Friday, January 29, 2010

ကော်ပီ ယဉ်ကျေးမှု့

ဟုတ်ကဲ့။ ဒီအကြောင်းကို ရှက်လွန်းလို့ ရေးလိုက်တာလို့ပဲ ပြောပါရစေ။ အထူးအဆန်းတော့ မဟုတ်ပါဘူး။ ကော်ပီ ကိစ္စပါ။
အဓိကကတော့ ကော်ပီ သီချင်းကိစ္စ။

ဟော အခုတစ်ခေါက် လာပြန်ပြီ။ ရွှေနိုင်ငံက နာမည်အကြီးဆုံး တီးဝိုင်းနဲ့ နာမည် အကြီးဆုံး အဆိုတော်တွေ နိုင်ငံခြားမှာ တစ်ခေါက်လာ ဖျော်ဖြေကြပြန်ပါပြီတဲ့။ ကျန်တဲ့ သူတွေကတော့ အဲဒီအတွက် ပျော်နေကြမှာပါ။ အဲလို ပျော်နေတဲ့ သူတွေကို လည်း တောင်းပန်ပါတယ်ဗျာ။ ကျွန်တော်ကတော့ မပျော်တဲ့ အပြင် ငှက်ကုလား အုတ်လို့ မျက်နှာကို မြေကြီးထဲ ဖွက်ထား ချင်လောက်အောင် ရှက်ပါတယ်။ ဒါလည်း ကျွန်တော့် အကြောင်းနဲ့ ကျွန်တော်ဗျို့။

ဒီလိုဗျ။ ကျွန်တော် အလုပ်လုပ်တဲ့ ရုံးမှာ သီချင်းရူး ဂီတရူးတွေရှိတယ်လေ (နိုင်ငံခြားသားတွေပါ)။ သူတို့က အားတဲ့ အချိန်ဆို သီချင်းတွေ ဖွင့်ကြ နားထောင်ကြ ဂီတအကြောင်း ဆွေးနွေးကြ လုပ်ကြတယ်။ တစ်နေ့တော့ သူတို့က မင်းတို့ မြန်မာသီချင်းတွေ နားထောင်ချင်တယ် ဖွင့်ပြစမ်းပါဆိုလို့ ကျွန်တော့် သူငယ်ချင်းက အခုနာမည်ကြီး သီချင်းတွေ တော်တော်များများ ဖွင့်ပြ လိုက်တယ်လေ။ အဲဒီကြမှဗျာေ×က်ရှက်ကို ဗျမ်းဗျမ်းကွဲရော။ သူဖွင့် ပြတဲ့ သီချင်းတွေက ကော်ပီသီချင်းတွေကြည့်ပဲ။ ဟိုသီချင်းဖွင့်တော့လည်း ဟင်ဒါက ဟိုအဆိုတော်ရဲ့ သီချင်း။ ဒီသီချင်းဖွင့်တော့လည်း ဒါကဒီအဆိုတော်ရဲ့ သံစဉ်။ ကံဆိုးချင်တော့ အဲဒီနေ့က ဖွင့်ပြတဲ့ ဟာတွေကလည်း နိုင်ငံခြားအဆိုတော်တွေရဲ့ သီချင်းကို ကော်ပီလုပ်ထားတာ တစ်ခုမှကို မလွတ်ဘူး။ အဲဒီတော့ဗျာ သူတို့က ဘာပြောလဲဆိုတော့ ဟင် မင်းတို့ မြန်မာတွေက သီချင်းမစပ်တတ်ဘူးလားတဲ့။ သေရောဗျာ။

သူတို့ပြောလည်း ပြောချင်စရာပဲ။ အားလုံးက စာသားထည့်ထားတဲ့ သီချင်းတွေကြည့်ပဲ။ ပြီးတော့ သူတို့က ထပ်ပြောသေးတယ်။ အဲဒီလူကတော့ တကယ့် စေတနာနဲ့ ပြောတာပါ။ အဲလိုဆိုရင် မင်းတို့ မြန်မာ အဆိုတော်တွေ ကမ္ဘာမှာ ဘယ်တော့မှ မတိုးနိုင်ဘူးတဲ့။ ကိုယ်ပိုင်သံစဉ်မှ မရှိတာတဲ့။ အဲဒီတော့ ကျွန်တော်လည်း လူမျိုးထိလာတော့ အစွမ်းကုန် ကာကွယ်ရတာပေါ့။ အဲလို မဟုတ်ဘူးဗျ။ ကိုယ်ပိုင်သံစဉ် တွေလည်း အများကြီးရှိပါတယ်လို့။ အေးပါတဲ့။ ရှိတယ်ဆိုတာတော့ သိပါတယ်တဲ့။ ဒါပေမယ့် ရာခိုင်နှုန်း နည်းတယ် မဟုတ်လားတဲ့။ သူတို့ပြောတာလည်း မှန်နေတော့ ငြိမ်ပဲ နေလိုက်ရပါတယ်ဗျာ။

အင်း ပြန်စဉ်းစား ကြည့်တော့လည်း ဂီတသမားတွေကိုလည်း အပြစ်မတင်ရက်ပါဘူးဗျာ။ ငွေရေး ကြေးရေးအရလည်း ကြည့်ရသေးတာကို။ ကျွန်တော့် မိတ်ဆွေတစ်ယောက်ပြောတာတော့ (သူက ဂီတလောက ကို ကျွန်တော်တို့ထပ်ပိုပြီး နှံ့နှံ့ စပ်စပ်ရှိတဲ့သူပါ) ဘာလို့လဲ မသိဘူးကွ ကိုယ်ပိုင်သံစဉ်နဲ့ စီးရီးထုတ်ရင် ကော်ပီလောက် မပေါက်ဘူး။ အဓိကကတော့ကွာ ကော်ပီလောက် ၀င်ငွေမရဘူးတဲ့။

ပြောရရင်တော့ ကျွန်တော်ကိုယ်တိုင်လည်း ကော်ပီ သီချင်းတွေနဲ့ ကြီးပျင်းလာခဲ့တာပါ။ ဒါပေမယ့် အဲဒါ မသိခင်ကဗျ။ အခု သိတဲ့ အချိန်မှာတော့ လုံးဝအားမပေးဘူး။ ရှက်တတ်လာ တယ်ဗျာ။ အခုဟာက ကော်ပီဆိုတာ ယဉ်ကျေးမှု့ ကြီးတစ်ခုလိုကို ဖြစ်နေပြီလို့ထင်တာပဲ။

ကဲ မိတ်ဆွေပဲ စဉ်းစားကြည့်ဗျာ။ မိတ်ဆွေရဲ့ မိတ်ဆွေ နိုင်ငံခြားသားတွေကို သူများ သီချင်းတွေ စာသား ထည့်ဆိုနေတဲ့ အဆိုတော်တွေကို ဒါကျုပ်တို့ နိုင်ငံက နာမည်ကြီး (ဆယ်လီဘလယ်တီ) အဆိုတော်တွေ လေ လို့ ရဲရဲ ပြောနိုင်ပါ့ မလားလို့ ဆိုတာ။

အဲဒီတော့ဗျာ မြန်မာသီချင်းလေးတွေကို တမ်းတနေတဲ့ နိုင်ငံခြားက ရောက် ညီအစ်ကို မောင်နှမတွေ ကိုလည်း ကိုယ်ချင်းစာတယ်၊ ရတဲ့ အခြေအနေလေးနဲ့ ဖြစ်အောင်လုပ်ကြရတဲ့ တေးရေးဆရာတွေ အဆိုတော်တွေ ဂီတသမား တွေကို လည်း စာနာတယ်၊ အဲ ဒါဒို့ မြန်မာကွဆိုပြီး နေရာတိုင်းမှာ လက်မထောင်ချင်တဲ့ ကိုယ့်ကိုကိုယ်လည်း သနားမိပါတယ်။

အော်နောက်ဆုံးတော့ တရားရှာကိုယ်မှာသာ တွေ့ဆိုသလိုပေါ့။ ငါကိုက စိတ်မထားတတ်လို့ မကောင်းတဲ့ ဘက်က ကြည့်တွေးနေတာလို့ပဲ ဖြေသိမ့်ရတယ်။ တစ်ခါတစ်လေကျတော့ ဖြစ်နေတဲ့ အခြေအနေတွေကို အပြစ်တင်မနေပဲ နဲ့ ဒီအခြေအနေထဲက ဘယ်လိုရုန်းထွက်ရင် ကောင်းမလဲ စဉ်းစားတာပိုကောင်းတယ် ထင်ပါ့။

ဥပမာ ဗျာ (ကန်တော့ပါရဲ့) အိမ်သာတွင်းထဲ ကျနေတဲ့သူတစ်ယောက် က အောင်မလေး ဒီအိမ်သာကျွင်းကြီးက လည်းနံလိုက်တာ။ အမလေး ရွံစရာကောင်း လိုက်တာ။ အန်ချင်လိုက်တာ စသဖြင့် ညည်းနေလို့ ဘာထူးမှာလဲဗျ။ အိမ်သာကျွင်းပါဆိုနံမှာပေါ့၊ ရွံစရာကောင်းမှာပေါ့။ ဖြစ်သင့်တာက ဘယ်လိုရုန်းထွက် ရမလဲပဲ စဉ်းစား။ ကျန်တာတွေကို အပြစ်တင်မနေနဲ့တော့။ ဒါပဲ အကောင်းဆုံး။

မိုးတိမ်ညို
ဇန်ဇ၀ါရီ၊ ၂၀၁၀။

Tuesday, January 26, 2010

သိပြီး မရှိသော အကြောင်းများ

“မရှိတာထက် မသိတာခက်တယ်” တဲ့။

အဲဒီစကားပုံလေးက လူတိုင်းကြားဖူးကြမှာ။ မိတ်ဆွေတော့ ဘယ်လိုလဲ မသိဘူး။ ကျွန်တော်ကတော့ အရင်က ခဏခဏ ကြားဖူးပေမယ့် သေချာကို စဉ်းစား မကြည့်ဖူးဘူး။ အခုမှ သေချာ စဉ်းစား ကြည့်မိတော့ မရှိတာ ကခက်တယ် ဒါပေမယ့် မသိတာက ပိုခက်တယ် အဲလို နားလည်မိပါတယ်။

ဟုတ်တာပေါ့။ မရှိတာ ခက်တာပေါ့။ ကျောက်ခေတ်က လူတွေမှာ အိမ်မရှိဘူး။ ကျောက်ဂူထဲမှာ နေကြရတယ်။ ခက်တာပေါ့။ လူတစ်ယောက် ရောဂါဖြစ်တယ်။ ဆေးကုစရာ ပိုက်ဆံ မရှိဘူး။ ဒါလဲ ခက်တာပဲ။

မသိလို့ ခက်တာတွေလည်း အများသား။ ကျောက်ခေတ်ကလူတွေ သံကို အသုံးချရမှန်း မသိသေးဘူး။ အဲဒီတော့ ခုတ်စရာ ထစ်စရာ ဖြတ်စရာ ရှိရင် ကျောက်တုံး ကျောက်ချွန်တွေကို သုံးရတယ်။ ခက်တာပေါ့။ တောက လူတစ်ယောက် ငှက်ဖျားရောဂါကို ဘယ်လိုကာကွယ်ရမှန်းမသိဘူး။ အဲဒါလည်း ခက်တာပဲ။

အဲလိုဆိုတော့ မရှိတာရော မသိတာရော ခက်တယ်ဆိုတာ ဟုတ်တာပေါ့။ ဒါပေမယ့် အဲဒီထက် ပိုခက်တာ ရှိသေးတယ်။ “သိပြီးတော့ မရှိတာ”။ တကယ်ကို အဲဒါက အခက်ဆုံးပဲဗျ။

ကျွန်တော်တို့ တစ်တွေ အင်တာနက်ဆိုတာ လက်ရှိ ကမ္ဘာကြီးရဲ့ မျက်လုံး၊ မရှိမဖြစ် ကွန်ယက် ဒါကို သိကြတယ်။ ဒါပေမယ့် မြန်မာနိုင်ငံ မှာအင်တာနက်ကို သုံးချင်တိုင်း သုံးလို့ မရဘူးဗျာ။ အကန့် အသတ် ကြီးနဲ့ ပဲသုံးရတယ်။ မခက်လား။ လျှပ်စစ်မီး အရေးကြီးတာ လူတိုင်း သိတယ်။ ဒါပေမယ့် ပုံမှန် မရဘူး။ မခက်လားဗျာ။

ဒါတင် မကသေးဘူး။ ဘာသာရေးဘက်ကို စဉ်းစား ကြည့်ဦး။ ဥပမာ ငါးပါးသီလ လုံရင် ကောင်းတယ် ဆိုတာ လူတိုင်းသိတယ်။ ဒါပေမယ့် မလုံနိုင်ဘူး။ မခက်ပါလား။

ကျန်းမာရေး ဘက်ကို စဉ်းစားကြည့်ဦး။ အိမ်တိုင်း ယင်လုံ အိမ်သာရှိသင့်တယ်။ ဒါလူတိုင်းသိတယ်။ ဒါပေမယ့် ကျေးလက်တောရွာတွေမှာ အိမ်တိုင်း မရှိသေးဘူး။ မခက်လားဗျာ။

အဲဒါတွေက သိပြီး မရှိတာတွေဗျ။ အဲ နောက်တစ်ခုရှိသေးတယ်။ ရှိပြီးတော့ မသိတာ။ ဒါလည်း ခက်တာပဲ။ ကျွန်တော် အဲလိုလူတွေ့ ဖူးတယ်။ သူဌေးသားတစ်ယောက်။ သူ့ အဖေက ပိုက်ဆံ တော်တော်ချမ်းသာတယ်။ အဲဒီလူက ကားကို သိန်း နှစ်ရာ တန်ကားကနေ သိန်း လေးရာတန်ကား ပြောင်းစီးတယ်။ ကျွန်တော်က အိမ်မှာ အင်တာနက် ချိတ်ပါလားဆိုတော့ ဟင် လတိုင်း ပိုက်ဆံသွင်းနေရမှာ နှမြောစရာကြီးတဲ့။ ကဲ အင်တာနက် ဘယ်လောက် အသုံးဝင်တယ် အရေးပါတယ်ဆိုတာ မသိတာ။ ဒါလည်း မခက်လား။

စာကြည့်တိုက်မှာ အလုပ်လုပ်တဲ့ သူတစ်ယောက်။ စာအုပ်တွေ အလကား ငှားဖတ်လို့ရပေမယ့် မဂ္ဂဇင်းနဲ့ ကာတွန်းက လွဲရင် မဖတ်ဖူးဘူးတဲ့ဗျာ။ ကျန်တဲ့ တန်ဖိုးရှိတဲ့ စာအုပ်တွေ ကြတော့ ဖတ်ရကောင်းမှန်းကို မသိတာတဲ့။ ကဲ မခက်လား။ ဒါတွေက ရှိပြီး မသိတာတွေ။

မရှိတာက ခက်တယ်ဆိုပေမယ့် မသိရင်လည်း မခက်ပြန် ဘူးဗျ။ တောက လူတွေ အင်တာနက် မရှိဘူး။ ဟန်းဖုန်း မရှိဘူး။ ဒါပေမယ့် သူတို့ အတွက် ခက်တယ်လို့ မထင်ကြဘူး။ ဘာလို့ လဲ။ သူတို့က အင်တာနက် တို့ ဟန်းဖုန်းတို့ ဘယ်လောက် အသုံးဝင်လည်း သိမှ မသိပဲကိုး။

တကယ်တမ်းက သိတဲ့ သူတွေက ပိုခက်တာ။ များများသိလေ များများ ခက်လေပဲဗျာ။ များများ သိလေ ပိုကောင်း တာတွေကို လိုချင်လာလေပဲ။ အဲဒီတော့ ဗျာ “သိပြီးတော့ မရှိတာ အခက်ဆုံးဗျ”။ တစ်ခါတစ်လေ တော့သိတာတွေ များလာလို့ စိတ်မချမ်းသာရတာတွေ များလာသလိုပဲ။ တစ်ချို့ ကိစ္စတွေကအစကတည်း ကမသိရင် အကောင်းသားဗျ။ သိတော့မှ ဒုက္ခပိုရောက်တာဗျို့။ လူရဲ့ မှတ်ဥာဏ်ကို ကွန်ပြူတာထဲက ဖိုင်တွေလို ကိုယ် မလိုချင်တာလေး တွေ ရွေးဖျက်လို့ ရရင် အကောင်းသားလို့တောင် တွေးမိပါရဲ့ဗျာ။

အဲလိုပြောလို့ “ကိုင်းဗျာ ဒါဖြင့်ရင် သိရဲ့ သားနဲ့ မရှိအောင် လုပ်တဲ့ သူတွေကြတော့ရော” လို့တော့ ကတ်သီး ကတ်သတ် မမေးလိုက်ပါနဲ့ မိတ်ဆွေ။ ဒါကတော့ သူတို့ မှာ မရှိစေချင်တဲ့ အကြောင်းရှိလို့ နေမှာ ပေါ့ဗျ။ ဘာအကြောင်းလဲ လို့တော့ ထပ်မမေးနဲ့လေဗျာ။ ကျွန်တော် မသိတော့ဘူးဗျ။ ခုနကပဲ Delete လုပ်လိုက်ပြီ။ စိတ်ညစ်လွန်းလို့။

ဇန်ဇ၀ါရီ ၂၀၁၀
မိုးတိမ်ညို

Saturday, January 23, 2010

နိုင်ငံ ခြားရောက် ရွှေများ အကြောင်း

ဒီအကြောင်းက ကျွန်တော် တကယ်ကို မရေးချင်တဲ့ အကြောင်းပါ။ ဒါပေမယ့် မရေးပဲ လည်း မနေနိုင်လို့ ရေးလိုက်ပါပြီ။

အခု စင်ကာပူရောက် မြန်မာတွေ ကြားမှာ ‘ဟော့’ ဖြစ်နေတဲ့ အကြောင်းပေါ့။ စင်ကာပူ ST သတင်းစာ မှာ ပါလာတဲ့ ဆောင်းပါး တစ်ပုဒ်နဲ့ ပတ်သက်ပြီး ကွန့်မင့် တိုက်ပွဲတွေ ဖြစ်သွားတယ်ဆိုပဲ။

သတင်းစာပါ အကြောင်းတစ်ချို့ကိုရော ကွန့်မင့် တစ်ချို့ ကိုပါ မကျေနပ်ကြတဲ့ ကျွန်တော်တို့ မြန်မာတစ်ချို့က ကွန့်မန့်တွေ ပြန်ရေးရင်း နဲ့ တစ်ချို့ရေးတဲ့ ကွန့်မန့်တွေက လွန်လွန် ကျူးကျူး တွေ ဖြစ်ကုန်ကြပါရောဗျာ။
အဲဒီ ဟာတွေကို သွားဖတ်မိတဲ့ ကျွန်တော် လည်း ရသမျိုးစုံခံစားလိုက်ရပါတယ်ဗျာ။ ပထမတော့ ဒေါသထွက်တယ်၊ ပြီးတော့ ၀မ်းနည်းတယ်၊ စိတ်မကောင်းဖြစ်တယ်၊ စိတ်ပျက်တယ်၊ အားတက်တယ်၊ အဲ မရှက်မကြောက် ၀န်ခံ ရရင် စိုးရိမ် စိတ်လည်း ဖြစ်မိတယ်ဗျ။

တစ်ခုချင်းကို ရှင်းပါရစေ။

ဒေါသထွက်တာကတော့ ကျွန်တော်တို့ နိုင်ငံသားတွေကို စော်ကားမော်ကား ခပ်နှိမ်နှိမ်လေး ပြောတဲ့ ရေးတဲ့ အတွက်ပါပဲ။ (ကျွန်တော်ဖတ်မိသလောက်တော့ ဆောင်းပါးက အဲလောက် မဆိုးပါဘူး။ ကွန့်မန့် တစ်ချို့က ပိုဆိုးတာပါ။)
ဝမ်းနည်းတာကတော့ သြော် ငါတို့ တွေဒီလို ခံနေရပါလား ဆိုပြီး တွေးမိလို့ပါ။

စိတ်မကောင်း ဖြစ်တာကတော့ ဒီလိုခံနေရတာကို ဘာမှ မလုပ်နိုင်တဲ့ အတွက်ကြောင့်ပါ။

စိတ်ပျက်တာကတော့ တစ်ချို့ မျိုးချစ်ပုဂ္ဂိုလ်တစ်ချို့ ရဲ့ မရင့်ကျက်မှု့ကြောင့် ပါ။

အားတက်တဲ့ အချက်ကတော့ ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်တော်တို့ တစ်တွေက ကိုယ့်နိုင်ငံနဲ့ လူမျိုးကို ဘယ်နေရာရောက်ရောက် ချစ်ကြပါလားဆိုပြီး စိတ်ချလုံခြုံ အားတက်မိတာပါ။

တစ်ခုတော့ ၀န်ခံပါရစေ။ စိုးရိမ်တယ်ဆိုတာ ကိုယ့် ရဲ့ ခနော်နီ ခနော်နဲ့ ကုလားထိုင်လေး လှုပ်သွား မှာစိုးရိမ်မိ လို့ပါပဲ။ လူဆိုတဲ့ အမျိုးကလည်း အဆိုးဆုံးဆိုရင် မရမရ လမ်းရှာပြီးတွေးတတ်ကြတယ်လေ။ (မဖြစ်နိုင်မှန်း သိရက်နဲ့ပါ)

ယေဘူယျအား ဖြင့် ကြည့်ရင် စင်ကာပူလို ပထမကမ္ဘာ နိုင်ငံက သူတွေက ကျွန်တော်တို့လို တတိယမ္ဘာနိုင်ငံ ကသူတွေကို ခပ်နှိမ်နှိမ်လေး ဆက်ဆံချင်ကြတယ်။ ဒါလည်း ထားပါတော့လေ။ လူ့သဘာဝလို့ ပဲ ပြောချင် ပါတယ်။ မြင့်နေတဲ့သူကတော့ နိမ့်နေတဲ့သူကို ငုံကြည့်မှာပဲလေ။ ကျွန်တော်တို့လည်း ကိုလိုနီခေတ် တုံးက ကျွန်တော်တို့ဆီမှာ အလုပ်လာလုပ်တဲ့ အောက်ခြေလူတန်းစား ကုလားတွေကို ခပ်နှိမ်နှိမ်လေး ဆက်ဆံ ကြတာပဲလေ။

အခု ဖြစ်တဲ့ အခြေအနေက တစ်ချို့ စလုံးတွေက သူတို့ အစိုးရ ပေါ်လစီ ကို မကြိုက်လို့ ဝေဖန်တာက နေစတယ်လို့ ထင်ပါတယ်။ စလုံး အစိုးရက နိုင်ငံခြား ပညာရှင်ဆိုပြီး ခေါ်လိုက်တာ ခေါ်လိုက်တာ တကယ်တော့ ပညာရှင်မဟုတ်ပဲနဲ့ လုပ်ခနည်း အလုပ်သမား တွေဖြစ်နေတယ်လို့ ဆိုပါတယ်။ သူတို့ ပြောတာလည်း မှားတယ်လို့တော့ ပြောလို့ မရပါဘူး။ အဲလို ခေါ်တော့ ဘာဖြစ်လဲ။ သာမာန် လူတန်းစား စလုံးတွေ မှာ သွားထိပါတယ်။ သာမာန် လူတန်းစားတွေက နိုင်ငံ ခြားသားတွေနဲ့ ယှဉ်ပြီး အလုပ်ရှာ နေရတာလေ။ နိုင်ငံခြား အလုပ်သမားက လုပ်ခပိုနည်းတော့ သူတို့နဲ့ ယှဉ်ရင် ဒေသခံ စလုံးတွေ က အခွင့် အရေး ပိုနည်းသွားကြ တာပေါ့။ သူတို့ အတွက်က အလုပ်က မရှိလို့ ကိုမဖြစ်ရှာဘူးလေ။ တကယ်ပါ။ သူတို့ ဘ၀မှ ၀န်ထမ်း အလုပ် မလုပ်လို့ကို မရဘူး။ ဘာပဲ ပြောပြော ကျွန်တော်တို့ နိုင်ငံမှာက ၀န်ထမ်း မလုပ်ချင်ရင် ကွမ်းယာဆိုလေး၊ အိမ်ဆိုင်လေး ဖွင့် နေလို့ရသေးတယ်။ ကိုရွှေ စလုံးတို့က အဲလိုဆိုတော့ သနားစရာတော့ အကောင်းသားဗျ။

ပြီးတော့ ဘော့(စ်) လို့ခေါ်တဲ့ အလုပ်ရှင် သူဌေးတွေ။ ဒီနေရာမှာတော့ ၀ါးလုံးရှည်နဲ့ သိမ်းရမ်းပါရစေ။ (ကောင်းတဲ့ သူဌေးတွေလည်း ရှိပါတယ်။) အများစုကတော့ စီးပွားရေး သမားစိတ်ပဲ။ အတ္တကြီးတယ်ပေါ့ဗျာ။ တစ်ဖက်သားကို ကိုယ်ချင်း မစာဘူး။ စာနာစိတ်မရှိဘူး။ နားလည် မပေးနိုင်ဘူး။ သူတို့ဘက်ကကြည့် ရင်လည်း မှန်မှာပဲဗျ။ အဲလိုလုပ်မှလည်း သူဌေးဖြစ်မှာကိုး။

ကျွန်တော်တို့ လူတစ်ချို့ကို တစ်ခါတစ်လေကျတော့ တအားရယ်ချင်တယ်။ တစ်ချို့ လူတွေက အမြဲပြောတယ်။ သူ့ကို ဘော့(စ်) ကဘယ်လို သဘောကျတာ။ ဘယ်လိုပစားပေးတာ။ သူများ မရတဲ့ အခွင့် အရေးတွေရတယ်။ စသဖြင့်ပေါ့။ ကျွန်တော် တစ်ခုပဲ ပြောလိုက်ချင်ပါတယ်။ စာဖတ်သူ မိတ်ဆွေအနေနဲ့ နွားသတ်သမား တစ်ယောက် နွားတစ်ကောင်ကို ကြည့်တဲ့ မျက်လုံး မျိုး မြင်ဖူးပါသလား။ ဒီနွား ဘယ်လောက် အချိန်စီးမလဲ ဆိုတဲ့ အကြည့်မျိုး။ အဲလိုပါပဲ။ နွားသတ်သမား တစ်ယောက်က ဟာ ဒီနွားကြီး လှလိုက်တာကွာ လို့ ချီးကျူးတာ အဲဒီနွားက ဂုဏ်ယူရမလား။ စဉ်းစား ကြည့်ကြပါ။ (ကျွန်တော်ပြောတာ နည်းနည်း အစွန်းရောက်တယ်ဆိုတာ ၀န်ခံပါတယ်)

အဓိက ပြောချင်တာက ဘော့(စ်) လို့ ခေါ်တဲ့ သူဌေး အများစုက အဲလိုပါပဲ။ ဒါကြောင့် ကျွန်တော်တို့ မှာ မကျေနပ်ချက်တွေ နေ့စဉ်နှင့် အမျှ တွေ့နေရလေပါပဲ။ မြန်မာနိုင်ငံ မှာ အလုပ်လုပ်ရင် လည်း ဒါမျိုးကတော့ အနည်းနဲ့ အများရှိမှာပဲလေ။ ဒါပေမယ့် နိုင်ငံ ခြားမှာ လောက်တော့ ခံစားချက် ပြင်းချင်မှ ပြင်းမှာပေါ့။ ကိုယ့်နိုင်ငံ မှာကိုယ့် မိသားစုနဲ့ နေရတာကတစ်ကြောင်း ကိုယ့်လူမျိုးခြင်း ဖြစ်နေတာက တစ်ကြောင်း ဆိုတော့ ဒီမှာထက်စာ ရင် ပို ဖြေသိမ့်လို့ ရမှာပေါ့။ အဲလိုနဲ့ ကျွန်တော်တို့ အများစုက သူများ နိုင်ငံ မှာ အလုပ်လုပ်နေရ လို့၊ အဲဒီနိုင်ငံ သားတွေက ခွဲခြားဆက်ဆံတာ ခံနေရလို့ နေ့စဉ်နှင့် အမျှ ဆူးတွေ တစ်ချောင်းပြီးတစ်ချောင်း ပေါက်နေကြပါတယ်။ တကယ်သာ မကျေနပ်တိုင်းသာ ဆူးတစ်ချောင်း တစ်ချောင်းပေါက်ရမယ်ဆိုရင် လူလည်း ဇီးပင်ကြီး ဖြစ်နေလောက်ပါပြီ။

အဲဒီ သိမ်းထားတဲ့ ခံစားချက် တွေက မီးပွားလေး တစ်ပွားကျတာနဲ့ ထပေါက်တဲ့ ဆီတိုင်ဂီလိုပါပဲ။ ဒါပေမယ့် တစ်ခု မကောင်းတာက တစ်ချို့ တုံ့ ပြန်မှု့တွေက ခံစား ချက်ပြင်းနေတော့ အလွန် အကျွံတွေ ပြောမိကုန်ရော။ အဲလို ပြောလေ ကိုယ်ဘက်က ပိုနာလေပါပဲ။ သူများကို နှိပ်ကွပ်ချင်ဇောနဲ့ ကိုယ်က ပိုခံရတာ ကို မသိလိုက်ပါဘူး။ ကျွန်တော့် ဒေါ်ကြီးတစ်ယောက် ပြောသလို ဆိုရင် ဒီကောင်က တော့ သူများ လုပ်ဖို့ ဆိုရင် ချီးငုံ ထွေးမယ့်ကောင်တဲ့။ ဟုတ်ပါ့ဗျား။ သူများကို ချီးပေပါစေတော့ ဆိုပြီး ငုံထွေးတာတဲ့ဗျာ။ သူများ ပေဖို့ ပဲ အရေးကြီးတယ်။ ကိုယ်ငုံချင်ငုံရပစေတဲ့။ တော်တော်ခက်တဲ့ သူတွေပဲ။

တကယ်တော့ ဒီလို အဖြစ်တွေက အကြောင်းအရာ ကအဓိကမဟုတ်ဘူးလို့ ထင်ပါတယ်။ အခြေ အနေကြီးကြောင့်ပါ။ ကျွန်တော်တို့ တစ်တွေ ကိုယ့်နိုင်ငံ ကိုယ် ပြန်မနေနိုင်သေးသ၍ မြန်မာနိုင်ငံ သားလို့ လက်မ မထောင်နိုင်သေး သ၍ကတော့ အလားတူ အဖြစ်တွေကို ကြုံတွေ့နေရဦးမှာ အသေအချာပါပဲဗျာ။
နိုင်ငံခြားကို လာပြီး အလုပ်လုပ်တဲ့သူတွေထဲမှာ လည်း အမျိုးအမျိုး အစားစား ရှိပါတယ်။ တစ်ချို့ ပိုက်ဆံလာရှာဖို့၊ တစ်ချို့ ရွှေ့ပြောင်း အခြေချဖို့၊ တစ်ချို့ကတော့ ဘာမှန်းညာမှန်းမသိ လောလော ဆယ်အခြေအနေအရ မီးစင်ကြည့်ကနေတာ။ အဲဒီ အထဲမှာ ရွှေ့ပြောင်း အခြေချဖို့ စိတ်ကူးတဲ့ သူတွေကို တော့ မပြောတော့ပါဘူး။ မှန်တယ် မှားတယ်လဲ ပြောလို့မရပါဘူး။ လူတိုင်းက ကိုယ့် ဘ၀နဲ့ ကိုယ်ပဲလေ။ ကိုယ်လုပ် သလိုမလုပ်လို့ မှားတယ်လို့ ဘယ်ပြောလို့ရပါ့မလဲ။ ပိုက်ဆံရှာပြီး ပြန်မယ့်သူတွေ နဲ့ ဘာမှန်း ညာမှန်း မသိသေးတဲ့ သူတွေကတော့ အမြဲတမ်း ပြန်ဖို့ တစ်ပြင်ပြင်ပါပဲဗျာ။ သူသူ ကိုယ်ကိုယ် ကိုယ့်နိုင်ငံ မှာ ပြန်နေချင်ကြတယ်ဗျ။ စင်ကာပူ ကလည်း သနားစရာကောင်းပါတယ်ဗျာ။ ရုပ်ဝတ္ထုပစ္စည်း ဒီလောက်အဆင်ပြေအောင် လုပ်ပေးထားတာကို ကျွန်တော်တို့ ကိုပျော်အောင် မလုပ်ပေးနိုင်ဘူးလေ။ မပျော်ဘူးဆိုတာလည်း ကိုယ့်အခြေအနေနဲ့ ကိုယ်ဗျ။ အဲ ကိုရွှေအမေရိကန်ကြီး၊ ကိရွှေယူရိုပီယန်ကြီး ဆိုရင်တော့ ပျော်ချင် ပျော်မပေါ့ဗျာ။ သူတို့ ဆိုရင် စလုံးတွေက ၀ိုင်းမထားတာကိုး။ ဆရာကြီး အနေနဲ့ နေရတာကိုး။ ကျွန်တော်တို့ အများစုကတော့ တပည့်ကြီး အနေနဲ့ လာရတာဆိုတော့ ဘယ်ပျော်ပါ့မလဲဗျ။ ဒါလည်း သဘာဝကျပါတယ်။

မြန်မာနိုင်ငံ ပြန်ချင်တယ် ပြန်ချင်တယ် ဟု ညည်းကြသူများကို လည်း စာရေးဆရာကြီး တစ်ယောက် ပြောပြ ဖူးတဲ့ အကြောင်းလေး တစ်ခု ပြန်ပြီး ဖောက်သယ်ချချင်ပါတယ်။

တစ်ခါက လေယဉ်မှုးကြီး တစ်ယောက်ရှိသတဲ့။ အဲဒီ လေယာဉ်မှုးကြီးက သူလေယာဉ် အတက်အဆင်းလုပ်တဲ့ လေယာဉ်ကွင်း စပ်က ချောင်းလေး တစ်ချောင်းမှာ လူငယ်ကလေး တစ်ယောက် မြက်အုပ်ထုပ်လေးဆောင်းပြီး ငါးမျှားနေတာကို လေယာဉ်တက်တိုင်း တွေ့သတဲ့။ အဲဒီတော့ သူလည်း တွေးမိတယ်။ သြော် သူ့ဘ၀များ အေးချမ်းလိုက်တာ။ ဇိမ်လေးနဲ့ ငါးထိုင်မျှားရုံပဲ။ ငါ့ဘ၀များ စထက်တွေများကြီး ပင်ပန်းလိုက်တာပေါ့။ ငါလည်း သူလို့ပဲ နေချင်လိုက်တာလို့ သူရဲ့ စထရက် များလှတဲ့ လေယဉ်မှုးဘ၀နဲ့ နှိုင်းယှဉ် ကြည်မိပါတယ်တဲ့။ အဲဒီမှာ ဆရာပြောထားတာကတော့ အဲဒီ လေယာဉ်မှုးက ငါးမျှားနေတဲ့ ကောင်လေး ဘ၀ကို လိုချင်နေ တယ်ဆိုတာ တကယ်ဟုတ်ရဲ့လား။ တကယ်တမ်း တွေးကြည့်တော့ မဟုတ်နိုင်ပါတဲ့။ ခဏတစ်ဖြုတ် အပန်းပြေရုံလောက်တော့ နေနိုင်မှာပေါ့။ ဒါပေမယ့် မင်းတကယ် ငါးမျှားစားတော့ ကွာဆိုရင် တော့ သူဘယ်နေနိုင်ပါမလဲတဲ့။ အခုလက် ရှိအခြေအနေက စိတ်ညစ်စရာကောင်းနေတော့ ချောင်းဘေး မှာ အေးအေးလူလူ ထိုင်ငါးမျှားနေတဲ့ ကောင်လေးကတော့ စိတ်ချမ်းသာမှာပဲလို့ ထင်ပြီး သူ့ဘ၀နဲ့ ခဏတစ် ဖြုတ်သာ လဲချင်တာပါ။ (တကယ်တော့ အဲဒီ ငါးမျှားနေတဲ့ ကောင်လေးကလည်း ပူပင်သောက များစွာနဲ့ ဖြစ်ချင် ဖြစ်မှာပေါ့။ ဥပမာ အခု ရတဲ့ ငါးကို ရောင်းမှ ဒီညနေစာ ဆန်ဝယ်နိုင်သလိုမျိုး။)

ပြောချင်တာက အခု စင်ကာပူရောက်နေတဲ့ ကျွန်တော်တို့ တော်တော်များများလ ည်း အဲလိုပဲ မကြာခဏ တမ်းတ မိကြပါတယ်။ အမလေး စင်ကာပူများ စထရက် များလိုက်တာကွာ။ စက်ရုပ်နိုင်ငံပဲ။ ကိုယ့်နိုင်ငံကို ပြန်ပြီး လယ်စိုက်စားတာက မှ ကောင်းဦးမယ်။ အဲလို ညည်းကောင်း ညည်းဖူးကြပါလိမ့်မယ်။ တကယ်တော့ အဲလို ဖြစ်တာဟာ ဟိုလေယာဉ်မှုးငါးမျှားနေတဲ့ ကောင်လေးကို အားကျသလိုပါပဲ။ တကယ်တမ်း ပြန်ကွာ ဆိုရင် ဘယ်သူမှ မပြန်နိုင် ကြသေးပါဘူး။ အခြေအနေ အကြောင်း အမျိုးမျိုးကလည်း ရှိသေးသကိုး။ အဲလို ပြန်ချင် ရက် နဲ့ မပြန်နိုင်လေ မကျေနပ်မှု့ အစိုင်အခဲက ကြီးလေပဲလေ။ အဲဒီတော့ ကျွန်တော်တို့ ကလက်ရှိဖြစ်နေတဲ့ အခြေအနေကို တနည်းနည်းနဲ့ လက်ခံနိုင်ဖို့လိုပါတယ်။ ဒါမှ စိတ်ချမ်းသာမှာလေ။ ကိုယ်လုပ်ချင်တာကို မလုပ်နိုင်သေးသ၍တော့ လုပ်သင့်တာကို အကောင်း ဆုံးဖြစ်အောင်ပဲ လုပ်ရမှာပဲလေ။

စိတ်ခံစားချက်နောက်ကို တစ်ကောက်ကောက် လိုက်နေလို့တော့ လက်ရှိအခြေအနေအရ မဖြစ်နိုင်သေးပါဘူး။
ကျွန်တော်ကတော့ အဲလို အဖြစ်အပျက်တွေ ကြုံလာလေ ကိုယ့်နိုင်ငံကို ပိုချစ်လာလေပါပဲ။ ကိုယ့်နိုင်ငံ ကိုယ့် လူမျိုးရဲ့ တန်ဖိုးကိုပို သိလာလေပါပဲ။

မိတ်ဆွေကို တစ်ခုမေးချင်ပါတယ်။ စင်ကာပူမှာ အဆင်ပြေနေသူများ (ကိုယ့်ကိုယ်ကို အဆင်ပြေနေသူဟု ယူဆထားသူများ) လက်ရှိ အဆင်ပြေတဲ့ အတိုင်း တစ်သက်လုံး ပြေမယ်လို့ ထင်ပါသလား။ ဒီ အခြေအနေအတိုင်း မပြောင်းလဲ ပဲ အမြဲရှိနေတယ်လို့ ယူဆပါသလား။

ကျွန်တော် ရဲ့ အမြင် အရတော့ မထင်ပါ ခင်ဗျား။ အချိန် အတိုင်းအတာ တစ်ခုထိပါပဲ။ တစ်ချိန်ချိန်မှာ အခြေအနေအကြောင်း တစ်ခုခု ဖြစ်လာ ရင် မိတ်ဆွေရဲ့ ကုလားထိုင် လေး ယိုင်သွားနိုင်ပါတယ်။ အဲဒါကြောင့် နိုင်ငံခြားဆိုတဲ့ တိုင်လုံးကြီးကို အမှီပြု ပြီးတော့ မိတ်ဆွေရဲ့ ဘ၀အိမ်လေးကို မဆောက်ပါနဲ့လို့ပဲ အကြံပေးချင်ပါတယ်။ အဲ တစ်ခြားနိုင်ငံ သားအဖြစ် ခံယူမည့်သူများက လွဲလို့ပေါ့ဗျာ။

ဒီအကြောင်းတွေကို ပိုပြီး ဖတ်ချင်သေးရင် ကိုပေါရေးထားတဲ့ တော်ကြပါတော့ဗျို့ ဆိုတဲ့ ပို(စ့်)မှာ ဖတ်ကြည့် ကြပါဦးဗျာ။

မိုးတိမ်ညို
ဇန်ဇ၀ါရီ ၂၀၁၀

Friday, January 15, 2010

ရဲကြီးမှ မိုးကြီးထံသို့ ပေးစာ

မိုးကြီးရေ

မတွေ့တာတော်တော်ကြာပြီနော်။ နေကောင်းတယ်မဟုတ်လား။ မင်းအဲဒီမှာ အဆင်ပြေပါစေလို့ တော့ ဆုတောင်းမပေးတော့ပါဘူးကွာ။ အဆင်ပြေနေတဲ့သူကို အဆင်မပြေတဲ့သူက အဆင်ပြေပါစေလို့ ဆုတောင်း ပေးရမှာ တစ်မျိုးကြီးဖြစ်နေလို့ပါကွာ။ မိုးရေထဲကသူက အိမ်ထဲမှာ စောင်ခြုံပြီးကွေးနေတဲ့ သူကို အအေးမိဦးမယ်နော်လို့ ပြောသလိုဖြစ်နေမှာစိုးလို့ပါ။

မင်းသိတဲ့အတိုင်းပဲ ငါကတော့ အိမ်စီးပွားရေးယောင်ယောင် ဘာယောင်ယောင်ပဲလုပ်နေရတာလေ။ အဆင်မပြေဘူးလဲ မဟုတ် ပြေတယ်လို့လဲ ပြောလို့မရပါဘူးကွာ။ ဒီမှာက စီးပွားရေးလုပ်ရတာ မလွယ်ဘူးကွ။ တစ်နပ်စား တွေများနေတာ။ တစ်နပ်စားဆိုလို့ တစ်ခါက ဖတ်ဖူးတဲ့ ကာတွန်းလေးသွားသတိရမိတယ်။ ကာတွန်းထဲမှာ မျက်မှန်အမဲကြီးတပ်ထားတဲ့ စီးပွားရေးသမားကြီးကို နောက်လူတစ်ယောက် ပြောနေတာ။ ခင်ဗျား လုပ်ပုံက လူတစ်ယောက်ကို တစ်ခါပဲ ဆက်ဆံလို့ရမယ်ဗျတဲ့။ အဲဒီတော့ အဲဒီစီးပွားရေး သမားကြီးက ဘာပြန်ပြောလဲဆိုတော့ မပူပါနဲ့ ဗျာဟဲဟဲ မြန်မာနိုင်ငံမှာ လူသန်းငါးဆယ်ကျော်ရှိပါတယ်တဲ့။

ဟဲဟဲ။ ငါကရယ်စရာအဖြစ်ပြောတာပါကွာ။ ငါကတော့ အဲလိုမဟုတ်ပါဘူး။ အမြဲတမ်းခံဘက်ကများ ပါတယ်ကွာ။ မင်းသိတဲ့ အတိုင်း မင်းတို့ငါတို့ဆိုတာက စီးပွားရေး သမားစိတ်က နည်းသကိုးကွ။ ဒီမှာကတော့ မောင် စီးပွားရေးသမားတစ်ယောက်ကို လက်ဆွဲနှုတ်ဆက်ပြီးရင် မင်းလက်တောင် မင်းပြန်ရေကြည့်ရတယ်တဲ့။ လက်ချောင်းငါးချောင်းပြည့်သေးရဲ့လားလို့တဲ့။ ဟားဟား ငါတို့စိတ်နဲ့ တော့ မလွယ်ပါဘူးကွာ။

မင်းရောက်နေတဲ့ နိုင်ငံမှာကတော့ကွာ မင်းအပြောအရတော့ အားလုံးကောင်းနေတာပဲ။ ငါတောင် လာချင်စိတ် ပေါက်သွားတယ်။ တကယ်လာဆိုတော့ လည်းစိတ်သာရှိတာပါကွာ။ အခုမှတော့ မလာချင်တော့ပါဘူး။ အစက ပြန်စနေရမှာကွ။ အသက်ကလည်း နည်းနည်းကြီးလာပြီဆိုတော့ အပြောင်းအလဲ မလုပ်ချင်တော့ဘူးကွ။

မင်းအဲဒီမှာ စက်ရုပ်လိုနေရတယ်လို့ပြောဖူးတယ်နော်။ ဒါပေမယ့်ကွာ ငါ့အမြင်တော့ စက်ရုပ်လိုနေရတာ ကျောက်ခေတ်မှာ နေရတာထက်တော့ ကောင်းပါတယ်။ ငါကတော့ ကျောက်ခေတ်မှာ နေနေတာဟေ့။ ဒီမှာ တော့ တောရိုင်းဥပဒေသနဲ့ နေနေကြတော့ဆိုတော့ အားကြီးအောင်လုပ်ထားနိုင်မှ တော်ရာကျမယ် သူငယ်ချင်းရေ။ မဟုတ်ရင်မလွယ်ဘူးမောင်။ အခုတော့ မင်းသိတဲ့အတိုင်းငါလည်း ယက်ကန်ယက်ကန်နဲ့။ ကြီးကြီးမားမားလဲ ဘာမှမလုပ်နိုင်။ တပိုင်တနိုင်တောင် မနည်းလုပ်နေရတယ်။ ဘာနဲ့ သွားတူသလဲဆိုတော့ ငါတို့လိုလူတွေက ကြက်နဲ့တူတယ်ကွာ။ ငါတို့မှာ ဗိုက်ဝဖို့ စပါးလုံးလေးကောက်လိုက်ရ၊ မြေကြီးယက်ပြီး ပိုးကောင်လေးကောက်လိုက်ရ၊ သစ်စေ့လေး ကောက်လိုက်ရနဲ့ လုံးပန်းနေရတာ။ ဟော အနားက သစ်ပင်ပေါ်မှာတော့ သိန်းငှက်ကြီးက ဒီကြက် ဘယ်တော့ အစာဝမလဲလို့ စောင့်နေလေရဲ့ လေ။ ဒို့ အခြေအနေက အဲလို သူငယ်ချင်းရေ။

တစ်ခုအမြတ်ထွက်တာကတော့ ဒီမှာ အချိန်ပိုနေတော့ ငါစာတော်တော်များများတော့ ဖတ်ဖြစ်တယ်။ ပိုက်ဆံရှာတဲ့ နေရာမှာ အထောက်အကူမပြုတဲ့ စာတွေပေါ့ကွာ။ ဟားဟား။ ငါ့ဦးကြီးပြောသလို ရိုင်းရိုင်းပြောရရင် ‘ငါ့တူကတော့ေ-ာက်ဆံမရတဲ့ အလုပ်တွေ မှာတော်တော်ထူးချွန်တာပဲကိုးကွ’ တဲ့။ ဟားဟား ရိုင်းသွားရင်လဲ ခွင့်လွတ်ပါကွာ။ သူကရင်းနှီးလို့ ဂရုဏာဒေါသနဲ့ ပြောတာပါ။ မြန်မာစကားမှ ရှိသားပဲ ‘ရင်းနှီးသည့်သဘော ရိုင်းသည့်သဘော’ ဆိုတာ အတူတူပဲတဲ့။ ငါကတော့ ငါ့ အယူအဆနဲ့ ငါပေါ့ကွာ။ စာဖတ်တယ်ဆိုတာ လက်တွေ့ ချက်ချင်းအသုံးချဖို့မှ မဟုတ်တာနော့။ စာရေးဆရာတစ်ယောက် ရေးထားသလိုပေါ့ကွာ။ စာဖတ်တယ်ဆိုတာ လက်တွေ့ ချက်ချင်းအသုံးချဖို့ လို့ ခံယူထားတဲ့ သူတွေ အတွက် ဦးကြီးပု ဟင်းချက်နည်း စာအုပ်တစ်အုပ်ဝယ်ပေးလိုက်ပါ။ အလွန် အသုံးတည့်ပါလိမ့်မည်တဲ့။

အေးကွာ။ ငါလည်း ဒီမှာ ယက်ကန်ယက်ကန်ဆိုတော့ တည်ငြိမ်နေတဲ့ မင်းတို့ကို အားကျတယ်ကွာ။ ငါတို့ကတော့ ဒီမှာပဲ ရုန်းရဦးမှာပဲဟေ့။ တစ်ချို့လူတွေကပြောကြတယ်ကွာ။ ဘ၀ဆိုတာ လူဖန်တီးတဲ့ အတိုင်းဖြစ်တာတဲ့။ ငါကတော့ အဲလိုအပြည့်အ၀မယုံဘူးကွာ။ တစ်ခါတစ်လေကြတော့ ဖြစ်လာတဲ့ အခြေအနေပေါ်မူတည်ပြီး လုပ်ရတာကွာ။ ဘယ်လိုလဲဆိုတော့ကွာ ‘မိုးရွာမရွာကို မင်းဆုံးဖြတ်လို့ မရဘူး ထီးယူမယူတော့ ဆုံးဖြတ်လို့ရတယ်’။ ဒါပေမယ့် တစ်ချို့လူတွေက မိုးရွာမရွာကိုပါ ဆုံးဖြတ်ချင်နေတော့ မခက်လားကွာ။ ဘီဂိတ်တို့၊ အိုဘားမားတို့ဆိုရင်တော့ ရချင်လည်းရမပေါ့ကွာ။ ဒါပေမယ့် လူတိုင်း ဘီဂိတ်မဖြစ်နိုင်ဘူးလေ။ လူတိုင်းအိုဘားမား မဖြစ်နိုင်ဘူးလေ။

ဘာပဲဖြစ်ဖြစ်ကွာ ငါ့ရဲ့ အရင်းနှီးဆုံးသူငယ်ချင်းမင်း အဲဒီမှာ အဆင်ပြေနေတာကို ငါဝမ်းသာပါတယ်ကွာ။ ဒါပေမယ့် မင်းကို တစ်ခုတော့ သနားတယ်ကွ။ ဘာလို့လဲဆိုတော့ မင်းတို့ဆီက ငါတို့ဆီမှာလောက် ပျော်စရာ မကောင်းလို့ပဲ။ ငါတို့ဆီမှာ နေ့တိုင်းပျော်စရာတွေရှိတာမောင်။ မီးလာရင်လည်း ဟေးမီးလာပြီဆိုပြီပျော်ရ။ ရေလာရင်လည်း ဟေးရေလာပြီဆိုပြီး ပျော်ရ။ အမှိုက်ကားလာလဲပျော်ရ။ ပျော်စရာတွေ အတော်များတာ ကွ။ ဟားဟား။ မင်းတို့ဆီမှာ အဲလိုပျော်စရာတွေ မရှိဘူးလေ။ ဟားဟား နောက်တာပါကွာ။

မင်းဘယ်တော့ ပြန်လာဦးမလဲသူငယ်ချင်း။ လာရင် ငါ့ကို အကြောင်းကြားလိုက်ဦးလေ။ ငါလာကြိုမယ်။ မင်းပြန်လာမှ ဘီယာသောက်ရင်း ကောင်းကောင်းစကားပြောချင်သေးတယ်ကွာ။

ဒါပဲနော် နောက်မှ ထပ်ရေးဦးမယ်။

ရဲကြီး

မိုးတိမ်ညို
January, 2010.

Sunday, January 10, 2010

ခံစားမှု့ ကူးစက်စေရန်

ရသ ဆိုတာနဲ့ ပတ်သက်ပြီး ဖတ်ဖူးတာလေး ပြောချင်လို့ပါ။

ရသ ဆိုတာ ခံစားမှု့ကို ဖော်ပြဖို့ ပေါ်လာတာတဲ့။ လူတွေ တီထွင်ထားတဲ့ ဘာသာစကား ဆိုတာ လူတွေရဲ့ ခံစားမှု့ကို ဖော်ပြဖို့ ဘယ်လိုမှ မလုံလောက်ပါဘူးတဲ့ဗျာ။ လူတွေက လူအချင်းချင်း ဆက်သွယ်ဖို့ ဘာသာစကားဆိုတာကို (အရေး၊အပြော) တီထွင်ခဲ့ကြတယ်တဲ့။ ဒါပေမယ့် အဲဒီဘာသာစကားသက်သက် နဲ့ တင်ဆိုရင် လူတွေရဲ့ ခံစားချက်ကို မဖော်ပြနိုင်ပါဘူးတဲ့ဗျာ။
အရိုးရှင်းဆုံး ဥပမာတစ်ခုအနေနဲ့ ပြောရရင် သရက်သီးကို မစားဖူးတဲ့ သူကို သရက်သီးရဲ့ အရသာကို ဘယ်လိုမှ ရှင်းပြလို့ မရဘူးတဲ့။ စာနဲ့ ဘယ်လိုရေးရေးလဲ မရပါဘူးတဲ့။ အနီးစပ်ဆုံး ချိုမြိန်သောအရသာရှိသည် လို့ပဲ ပြောလို့ရပါသတဲ့။
အဲဒါမျိုးကို ဖြေရှင်းဖို့ ရသ ဆိုတာ ပေါ်လာတယ်လို့ ပြောကြပါတယ်။

ဥပမာ ကိုလိုနီခေတ်က လူတွေအကြောင်း၊ နိုင်ငံ အခြေအနေ၊အကြောင်းတွေ ထဲထဲဝင်ဝင်သိချင်ရင် သမိုင်းစာအုပ်တွေ ဘယ်လောက် ဖတ်ဖတ် ပြည့်ပြည့် စုံစုံ သိနိုင်ဖို့ ဆိုတာ ခဲယဉ်းတယ်။ အကြောင်းအရာပဲ သိလိမ့်မယ်။ အဲဒီခေတ်က လူတွေရဲ့ ခံစားမှု့ကို မသိနိုင်ပါဘူး။ အောက်က ဥပမာ နှစ်ခုကို ယှဉ်ကြည့်ပါ။

“ကိုလိုနီခေတ်တွင် တိုင်းတပါးသား၏ ဖိနှိပ်မှု့ကြောင့် အမျိုးသား ဂုဏ်သိက္ခာကျဆင်းခဲ့သည်။”

အပေါ်ကစာကြောင်းကို ဖတ်လျှင် သြော်ကိုလိုနီခေတ်မှာ သူ့ကျွန်ဘ၀ရောက်လို့ အမျိုးသား ဂုဏ်သိက္ခာကျဆင်း ခဲ့ပါလားဆိုတာလောက်ပဲ သိရမယ် အဲဒီခေတ်က လူတွေရဲ့ စိတ်အခြေအနေ၊ ခံစား မှု့ကို သိဖို့မလွယ်ဘူး။ အဲလိုသိချင်ရင်တော့ အရင်တုန်းက စာအုပ်တစ်အုပ်ထဲမှာ ဖတ်ဖူးတဲ့ စာပိုဒ်လေး တစ်ခုကို ဖတ်ကြည့်ပါ။

“ဦးလူလှသည် ရန်ကုန်ဘူတာကြီးတွင် ဥရောပတိုင်သားများသာဟု ရေးသားထားသော ရထားတွဲပေါ်သို့ မှားတက် မိလေသည်။ သူတွဲအတွင်းသို့ရောက်သွားသောအခါ အခန့်သင့်ထိုင်နေကြသော မျက်နှာဖြူများက သူ့အား မလိုတမာ မျက်လုံးများဖြင့် ကြည့်ကြသည်။တစ်ယောက်သော မျက်နှာဖြူက ထိုင်ရာမှ ဆတ်ခနဲ့ ထလာပြီး ဒီအတွဲက မင်းအတွက် မဟုတ်ဘူး ထွက်သွား ဟုလေသံမာမာ ဖြင့်ပြောလေသည်”

အထက်ပါစာပိုဒ်ကို ဖတ်လျှင် ကိုလိုနီခေတ်မှ လူများ၏ အမျိုးသား ဂုဏ်သိက္ခာကျဆင်းနေပုံ အနည်းငယ်ကို ခံစားမိရနိုငမည် ဟုထင်ပါသည်။ တကယ်သာ ကိုလိုနီခေတ်အကြောင်းကို တော်တော်များများသိပြီး အဲဒီခေတ်က လူတွေ ဘယ်လိုခံစားရသလဲ ဘယ်လိုနေသလဲ သိချင်ရင် သမိုင်းစာအုပ်တွေ ဖတ်တာထက် ဆရာမင်းသိင်္ခရဲ့ ဆားပုလင်းနှင်းမောင်တို့ သိန်းဖေမြင့်ရဲ့ အရှေ့ကနေ၀န်းထွက်သည့်ပမာတို့ ရွှေဥဒေါင်းစာအုပ်တွေ၊ ဒဂုန်တာယာ စာအုပ်တွေတို့ အစရှိသဖြင့် အဲဒီခေတ်က စာရေးဆရာကြီးတွေရဲ့ ၀တ္ထုတွေ ဖတ်တာ ပိုပြီးတော့ ထဲထဲဝင်ဝင်သိမယ်လို့ ယူဆပါတယ်။ သမိုင်းစာအုပ်ကတော့ အချက်အလက်ပဲ ပေးနိုင်မယ်။ ခံစားမှု့ကို မပေးနိုင်လောက်ပါဘူး။

အဲဒါကြောင့် ရုပ်ရှင်ဖြစ်ဖြစ်၊ စာပေဖြစ်ဖြစ် ရသက တော်တော်အရေးကြီးပါတယ်။ အဲလို ရသမြောက်အောင် ဖန်တီးတယ်ဆိုတာ လည်းအနုပညာရှင် စစ်စစ်မှ ဖန်တီးနိုင်ပါလိမ့်မယ်။ တစ်ချို့ ရုပ်ရှင်ကားတွေ ကြည့်ပြီး ကြည့်တဲ့သူက မျက်ရည်တောက်တောက်ကျအောင် ငိုတယ်။ ဘာလို့လဲ။ ခံစားမှု့က ကူးစက်သွားလို့ပါပဲ။ တစ်ချို့ ၀တ္ထုတွေကို ဖတ်ပြီး အတောမသတ်နိုင်အောင်ရယ်တယ်။ အဲဒါလည်း ခံစားမှု့ ကူးစက်သွားလို့ပဲလေ။ အဲလို ခံစားမှု့ကို ကူးစက်နိုင်အောင် ဖန်တီးရတာ တော်တော်မလွယ်တဲ့ အလုပ်ပါ။ ကိုယ်ကိုယ်တိုင်ကို ကသေသေချာချာ ခံစားတတ်မှရမှာပါ။ အဲဒီလူတွေကို အနုပညာရှင် လို့ခေါ်မယ်ထင်ပါတယ်။

အနောက်တိုင်းရုပ်ရှင်တွေကို သေချာကြည့်ကြည့်ပါ။ သူတွေဆီမှာ ရုပ်ဝတ္ထုပစ္စည်းတိုးတက်ရုံမကဘူး အနုပညာပါ အရမ်းကောင်းတယ်လို့ တွေ့ရပါလိမ့်မယ်။ သူတို့ရုပ်ရှင်တွေမှ ရသ ကအများကြီးပါပါတယ်။ ရသနဲ့ နည်းပညာပေါင်းထားတော့ ကမ္ဘာကျော်ပြီပေါ့။

ကျွန်တော်တို့ ဆီမှာတော့ မြန်မာရုပ်ရှင် အဆင့်အတန်းက အခုအချိန်မှာ သူတို့နဲ့ ယှဉ်ရင် တော်တော်နိမ့်နေ ပါတယ်။ ဒါလည်း အခြေအနေအမျိုးမျိုးကြောင့်နေမှာပါ။ သူတို့လို နည်းပညာငွေကြေးမှ မရှိပဲနဲ့ လို့တော့ မပြောပါနဲ့။ ကိုရီးယား ဇာတ်လမ်းတွဲတွေကို ကြည့်ကြည့်ပါ။ ဘာ special effect ဘာ 3D မှ မလိုပါဘူး။ ရသ သက်သက်ပါ။ သူတို့ အနုပညာ ဘယ်လောက်ကောင်းလိုက်သလဲလို့။ ကျွန်တော်တို့ ဆီမှာလည်း အဲလောက်တော့ လုပ်လို့ရမယ်ထင်ပါတယ်။

ကျွန်တော်အနေနဲ့တော့ မြန်မာဇာတ်ကားတွေကို ဒီကားကတော့ ကောင်းလိုက်တာကွာ လို့ ကြွေးကြော်ပြီး ကြည့်လိုက် ချင်မိပါတယ်။ အခုတော့ဗျာ “ ဗမာကား ဗမာလို့ကြည့်ကွ” လို့သာ ကိုယ့်ကိုကိုယ် နှစ်သိမ့်ပြီး ကြည့်နေရပါတော့တယ်။

မိုးတိမ်ညို
ဇန်ဇ၀ါရီ၊ ၂၀၂၀။

Friday, January 1, 2010

လွတ်မြောက်ရာ လမ်းကြောင်း

ထိုရွာကလေးသည် အလွန်နက်ရှိုင်းသော တောအုပ် အလယ်တွင် ထီးထီး တည်ရှိလေသည်။ သူတို့၏ ရွာကလေး သည် လက်ရှိကမ္ဘာလောကကြီးမှ သီးခြားဖြစ်တည်နေသော ရွာကလေး တစ်ရွာဖြစ်သည်။ လူဦးရေမှာ လည်း အလွန်ပင်နည်းပါးလှလေသည်။ မည်သူမှ ရွာပတ်ဝန်းကျင် မိုင်အနည်းငယ်ခန့်ထက် ပိုမရောက်ဖူးကြဟု ယူဆရလေသည်။ အဘယ်ကြောင့်ဆိုသော သူတို့၏ ရွာကလေး သည် အလွန်နက်ရှိုင်းသော တောနက်အလယ်ရှိ မြေပြန့်ကလေးတွင် တည်ရှိပြီး ပတ်ဝန်ကျင်တွင်လည်း တောတောင်များ အထပ်ထပ် ၀န်းရံနေပြီး လူသားတို့ကို အန္တရာယ် ပြုနိုင်သော သားရဲ တိရိစ္ဆာန်များလည်း အလွန်ပင် ပေါများလှသော ကြောင့် ဖြစ်လေသတည်း။

သူတို့ အားလုံး အတွက်တော့ အသက်ရှင်နေထိုင်မှု့သည် စိန်ခေါ်မှု့ တစ်ရပ်ဖြစ်လေသည်။ အစာရေစာရှာဖွေရန် အန္တရာယ် အမျိုးအမျိုး ကိုကာကွယ်ရန်၊ ရာသီဥတုဒဏ်ခံနိုင်ရန် အစရှိသည်တို့ အတွက် သူတို့တစ်တွေ အသက်နှင့် ထပ်ပြီး ရုန်းကန်ရလေသည်။ နေ့စဉ်ပင်ပန်းဆင်းရဲကြီးစွာရုန်းကန်လှုပ်ရှားမှ အသက်ရှည်ရပ်တည်နိုင်မည် ဖြစ်လေသည်။ သူတို့ရွာသူရွာသား အားလုံးသည် ယခုနေရာထက်ပိုကောင်းမည့် နေရာ ပိုလုံခြုံမည့် နေရာ ဘ၀အာမခံချက် ပေးနိုင်မည့် နေရာ သို့ ရွေ့ပြောင်းလိုကြလေသည်။ သို့သော် မည်သည့်နေရာကို မည်သို့ သွားရမည်ကိုလည်း မသိကြချေ။ တစ်ချို့စွန့်စားလိုသူများသည် လည်း နေရာသစ်ရှာဖွေရန် ထွက်ခွာသွား ကြဖူးလေသည်။ ထိုသူများ မည့်သည့်အခါမှ ရွာကို ပြန်ရောက် မလာကြချေ။

ရွာရှိ အသက်အကြီးဆုံးရွာသား တစ်ဦးက ပြန်ပြော ပြလေသည်။

‘ကျုပ် ဒီထက်ပိုကောင်းတဲ့ နေရာကို သွားချင်တာဗျ။ ဒါပေမယ့် ဘယ်လိုသွားရမှန်းလည်း မသိဘူး။ သွားဖို့ ကြိုးစားကြတဲ့ သူတွေ အားလုံးလည်း ကျုပ်သက်တမ်းမှီသလောက်တော့ တစ်ယောက်မှ ပြန်ပေါ်မလာတော့ ဘူး။ အဲဒီတော့ အခုတော့ ဘယ်သူမှ သိပ်မသွားရဲဘူးပေါ့ဗျာ။’

သို့အတွက်ကြောင့် ရွာသားများသည် ဆင်းရဲဒုက္ခအတွင်းမှ လွတ်မြောက်စေရန် အလို့ငှာ ကိုးကွယ်ရာ အမျိုးမျိုးကို ရှာဖွေခဲ့ ကြလေသည်။ အချို့က ရွာထိပ်ရှိသစ်ပင်ကို ကိုးကွယ်ကြလေသည်။ အချို့က ရွာတောင်ဘက်က တောကို ကိုးကွယ်သည်။ တစ်ချို့ကတော့ ရွာနှင့် အတန်ငယ်လှမ်းသော တောင်ကတုံးကို ကိုးကွယ် ကြသည်။ တစ်ချို့က နီညိုရောင်ရှိသော မြေကြီးကို ကိုးကွယ်သည်။ တစ်ချို့က ကောင်းကင်ကို ကိုးကွယ်သည်။ တစ်ချို့က မီးကို ကိုးကွယ်သည်။ စသဖြင့် အားကိုးစရာ အမျိုးမျိုးကို ရှာဖွေခဲ့ ကြလေသည်။

တစ်ခါတွင်တော့ စွန့်စား သူတစ်ဦး ပေါ်ပေါက်ခဲ့လေသည်။ သူကရွာသူရွာသားများ၏ ဆင်းရဲ ဒုက္ခများ ကယ်တင်ရန်နှင့် လွတ်မြောက်ရာလမ်းကြောင်းကို ရှာဖွေရန် ဆုံး ဖြတ်ခဲ့ လေသည်။ သူက နောင်တွင် ပြန်ပြောပြလေသည်။

“အခုကျွန်တော်တို့ နေနေရတာ တကယ့် ကိုဒုက္ခဘုံပဲ။ နေ့စဉ်နှင့် အမျှ အန္တရာယ် အမျိုးအမျိုး နဲ့ ကြုံနေရတာပဲ။ ကျွန်တော်က အဲဒီက လွတ်မြောက်ချင်ပြီ။ ငြိမ်းငြိမ်းချမ်းချမ်း နေချင်တယ်ဗျာ။ ပြီးတော့ ဖြစ်နိုင်ရင် သူတို့ကို ကယ်တင်ပေးချင်တယ်။ အဲဒါကြောင့် ကျွန်တော်ဒီလမ်း ကိုရွေးခဲ့တာပဲ။”

အဲဒီနောက် အဆိုပါပုဂ္ဂိုလ်သည် ရွာမှ ထွက်ခွာသွားလေသည်။

ဒီလိုနှင့် နှစ်တော်တော်များများ ကြာသွားခဲ့လေသည်။

တစ်ရက်တော့ မထင်မှတ်ပဲ ထိုစွန့်စားသူ ပုဂ္ဂိုလ်ရွာသို့ ပြန်ရောက်လာခဲ့လေသည်။ ရွာသူရွာသားများ အတွက်တော့ တကယ့်ကို အံဖွယ်သရဲ ပညာရှိသူရဲကောင်း တစ်ယောက် ဖြစ်ခဲ့ လေသည်။ သူ၏ အတွေ့ အကြုံများ မှာလည်း ထိုရွာသူ ရွာသားများ ယခင်က လုံးဝ မကြားဖူးခဲ့သော အကြောင်း အရာများ ဖြစ်လေသည်။ လမ်းခရီး တစ်လျှောက် မည်မျှ ဆင်းရဲ ဒုက္ခရောက်ခဲ့ ပုံ၊ မည်သည့် အန္တရာယ် အသွယ်သွယ် ကြုံခဲ့ ရပုံ၊ မည်သို့ စွန့်စားခဲ့ရပုံ တိုက်ခိုက် သတ်ပုတ်ခဲ့ရပုံတွေ မှာရင် သတ်ရှု့ မောဖွယ်ဖြစ်လေသည်။ နောက်ဆုံးတွင် တောနက်ထဲက ထွက်ပြီး အလွန် ငြိမ်းချမ်း သာယာသော နေရာကို တွေ့ရှိခဲ့ လေသည်။
ထိုပညာရှိလူစွမ်းကောင်းက ရှင်းပြလေသည်။

‘ကျွန်တော် အခုခင်ဗျားတို့ ထဲက လိုက်ချင်တဲ့ သူတွေကို ပြန်လာခေါ်တာ။ လိုက်ခဲ့ ကြ။ အဲဒီနေရာကို ရောက် မရောက်ကတော့ ခင်ဗျားတို့ အပေါ်မှာ မူတည်တယ်။ ကျွန်တော်က လမ်းပဲ ညွှန်နိုင်မှာ။ လမ်းခရီးက အရမ်းကြမ်းတမ်း ခက်ခဲ တာမဟုတ်လား။ ခင်ဗျားတို့ရဲ့ ကံ၊ဥာဏ်၊၀ိရိယ အပေါ်မှာ ပဲ မူတည်တယ်။ ကျွန်တော်ကတော့ ကျွန်တော် သွားခဲ့ တဲ့ လမ်းကို လမ်းညွှန်ပေးနိုင်တယ်ဗျာ။’

တစ်ချို့ သူများကလည်း ထိုလူစွမ်းကောင်း ၏ လမ်းကြောင်းကို လိုက်ပါ စွန့်စား ရန် သဘောတူကြလေသည်။ စွန့်စားရန် သဘောတူသူ တစ်ယောက်က ပြောသည်။

‘ပိုကောင်းတဲ့ လမ်းကြောင်း ကို ပြပေးနိုင်တဲ့ သူတစ်ယောက်ရှိမှတော့ ကျွန်တော်တို့ ကဘာလို့ မစွန့်စား နိုင်ရမှာလဲဗျာ။ လမ်းမှာ သေသွားရင် လည်း တန်ပါတယ်။ ကျွန်တော်တော့ သွားမယ်ဗျာ။’

သို့သော အချို့ လူများကလည်း လက်ရှိ အခြေအနေကလေးကို ပျက်သွားမှာ စိုးရိမ်ကြလေသည်။

‘ထိုင်နေအကောင်းသားဗျာ ထသွားမှ ဒုက္ခရောက်နေဦးမယ် ’ ဟု ဆိုကြလေသည်။

‘ဒီမှာ ကျွန်တော်တို့ ပိုင်ဆိုင်တဲ့ ဟာတွေယူသွားလို့ မရတော့ ဟိုရောက်ရင် ဒုက္ခရောက်နေမှာပေါ့။’ ဟုလည်း တွေးကြလေသည်။

သို့နှင့် ထိုပညာရှိလူစွမ်းကောင်းလည်းသည်လည်းသူနှင့် အတူလွတ်မြောက်ရာ လမ်းကြောင်းသို့ လိုက်ပါလိုသူ အချို့ ကိုလမ်းညွှန်ခေါ်ဆောင်သွားပြီး ထိုရွာကလေးမှ ထွက်ခွာသွားလေသည်။ သို့သော် သူသည် ကျန်ရစ်သည့် သူများ ထိုလမ်းကြောင်းအတိုင်း သွားလိုပါက သွားနိုင်ရန်အတွက် လမ်းပြမြေပုံ တစ်ခုကို လည်း တိတိကျကျ ညွှန်ပြထားပေးခဲ့ လေသည်။

ကျန်ရစ်သော ရွာသူရွာသားများသည် ထိုလမ်းပြမြေပုံကို သေချာမှတ်တမ်းတင်ကြလေသည်။ ထိုမြေပုံ အရ သွားရမည့်လမ်း မှာ အလွန်ခက်ခဲ ပင်ပန်းလေသည်။ သာမာန် လူများသွားလာရန် မလွယ်ကူချေ။ အန္တရာယ်လည်း အလွန်များလေသည်။ မသွားနိုင်သော တစ်ချို့ လူများက ဆိုသည်။

‘တစ်နေ့နေ့ တော့ ရောက်အောင်သွားရမယ်ဗျ။ ဒါပေမယ့် ကျွန်တော်တို့ အတွက်တော့ သိပ်မလွယ်ဘူး ဖြစ်နေတယ်။ ဒါပေမယ့် တစ်နေ့နေ့ တော့ ရောက်အောင်သွားရမယ်’
တစ်ချို့ကလည်း ပြောသည်။

‘ကျုပ်တစ်ယောက်ထဲဆိုရင်တော့ တုံးတိုက်တိုက် ကျားကိုက်ကိုက် စွန့်စားပါတယ်ဗျာ။ အခုဟာက မိသားစုနဲ့ ဆိုတော့ သိပ်မလွယ်ဘူးဗျ’

ထိုပညာရှိကို မယုံကြည်သူများကလည်း ရှိသေးသည်။ သူတို့ကတော့ ထိုလမ်းကြောင်းကို မယုံကြ။ သူတို့က
‘သူပြောတာကို ဘယ်လိုလုပ်ယုံရမလဲဗျ။ ကိုယ်တိုင်မှ မမြင်နိုင်တာ။ မဟုတ်ရင် ဘယ့်နှယ့်လုပ်မလဲ။ အလကားတော့ အသေမခံနိုင်ပေါင်’ ဟုဆိုကြလေသည်။

အချိန်ကာလ ရွေ့လျားလာသောအခါ အချို့သော ရွာသားများသည် ထိုပညာရှိလူစွမ်းကောင်း၏ ရုပ်ထုကို ထုလုပ်ပြီး ကိုးကွယ်ထားလေသည်။ ဤရုပ်ထုကိုပူဇော် ပသ ပါက ထိုလွတ်မြောက်ရာလမ်းကြောင်းသို့ ရောက်ရမည်ဟု ယုံကြည်ကြလေသည်။ ယုံကြည်သည့်အတိုင်းလည်း နည်းအမျိုးမျိုးဖြင့် ပူဇော်ပ သကြလေသည်။

သူတို့က ဤသို့ဆိုသည်။

‘ပညာရှိကြီးကို ယုံကြည်ကိုးကွယ်မှတော့ သူကတစ်နေ့ကြရင် ကျွန်တော်တို့ကို လာပြီး ကယ်တင်မှာပေါ့’

‘ကျုပ်တို့ကတော့ ပူဇော်ရင်းနဲ့ ပဲ သူလာကယ်မယ့် အချိန်ကို စောင့်နေမယ်’

တစ်ချို့ကလည်း သူတို့ အယူအဆကို ရှင်းပြသည်။

‘ကျွန်တော်တို့ကို ကူညီကယ်တင်သွားတဲ့ ကျေးဇူးရှင်ကို မှတ်မှတ်ရရ ကိုးကွယ်ရအောင်လို့ပါဗျာ’ ဟု။

ဤသို့ဖြင့်

အလွန်နည်းပါးလှသော သူအချို့သာ ထိုလွတ်မြောက်ရာ လမ်းကြောင်းကို လိုက်ပါသွားနိုင်ပြီး
တစ်ချို့က သွားရန်ကြိုးစား အားထုတ်လျှက်
တစ်ချို့က မျှော်ငေးကြည့်လျှက်
အများစုကတော့ ပညာရှိကြီးကို ကိုးကွယ်ပသလျက် ထိုပညာရှိ ထွက်ခွာသွားသော လမ်းဘက်သို့ တမ်းတရင်းသာ ဒုက္ခများမြောင်လှသော ထိုရွာကလေးတွင် အရိုးထုတ်သွားကြလေသတည်း။

မိုးတိမ်ညို
1 JANUARY 2010

Visitors

About Me

  © Blogger template 'Perfection' by Ourblogtemplates.com 2008

Back to TOP