Saturday, March 26, 2011

နတ်ပြည်တစ်ရက် လူ့ပြည်တစ်သက်

ကျွန်တော်တို့ ငယ်ငယ်လေးကတည်းက လူကြီးသူမတွေ ပြောတာရော စာအုပ်တွေထဲမှာပါ “နတ်ပြည်မှာ တစ်ရက် ကလူ့ပြည်မှာ တစ်သက်နဲ့ ညီတယ်လို့” မှတ်ဖူးဖတ်ဖူးတယ်ဗျ။ စာဖတ်နေတဲ့ မိတ်ဆွေတော့ ဘယ်လိုနားလည်သလဲ မသိဘူး။ ကျွန်တော်ကတော့ ငယ်ငယ်ကတော့ ကလေးအတွေးနဲ့ ရိုးရိုးရှင်းရှင်းပဲ ကိုယ့်ဟာကို ဘာသာပြန်လိုက်တယ်။ တစ်ရက်ဆိုတာ နေထွက်ချိန်က နေ၀င်ချိန် ပြီးတော့ နောက်တစ်ရက် နေထွက် အချိန်အထိ ဒါတစ်ရက်ပဲလို့။

အဲလိုဆိုတော့ လူ့ပြည်မှာ တစ်ရက်က နှစ်ဆယ့်လေးနာရီ ကြာပေမယ့် နတ်ပြည်မှာက နှစ်ပေါင်းတစ်ရာ လောက် ကြာတယ်ပေါ့ဗျာ။ အဲလိုပဲ နားလည်မိတယ်။ ငယ်ငယ်ကတော့ သြော်သူတို့က နတ်ကိုး တန်ခိုးရှိတာ ကိုး ဒါကြောင့် တစ်ရက်က နှစ်ပေါင်းတစ်ရာလောက်ကြာတာလို့ ပဲ တွေးမိတယ်။

ဒါပေမယ့် အခုနောက်ပိုင်းကြတော့ အတွေးအမြင်တော်တော် ပြောင်းသွားသဗျ။ အဲဒီ နတ်ပြည်မှာ တစ်ရက် လူ့ပြည်မှာ တစ်သက်ဆိုတဲ့ စကားလုံးက တော်တော်အတွေးအခေါ်ပါတယ်ဗျ။ ဒုက္ခနဲ့ သုခကို ရှင်းရှင်းလင်းလင်း ခွဲပြထားတာ။

အဖြစ်အပျက်တစ်ခု ကြာတယ်မကြာဘူး၊ မြန်တယ် မမြန်ဘူးဆိုတာ လူတစ်ယောက်ချင်းစီရဲ့ စိတ်ထားနဲ့ အများကြီး ဆိုင်တယ်။ ကြာတယ်ဆိုတဲ့ အကြောင်းအရာတစ်ခုက လည်းနာရီလက်တံကြီး နှေးသွားလို့ ကြာတာ မဟုတ်ဘူး။ မြန်တယ်ဆိုတာလည်း နာရီလက်တံကြီး မြန်သွားလို့ မြန်တာ မဟုတ်ဘူး။ ဥပမာဗျာ သွားနာနေတဲ့ သူတစ်ယောက် ဆယ်မိနစ်လောက် နာတာက တစ်နာရီလောက်နာတယ်လို့ ထင်ရတယ်။ ရည်းစားနဲ့ ချိန်းတွေ့နေတဲ့ သူတစ်ယောက် နှစ်နာရီလောက်ကြာရင်တောင်မှ နှစ်မိနစ်ပဲ လို့ထင်ရတယ်။ ထမင်းဆာနေတဲ့ သူတစ်ယောက် ထမင်းအိုးတည်ထားတာကို ထိုင်စောင့်နေရရင် တစ်ကမ္ဘာလောက်ကြာတယ် လို့ထင်ရတယ်။ ရုပ်ရှင်ဇာတ်လမ်းကောင်း ကြည့်နေတဲ့သူလည်း သုံးနာရီလောက်တောင်မှ ဘယ်လိုကုန်သွား မှန်းမသိလိုကြဘူး။

ဆေးရုံတစ်လလောက် တက်နေရတဲ့ သူတစ်ယောက်ကို "ဟာ တစ်လတောင်ရှိပြီလား မြန်တာနော်" လို့ သွားပြောရင် အရိုက်ခံရနိုင်တယ်ဗျ။ ဟန်းနီးမွန်း တစ်ပတ်လောက် ထွက်တဲ့ ကြင်စဦး ဇနီး မောင်နှံကို လည်း "ဟင် မင်းတို့ ဟန်းနီးမွန်းကလည်း ကြာတာကွာ" လို့သွားပြောရင် လူမှု့ရေးတော်တော် ညံ့တဲ့သူ လို့ အထင်ခံရ နိုင်တယ်ဗျ။

ဒီတော့ ကျွန်တော်တို့ရဲ့ ပျော်စရာကောင်းတဲ့ အချိန်တွေဆိုရင် ကုန်တာ မြန်ပြီးတော့ စိတ်ညစ် စရာ အချိန်တွေက ကြာတယ်လို့ ယေဘူယျ ခံစားရတယ်လေ။

ဒါကြောင့်ပေါ့ဗျာ။ နတ်ပြည်မှာ တစ်ရက်က လူ့ပြည်မှာ တစ်သက်ဆိုတာလဲ အဲဒီလိုပဲ။ နတ်ပြည်ဆိုတာက သီအိုရီအရ သုခခံစားတဲ့ နေရာကိုးဗျ။ အဲဒီတော့ အချိန်တွေက မြန်တယ်လို့ထင်ရမှာပဲလေ။

ကျွန်တော်တို့ လူ့ပြည်ဆိုတာက ဒုက္ခက သုခထက် ပိုများတဲ့နေရာလေ။ အဲဒီတော့ ဒီနှစ်ပေါင်းလေးငါး ခြောက်ဆယ် ခုနှစ်ဆယ်လောက်ကို လူတွေက အကြာကြီးပဲလို့ ခံစားရတာပေါ့ဗျာ။ သူ့ဟာသူနေတဲ့ အချိန်က လူတွေရဲ့ ခံစားမှု့ကို လိုက်ပြီး ကြာတယ်မြန်တယ်ဆိုတာ ဖြစ်လာတာပဲဗျ။

ဒီလိုပြောကြကြေးဆိုရင် ငရဲပြည်ရဲ့ တစ်ရက်ဆိုတာလည်း လူ့ပြည်ရဲ့ တစ်မိနစ်လောက်ပဲ ကြာတယ်လို့ ခံစားရမယ် ထင်ပါ့ဗျာ။ ဘာလို့လဲ ဆိုတော့ တစ်မိနစ်လောက် နှိပ်စက်ခံနေရတဲ့သူက အချိန်တွေကြာတယ် လို့ထင်ရမှာပဲလေ။ အဲ စာတွေထဲမှာတော့ မဖတ်ဖူးပါဘူး။ ကိုယ့်ဟာကို လျှောက်တွေးကြည့်တာ။

အဓိကပြောချင်တာကတော့ နတ်ပြည်အကြောင်းငရဲပြည်အကြောင်းမဟုတ်ဘူးနော်။ လူတွေရဲ့ စိတ်ခံစားမှု့က အချိန်အပေါ်ဘယ်လိုသက်ရောက်တယ်ဆိုတာလေး တွေးကြည့်တာပါ။

အဲဒီတော့ မိတ်ဆွေ အကြောင်းအရာတစ်ခု အဖြစ်အပျက်တစ်ခုက မိတ်ဆွေ အတွက် ဒုက္ခလား သုခလား သိချင်ရင်တော့ အဲဒီအဖြစ်အပျက်က မိတ်ဆွေ အတွက် အချိန်တွေတအားကြာသလား မြန်သလား လို့ ဆုံးဖြတ်ကြည့်လိုက်။ ယေဘူယျအားဖြင့်တော့ ဒုက္ခလား သုခလား ဆိုတာခွဲခြားနိုင်လိမ့်မယ်ထင်ပါ့ဗျ။

26 March 2011

မိုးတိမ်ညို

Wednesday, March 16, 2011

လူမုန်းများသော နေ့တစ်နေ့

အလကားနေရင်း လူမုန်းခံရတဲ့ နေ့တစ်နေ့ရှိတယ်ဗျ။ အဲ အလကားနေရင်းတော့ လည်းမဟုတ်ဘူး။ အကြောင်းတော့ရှိတယ်။ ဒါပေမယ့် သူနဲ့ တော့တိုက်ရိုက်မဆိုင်ပါဘူး။ သူနဲ့ ဆန့်ကျင်ဖက် လူချစ်ခံရတဲ့ နေ့လည်း ရှိသေးတယ်ဗျ။ လူမုန်းခံရတဲ့ နေ့ကတော့ တနင်္လာနေ့။ လူချစ်လူခင်များတဲ့ နေ့ကတော့ သောကြာ နေ့ပေါ့။

Happy Friday.
Tomorrow is Holiday...

ဒါတွေကတော့ gmail တို့ facebook တို့ မှာ လူအများ အပတ်စဉ် ရေးလေ့ရေးထရှိတဲ့ စာကြောင်းလေး တွေပေါ့။

သူ့ဟာသူနေတဲ့ တနင်္လာနေ့ ကတော့ လူမုန်းစရာ ဖြစ်ပြီး သောကြာနေ့ကတော့ တော်တော် လူချစ်လူခင်များတဲ့ သဘောဗျ။ ဘာကြောင့် တနင်္လာနေ့ကို လူတွေမုန်းကြသလဲဆိုတော့ ရုံးစတတ်တဲ့ ရက်ဖြစ်နေလို့တဲ့ဗျာ။ သောကြာနေ့ကတော့ နောက်နေ့ ရုံးပိတ်မှာ မို့လို့ ပျော်ကြတာပါတဲ့။ ရုံးတတ်တဲ့ သူ တော်တော်များများရဲ့ မျက်နှာတွေကို သတိထားကြည့်ကြည့်။ တနင်္လာနေ့ နဲ့ သောကြာနေ့ တူကို မတူဘူး။ တနင်္လာနေ့ဆို မှုန်ကုပ်နေတာပဲ။ သောကြာနေ့ဆိုရင်တော့ မြောက်ကြွမြောက်ကြွနဲ့ဗျ။


ဘာလို့ အဲလိုတွေ ဖြစ်ကြတာလည်း လို့ တွေးကြည့်မိပါတယ်။ ကျွန်တော် စဉ်းစားမိတာကို ပြောရရင်တော့ Law of duality ကြောင့်ဗျာ။ ဟဲဟဲ ဘိုလိုမှုတ်တယ်ဆိုပြီး တွန့်မသွားနဲ့ဦး မိတ်ဆွေ။ လူရှိန်အောင် တစ်ခါ တစ်လေလေး ပြောရတာပါဗျာ။ ဒီလိုဗျ။ Law of duality ကို မြန်မာလို ဘာသာပြန်ရင် ဆန့်ကျင့်ဘက် နိယာမ လို့ ပြန်ရမလားပဲ။

ဆန့်ကျင်ဖက် နိယာမက ဘာကို ဆိုလိုတာလဲဆိုတော့ ကျွန်တော်တို့ လောကကြီး တစ်ခုလုံးက ဆန့်ကျင်ဖက် တွေ နဲ့ ဖွဲ့စည်းထားတာ ဆိုပဲ။ ဥပမာ အပူနဲ့ အအေး၊ အလင်းနဲ့ အမှောင်၊ ဒုက္ခ သုခ၊ ချစ်ခြင်း မုန်းခြင်း စသဖြင့်ပေါ့။ အဲဒီမှာ ဘာသွားတွေ့ရလည်း ဆိုတော့ တစ်ခုနဲ့ တစ်ခု မှီခိုနေတာကိုပဲဗျ။ တစ်ခု မရှိရင် နောက်တစ်ခု မရှိနိုင်ဘူး။

ခေါင်းမရှုပ်သွားနဲ့ ဦး မိတ်ဆွေ။ ခရစ်ယာန်ဘာသာ နဲ့ ပြောရရင် မကောင်းဆိုးဝါး (Evil) ဆိုတာ မရှိရင် ဘုရားသခင်(God) ဆိုတာ မရှိနိုင်ဘူး။ ရှိတယ်ထားဦး ဘာမှ အဓိပ္ပာယ်မရှိဘူး။ အပူဆိုတာ မရှိရင် အအေးဆိုတာ ဘာလဲ လို့ မသိနိုင်ဘူး။ အမှောင်ဆိုတာ မရှိရင် အလင်းဆိုတာကို ဘယ်သူမှ မတမ်းတဘူး။ ငရဲ ပြည်ဆိုတာ မရှိရင် နတ်ပြည်ဆိုတာ ဘာအဓိပ္ပာယ်မှ မရှိဘူး။ အဲဒါတွေက ဆန့်ကျင်ဖက်နိယာမတွေပဲဗျ။ တစ်ခုရှိမှ နောက်တစ်ခုက အဓိပ္ပာယ်ရှိတာ။

ကဲ အဲဒါကြောင့်ဗျာ လူတွေ သောကြာနေ့ ဆိုရင် နောက်တစ်ရက် ရုံးပိတ်တော့မှာ မို့လို့ ပျော်ကြတာပါတဲ့။ ဘာကြောင့် လဲ ဆိုတော့ ရုံးမှာ မပျော်တဲ့ ဒုက္ခဆိုတာ ရှိနေလို့ ရုံးပိတ်ရက်ဆိုတဲ့ သုခလေး ကိုတမ်းတကြ တာပေါ့ဗျာ။ တကယ်လို့ ဘာအလုပ်မှ မလုပ်တဲ့ သူတစ်ယောက်ကို Happy Friday လို့ သွားပြောကြည့်ပါလား။ ဘာလဲ ဒီကောင် အူကြောင်ကြောင်နဲ့ လို့တောင် ကိုယ့်ပြန်ပြောသွားဦးမယ်။ သူ့အတွက်က ပိတ်ရက် ဖွင့်ရက်မှ မရှိပဲကိုး။ ကျွန်တော့် အထင်တော့ ဒီလောကကြီးမှာ လုပ်ငန်းခွင်မှာ ပျော်တဲ့ သူအရေအတွက် ထက် မပျော်တဲ့ သူက အရေအတွက်က ပိုများတယ်ထင်တယ်။ ဘာလို့လဲဆိုတော့ လူတော်တော်များများက ၀ါသနာနဲ့ အလုပ် ထပ်တူမကျကြလို့ပဲ။ အဲလို ထပ်တူကျနိုင်တဲ့ သူတော်တော်ရှားတယ်ဗျ။ များသောအားဖြင့်က ထမင်းစားဖို့ အလုပ်လုပ်နေကြရတာဗျ။

အဲဒီတော့ ရုံးများပိတ်ပြီဆိုရင်တော်တော်ပျော်ကြတာဗျ (ဟဲဟဲ ကျွန်တော် အပါအ၀င်ပေါ့ဗျာ)။ အဲဒီတော့ ကျွန်တော်တို့ လည်း ရုံးဖွင့်ရက်ကလေးတွေကို ကြံဖန် ကျေးဇူးတင်လိုက်ကြရအောင်ဗျာ။ ရုံးဖွင့်ရက် သာ မရှိဘူးဆိုရင် ဘယ်ရုံးပိတ်ရက်မှ ဒီလောက် ပျော်စရာ ကောင်းမှ မဟုတ်တော့ဘူးလေ။ ကျွန်တော်တို့ ဘ၀မှာ ပျော်စရာ တစ်ခုလျှော့သွားမှာပေါ့။ ဟုတ်တယ် မဟုတ်လား။ အကောင်းမြင် ၀ါဒပေါ့ဗျာ။

ဒါနဲ့ စကားမစပ်ဗျာ။ မနက်ဖြန်သောကြာနေ့ဗျို့.။

March 2011
မိုးတိမ်ညို

Tuesday, March 15, 2011

လူတွေကခက်တယ်(၂)


လူတွေက ခက်တယ်ဗျာ။ တကယ်ပြောတာ။ အခုတစ်ခါ ခက်တာကပိုဆိုးတယ်။
ကျွန်တော် ဒီနေ့ Bottle Tree ရှိတဲ့နေရာကို မထင်မှတ်ပဲ ရောက်သွားတယ်ဗျ။ အဲဒီမှာ တော်တော်ခက်တာ တစ်ခုသွားတွေ့တယ်ဗျ။ Bottle Tree ရှိတဲ့နေရာက စင်ကာပူမှာ လူတွေ တော်တော်သွားလည်ကြတဲ့ နေရာပါ။
အဲဒီမှာ ရေကန်လေးတွေအများကြီးရှိတယ်ဗျ။ ပုလင်းပုံ သစ်ပင်ကြီးလည်းရှိတယ်။ တခြားစိတ်ဝင်စားစရာကတော့ ငါးမျှားတာဗျ။ ရေကန်တွေတော်တော်များများရှိတယ်။ ကျွန်တော်ရောက်သွားတဲ့ အချိန်ကမိုးရွာနေတော့ လူတွေက အပြင်က ရေကန်တွေမှာ ငါးမမျှားပဲနဲ့ အမိုးရှိတဲ့ ရေကန်သေးသေးလေးမှာ ၀ိုင်းပြီး ငါးမျှားနေလိုက်ကြတာ။

လူတွေဗျာ ရေကန်သေးသေးလေးမှာ ငါးမျှားနေတာကြ။ ကန်ကလည်း တကယ့်သေးသေးလေး။ ငါးတို့ ပုဇွန်တို့ ကိုအဲဒီကန်ထဲမှာ လူတွေမျှားလို့ရအောင် လွတ်ပေးထားတာဗျ။ တစ်နာရီ ၁၄ ဒေါ်လာတဲ့ဗျာ။ ငါးလေးတွေ ပုဇွန်လေးတွေ ချိတ်မှာ ချိတ်ပြီး ယက်ကန်ယက်ကန် ပါပါလာတာ တော့ မမြင်ချင်အဆုံးပါပဲဗျာ။

ပထမဆုံးပြောချင်တာ ငါးမျှားတယ်ဆိုတဲ့ အဓိပ္ပာယ်ကိုဗျ။ တကယ်က ငါးမျှားတယ်ဆိုတာ မမြင်ရတဲ့ ရေထဲက တစ်ခုခုကို ကံစမ်းမဲ နှိုက်သလို ကံစမ်းတဲ့ သဘောဗျ။ ငါးရှည့်ရမလား၊ ငါးခူရမလား၊ ပုဇွန်ရမလား စသဖြင့် ရင်ခုန်စရာရှာရတာ။ အခုဟာက ဒီကန်မှာမျှားရင် ပုဇွန်၊ ဟိုဘက်ကန်က ငါးရံ့ စသဖြင့် အတိအကျကြီး သိနေရတာ။

ပြီးတော့ဗျာ လူတွေရဲ့ စိတ်ဓါတ်။ သူများရဲ့ suffering ကို အပန်းဖြေသဘောနဲ့ လုပ်ကြတာတဲ့။ မိတ်ဆွေ စဉ်းစားကြည့်ပါဗျာ။ မိတ်ဆွေရဲ့ အာခေါင်ကို သံချိတ်နဲ့ ချိတ်ပြီး မမယ်။ ဘယ်လိုခံစားရမလဲ။ ငါးမျှားတာကို အသက်မွေးဝမ်းကြောင်းအတွက် တံငါသည် လုပ်ရတဲ့ သူတွေကိုတော့ မပြောလိုပါဘူးဗျာ။ အခုဟာ အပျော်ငါးမျှား တာတဲ့။ Just for fun တဲ့။ တော်တော်ခက်တဲ့ လူတွေပဲ။

အဲဒီလူတွေရဲ့ နှလုံးသားက ဘယ်လိုရှိတယ်ဆိုတာ ကြည့်လိုက်ချင်စမ်းပါဘိ။ ကျွန်တော်ကတော့ အဲလို အပန်းဖြေမှု့ကို အားမပေးဘူးဗျာ။ အဲလိုကိုယ့်ထက်အားနည်းတဲ့ သတ္တ၀ါလေးတွေရဲ့ suffering ကို ဇိမ်နဲ့ ထိုင်ကြည့်နိုင်တဲ့ သူတွေက ကိုယ့်ပတ်ဝန်းကျင်က လူတွေအတွက် ကောင်းကျိုးပေးနိုင်ပါ့ မလားဆိုတာကို သံသယ ဖြစ်မိပါရဲ့။


March 2011
မိုးတိမ်ညို

လူတွေကခက်တယ်(၁)


Sunday, February 27, 2011

တစ်ချိန်တုံးက အဖြစ်အပျက်များ

အခုတစ်ခါတော့ ငယ်ငယ်က အမှတ်တရဖြစ်မိတဲ့ အကြောင်းအရာ လေးတစ်ချို့ ပြောချင်ပါတယ်။

ပထမဆုံးအမှတ်ရမိတာက လေးတန်းငါးတန်း အရွယ်လောက် တုံးကဗျ။ တစ်ရက်တော့ အတန်းတဲ့က ကျောင်းသား နှစ်ယောက် ကျောင်းပြေးကြတယ်။ ကျောင်းပြေးတယ် ဆိုပေမယ့် သူတို့ နှစ်ယောက်က အတူတူတိုင်ပင်ပြီး ပြေးတာမဟုတ်ဘူး။ ကိုယ့်အစီအစဉ်နဲ့ကိုယ်။ ဖြစ်ချင်တော့ သူတို့နှစ်ယောက်လုံးရဲ့ အစီအစဉ်က တူနေပါလေရော။ ရုပ်ရှင်သွားကြည့်ကြတာလေ။ ဒီတော့ တစ်ယောက်နဲ့ တစ်ယောက်က ရုပ်ရှင်ရုံထဲမှာ တွေ့လာကြတယ်။ အဲပြောရဦးမယ်။ သူတို့နှစ်ယောက်က သိပ်တည့်ကြတာ မဟုတ်ဘူး။ အဲဒီတော့ နှစ်ယောက်လုံးကတော့ တေးထားကြတယ်။ ဆရာမကို သွားချွန်ဖို့ပေါ့။ နောက်နေ့ ကျောင်းလည်း တက်ရော အရင်ဦးတဲ့ကောင်က တိုင်ချင်ဇောနဲ့ ထပြီး

'ဆရာမ ဆရာမ ဒီကောင့်ကို မနေ့က ကျောင်းချိန်ကြီး ရုပ်ရှင်ရုံထဲမှာ တွေ့လိုက်တယ်' လို့ တိုင်ပါလေရော။ အဒီမှာ ဆရာမက ပြန်မေးတယ်။
'နေပါဦး နင်ကရော ကျောင်းချိန်ကြီး ရုပ်ရှင်ရုံထဲ ဘာသွားလုပ်နေတာလဲ' တိုင်တဲ့ တစ်ယောက်တော့ ပါးစပ်အဟောင်းသား နဲ့ မဖြေနိုင်ပါဘူး။ နောက်ဆုံးတော့ နှစ်ယောက်လုံး အရိုက်ခံရတာနဲ့ အဆုံးသတ်သွား ပါလေရော။

နောက်တစ်ခုလည်း ရှိသေးတယ်။ ကျောင်းသားနှစ်ယောက် ရန်ဖြစ်ကြလို့ ဆရာမက ခေါ်မေးတယ်။ ကဲပြော ဘယ်သူက စတာလည်း ဘာဖြစ်လို့ ရန်ဖြစ်ကြတာလဲပေါ့။ အဲဒီ မှာ တစ်ယောက်ကပြောတယ်။
ဒီကောင်က ကျွန်တော့်ကို ဂြိုလ်ကြည့်ကြည့်လို့။ အဲဒီတော့ ဆရာမက ပြန်ပြောတယ်။ နေပါဦး မင်းတို့ ပြောတဲ့ ဂြိုလ်ကြည့် ငါ့ကြည့်ပြစမ်းပါ။ မကြည့်နိုင်ရင်တော့ နှစ်ယောက်လုံး အရိုက်ခံရမယ်တဲ့။ သူတို့လည်း နှစ်ယောက်စလုံး အရိုက်ခံလိုက်ရတာပါပဲဗျာ။

ပြီးတော့ ကျွန်တော်ငယ်ငယ်က တွေးမိတဲ့ အတွေးလေးလည်း တော်တော်ရယ်ရတယ်ဗျ။ အဲဒီတုံးက ကျွန်တော်တို့ ဗွီဒီယို ဇာတ်ကားတွေ ကြည့်ရတာ အသည်းစွဲကြိုက်ပေါ့။ အထူးသဖြင့် နိုင်ငံခြား ဇာတ်ကြမ်းတွေဗျ။ ကျွန်တော်တို့က နယ်မြို့လေးတွေမှာ နေဖူးတာဆိုတော့ အဲဒီမြို့က အဖိုးကြီး တစ်ယောက်ဆို ဒီလိုတောင်ပြောတယ်။

အဘတို့က
ဇာတ်လမ်းဆို ကြမ်းမှ
လက်ဖက်ရည်ဆို ချိုမှ
ဘောလုံးဆို မြောက်မှ တဲ့ဗျ။

အဲဒါထားတော့။ ဇာတ်လမ်း အကြောင်းဆက်ပြောဦးမယ်။ တစ်ခါတော့ ဇာတ်ကား တစ်ကားထဲမှာ မင်းသားက ကြက်ပေါင်ကြော်ကြီးကို ဒီအတိုင်းကိုက်စားပြပါလေရော။ အဲဒီမှာ ကြက်ပေါင်ကြောက်ကိုက်ချင်တဲ့ ရောဂါထပါလေရောဗျာ။ အိမ်မှာက ကြက်သားဆိုလည်း သေးသေးလေးလေးတွေ တုံးပြီး ချက်တာတို့ ကြော်တာ တို့ပဲစားရတာ။ ကြက်ပေါင် အကြီးကြီးကို ကိုက်ချင်တာ အခုဟာက။ အမေ့လုပ်ခိုင်းရင် လည်း မဟုတ်က ဟုတ်က ဆိုပြီး ခေါင်းခေါက်ခံရဦးမယ်။ အဲနောက်ဆုံးတော့ ဆုံးဖြတ်ချက်တစ်ခု ချလိုက်တယ်။ ငါကြီးလို့ အလုပ်လုပ်ပြီး ၀င်ငွေရရင်တော့ ပထမဆုံး လုပ်မယ့် အလုပ်က ကြက်ပေါင်ကြီး ၀ယ်ကိုက်မှာပဲလို့။ အခုတော့ လည်း အဲဒီ အတွေးလေးတွေက ရယ်စရာလေးတွေပေါ့ဗျာ။

နောက်အဖြစ်အပျက်တစ်ခုကတော့ ပါးစပ်ဆော့လို့ တော်တော် ဒုက္ခရောက်သွားတဲ့ သူငယ်ချင်းပါ။ ကျွန်တော်တို့ ငယ်ငယ်က ကျွန်တော်တို့ ဒေသမှာ တော့ သားရေကွင်းက ကလေးတွေ အတွက်တော့ ငွေပဲ။ သားရေကွင်း အများကြီး ပိုင်တဲ့ကောင်က ကလေးတွေထဲမှာတော့ ဗိုလ်ပဲ။ သားရေကွင်းနဲ့ ပတ်သက်ပြီး ကစားနည်းကလည်း မျိုးစုံပဲ။ ကျွန်တော်တို့ အများဆုံးကစားတာကတော့ မြေကြီးပေါ်မှာ စည်းဝိုင်းဝိုင်း ပြီးတော့ ကျောက်ပြားနဲ့ အဲဒီသားရေကွင်းတွေကို စည်းဝိုင်းအပြင်ရောက်အောင် ထုတ်တဲ့ ကစားနည်းပဲ။ တခြားကစား နည်းတွေလည်း အများကြီး ရှိသေးတယ်။ အဲဒီတော့ တစ်ယောက်ချင်းစီမှာ ကျောက်ပြားတစ်ပြားကတော့ သွားလေရာပါတာပဲ။ လမ်းလျှောက်သွားရင်လည်း တစ်ယောက်က ကျောက်ပြားကို ရှေ့ကို ပစ်လိုက် နောက်တစ်ယောက်က အဲဒီ ကျောက်ပြားကို မှန်အောင် လိုက်ပစ်လိုက်နဲ့ ထွေခင်း ပြီးသွားကြတယ်။

တစ်ခါတော့ တစ်ယောက်က ကျောက်ပြားကို ရှေ့အဝေးကြီး ပစ်လိုက်ပြီး ဒီကျောက်ပြားကို မှန်အောင်ပစ်နိုင်တဲ့ သူ သားရေကွင်း တစ်သောင်းပေးမယ် ဆိုပြီး ပါးစပ်ဆော့လိုက်ပါရော။ ကျန်တဲ့ သူငယ်ချင်းတွေလည်း အဲဒီကျောက်ပြားကို ၀ိုင်းပစ်လိုက်ကြတာ ကံကောင်းထောက်မပြီး ကျွန်တော်ပစ်လိုက်တာ မှန်သွားပါလေရောဗျာ။ အဲဒါနဲ့ သားရေကွင်းတစ်သောင်းပေးမယ့် သူ့စကားနဲ့ သူထိတော့တာပဲ။ ဘေးက သူတွေကလည်း ပေးရမယ် ဘာညာနဲ့ ၀ိုင်းညှော်ကြတာပေါ့။ သူ့မှာလည်း သာရေကွင်းတစ်သောင်း ဘယ်လိုလုပ် ရှိမလဲ။ အဲဒါနဲ့ သူ့ခင်ဗျာ ကျွန်တော့်ကို နေ့စဉ် အကြွေးဆပ်ရရှာတယ်ဗျာ။ အခုတွေးမိတိုင်း သူ့ကို သနားမိပါရဲ့။ အဲဒီတုန်းကတော့ ကလေးဆိုတော့ ပျော်တာပေါ့ဗျာ။ ဒါပေမယ့် သူလည်း ကံကောင်းပါတယ်။ ဘာလို့လဲဆိုတော့ သိပ်မကြာခင်မှာပဲ ကျွန်တော်တို့ မိသားစုလည်း အဲဒီမြို့က ပြောင်းလာရတယ်လေ။ သားရေကွင်း တစ်သောင်း ပြည့်အောင် မယူလိုက်ရဘူးပေါ့။

ဒါတွေကကလေးဘ၀က ဖြစ်ခဲ့ ရယ်စရာတွေးစရာ အဖြစ်လေးတွေပေါ့ဗျာ။ အခုအချိန်သာ ရယ်စရာ အဖြစ်ပြောနိုင်တာ အဲဒါတွေက အဲဒီအချိန်ကတော့ တကယ့်ကို serious ပဲဗျို့။ ဒါကြောင့် အခုအချိန်လည်း တွေးမိပါရဲ့။ အခုအချိန်မှာ ဖြစ်နေ့တဲ့ ကိစ္စတစ်ချို့ အကြောင်းအရာတစ်ချို့ နောင်တစ်ချိန်မှာတော့ ရယ်စရာ အဖြစ်နဲ့ ပြန်ပြောနိုင်ဦးမယ် ထင်ပါရဲ့ဗျာ။

ဖေဖ၀ါရီ ၂၀၁၁
မိုးတိမ်ညို

Saturday, February 5, 2011

မိတ်ဆွေ.. သင်ဘယ်အရွယ်ရောက်နေပြီလဲ

တကယ်လို့များ အဲဒီမေးခွန်းကို တစ်စုံတစ်ယောက်ကများ မိတ်ဆွေကို မေးလာရင် မိတ်ဆွေ ကျွန်တော့် အသက်ဘယ်လောက်ဗျ လို့ အလွယ်တကူ ပြန်ဖြေဖြစ်လိမ့်မယ် ထင်ပါ့ဗျာ။ ထားပါလေ။ မိတ်ဆွေ အသက် ဘယ်လောက်ရှိရှိ။ ကျွန်တော်အခုပြောချင်တာ စက္ကန့်၊မိနစ်၊နာရီ၊ ရက်၊ လ၊ နှစ်တွေ ပေါင်းစပ်ထား တဲ့ မိတ်ဆွေရဲ့ အသက်ထက် ပတ်ဝန်းကျင် အခြေအနေတွေအရ မှန်းဆလို့ရတဲ့ အရွယ်အကြောင်း ပြောချင်လို့ဗျို့။

ဒီလိုဗျ။

ကျွန်တော်ငယ်ငယ်က ပထမဆုံးမှတ်မိတာကတော့ အမေတို့ ကျွန်တော်တက်ဖို့ ကျောင်းကို ရွေးတဲ့ အချိန်ပဲ။ ကလေးဆိုတော့ သိပ်တော့ မသိပါဘူး။ လူကြီးတွေကဟိုကျောင်းကောင်းတယ် ဒီကျောင်းမှကောင်းတာ နဲ့ ရွေးကြတဲ့ အချိန်မှာတော့ သြော်ငါကျောင်းတတ်ရမယ့် အရွယ်ရောက်ပါပြီလားလို့ နားလည်မိပါတယ်။

ဒီကြားထဲမှာလည်း အရွယ်တွေ အများကြီး ဖြတ်သန်းခဲ့ရသေးတယ်။ သရေကွင်းတွေနဲ့ ဆော့တဲ့ အရွယ်။ စစ်သားရုပ်ဆော့တဲ့ အရွယ်၊ ကာတွန်းဖတ်တဲ့ အရွယ်၊ ၀တ္ထုတွေဖတ်တဲ့ အရွယ်၊ ဂစ်တာတီးတဲ့ အရွယ် အဲ ကောင်မလေးတွေကို စစိတ်ဝင်စားတဲ့ အရွယ်အဆုံးပေါ့ဗျာ။

ကျွန်တော်ဆယ်တန်းအောင်တဲ့ အရွယ်ကြတော့လဲ ဒီလိုပါပဲ။ အဲဒီအချိန်မှာ ကြားရတာတွေကတော့ ဘယ်သူက တော့ ဘယ်တက္ကသိုလ်လျှောက်နေပြီ။ ဘယ်သူက ဘယ်မှာ။ ဘယ်သူကတော့ စစ်ထဲဝင်သွားပြီ စသဖြင့်ပေါ့ ကြားရတာပေါ့။ အဲဒီတော့ ငါ့အရွယ်က တက္ကသိုလ်တက်ရမယ့် အရွယ်ပါလားလို့ သဘောပေါက်မိပါရဲ့။

ဒီလိုနဲ့ ပဲ ဘွဲ့ရတဲ့ အရွယ်မှာ အပြောဖြစ်ကြဆုံးစကားတွေကတော့ ဘယ်သူက ဘယ်ကုမ္မဏီမှာ အလုပ်ရသွား ပြီ။ ဘယ်သူကတော့ ဘာလုပ်နေပြီ။ စသဖြင့်ပေါ့ဗျာ။ လုပ်ငန်းခွင်ဝင်ရမယ့် အရွယ်ကိုးဗျ။

နောက်လည်း အရွယ်ပေါင်းများစွာကို ဖြတ်သန်းရဦးမှာပါပဲ။ အသက်အရွယ်တွေ ပြောင်းလာတာနဲ့ အမျှ အတွေးအခေါ်အခြေအနေ စိတ်ဝင်စားမှု့တွေက မတူတော့ဘူးဗျ။ ကျွန်တော်ငယ်ငယ်က ရုပ်ရှင်ဇာတ်လမ်း တစ်ခုကြည့်မိတုန်းက အဲဒီကားထဲမှာ မင်းသားက ကြက်ပေါင်ကြောင်အကြီးကြီးကို အားရပါးရ ကိုက်နေတာ ပါတော့ အဲဒီတုန်းကဗျာ အဲလို ကြက်ပေါင်ကြီးစားချင်လိုက်တာ။ အိမ်မှာက ချက်ရင်ဖြစ်ဖြစ်ကြော်ရင် ဖြစ်ဖြစ် သေးသေးလေးတွေတုံးတစ်ပြီးမှ ချက်တာဆိုတော့ အဲလို အခွင့်အရေး မရခဲ့ဘူးလေ။ အဲဒီတုန်းကတော့ အင်း ငါကြီးလာလို့ ကိုယ့်ဝင်ငွေနဲ့ ကိုယ်ရလို့ကတော့ ပထမဆုံး အလုပ်ကတော့ ကြက်ပေါင်ကြော်ကြီး ၀ယ်စားပစ်မှာ ပဲလို့ ကလေးအတွေးနဲ့ တွေးမိတယ်ဗျ။ အခုတော့ ရယ်စရာပေါ့ဗျာ။ ဒါပေမယ့် အဲဒီတုန်းကတော့ တကယ်ကို စိတ်ကူးမိတာ။ ပြောချင်တာက စိတ်ကူးတွေ အတွေးတွေဆိုတာ အသက်အရွယ် အရပြောင်းလဲနေတယ်ဗျ။ တူလည်း မတူသင့်ဘူးကို။ ငယ်ငယ်တုံးက ဒီလိုတွေး ကြီးတော့လည်း ဒီလိုတွေးလို့ တော့ ဘယ်ဖြစ်ပါ့မလဲနော်။

အခုဆိုရင် ကျွန်တော့် အရွယ်ဆိုရင်ဗျာ။ မင်္ဂလာဆောင် ဖိတ်စာတွေ ပလူပျံအောင် ရနေတဲ့ အရွယ်။ ဒါတင် ဘယ်ဟုတ်ဦးမလဲ။ ကလေးတစ်နှစ်ပြည့်တို့ နှစ်နှစ်ပြည့်တို့ ဆိုတာလည်း ကြိုကြားကြိုကြား ပါလိုက်သေး။ အဲဒီတော့ ဘယ်သူမှ မပြောရပဲ သြော် ငါလည်း အိမ်ထောင်ပြုသင့်တဲ့ အရွယ်ရောက်နေပါပြီလားလို့ တွက်မိပါရဲ့။

အဲဒီတော့ဗျာ ငါ့အသက် နှစ်ဆယ်ရှိပြီ သုံးဆယ်ရှိပြီ လေးဆယ်ရှိပြီ ဆိုတာလည်းတွက် ပြီးတော့ ပတ်ဝန်းကျင် အခြေအနေကို ကြည့်ပြီး ကိုယ်ဘာလုပ်သင့်တယ် ဆိုတာလည်း မှန်းဆပြီး လုပ်သင့်တာကို လုပ်ပေါ့။ အဲသူများ တွေကိုပဲ ကြည့်ပြီး လိုက်လုပ်ရမယ်ပြောတာ မဟုတ်ဘူးနော်။ ယေဘူယျ ဆုံးဖြတ်လို့ ရတယ်လို့ ဆိုလိုတာပါ။ ဘာလို့လဲ ဆိုတော့ ကိုယ်က လူ့အဖွဲ့အစည်းထဲမှာ နေတာဆိုတော့ လူတွေနဲ့ လိုက်လျှောညီထွေ အတတ်နိုင် ဆုံးဖြစ်ရင် အကောင်းဆုံးပဲဗျ။

ကျွန်တော့် ဘကြီး အသက် ခြောက်ဆယ်ကျော် ခုနှစ်ဆယ်နားနီး ကို ကျွန်တော်အဲဒီအကြောင်း ပြောပြတော့ အေးဟုတ်ပေသားပဲတဲ့။ မင်းပြောသလိုဆိုရင် ငါရောဘယ်အရွယ်ရောက်နေပြီလဲ သိလားတဲ့။ အေး ငါ့မိန်းမကတော့ နေ့တိုင်းသတင်းစာဝယ်ပြီး ဟောတော့ ဘယ်သူတော့ဖြင့် ဆုံးသွားပြီတော့။ ဟော ဒီတစ်ယောက်က ရှင့်မိတ်ဆွေမဟုတ်လား နဲ့ အားကို မအားရပါဘူးကွာ။ အေးငါကတော့ နာရေးသတင်းတွေ စောင့်ဖတ်နေရတဲ့ အရွယ်ရောက်နေပြီဟေ့တဲ့ ဗျာ။

ကဲဒီလိုဆိုရင် မိတ်ဆွေရော ဘယ်အရွယ်ရောက်နေပါပြီလဲ။

၅၊ ဖေဖ၀ါရီ၊ ၂၀၁၁။
မိုးတိမ်ညို

Sunday, January 23, 2011

ဒို့ မြန်မာနိုင်ပြီ

အခုရက်ပိုင်း ဒေါ်လာဈေးတွေ တော်တော်ကျတယ်ဗျ။ မြန်မာငွေတန်ဖိုးမာလာ တယ်လို့ ပြောရမလား။ ဒါမှမ ဟုတ်တစ်ခြားအကြောင်း တွေပဲရှိမလား။ ကျွန်တော်လည်း လက်လှမ်းမှီသလောက်တော့ လိုက်လေ့လာ ကြည့်နေတာပဲ။ တစ်ချို့ကလည်း စီးပွားရေးသမားတွေက လုပ်ငန်းတွေမလုပ်ပဲ အစိုးရသစ် တက်လာအောင် စောင့်ကြည့်နေကြတယ်လို့ ပြောကြတယ်။ အထင်တွေကတော့ တစ်ယောက် တစ်မျိုးပဲ။

ဒေါ်လာဈေးတွေကျတယ်ဆိုတော့ နိုင်ငံခြားမှာ အလုပ်လုပ်တဲ့သူတွေနာတာပေါ့ဗျာ။ ကျွန်တော့် မိတ်ဆွေတစ်ချို့ ဆိုတညည်းညည်း တငြူငြူနဲ့။ ကျွန်တော်သဘောကတော့ ကျွန်တော်တို့ တစ်ယောက်ခြင်းစီ အတွက်မကောင်းပေမယ့် ဒီအခြေနေက တကယ့်အမှန်ဆိုရင် ကျွန်တော်တို့ နိုင်ငံအတွက်တော်တော် ကောင်းပါတယ်။ တကယ်များစီးပွားရေးပွင့်လာမလားလို့ မျှော်လင့်မိတယ်။ ဆောင်းပါးတစ်ပုဒ်ထဲမှာ ဖတ်ဖူးထားသလို နိုင်ငံရေးအရ မပြောင်းလဲနိုင်သေးပေမယ့် စီးပွားရေးအရတော့ ပြောင်းလဲနိုင်တယ်တဲ့။ အဲလို ဆိုလည်း လောလောဆယ်မဆိုးပါဘူး။ ဘာလို့လည်းဆိုတော့ ကျွန်တော်တို့နိုင်ငံက တော်တော်ကို နောက်ကျကျန်ခဲ့ပြီ။ မြန်မြန်လိုက်မှရမှာ။


စင်ကာပူ ဖခင်ကြီး လီကွမ်းယူရဲ့ စာအုပ်တစ်အုပ်ထဲမှာ ၁၉၅၀/၆၀ လောက်ကစင်ကာပူဓါတ်ပုံတွေကြည့် ပြီးတော့ သြော်အဲဒီအချိန်တုန်းက ဒို့နိုင်ငံနဲ့ သိပ်မကွာပါလားလို့ ခံစားမိတယ်။ နှစ်ပေါင်းလေးဆယ်အတွင်း မှာတော်တော်ကိုကွာသွားတာ။ ကွာမှာပေါ့ဗျာ။ ရှေ့သွားတဲ့ သူနဲ့ နောက်ဆုတ်နေတဲ့သူ။ အကောင်းဘက်က တွေးကြည့်ရင်တော့ ဒီနှစ်ပိုင်းအတွင်းအပြောင်းအလဲတွေ တော်တော်များသလိုပါပဲ။ ဒါပေမယ့် အခြေအနေတွေက ဘာမှပြောမရဘူး။ ဖြစ်ချင်တာဖြစ်နေတာ။

အခုကျွန်တော်တို့ နိုင်ငံမှာ နိုင်ငံခြားဆိုရင် အထင်ကြီးစိတ် တအားများနေသလိုပဲ။ ဘာလုပ်လုပ်နိုင်ငံခြားမှ အကောင်းပဲ။ ပစ္စည်းဆိုလည်း နိုင်ငံခြားပစ္စည်း၊ ရုပ်ရှင်ဆိုရင်လည်း နိုင်ငံခြားရုပ်ရှင်၊ နိုင်ငံခြားဂီတ၊ အလုပ်လုပ်ရင်တောင်မှ နိုင်ငံခြားမှာ သွားလုပ်မှတဲ့။ ပြောမယ်ဆိုလည်း ပြောရာပဲကိုး။ ပြည်တွင်းမှာက အခွင့်အလမ်းတော်တော်များများက ပိတ်နေတာ။ စင်ကာပူမှာလာနေတဲ့ ကျွန်တော့်မိတ်ဆွေတစ်ချို့ လည်းစင်ကာပူနိုင်ငံသားကို ပြောင်းသွားကြတယ်ဗျ။ ကျွန်တော်တို့နိုင်ငံရဲ့ ဆုံးရှုံးမှု့တွေပေါ့ဗျာ။

အခုထိလည်းကျွန်တော်တို့နိုင်ငံထဲမှာ နိုင်ငံခြားဖြစ်တွေနဲ့ပဲ ရပ်တည်နေရသလိုပဲ။


ဥပမာ TV အစီအစဉ်တွေဆိုလည်း တောင်ကိုးရီးယား ဇာတ်လားတွေ တအားပြ၊ ဇာတ်လမ်းတွေကလည်း ကောင်းတော့ ကိုးရီးယားယဉ်ကျေးမှု့ တစ်ချို့လည်း တော်တော် လွှမ်းမိုးနေတယ်ဗျ။ လူငယ်တွေဆိုရင် ကိုးရီးယား မင်းသားမင်းသမီး စတိုင်လိုက်ဝတ်၊ ကိုးရီးယားစကားတွေ လိုက်ပြောနဲ့ တော်တော် ဟုတ်နေကြတာ။ မြန်မာဇာတ်လားတွေကြည့်ကြည့်ပါ။ ကိုးရီးယားရုပ်ရှင်က ဘယ်လောက်လွှမ်းမိုးတယ် ဆိုတာသိသာပါတယ်။

ပြီးတော့ တရုတ်နိုင်ငံရဲ့ သြဇာအရမ်းလွှမ်းမိုးနေတာလည်း သိပ်တော့ သဘောမကျဘူးဗျာ။ အခုမြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်းကြီးကြီးတွေဆိုရင် တရုတ်နဲ့ တနည်းမဟုတ်တနည်းပတ်သက်နေတာကြည့်ပဲ။ အေးပေါ့လေ။ နိုင်ငံကြီးနဲ့ နိုင်ငံလေးဒီလောက်တော့ရှိမပေါ့။ ဒါပေမယ့် ရေရှည်တော့ မကောင်းဘူးထင်တယ်။ အန္တရာယ်ရှိနိုင်တယ်။ ပညာရှင်တစ်ယောက်က ရေးထားတာ ဖတ်ဖူးသလိုပဲ။ မြန်မာနိုင်ငံက နောက်နှစ်ပေါင်းဘယ်လောက်ကြာရင် တရုတ်လက်အောက်ရောက်မယ်တဲ့။ အဲဒီအဆို မှားပါစေလို့တော့ ဆုတောင်းရမှာပဲ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ဆီမှာ အခြေအနေတွေက မတည်ငြိမ်တော့ သူများဝင်စွက်ဖက်တာကိုပဲ ခံနေရတာ။ ကိုယ့်ပြည်တွင်းပြသနာမရှင်းနိုင်တော့ တခြားဖက်တွေမှာ ဘာမှ မလုပ်နိုင်ဘူး။ ဒီအတိုင်းဆက်သွားနေရင်တော့ ရေစုန်မြောမှာပဲ။

မိတ်ဆွေတစ်ယောက်ကတော့ ပြောတယ်။

နောက်ပိုင်းအာဆီယံ ဆီးဂိမ်းတွေမှာ မြန်မာ ဘောလုံးအသင်းဗိုလ်ဆွဲသတဲ့။ အဲဒီလို ဗိုလ်ဆွဲတော့ ပရိတ်သက်ကလည်း တစ်ခဲနက်သီချင်းဆို ပြီး အားပေးကြပါသတဲ့။ ဘယ်လိုဆိုသလဲဆိုတော့…


“မြီမာ နိုင်ဘီ ဒို့ မြီမာနိုင်ဘီ…. မြီမာနိုင်ဘီ ၀တို့ မြီမာနိုင်ဘီ…..” တဲ့ဗျာ။

၂၃၊ဇန်ဇ၀ါရီ၊ ၂၀၁၁။

မိုးတိမ်ညို

Thursday, December 16, 2010

လူတွေကခက်တယ်

လူတွေကခက်တယ်ဗျာ။ ခက်တယ်ဆိုတာဒီလိုပါ။ နားလည်မှု့မရှိတာ၊ မသိတတ်တာ၊ အတ္တကြီးတာ၊ ကိုယ်ချင်းမစာတတ်တာ အဲဒါတွေကြောင့် ခက်တယ်လို့ပြောတာ။ သူများခက်တာကိုပဲ ပြောတာမဟုတ်ပါဘူး။ ကျွန်တော်ခက်တွေလည်း ပါပါတယ်။ ကျွန်တော်လည်း လူပဲကို။ ကျွန်တော်ခက်တာတွေကိုတော့ ပြီးမှပြောမယ်ဗျာ။ သူများခက်တာတွေ အရင် ပြောပါရစေ။

လူတွေမှာ အခက်ဆုံးတစ်ခုက ကိုယ့်ကိုယ်ကို မမြင်နိုင်တာပဲ။ ဘာတဲ့ သူများမျက်ချေးကိုပဲ မြင်ပြီး ကိုယ့်မျက်ချေးကြတော့ မမြင်ဘူးလို့ ပြောကြတယ်။ တစ်ချို့ကိစ္စတွေမှာ တကယ်မှန်တယ်ဗျ။ ကျွန်တော်တွေ့ဘူးတဲ့ မိန်းမတစ်ယောက်ဆိုရင် ဒီလိုပြောတယ်ဗျာ။ "ဟိုကောင်မများ အားအားယားယား သူများအတင်းချနေလိုက်တာ ကျုပ်တို့ဖြင့် သူများအကြောင်း ယောင်လို့ တောင်မပြောပေါင်" တဲ့။ ကဲဗျာ။ သူပြောတာကြားတော့ ကျွန်တော် ပြုံးပဲ ပြုံးမိပါတော့တယ်။ ဒါကြောင့်ပြောတာ။ လူတွေက ခက်တယ်လို့။

တလောက ဖတ်ဖူးတဲ့ ဘူးရွက်ဟင်းချို ဇာတ်လမ်းလေး လဲအဲလိုပဲ။ အတိုချုံးပဲ ပြောတော့မယ်ဗျာ။ လင်မယား နှစ်ယောက်နဲ့ သမီးလေးတစ်ယောက်ရှိသတဲ့။ ယောက်ကျားက လေဖြတ်နေတော့ စီးပွားရေး အဆင်မပြေကြဘူး ပေါ့ဗျာ။ တစ်ရက်ကြတော့ ဟင်းချက်မလို့ ဟင်းမရှိတော့ မိန်းမက အပျိုပေါက်အရွယ် သမီးလေးကို ဘေးအိမ်မှာ ဘူးညွှန့် သွားခူးခိုင်းတယ်တဲ့။ ဘူးညွှန့် သွားခူးတဲ့ သမီးလေးက အပြန်ကြတော့ ငိုပြီး ပြန်လာတယ်တဲ့ဗျာ။ အမေက မေးတော့ အဲဒီသွားခူးတဲ့ အိမ်ကအဒေါ်ကြီးက ဘူးညွှန့်လာခူးလို့ တင်တင်စီးစီး ပြောလိုက်လို့ ငိုတာလို့ပြောသတဲ့။ အဲဒါနဲ့ အဖေရော အမေရော စိတ်မကောင်းဖြစ်ကြပြီး ဘူးညွှန့် တစ်စီး အတွက်နဲ့ ဒီလိုအပြောခံရတာ နောက်အပြောမခံရအောင် ကြိုးစားမယ် ဆိုပြီး ကြိုးစားကြတာ နောက်တော့ စီးပွားရေး အတန်အသင့် အဆင်ပြေသွားတဲ့ အကြောင်းပါ။

ဒီဇာတ်လမ်းက ယေဘူယျအားဖြင့် ဘာ မက်ဆေ့စ် ပေးချင်တာလည်းဆိုတော့ ဘူးရွက်တစ်ညွှန့်ကြောင့် မခံချင်စိတ်၊ အဲဒီကနေကြိုးစားချင်စိတ်ပေါ်လာပြီး အောင်မြင်တဲ့အကြောင်း အဲလိုပြောချင်တာ လို့ယူဆပါတယ်။ တခြားဖက်ကနေတွေးကြည့်လိုက်ရင် ဒီလိုဗျ။

ဘူးရွက်သွားတောင်းလို့ ပြောဆိုလွတ်လိုက်တဲ့ မိန်းမကြီးက အပြင်လောကမှာ ဆိုရင် ဘယ်လိုနေမလဲ။ တော်ရုံတန်ရုံ စိတ်ထားရှိတဲ့သူတစ်ယောက်ဆိုရင် ဘူးရွက်တစ်ခါလာတောင်းရုံ နဲ့တော့ စိတ်မဆိုးလောက်ပါဘူး။ သူတို့မိသားစုကရော ဘူးရွက်အပြင်ဘာတောင်းဖူးလဲ။ နေ့တိုင်းတောင်းနေသလား။ အဲလိုဆိုရင်တော့ သူသူကိုယ်ကိုယ်စိတ်တိုမှာပဲလေ။ အဲလိုမမြင်ပဲနဲ့ ဘူးရွက်လေးတောင်းတာများ ပြောဆိုလိုကတာလို့ ပဲလူတွေကမြင်ကြတယ်လေ။ ကိုယ့်လိုအပ်ချက်ကိုကြတော့ မမြင်ကြဘူး။ ကဲ မခက်လား။

ပြီးတော့လာပြီ ကျွန်တော့်အကြောင်း။ စင်ကာပူမှာ ကျွန်တော့်အတွက် စိတ်အနှောက်အယှက် ဖြစ်တာ တစ်ခုရှိတယ်ဗျ။ ဘာလဲဆိုတော့ စက်ဘီးတွေ ပလက်ဖောင်းပေါ် တက်စီးတာကိုပဲ။ လမ်းလေးများ အေးအေးဆေးဆေး လျှောက်ရင်ချင် ဘယ်တော့မှ အေးအေး မလျှောက်ရဘူး။ နောက်ကနေ ကလင် ကလင် နဲ့လုပ်လိုက် တိန် ကနဲ တင်ကနဲ တီးလိုက်နဲ့ တော်တော် စိတ်အနှောက်အယှက်ဖြစ်တယ်။ တစ်ခါတစ်လေ နောက်ကနေ ဆောင့်တွန်းပစ်ချင်စိတ်တောင် ပေါက်မိပါရဲ့။

အဲ ဒါက ကျွန်တော်စက်ဘီး မစီးဖူးခင်က အတွေးခင်ဗျ။
ကျွန်တော် တစ်ခါတော့ သူငယ်ချင်း စက်ဘီးယူစီးပြီး တစ်နေရာသွားပြန်တော့ ဟဲဟဲ လမ်းလျှောက်နေတဲ့ သူတွေကို နောက်ကနေ သိမ်းကျုံး တိုက်ပစ်ချင်ပြန်ရောဗျာ။ ဘယ်နှယ့်ဗျာ ရှေ့မှာ ကိုးလိုးကန့်လန့်နဲ့။ ဘယ်ဘက်ရှောင်ရမလို ညာဘက်က ရှောင်ရမလိုနဲ့။ တော်တော် ခက်တဲ့ လူတွေပဲ။

အဲဒီမှာ ကျွန်တော်ဘာသွားတွေ့လည်း ဆိုတော့ ကျွန်တော်တို့ရဲ့ အတ္တကိုပဲဗျ။ လူတိုင်းမှာတော့ အနည်းနဲ့ အများ အတ္တရှိကြတာပဲ။ အတ္တမရှိဖို့ဆိုတာ သာမာန်လူအတွက် မလွယ်ပါဘူး။ အဲဒီအတ္တကို ဘယ်လိုတုံ့ပြန်မလဲ ဆိုတဲ့ အပေါ်မှာစဉ်းစားသင့်ပါတယ်။

ကောင်းတဲ့ အရာအားလုံးကို လူတိုင်းလိုက်လုပ်နိုင်တာ မဟုတ်ဘူးဗျ။ ဥပမာ ငါးပါးသီလ ကိုပဲကြည့်လေ။ ကောင်းတယ်၊ လူတိုင်းသိတယ်။ ဒါပေမယ့် တစ်ကယ် လုံနိုင်တဲ့သူ ဘယ်နှစ်ယောက်ရှိလဲ။ မရှိဘူးဗျ။ လက်ချိုးရေကြည့်လို့ရတယ်။

တစ်ခါတစ်လေကျတော့ လူတစ်ယောက်နဲ့ တစ်ယောက် အဆင်မပြေတာ အဲဒီ အတ္တကြောင့်ပဲလို့ ထင်ပါတယ်။ လူတိုင်းကတော့ ကိုယ်မှန်တယ်လို့ ထင်ကြတာပဲ။ တစ်ချို့ကိစ္စတွေမှာ နှစ်ယောက်လုံးမှန်တယ်ဗျ။ ဥပမာ ခွေးသား အရမ်းကြိုက်တဲ့သူနဲ့ ခွေးအရမ်းချစ်တဲ့ သူအတူတူနေကြရင် တစ်ချိန်ချိန်တော့ ပြသနာ တက်မှာပဲ လို့တွေးကြည့်လို့ရတယ်ဗျ။ ဘယ်သူမှားသလဲ မှန်သလဲကတော့ ဘယ်လိုပြောမလဲ။

လူတွေကခက်နေတာ ရုပ်ရှင်ထဲကလို လူဆိုးနဲ့ ဇာတ်လိုက်ကွင်းကွင်းကွက်ကွက်ကြီး ခွဲကြည့်ချင်ကြတယ်။ အပြင်လောကမှာ အဲဒီအခြေအနေကရှားပါတယ်။ ကျွန်တော်စဉ်းစားမိတာ တစ်ခုရှိတယ်။ ကျွန်တော်နဲ့ အဆင်မပြေဖြစ်ခဲ့တဲ့သူ၊ မတဲ့ခဲ့တဲ့သူတွေအကြောင်း။ သေသေချာချာစဉ်းစားကြည့်ရင် သူတို့လည်း သူတို့ အသိုင်းအ၀ိုင်းမှာတော့ ပုံမှန်လူတွေပဲ။ အဲ တစ်ချို့သူတွေအတွက်တော့ လူကောင်းတွေပဲ။ အဲလိုဆို တော့ကျွန်တော်ကရောလူဆိုးလား။ ကျွန်တော်လည်းလူဆိုးမဟုတ်ဘူး လို့ထင်တာပါပဲ။ အဖြေကတော့ အခြေအနေတစ်ခုခုမှာ ကတောက်ကဆဖြစ်ကြလို့ တစ်ယောက်နဲ့ တစ်ယောက်မတည့်ကြတာပဲလို့။ အဲဒါကို လူဆိုးလူကောင်းခွဲနေလို့ကတော့ ဘယ်တော့မှ အဖြေထွက်မှာ မဟုတ်ဘူးဗျ။

တကယ်ဗျ။ လူတစ်ချို့ကတော်တော်ခက်တယ်။ ကိုယ့်အမှားကိုယ် ဘယ်တော့မှ မမြင်ဘူး။ သူများအမှားပဲ မြင်တတ်တယ်။ အဲဒီအထဲမှာ ကျွန်တော်လည်း ပါချင်ပါမှာပါ။ တကယ်ဖြစ်သင့်တာက လူတစ်ယောက်ယောက်နဲ့ အဆင်မပြေဖြစ်ရင် ငါဘာမှားသွားလည်း အရင်စဉ်းစားသင့်တယ်။ ပြီးမှ အကြောင်းအရင်း သေချာရှာ။ ရုပ်ရှင်ပြသလို တစ်ကွက်ခြင်းရှင်းရှင်းလင်းလင်း ပေါ်လာလိမ့်မယ်။ အဲလို မဟုတ်ပဲ ငါဒီလောက်ကောင်းတာကို ဟိုအကောင်များ ယုတ်မာလိုက်တာလို့ စဉ်းစားရင်တော့ ဘယ်တော့မှ အဖြေထွက်မှာ မဟုတ်ဘူး။

Chicken Soup For the Soul ထဲက ၀တ္ထုတိုလေး တစ်ပုဒ်လိုပဲ။ ဒီလိုဗျ။

တစ်ခါက ခရီးသွားတစ်ဦးက မြို့တစ်မြို့နားရောက်လာတော့ မြို့ အ၀င်ဝမှာ ထိုင်နေတဲ့ ပညာရှိကြီး ချဉ်းကပ်ပြီး ဒီမြို့က လူတွေက စိတ်နေစိတ်ထား ဘယ်လိုရှိကြသလဲလို့ မေးတယ်တဲ့။ အဲဒီတော့ ပညာရှိကြီးက ခရီးသွားကို ခင်ဗျား အရင်ထွက်လာခဲ့တဲ့ မြို့ကလူတွေကရော ဘယ်လိုလဲဗျလို့ ပြန်မေးလိုက်တယ်တဲ့။ အဲဒီတော့ ခရီးသွားက ‘ဟာဗျာ အရင်မြို့ကလူတွေကတော့ ယုတ်မာလိုက်တာဗျာ။ တကယ်ကို စိတ်ပုတ်တဲ့ သူတွေပဲ ကျွန်တော်ဖြင့် အဲဒီမြို့က မြန်မြန်ထွက်လာတာ ကံကောင်းတာပဲ’ လို့ ဖြေသတဲ့။ အဲဒီတော့ ပညာရှိကြီးက ‘ဒီမြို့မှာလည်း ခင်ဗျား အဲလိုလူတွေပဲ တွေ့ရဦးမှာပါပဲ’ လို့ ပြန်ဖြေသတဲ့။

ခဏနေတော့ နောက်ခရီးသွားတစ်ဦးရောက်လာပြီး ပထမခရီးသွားအတိုင်းပဲ မေးပြန်သတဲ့။ ပညာရှိကြီးလည်း ပထမခရီးသွားကို မေးသလိုပြန်မေးတော့ ဒုတိယခရီးသွားက ‘အရင်မြို့က လူတွေကဗျာ တော်တော် ကိုစိတ်ကောင်းရှိကြတာဗျ။ ကူညီတတ်တာလည်းလွန်ရောဗျာ။ စိတ်ထားလည်း ကောင်းလိုက်ကြတာ။ ကျုပ်ဖြင့် အဲဒီမြို့က ထွက်လာရတာ စိတ်တောင် မကောင်းဘူး။ မဖြစ်လို့သာ ထွက်လာခဲ့တာ’ လို့ ဖြေသတဲ့။ အဲဒီတော့ ပညာရှိကြီးက ‘ဒီမြို့မှာလည်း ခင်ဗျား အဲလိုလူတွေပဲ တွေ့ရဦးမှာပါပဲ’ လို့ ပြန်ဖြေလိုက်ပါတယ်တဲ့။

ကဲအဲဒီတော့ဗျာ မိတ်ဆွေလည်း တခြားလူတွေကပဲ တော်တော်ခက်တယ် (ကိုယ်ကတော့ မခက်ဘူး) လို့ ထင်နေရင် အင်း ရှေ့လျှောက်လည်း ခက်တဲ့ သူတွေပဲ တွေ့ရဦးမှာပါပဲ လို့ ပညာရှိကြီးက ပြောမှာ အသေအချာပဲဗျို့။

ဒီဇင်ဘာ ၂၀၁၀။
မိုးတိမ်ညို

Visitors

About Me

  © Blogger template 'Perfection' by Ourblogtemplates.com 2008

Back to TOP