Monday, September 27, 2010

စနစ် ၏ သားကောင်

၂၆ ရက် စက်တင်ဘာလ စင်ကာပူနိုင်ငံမှာ ပြုလုပ်တဲ့ စာပေ ဟောပြောပွဲမှာ ဆရာ အော်ပီကျယ် ဟောသွားတဲ့ အထဲမှာ စနစ်ရဲ့ သားကောင် ဆိုတဲ့ အကြောင်း နည်းနည်း ပါပါတယ်။ အဲဒါ နဲ့ ပါတ်သက်ပြီး ဆက်စပ် စဉ်းစားမိတာလေးတွေပါ။

ကျွန်တော်တို့ အားလုံးသိကြတဲ့ အတိုင်း ‘သားကောင်’ ဆိုတဲ့ အသုံးအနှုံးက ခံရတဲ့ သူကို ဖော်ညွှန်းတာ ဖြစ်ပါတယ်။ သားကောင်ဆိုမှတော့ မုဆိုးဖြစ်စေ အခြားသော အင်အားကြီးမား တဲ့ အကောင်တစ်ကောင်ကောင် ဖြစ်စေရဲ့ သတ်ဖြတ်မှု့ကို ခံရတာ များပါတယ်။ မုဆိုး ဆိုတာကတော့ ဘယ်လိုပဲ ကြည့်ကြည့် သားကောင်အတွက်တော့ မကောင်းတဲ့ အန္တရယ်ပဲပေါ့။ ဒီနေရာမှာ ကျွန်တော် ပြောချင်တာက စနစ်ဆိုတဲ့ မုဆိုးပါ။ အဲဒီ စနစ်ဆိုတာကတော့ မကောင်းတဲ့ စနစ်လို့ ဆိုလိုချင်ပါတယ်။ ကောင်းတဲ့ စနစ်ဆိုရင်တော့ စနစ်၏ သားကောင်လို့ မသုံးပဲနဲ့ စနစ်၏ အမွေခံလို့ သုံးရမလားပဲ။

ဟုတ်ပါတယ်။ ကျွန်တော်တို့ အားလုံးဟာ စနစ်ရဲ့ သားကောင်တွေပါ။ တိတိကျကျ ပြောရရင် ကျွန်တော်တို့ နိုင်ငံရဲ့ မကောင်းတဲ့ စနစ်ရဲ့ သားကောင်တွေပေါ့ဗျာ။ တစ်ယောက် ချင်းစီကတော့ အဲဒီ သားကောင် အဖြစ်ကနေ ရုန်းထွက်နိုင်ဖို့ ကြိုးစား နေကြလေရဲ့။ လွတ်တဲ့ သူလွတ်။ မိတဲ့ သူမိပေါ့ဗျာ။

လူတော်တော်များများအတွက်တော့ ရုန်းထွက်နိုင်ဖို့ ခဲယဉ်းကြတယ်ဗျ။ ဥပမာ လာဘ်စား တဲ့ အကြောင်းအရာကိုပဲကြည့်။ အကယ်၍ ယဉ်ထိန်းရဲ တစ်ယောက် က လမ်းမှာ ယာဉ်မောင်း တစ်ယောက်ကို အကြောင်းရှာပြီး ပိုက်ဆံ တောင်းနေတယ်ဆိုပါစို့။ ဒီလို စဉ်းစား ကြည့်လို့ရပါတယ်။ အဲဒီ ယာဉ်ထိန်းရဲ ရဲ့ အိမ်မှာ သူ့ကလေး အငယ်ဆုံးက ဗိုက်ဆာလို့ ငိုနေပြီဗျာ။ မဖြစ်စလောက် လခထုတ်ဖို့ကလည်း အဝေးကြီးလိုသေးတယ်။ သူ့မှာ တခြားကလည်း ရစရာ နည်းလမ်း ဘယ်ကမှ မရှိဘူး။ သူ့အနေနဲ့ ဘယ်လိုလုပ်မလဲ။ မိတ်ဆွေရောသူ့ နေရာမှာ ဆိုရင် ဘယ်လိုလုပ်မလဲ။ လူသာမာန် တစ်ယောက်မှာ သူ့ရဲ့ ကလေးငိုသံ ထက်ပို နာကျင်စေတဲ့ အကြောင်းအရာက တော်တော် ရှားပါလိမ့်မယ်။

အချို့သူတွေက စောဒက တက်ကြတယ်ဗျာ။ အဲဒီ ယာဉ်ထိန်းရဲ အနေနဲ့ အဲဒီအလုပ်ကို မလုပ်ပဲ အစကတည်းက ပိုပြီး ကောင်းအောင် ကြိုးစားပါလား။ ပညာရပ် တစ်ခုခု ကိုကျွမ်းကျင် အောင်လုပ် ပိုပြီး ကောင်းတဲ့ ဘ၀တစ်ခုကို တည်ဆောက်ပေါ့တဲ့။ ဒါပေမယ့် ကျွန်တော့် အနေနဲ့ကတော့ တစ်မျိုးစဉ်းစားမိတယ်ဗျ။ ဘယ်လိုလဲ ဆိုတော့ အဲဒီယာဉ်ထိန်း ရဲကို သာမာန် လူတစ်ယောက် အနေနဲ့ စဉ်းစားရမယ်။ သာမာန် လူတစ်ယောက် က အထက်က ပြောသလိုမျိုး မလုပ်နိုင်ဘူးဗျာ။ ဒီအခြေအနေက ရုန်းထွတ်ဖို့ အရည်အချင်း တွေ တန်းစီပြီး ရှိရမယ် ဆိုတာ သိပ်သဘာဝ မကျသေးဘူး။ ဘာလို့လဲ ဆိုတော့ နိုင်ငံ တစ်နိုင်ငံက ဗိုလ်ချုပ်အောင်ဆန်းတွေ ဦးသန့်တွေနဲ့ ကြည့်ပဲ ဖွဲ့စည်းထားတာ မဟုတ်ဘူး။ သာမာန်လူတွေ အတွက် လည်း နေရာရှိရမယ်ဗျ။ နိုင်ငံတိုင်း ကို ကြည့်ကြည့်ပါ။ သာမာန် လူအရေအတွက်က တော်တဲ့ တတ်တဲ့ သူရဲကောင်း စိတ်ရှိတဲ့ လူအရေအတွက်ထက် ပိုများကြတာ ကြည့်ပါပဲ။

နိုင်ငံခြားတိုင်းပြည်ကလူတွေလည်း အတူတူပါပဲဗျာ။ များသောအားဖြင့်က သာမာန်လူတွေပါ။ သူတို့ စနစ်က လာဘ်စားစရာ မလိုအောင် ပြည့်စုံနေတော့ ဘယ်သူမှ မစားတော့ဘူးလို့ ထင်ပါတယ်။ ဒါမှာမဟုတ် စားတဲ့ သူအလွန်နည်းပါလိမ့်မယ်။

သာမာန်လူတွေအတွက် သူတို့နဲ့ ထိုက်တန်တဲ့ အလုပ်ကို လုပ်ပြီး ထိုက်သင့် တဲ့ အကျိုးခံစားမှု့ကို ပေးနိုင်ရမယ် လို့ယူဆပါတယ်။ ဒါမှ စနစ်ရဲ့ သားကောင် မဖြစ်ကြမှာပါ။

ကျွန်တော် ပြောခဲ့ သလိုပါပဲ။ စနစ်ဆိုတဲ့ မုဆိုးကြီး ရဲ့ သားကောင် မဖြစ်ရလေအောင် ကျွန်တော်တို့ အားလုံး နည်းလမ်း အသွယ်သွယ်စီနဲ့ ကြိုးစားနေကြပါတယ်။ တစ်ချို့ အားနည်းတဲ့ ကံအကြောင်းမလှတဲ့ သူတွေကျတော့ မုဆိုးရဲ့ မျှားချက်မှာ မိတဲ့ သမင်လေးလိုပဲ ကားခနဲ ကျသွားပါတယ်။ အဲ တစ်ချို့ သမင်တွေကြတော့ လည်း မုဆိုးကို ခြေရာ ဖျောက် ပြေးနိုင်ကြသေးတယ်ဗျ။ တစ်ချို့ ပိုပြီး အားကောင်းတဲ့ ခြင်္သေ့လို့ ကျားလို သူတွေကြတော့လည်း မုဆိုးကို သားကောင် ပြန်ဖြစ်အောင် လုပ်နိုင်သဗျာ (ဥပမာ ဗိုလ်ချုပ် အောင်ဆန်း၊ ဟိုချိမင်း)။ လူတစ်ယောက်ခြင်းစီက ကိုယ့် အခြေအနေနဲ့ ကိုယ် ကိုယ့် အကြောင်းနဲ့ ကို မူတည်ပြီး မတူကြပါဘူး။

ဒီအကြောင်းကို တွေးရင်းနဲ့ ကျွန်တော် လည်း ကျွန်တော်ကိုယ် ကိုယ်ကျွန်တော် ပြန်ဆန်းစစ်ကြည့် မိပါတယ်။ လောလောဆယ် ငါဘယ်နေရာ ရောက်နေလဲလို့။ ဟုတ်ကဲ့။ ကျွန်တော်လည်း သမင်လေး တစ်ကောင်နေရာ ရောက်နေတယ်လို့ ထင်ပါ့။ အဲ အပြေးမြန်တဲ့ သမင်လေး ဖြစ်အောင် တော့ ကြိုးစားနေလေရဲ့ဗျာ….

စက်တင်ဘာ ၂၀၁၀

မိုးတိမ်ညို

စင်ကာပူ ဒုတိယအကြိမ် စာပေ ဟောပြောပွဲ

် ဆရာ မောင်စိန်ဝင်း ပုတီးကုန်း
ဆရာ လယ်တွင်းသား စောချစ်
ဆရာ အော်ပီကျယ်

ဒီကနေ့ စင်ကာပူ ဒုတိယအကြိမ်စာပေ ဟောပြောပွဲကို သွားခဲ့ပါတယ်။ စာရေးဆရာတွေကတော့ ဆရာ လယ်တွင်းသား စောချစ်၊ ဆရာ မောင်စိန်ဝင်း ပုတီးကုန်းနဲ့ ဆရာ အော်ပီကျယ်တို့ပါ။
ဆရာ အော်ပီကျယ်ကိုတော့ အဓိက နားထောင်ချင်လို့ပါ။ သူ့ကာတွန်းတွေ ဟိုအရင်ကတည်းက ဖတ်ခဲ့ ဘူးပြီး အရမ်းကြိုက်ခဲ့တာလေ။
အခုလိုဒီမှာ ဟောပြောပွဲ စီစဉ်တာ တော်တော် လေးကောင်းပါတယ်။ စီစဉ်တဲ့ သူတွေကို ကျေးဇူးတင်ပါတယ် ဗျာ။ ပွဲစဉ်တစ်လျှောက်လုံးလည်း အဆင်ပြေပါတယ်။ အဲ တစ်ခုပဲ ရှိတယ်။ အလယ်လူလျှောက်လမ်း မှာ ထိုင်မိလို့ ရှေ့က လူတွေ တစ်ချိန်လုံး ဖြတ်လျှောက်လျှောက်နေလို့ စိတ်ညစ်ရတာ တစ်ခုပဲ။ လူတော်တော် များများ စိတ်ဝင်တစား လာကြတယ်ဗျ။ စီစဉ်တဲ့ သူတွေ ပြောတာတော့ လက်မှတ် ထောင်ကျော် ရောင်း ရဆိုပဲ။ အဲ ထူးဆန်းတာ ရှိသေးဗျာ။ အဲဒီ အထဲမှာ လာထိုင်ပြီး ဖုန်းနဲ့ Game ဆော့နေတဲ့ သူတစ်ယောက် တွေ့လို့။ ထူးဆန်းပါပေ့ ဆရာတွတ်ရယ် လို့ ပြောလိုက်ချင်ပါဘိဗျာ။
ကျွန်တော့် စိတ်ထဲ စိတ်မကောင်း ဖြစ်တာ တစ်ခုကြုံလိုက်ရသေးတယ်။ ဆရာ လယ်တွင်းသား စောချစ်က ခမ်းမကြီးကကောင်းလိုက်တာလို့ ပြောလိုက်လို့ပါ။ ဒီလိုပါ။ အဲဒီခမ်းမထဲ ၀င်ဝင်ခြင်းပဲ ကျွန်တော်နဲ့ အတူ လာတဲ့ သူငယ်ချင်းက ဒီခမ်းမက တော်တော် စုတ်တာပဲကွလို့ မှတ်ချက်ချလို့ပါပဲ။ စင်ကာပူ က စံနဲ့ ဆိုရင်တော့ ဟုတ်ပါတယ်လေ။ ခမ်းမက စပယ်ရှယ်ထဲမှာတော့ မပါဘူး။ ကော်ဇော်တောင် ခင်းထားတာ မရှိဘူး တဲ့။ သူကပြောသေးတယ်။ သူက အဲလိုပြောနေတုံး ကျွန်တော်တို့ မြန်မာနိုင်ငံက ဆရာကြီးတွေက ခမ်းမကြီးက ကောင်းလိုက်တာ လို့ ဆိုလိုက်တော့ ကျွန်တော့် စိတ်ထဲ တစ်မျိုးပဲ။
ပြီးတော့ ဆရာ မောင်စိန်ဝင်း က မီးစက်သံမကြားရတော့ မဟောတတ် တော့ဘူးကွ ဆိုတဲ့ ဟာသ က ကျွန်တော့် အတွက်တော့ သိပ်မရယ်ရဘူးဗျ။ စိတ်မကောင်း ဖြစ်သွားရလို့။
ဆရာ အော်ပီကျယ် ဟောပြောတာကို တော့ အရမ်းကြိုက်မိတယ်။ လူတော်တော် များများလည်း တော်တော် ကြိုက်ကြတယ် ထင်တယ်။ လက်ခုပ်သံ တစ်ဖြောင်းဖြောင်းပဲ။ ဆရာ့ရဲ့ ကာတွန်းလေးတွေက တော်တော် ထိမိတာကိုးဗျ။
အထူးသဖြင့် ဘစ်(စ)ကား ဥပမာကို သဘောကျတယ်။ တိုးတက်တဲ့ နိုင်ငံတွေမှာ နေတဲ့ သူတွေက အကောင်း စားဘစ်(စ)ကားကို စီးသလိုပဲတဲ့။ ဘယ်လိုစီးစီး အချိန်တန်တော့ လိုရာခရီး ရောက်မှာပဲတဲ့။ ကျွန်တော်တို့ တွေကတော့ ချက်ပလက် ကားစုတ်စီးနေရသလိုပဲ။ လိုရာခရီးရောက်ဖို့ ဆင်းတွန်းတန် တွန်းရမယ်။ ဆွဲတန် ဆွဲရတယ်။ ငါပိုက်ဆံရှိတယ်ကွဆိုပြီး ဘစ်(စ)ကားပေါ်မှာ ဆိုဖာကြီးတင် ထိုင်နေလည်း လိုရာ မရောက်နိုင်ဘူးတဲ့။ ဆရာ့ ဥပမာလေး တော်တော် ထိပါတယ်။
ဘာပဲ ဖြစ်ဖြစ် စီစဉ်တဲ့ သူတွေကိုရော ဆရာတွေကိုပါ ကျေးဇူးတင်ပါတယ်။ နောက်လည်း နားထောင်ချင်ပါ သေးတယ်ဗျာ။
မိုးတိမ်ညို

Visitors

About Me

  © Blogger template 'Perfection' by Ourblogtemplates.com 2008

Back to TOP