထိ ဆက်ပြောရရင်တော့ ဟိုလူရွင်တော် ဆိုခဲ့ တဲ့ အတိုင်း သောက်ကျိုး နည်း ကုန်မှာ အသေအချာ ပါပဲ။ (သောက်ကျိုးလည်း နည်းခဲ့ကြပြီးပါပြီ)

နိုင်ငံရေး ဆောင်းပါး တစ်ပုဒ်ထဲ ဖတ်ဖူးသလိုပါပဲ။ အခုလို ဖြစ်ခဲ့တာတွေကို ဘယ်သူ့ကြောင့် ဘယ်ဝါကြောင့် ဘယ်ဝါဒကြောင့် ညာဝါဒကြောင့် စသဖြင့် လက်ညှိုးထိုးမနေပဲ အခုဘာလုပ်ကြ မလဲ ဆိုတာ စဉ်းစား သင့်ပါပြီတဲ့။ ဟုတ်ပါတယ်။ ကျွန်တော်လည်း ထောက်ခံပါတယ်။ ဒါပေမယ့် သမိုင်းဆိုတာတော့ မေ့လို့မရဘူး။ သင်ခန်းစာ ယူရအောင် သင်ကိုသင်ရမယ်း။ ဆရာကြီး ဒေါက်တာ သန်းထွန်းပြောခဲ့ သလိုပေါ့ဗျာ။ မအအောင် လို့ သမိုင်း တော့သင်ရမှာပေါ့။

ကျွန်တော်တို့ နိုင်ငံက ဒုတိယကမ္ဘာစစ်ပြီးခါစ ကလည်း အရှေ့တောင် အာရှမှာ ထိပ်ဆုံးကပါ။ ကျွန်တော် အမှတ်မထင် Google မှာ လျှောက်မွှေရင်းနဲ့ Time Magazine ကဦးနုပုံ နဲ့ ကျွန်တော်တို့ နိုင်ငံ ကိုယ်စားပြု တဲ့ စေတီပုံတွေ မျက်နှာဖုံးမှာ တွေ့လိုက်ရတော့ အရင်တုံးက များ တို့နိုင်ငံက ကမ္ဘာမှာ တော်တော် ၀င်ဆံ့တာပဲဟ လို့တောင် တွေးမိပါသေးတယ်။



အတိတ်က ရွှေထီးဆောင်းခဲ့ရတာတွေ ပြန်ပြောရရင် စင်ကာပူမြို့ တည်တော့ ကျွန်တော်တို့ ရန်ကုန်မြို့ကို တောင် လာကြည့်ခဲ့ရသေး လို့ ဆိုသဗျ။ အဲဒါကြောင့်နေမှာ တိုပါအိုး ဘုန်းကြီးကျောင်းနားမှာ မြန်မာ လမ်းနာမည်တွေ အများကြီးပဲ။ ပဲခူးလမ်း၊ မန်းလေးလမ်း၊ ဗန်းမော်လမ်း၊ ဧရာဝတီလမ်း၊ ရှမ်းလမ်း၊ ပုသိမ်လမ်း၊ မင်းဘူးလမ်း၊ အင်းဝလမ်း တဲ့ဗျာ။ Ava Plaza အင်းဝ ပလာဇာတောင် ရှိသေးတယ်။


အခုတော့ အခြေအနေတွေကတော်တော် ကွာခြားသွားပါပြီ။ ပြီးတော့ တစ်ခုသတိထားမိတာရှိသေးတယ်။ စင်ကာပူကို ၀င်တဲ့ စားသောက်ကုန်တော်တော်များများ ထိုင်းက လုပ်တာတွေ များတယ်။ ဆန်ဆိုတာ ကတော့ မပြောနဲ့တော့ အားလုံး ထိုင်းကကြည့်ပဲ။ အဲလိုမြင်ရတော့ ကျွန်တော် Envy ဖြစ်မိတယ်ဗျာ။ အတူတူခြင်းကို ကျွန်တော်တို့ နိုင်ငံက ဘာလို့ အဲလောက် နောက်ရောက်နေတာရလဲ။

ကျွန်တော်တို့ နိုင်ငံ ပြောင်းလဲဖို့ လိုအပ်နေတာ တော်တော်ကြာပါပြီ။ အခုတော့ နောက်လရွေးကောက်ပွဲတဲ့။ လာပြန်ပြီတစ်ခါ။ ကျွန်တော်ကတော့ ဘယ်လိုဖြစ်ဖြစ် အကောင်းဘက်ကနေပဲ မျှော်လင့်ပါတယ်။ ဘာပဲပြောပြော အကောင်းဘက်က မြင်ကြည့်ပါတယ်။ နိုင်ငံရေးအရ မပြောင်းလဲနိုင်သေးရင်တောင်မှ စီးပွားရေး အရတော့ ပြောင်းလဲသင့်ပြီ ထင်တာပါပဲဗျာ။ စင်ကာပူ၊ တရုတ်၊ ဗီယက်နာမ် တို့လိုပေါ့ဗျာ။

မြန်မာနိုင်ငံသား တွေ ပြည်ပနိုင်တွေမှာ ဘယ်လောက်ပဲ အဆင်ပြေပြေ ပညာတွေ ဘယ်လောက်တတ်တတ် မပြည့်စုံပါဘူး။ ကျွန်တော့်ရဲ့ ခံစားချက်ပါ။ ကျွန်တော့်ကို စင်ကာပူနိုင်ငံသား မိတ်ဆွေတစ်ယောက်က ပြောဖူးတယ်။ မင်းဒီမှာ နေတာကြာပြီပဲ။ အခွင့်အရေးရရင် စင်ကာပူနိုင်ငံသား ခံလိုက်ပါလားတဲ့။ ဒီမှာ အစစအစစ အရာရာတိုးတက်တယ်။ စီးပွားရေးကောင်းတယ် ဘ၀လုံခြုံမှု့ရှိတယ်။ မင်းအတွက် ဘာမကောင်းတာများရှိလဲ။ အနာဂတ်အတွက်လည်း ကောင်းနေတာပဲ။ မင်းတို့ဆီမှာထက် အများကြီးသာပါတယ်ကွာတဲ့။ သူကတော့ တကယ့် စေတနာနဲ့ ပြောတာပါ။ ကျွန်တော် သူ့ကို မေးခွန်းတစ်ခု ပြန်ထုတ်မိပါတယ
်။

ခင်ဗျားကို ဖိုက်စတား ဟော်တယ် မှာ တစ်သက်လုံးထားမယ် နေနိုင်လားလို့။

အဲလိုမေးတော့ တစ်သက်လုံးတော့ ဘယ်နေနိုင်မလဲကွတဲ့။ ကျွန်တော်လည်း ဒီလိုပါပဲလို့။ ကျွန်တော့်အနေနဲ့ စင်ကာပူမှာ နေနေရတာ ဖိုက်စတား ဟော်တယ်မှာ နေရသလိုပါပဲ။ အစစအရာရာ ကောင်းပေမဲ့ ကျွန်တော့်အိမ် မှ မဟုတ်တာဗျာနော့်။ မဟုတ်ဘူးလား မိတ်ဆွေ။

အောက်တိုဘာ ၂၀၁၀
မိုးတိမ်ညို

4 comments:

Rita October 19, 2010 at 3:58 PM  

မှန်လိုက်တာ။
အဲလိုမေးလာရင် အဲလိုပြောဖို့ idea မရှိဘူး။ မှတ်ထားရမယ်။

ကိုပေါ October 19, 2010 at 4:09 PM  

အဲဒီ ဖိုက်စတားဟိုတယ်ကြီးမှာ တက်ပြီး ဇိမ်ခံရတာမဟုတ်ဘဲ ဟိုတယ်ဝန်ထမ်း ဝင်လုပ်ရတာဆိုရင် သာဆိုးတော့တာပေါ့ဗျာ။ ဖိုက်စတားဟိုတယ်မှာ ဖတ်ဖတ်မောအောင် စားပွဲထိုးလုပ်လို့ ဟိုတယ်မီးဖိုချောင်မှာ ဟိုတယ်စာလေးတွေ မကြာမကြာ မျိုးမျိုးမြက်မြက် စားချင် စားရမှာပေမယ့်လည်း ကိုယ့်ပျဉ်ထောင်အိမ်ကလေးမှာပဲ ငါးပိရည်လေးစားပြီး လွတ်လွတ်လပ်လပ် စိတ်အေးလက်အေးနေရတဲ့ ဘဝမျိုးကို တမ်းတတတ်တာ သဘာဝပါ။

Moe Tain Nyo October 19, 2010 at 4:16 PM  

ဟုတ်ပါ့ကိုပေါရေ။ ဇိမ်ခံရတယ်ဆိုရင်တောင် တစ်သက်လုံး ဆိုရင်တော့ တော်တော် အဆင်မပြေဘူးဗျ။ :P

Thu October 20, 2010 at 10:06 AM  

I met a Singaporean, he worked in Yangon around 1970s with WP for building of Sixth Story (PSC) office at strand road. His WP needed to extend at immigration time by time.
A pensioner told me that door-to-door delivery was occurred around 60s, he remarked S’pore has just reached to our old standard.
Once a glittered umbrella was worn out by time and miss-management.

Visitors

About Me

  © Blogger template 'Perfection' by Ourblogtemplates.com 2008

Back to TOP