Tuesday, November 2, 2010

ခေတ်သစ် သင်ရိုးညွှန်းတမ်း

တစ်နေ့က ဂျာမနီနိုင်ငံ အကြောင်းပါတဲ့ စာအုပ်တစ်အုပ် ဖတ်မိတော့ ဒုတိယ ကမ္ဘာစစ်မတိုင်မှီက ဂျာမနီ အမျိုးသား ရေးစိတ်ဓါတ် အပြင်းထန်ဆုံးအချိန်မှာ ပထမ ကမ္ဘာစစ်က သူတို့ကို ဖိနှိပ်ထားတဲ့ သူတွေကို အံတုဖို့ ပြင်ဆင်နေတဲ့ အကြောင်းပါလာတယ်ဗျ။ ကလေးတွေကို ငယ်ငယ်ကတည်းက စိတ်ဓါတ်တွေ ရိုက်သွင်းပေးခဲ့တယ်တဲ့။ ဘယ်လိုလဲ ဆိုတော့ မူလတန်းမှာ သချာင်္တွေမှာ ဒီလိုသင်တယ်တဲ့။ လေယာဉ်တစ်စီးသည် ၁ မိနစ်တွင် ဗုံးအလုံးရေ ၂၀ ဖြုတ်ချနိုင်ပါက ၅ မိနစ်တွင် ဗုံးအလုံးရေ မည်မျှ ဖြုတ်ချနိုင်မည်နည်း။ ရန်သူစစ်သား ၄၈၇၉၀ ရှိသည်တွင် ဂျာမာန်စစ်သားတို့ ပစ်သဖြင့် ရန်သူ ၃၉၂၈ သေပြီး ၂၃၂၃ ထွက်ပြေးလျှင် ရန်သူမည်မျှ ကျန်မည်နည်း။ စသဖြင့် သင်ကြတယ်တဲ့။

ပြီးတော့ အရင်က ဖတ်ဖူးတဲ့ ပါလစ္စတိုင်းနဲ့ ပတ်သက်တဲ့ ၀တ္ထုတစ်ပုဒ်ထဲမှာလဲ အဲလိုပဲ။ သူတို့က ဂျူးတွေကို တအားမုန်းတာဆိုတော့ ဒီလို သင်တယ်တဲ့။ ဘစ်ကား တစ်စီးတွင် ဂျူးအလောင်းကောင် ၂၀ တင်နိုင်လျှင် ဘစ်ကား ၁၀ စီးတွင် မည်မျှတင်နိုင်မည်နည်း။ တစ်ရက်လျှင် ဂျူးဆ ၁၅ ယောက်သတ်နိုင်ပါက ရက်ပေါင်း ၂၀ တွင် ဂျူးမည်မျှ သတ်နိုင်မည်နည်းတို့ သင်ကြတယ်တယ်တဲ့။ တော်တော်တော့ ကြောက်စရာ ကောင်းတယ် စိတ်ဓါတ် ရိုက်သွင်းမှု့ တွေပါ။

သူတို့တွေ အဲလိုငယ်ငယ်ကတည်းက စိတ်ဓါတ် ရိုက်သွင်းလိုက်တော့ ကြီးရင် သူတို့ ဖြစ်စေချင်တဲ့ အတိုင်း အများစုသော ကလေးတွေက ဖြစ်လာကြတယ် ဆိုပဲ။ အဲဒီအကြောင်းတွေ ဖတ်လိုက်ရတော့ ကျွန်တော်လည်း ကျွန်တော်တို့ နိုင်ငံမှာ လည်းအဲလိုလုပ်လို့ ဖြစ်နိုင်တယ်လို့ စဉ်းစားမိတယ်ဗျာ။ အနာဂတ်အတွက် အခုကတည်းက ကြိုတင်ပြင်ဆင်ရတာပေါ့ဗျာ။ ဟုတ်ဘူးလား။ စဉ်းစားလို့ရသလောက် ဥပမာ လေးတွေ ရေးပေးလိုက်ပါတယ်။

၁) အင်ဂျင်နီယာတစ်ယောက်သည် တံတားဆောက်သည့် ပိုက်ဆံ၏ ၃၀ ရာခိုင်နုန်းကို ယူထားပါက တံတား ဆောက်ခ ကျပ်သိန်း တစ်သောင်းရပါက သူ့တွင် ပိုက်ဆံမည်မျှ ဘုံးနိုင်မည်နည်း။
၂) ဆီဆိုင်မန်နေဂျာတစ်ဦးသည် တစ်ရက်လျှင် ဓါတ်ဆီ ဂါလံ ၁၀၀ ခိုးရောင်းပါက ရက်သုံးဆယ်တွင် မည်မျှ ခိုးနိုင်မည်နည်း။
၃) အကောက်ခွန်ဌာနသည် နိုင်ငံခြားမှ ပြန်လာသူများ ထံမှ တစ်ယောက် ၁၀ ဒေါ်လာရလျှင် လူ ၁၅၀ ပြန်လာပါက မည်မျှရမည်နည်း။
၎) သံရုံးဝန်ထမ်း တစ်ဦးသည် ပစ်ပို့ တစ်အုပ် သက်တမ်းတိုးခ ဒေါ်လာ ၂၀ ရလျှင် လူ ၅၀ တိုးပါက မည်မျှ ရမည် နည်း။
၅) အခွန်ဆောင်ရန်အတွက် လူတစ်ယောက်သည် သံရုံးတွင် ၂၄ နာရီခန့် စောင့်ရပါက လူ၂၀ သည် နာရီမည် မျှ ဆုံးရှုံးသွားမည်နည်း။
၆) မောင်မောင် သည် အထက်အရာရှိတစ်ဦးကို ကျပ် နှစ်သိန်းကန်တော့ရပါက ဆယ်ဦးဆိုလျှင် မည်မျှ ကန့် တော့ရမည်နည်း။
၇) ဆည်တစ်ခုမှာ ရေကုဗတန် တစ်ထောင်ဖွင့်ချ၍ ရွာတစ်ရွာ ရေမြုတ်လျှင် ရေကုဗတန် တစ်သိန်းဖွင့် ချပါက ရွာဘယ်နှစ်ရွာ ရေမြုတ်မည်နည်း။
၈) တစ်နှစ်တွင် ဈေး ၅ ခုမီးလောင်ပါက နှစ်ပေါင်း ၅၀ တွင် ဈေးပေါင်း မည်မျှ မီးလောင်မည်နည်း။
၉) တစ်နှစှ်လျှင် မြန်မာနိုင်ငံမှာ ပညာရှင် ၁၀၀၀၀ နိုင်ငံခြားထွက်ပါက နှစ်ပေါင်း ၂၀ ကြာသော အခါ မြန်မာနိုင်ငံတွင် ပညာရှင် မည်မျှ ကျန်မည်နည်း။

စသဖြင့် စသဖြင့်။ သို့ဆိုလျှင်တော့ ကျွန်တော်တို့ နိုင်ငံ အနာဂတ်ကို စိတ်အေးသွားပါပြီ။

နိုင်ဝင်ဘာ ၂၀၁၀။
မိုးတိမ်ညို

3 comments:

White Dream November 2, 2010 at 1:06 PM  

ကိုယ့်လူရေ
ကျုပ်လဲ အရှေ့ရေး အနောက်ရေး ရေးနေတယ်။
ခေတ်သစ် သင်ရိုးညွှန်းတမ်း ဆိုလို့ ဖတ်မိပါတယ်။ ကိုယ်ထင်ထားသလို မဟုတ်ပေမယ့် ကောင်းပါတယ်။
အားပေးလျှက်

Anonymous November 3, 2010 at 11:05 AM  

မိုက်တယ်ဗျ..ဖတ်ရင်းနဲ့ရီ ( ရယ် ) နေရတယ်...။

lonetone November 4, 2010 at 10:19 PM  

သူငယ်ချင်းရဲ့ ဘလော့ဂ်ကို တွေ့၊ တွေ့နေပေမယ့် သေချာ မဖတ်မိဘူးဗျ။ ဒီနေ့တော့ ပို့စ် ၄၊ ၅ ခုလောက် ဆက်တိုက် ဖတ်သွားတယ်ဗျ။ သဘောကျတယ်။ လင့်ခ်ချင်တယ်။ ခွင့်ပြုပါ။

Visitors

About Me

  © Blogger template 'Perfection' by Ourblogtemplates.com 2008

Back to TOP