Friday, January 29, 2010

ကော်ပီ ယဉ်ကျေးမှု့

ဟုတ်ကဲ့။ ဒီအကြောင်းကို ရှက်လွန်းလို့ ရေးလိုက်တာလို့ပဲ ပြောပါရစေ။ အထူးအဆန်းတော့ မဟုတ်ပါဘူး။ ကော်ပီ ကိစ္စပါ။
အဓိကကတော့ ကော်ပီ သီချင်းကိစ္စ။

ဟော အခုတစ်ခေါက် လာပြန်ပြီ။ ရွှေနိုင်ငံက နာမည်အကြီးဆုံး တီးဝိုင်းနဲ့ နာမည် အကြီးဆုံး အဆိုတော်တွေ နိုင်ငံခြားမှာ တစ်ခေါက်လာ ဖျော်ဖြေကြပြန်ပါပြီတဲ့။ ကျန်တဲ့ သူတွေကတော့ အဲဒီအတွက် ပျော်နေကြမှာပါ။ အဲလို ပျော်နေတဲ့ သူတွေကို လည်း တောင်းပန်ပါတယ်ဗျာ။ ကျွန်တော်ကတော့ မပျော်တဲ့ အပြင် ငှက်ကုလား အုတ်လို့ မျက်နှာကို မြေကြီးထဲ ဖွက်ထား ချင်လောက်အောင် ရှက်ပါတယ်။ ဒါလည်း ကျွန်တော့် အကြောင်းနဲ့ ကျွန်တော်ဗျို့။

ဒီလိုဗျ။ ကျွန်တော် အလုပ်လုပ်တဲ့ ရုံးမှာ သီချင်းရူး ဂီတရူးတွေရှိတယ်လေ (နိုင်ငံခြားသားတွေပါ)။ သူတို့က အားတဲ့ အချိန်ဆို သီချင်းတွေ ဖွင့်ကြ နားထောင်ကြ ဂီတအကြောင်း ဆွေးနွေးကြ လုပ်ကြတယ်။ တစ်နေ့တော့ သူတို့က မင်းတို့ မြန်မာသီချင်းတွေ နားထောင်ချင်တယ် ဖွင့်ပြစမ်းပါဆိုလို့ ကျွန်တော့် သူငယ်ချင်းက အခုနာမည်ကြီး သီချင်းတွေ တော်တော်များများ ဖွင့်ပြ လိုက်တယ်လေ။ အဲဒီကြမှဗျာေ×က်ရှက်ကို ဗျမ်းဗျမ်းကွဲရော။ သူဖွင့် ပြတဲ့ သီချင်းတွေက ကော်ပီသီချင်းတွေကြည့်ပဲ။ ဟိုသီချင်းဖွင့်တော့လည်း ဟင်ဒါက ဟိုအဆိုတော်ရဲ့ သီချင်း။ ဒီသီချင်းဖွင့်တော့လည်း ဒါကဒီအဆိုတော်ရဲ့ သံစဉ်။ ကံဆိုးချင်တော့ အဲဒီနေ့က ဖွင့်ပြတဲ့ ဟာတွေကလည်း နိုင်ငံခြားအဆိုတော်တွေရဲ့ သီချင်းကို ကော်ပီလုပ်ထားတာ တစ်ခုမှကို မလွတ်ဘူး။ အဲဒီတော့ဗျာ သူတို့က ဘာပြောလဲဆိုတော့ ဟင် မင်းတို့ မြန်မာတွေက သီချင်းမစပ်တတ်ဘူးလားတဲ့။ သေရောဗျာ။

သူတို့ပြောလည်း ပြောချင်စရာပဲ။ အားလုံးက စာသားထည့်ထားတဲ့ သီချင်းတွေကြည့်ပဲ။ ပြီးတော့ သူတို့က ထပ်ပြောသေးတယ်။ အဲဒီလူကတော့ တကယ့် စေတနာနဲ့ ပြောတာပါ။ အဲလိုဆိုရင် မင်းတို့ မြန်မာ အဆိုတော်တွေ ကမ္ဘာမှာ ဘယ်တော့မှ မတိုးနိုင်ဘူးတဲ့။ ကိုယ်ပိုင်သံစဉ်မှ မရှိတာတဲ့။ အဲဒီတော့ ကျွန်တော်လည်း လူမျိုးထိလာတော့ အစွမ်းကုန် ကာကွယ်ရတာပေါ့။ အဲလို မဟုတ်ဘူးဗျ။ ကိုယ်ပိုင်သံစဉ် တွေလည်း အများကြီးရှိပါတယ်လို့။ အေးပါတဲ့။ ရှိတယ်ဆိုတာတော့ သိပါတယ်တဲ့။ ဒါပေမယ့် ရာခိုင်နှုန်း နည်းတယ် မဟုတ်လားတဲ့။ သူတို့ပြောတာလည်း မှန်နေတော့ ငြိမ်ပဲ နေလိုက်ရပါတယ်ဗျာ။

အင်း ပြန်စဉ်းစား ကြည့်တော့လည်း ဂီတသမားတွေကိုလည်း အပြစ်မတင်ရက်ပါဘူးဗျာ။ ငွေရေး ကြေးရေးအရလည်း ကြည့်ရသေးတာကို။ ကျွန်တော့် မိတ်ဆွေတစ်ယောက်ပြောတာတော့ (သူက ဂီတလောက ကို ကျွန်တော်တို့ထပ်ပိုပြီး နှံ့နှံ့ စပ်စပ်ရှိတဲ့သူပါ) ဘာလို့လဲ မသိဘူးကွ ကိုယ်ပိုင်သံစဉ်နဲ့ စီးရီးထုတ်ရင် ကော်ပီလောက် မပေါက်ဘူး။ အဓိကကတော့ကွာ ကော်ပီလောက် ၀င်ငွေမရဘူးတဲ့။

ပြောရရင်တော့ ကျွန်တော်ကိုယ်တိုင်လည်း ကော်ပီ သီချင်းတွေနဲ့ ကြီးပျင်းလာခဲ့တာပါ။ ဒါပေမယ့် အဲဒါ မသိခင်ကဗျ။ အခု သိတဲ့ အချိန်မှာတော့ လုံးဝအားမပေးဘူး။ ရှက်တတ်လာ တယ်ဗျာ။ အခုဟာက ကော်ပီဆိုတာ ယဉ်ကျေးမှု့ ကြီးတစ်ခုလိုကို ဖြစ်နေပြီလို့ထင်တာပဲ။

ကဲ မိတ်ဆွေပဲ စဉ်းစားကြည့်ဗျာ။ မိတ်ဆွေရဲ့ မိတ်ဆွေ နိုင်ငံခြားသားတွေကို သူများ သီချင်းတွေ စာသား ထည့်ဆိုနေတဲ့ အဆိုတော်တွေကို ဒါကျုပ်တို့ နိုင်ငံက နာမည်ကြီး (ဆယ်လီဘလယ်တီ) အဆိုတော်တွေ လေ လို့ ရဲရဲ ပြောနိုင်ပါ့ မလားလို့ ဆိုတာ။

အဲဒီတော့ဗျာ မြန်မာသီချင်းလေးတွေကို တမ်းတနေတဲ့ နိုင်ငံခြားက ရောက် ညီအစ်ကို မောင်နှမတွေ ကိုလည်း ကိုယ်ချင်းစာတယ်၊ ရတဲ့ အခြေအနေလေးနဲ့ ဖြစ်အောင်လုပ်ကြရတဲ့ တေးရေးဆရာတွေ အဆိုတော်တွေ ဂီတသမား တွေကို လည်း စာနာတယ်၊ အဲ ဒါဒို့ မြန်မာကွဆိုပြီး နေရာတိုင်းမှာ လက်မထောင်ချင်တဲ့ ကိုယ့်ကိုကိုယ်လည်း သနားမိပါတယ်။

အော်နောက်ဆုံးတော့ တရားရှာကိုယ်မှာသာ တွေ့ဆိုသလိုပေါ့။ ငါကိုက စိတ်မထားတတ်လို့ မကောင်းတဲ့ ဘက်က ကြည့်တွေးနေတာလို့ပဲ ဖြေသိမ့်ရတယ်။ တစ်ခါတစ်လေကျတော့ ဖြစ်နေတဲ့ အခြေအနေတွေကို အပြစ်တင်မနေပဲ နဲ့ ဒီအခြေအနေထဲက ဘယ်လိုရုန်းထွက်ရင် ကောင်းမလဲ စဉ်းစားတာပိုကောင်းတယ် ထင်ပါ့။

ဥပမာ ဗျာ (ကန်တော့ပါရဲ့) အိမ်သာတွင်းထဲ ကျနေတဲ့သူတစ်ယောက် က အောင်မလေး ဒီအိမ်သာကျွင်းကြီးက လည်းနံလိုက်တာ။ အမလေး ရွံစရာကောင်း လိုက်တာ။ အန်ချင်လိုက်တာ စသဖြင့် ညည်းနေလို့ ဘာထူးမှာလဲဗျ။ အိမ်သာကျွင်းပါဆိုနံမှာပေါ့၊ ရွံစရာကောင်းမှာပေါ့။ ဖြစ်သင့်တာက ဘယ်လိုရုန်းထွက် ရမလဲပဲ စဉ်းစား။ ကျန်တာတွေကို အပြစ်တင်မနေနဲ့တော့။ ဒါပဲ အကောင်းဆုံး။

မိုးတိမ်ညို
ဇန်ဇ၀ါရီ၊ ၂၀၁၀။

5 comments:

ရေတမာ January 30, 2010 at 9:09 AM  

နာမည်ပြီး (ဆယ်လီဘလယ်တီ) ဆိုတာ နားမလည်ဘူးအကို နာမည်ကြီးလို့ရေးတာများလား။

မြန်မာပရိသတ်တွေ နိုင်ငံခြားသီချင်းတွေနဲ့ ရင်းနှီးမှုမရှိတာလည်းပါတယ်လို့ ထင်ပါတယ်။ လူနည်းစုလောက်ပဲ ရင်းနှီးမှုရှိတော့ ကြားလိုက်တာနဲ့ ကော်ပီမှန်းမသိကြဘူးလေ။ သိနေရင် ဒါကော်ပီကြီးပါကွာဆိုပြီး အားပေးချင်မှ ပေးမယ်လို့ ထင်တာပဲ။ ပြီးတော့ ပုဂ္ဂိုလ်စွဲပေါ့ ခေါင်းမိုးကမိုးမလုံတော့လည်း .... (သိပ်တော့လည်း ဥာဏ်မမှီပါဘူးဗျာ)

Moe Tain Nyo January 30, 2010 at 9:37 AM  

ကျေးဇူးပါပဲ ကိုရေတမာရေ။ မှားနေတာ ပြင်လိုက်ပါပြီဗျ။

Rita January 30, 2010 at 10:26 AM  

(အိမ်သာတွင်းထဲ ကျနေတဲ့သူတစ်ယောက် က အောင်မလေး ဒီအိမ်သာကျွင်းကြီးက လည်းနံလိုက်တာ။ အမလေး ရွံစရာကောင်း လိုက်တာ။ အန်ချင်လိုက်တာ စသဖြင့် ညည်းနေလို့ ဘာထူးမှာလဲဗျ။ အိမ်သာကျွင်းပါဆိုနံမှာပေါ့၊ ရွံစရာကောင်းမှာပေါ့။ ဖြစ်သင့်တာက ဘယ်လိုရုန်းထွက် ရမလဲပဲ စဉ်းစား။ ကျန်တာတွေကို အပြစ်တင်မနေနဲ့တော့။ ဒါပဲ အကောင်းဆုံး။)

အဲဒီ ဥပမာ နည်းနည်းတော့ ခွကျတယ်။ အိမ်သာတွင်းကို ဥပမာပေးလို့ မဟုတ်ပါဘူး။

ပြောချင်တာက အိမ်သာတွင်းထဲကို လူ ရုတ်တရက်ကျသွားခဲ့ရင် ဘယ်လူမဆို ထွန့်ထွန့်လူးလို့ ပြန်တက်ချင်မှာ။ ဘေးပတ်ဝန်းကျင်ကို သေလုမတတ် အကူအညီတွေ အော်တောင်းမှာ။ သူကိုယ်တိုင်ကလည်း မဖြစ် ဖြစ်တဲ့နည်းနဲ့ ပြန်တက်ရအောင် ကြိုးစားမှာ။

ခုဟာက လူ အိမ်သာတွင်းထဲ ရုတ်တရက် ပြုတ်ကျတာနဲ့ မတူဘူး။

comment ရေးရင်း "ဖား စမ်းသပ်ချက်" တောင် သတိရသွားပြီ။

Moe Tain Nyo January 30, 2010 at 2:25 PM  

ဟုတ်တယ် မရီတာရေ။ မရီတာ ပြောတာလည်း မှန်ပါ့။

sueass February 6, 2010 at 7:15 PM  

I find copying is more difficult than own creation.

Sure we have a lot of own creation such as traditional songs...........

What I want to say is as long as we are doing POP, rock, rap, r&b etc...., even if they are own creation, they are still copy. Coz they are not our triditional music.

Visitors

About Me

  © Blogger template 'Perfection' by Ourblogtemplates.com 2008

Back to TOP