Sunday, October 18, 2009

သိကြားမင်းပေးသော စေတီ နှင့် အရက်သမားဘဇံ

“ဟေ့ကောင်ဘဇံ မင်းပေါက်ကရတွေ လျှောက်မပြောစမ်းနဲ့ကွာ“
“ဟ ငါကဟုတ်လို့ဟုတ်တယ်ပြောတာကွ ဘာမှလိမ်စရာ အကြောင်းမရှိဘူး မင်းမယုံတာတော့ မတတ်နိုင်ဘူး“
ကျွန်တော်အိမ်ရှေ့ ကွပ်ြပစ်ပေါ်တွင် ထိုင်ပြီး ရေနွေးသောက်နေစဉ်တွင် အိမ်ရှေ့မှ ဖြတ်သွားသော အရက် သမားဘဇံနှင့် သူ့သူငယ်ချင်း ကောင်းကြီး မူးမူးရူးရူးဖြင့်စကားများ နေကြခြင်းဖြစ်သည်။ ဤဇာတ်လမ်းကို မပြောမှီ ကျွန်တော့်နှင့် ရွာအကြောင်းကို မိတ်ဆက်ပေးပါမှ စာဖတ်သူတို့ ဇာတ်လမ်း ကိုပြည့်ပြည့်၀၀ နား လည်မည်ဟုထင်ပါသည်။ ကျွန်တော်သည် ဤရွာ၏ တစ်ဦးတည်းသော ကျောင်းဆရာ ဖြစ်ပါသည်။ စာတို ပေ စကလေး ဖတ်ပြီး အထိုက်အလျှောက် ဗဟုသုတပြည့်စုံသဖြင့် ရွာခံများက ကျွန်တော့် ကို ဆရာလေး ဟု ခေါ်ပြီး လေးစားကြပါသည်။ ဒီရွာတွင် ရွာဦးဆရာတော် ဦးသောဘိတ သည် သြဇာ အရှိဆုံး ဖြစ်သည်။ သူပြီး လျှင် ဆေးဆရာ ဗေဒင် ဆရာကြီး ဦးဆောင်း သည် သြဇာ အရှိဆုံးဖြစ်သည်။ ရွာသူကြီး ပင်လျှင် သူတို့ နှစ်ဦး၏ သြဇာကို မလွန်ဆန်ဝံ့ပါချေ။

ဇာတ်လမ်းမှာ ဆရာကြီး ဦးဆောင်း၏ အိမ်မက်မှ စလေသည်။ တစ်ရက်သော် ဆရာကြီး သည် ထူးဆန်း သော အိမ်မက် မက်မြင်သည်ဟုဆရာတော် ဦးသောဘိတကို လျှောက်တင်လေသည်။ ထိုအိမ်မက် ထဲတွင် ရွာ အရှေ့ဘက် ချောင်းကလေး၏ ဘေးတောင်ကုန်းတွင် စေတီတစ်ဆူ ဘွားကနဲ ပေါ်လာသည်။ ထိုစေ တီ ပေါ်လာပြီး နောက်ရွာသူရွာသားအားလုံး သည် အနာရောဂါမှန်သမျှ ကင်းရှင်းကာ အားလုံး ချမ်းသာသုခရ ကြသည်ဟု ဆိုလေသည်။ တိုက်ဆိုင်စွာပင် ဆရာတော် ဦးသောဘိတကလည်း ရွာတွင် စေတီတစ်ဆူ တည်ထားကိုးကွယ်ရသည်ဟု အိမ်မက်မက်မြင်သည် ဟုဆို၏။ ထိုနေ့မှ စ၍ ဆရာတော်နှင့် ဆရာ ကြီး ဦးဆောင်း တကြိတ်ကြိတ် ဖြင့်ထိုကိစ္စကို တိုင်ပင်ကြလေသည်။ ဆရာကြီး ဦးဆောင်း အိပ်မက် မက်မြင် သည် ဟုဆိုသော တောင်ကုန်းလေးသို့ သွားကြည့်ကြလေသည်။ တောင်ကုန်းလေးမှာ တောင်က တုန်း လေးဖြစ်၏။ သူတို့သည် ထိုတောင်ကုန်းပေါ်တွင် စေတီတည်ထားရန် ရည်ရွယ်ပြီး တိုင် တစ်တိုင်ပင် နေရာ သတ် မှတ်သော အနေဖြင့် စိုက်ထားခဲ့သည်။ ထိုနေ့မှ စ၍ စေတီတည်ထား ရန် ရံပုံငွေရှာကြလေသည်။ ရွာသူရွာသားများသာ မက ရွာနီးချုပ်စပ်များကပါ အလှူခံထည့်ဝင် ကြလေသည်။ ရွာသားများကလည်း ယုံယုံကြည် ကြည် လေးလေးစားစား ဖြင့် တတ်အားသမျှ လှူကြလေသည်။

တစ်ရက်သော် ညဦးပိုင်းမှ စပြီး မိုးသည်း ထန်စွာရွာသွန်းလေသည်။ လျှပ်စီးများလည်းပစ် မိုးခြိမ်းသံမှာ လည်း တဒုန်းဒုန်းတဒိုင်းဒိုင်းဖြင့် ဖြစ်သည်။ ထိုညတွင်ပင် ထိုတောင်ကုန်း ပေါ်ရှိ တိုင်ကို မိုးကြိုးပစ်လေသည်။ နံနက်လင်း သော် ဆရာကြီး ဦးဆောင်း တို့ သွားကြည့်ကြရာ စေတီတည်မည့်နေရာနှင့် သိပ်မဝေးသောနေရာတွင် ကြက်ဥကဲ့သိုသော ကျောက်တုံး ကဲ့သို့သောဖြူဖြူ လုံးလုံးဝန်းဝန်းအရာ လေးတစ်ခုကို ရွံ့မြေထဲတွင် တစ်ဝက်မြုတ်နေသည်ကို ထူးဆန်း စွာတွေ့ရသည်။ အချို့က ဤအရာကို မိုကြိုးသွားဟုထင်ကြသည်။ ဆရာကြီးဦးဆောင်းက မူ သိကြား မင်း က ပေးသော ဌာပနာဟုဆိုသည်။ ဆရာတော်ကလည်း တန်းခိုးကြီးသော စေတီတစ်ဆူ တည်ရန်နတ် ကောင်းနတ်မြတ်များ က မစသည် ဟု တစ်ထစ်ချယုံကြည်နေသည်။ ရွာသူရွာသားများ လည်း ထိုအတိုင်း ပင်ယုံကြည်ကြလေသည်။ ဆရာတော်နှင့် ဦးဆောင်းတို့မှာ နေ့ချင်းညချင်းပင် ကြီးကျယ်မြင့်မြတ်သော သူတော်စင်ကြီးများကဲ့သို့ ဖြစ်လာခဲ့လေသည်။
ထိုဌာပနာကို မည်သူမှ မထိရ မကိုင်ရလေအောင် စေတီ မတည်မှီအထိ ခြံစည်းရိုး ခတ်ထားသည်။ အစောင့်ပင် အလှည့်ကျထားသေးသည်။ အဖြစ်အပျက်မှာ အထက်ပါ အတိုင်းဖြစ်လေ၏။

ဘဇံတို့၏ အငြင်းပွားသံ ကြားသဖြင့် ကျွန်တော်က စိတ်ဝင်စားသဖြင့်
“ဟေ့ကောင့် ဘဇံကြီးတို့ ဘာဖြစ်နေတာတုံး“
“ဟာကျောင်းဆရာ ဒီကောင်ဒီမှာ မတော်တရော်တွေပြောနေလို့ဗျ“
ကောင်းကြီးက ပြောပြောဆိုဆို ခြံထဲသို့ ၀င်လာလေသည်။ ဘဇံလည်း သူ့နောက်မှ လိုက်လာသည်။ ကောင်းကြီးက ဆက်ပြောသည်။
“ဒီလိုဆရာရေ ဘဇံက ပြောတာ စေတီရဲ့ ဌာပနာဆိုတာ မိုးကြိုးသွားလည်း မဟုတ်ဘူး၊ သိကြားမင်းပေးတာလည်း မဟုတ်ဘူး သူချောင်းစပ်က ကောက်လာတဲ့ ကျောက်ခဲတဲ့ အလကား ငမူး ငရဲကြီးအောင် သူများ ကုသိုလ် အရှိန်အ၀ါကြီးတာ ကို မနာလိုလို့“
ကောင်းကြီးပြောတာကြားပြီး ကျွန်တော် ခေါင်းကြီးသွားလေသည်။
“ဟေ့ကောင်ငါက တကယ်ဟုတ်လို့ပြောတာ မူးလို့ပြောတာမဟုတ်ဘူး မင်းက သာမူးနေတာ….“
“ကဲကဲ နေကြဦး“ ကျွန်တော်က ၀င်ဟန့်လိုက်ရသည်။
“ဘဇံမင်းက ဘာလို့ အဲဒါကို မင်းကောက်လာတဲ့ ကျောက်တုံးလို့ ပြောတာတုံး သူကြီး ကြားသွားရင် မင်းနာဦးမယ်။ငါ့ကို သေချာပြောပြ “
“ဆရာရေ အဲဒီကျောက်တုံးက ကျွန်တော် ချောင်းစပ်မှာရေချိုးပြီး အပြန်တွေ့လို့ ကောက်လာတာ လုံးလုံး ဖြူဖြူ လေး လှလို့ ၊ပြီးတော့ အရက်သောက်ပြီးပြန်လာတော့ မှောင် နေပြီ၊ အဲဒီနေ့က ကျွန်တော် တော် တော် မူးနေတယ်ဆရာရဲ့“ အမှန်တော့ ဘဇံ မမူးတဲ့နေ့ မရှိပါ။
သူကဆက်ပြောသည်။
“ဆရာလည်း သိတဲ့အတိုင်း အတိုင်း ကျွန်တော့် အိမ်က အဲဒီ စေတီတည်မယ့် တောင်ကုန်းနဲ့ ဆို တစ် ခေါ်လောက်ပဲရှိတာ၊ ကျွန်တော် မြန်အောင်ဆိုပြီး လမ်းအတိုင်းမပြန်ပဲနဲ့ အဲဒီတောက်ကုန်းပေါ်က ဖြတ် ပြန်တာ၊ မိုးကလည်းရွာ၊မှောင်ကလည်း မှောင်ဆိုတော့၊ကျွန်တော်လည်း ကြောက်ကြာက် နဲ့ သုတ်သုတ် လျှောက်နေတုန်း အဲဒီ စေတီတည်မဲ့နားကျတော့ ချော်လဲတာပဲ အဲဒါ မနည်း လူးလဲထပြီး အိမ်ပြန်လာတာ၊ ကျောက်တုံးက အဲဒီမှာ ကျကျန်နေခဲ့တာဆရာ၊ အဲဒါသိကြား မင်းပေးတဲ့ ကျောက်တုံးမဟုတ်ဘူး၊ ကျွန် တော့် ကျောက်တုံး ဘဇံရဲ့ ကျောက်တုံး“ ဘဇံကမူးမူးနှင့် အော်သည်။

“နောက်နေ့မနက်ကျ တော့ မနေ့က အသောက်များသွားတာနဲ့ မိုးမိထားတဲ့ ဒဏ်နဲ့ဆိုတော့ နေ့ခင်းကျမှ အိပ်ရာနိုးတယ် နိုးတော့ မှ အဲဒီတောင်ကုန်းမှာ လူစုစုတွေ့လို့ သွားကြည့်တော့ ဆရာ သိတဲ့အတိုင်းပဲ ဆရာ ကြီး ဆောင်းတို့ ဆရာတော်တို့နဲ့ ရွာသားတွေ ရောက်နေကြပြီ လေ။ ကျောက်တုံးလေးကို ခြံ တောင် ခတ်ထားပြီးပြီ။ ကျွန်တော်တို့လည်း ပြောဦးမလို့ပဲ အနားကပ်ပြီး ပြောမလို့ရှိသေး တယ် သူကြီး က ဘဇံမင်း ဘာလာရှုပ်တာလဲဆိုပြီး နားရင်းအုပ်လိုက်လို့ ဘယ်လိုမှ မပြောသာတော့ ဒီလိုပဲ မသိသလို နေလိုက်တာဗျ။“
သူ့စကားကြားပြီး ကျွန်တော့်ရင်ထဲက အလုံးကြီးတတ်လာသည်။ ဒီကိစ္စက တော်ရုံတန်ရုံပြဿနာမဟုတ်။
“မင်းဟာက ဟုတ်ရဲ့လားကွာ“ ကျွန်တော်က သေချာအောင်မေးကြည့်သည်။
“ဆရာမယုံရင် ကျောက်တုံး အောက်ကိုလှန်ကြည့် ကျွန်တော်ပျင်းလို့ ဓါးနဲ့ ဘဇံလို့ ခြစ်ထားတာရှိတယ်“
ဘဇံကတော့ အသေအချာပြောသည်။ ကျွန်တော်စဉ်းစားကြည့်သည်။ ဒီကိစ္စသေချာခဲ့လျှင် ဆရာတော် ကြီးနှင့် ဆရာကြီး ဦးဆောင်းမှာ ခေါင်းဖော်ရဲတော့မည်မဟုတ်ပေ။ အမှန်တကယ် ယုံကြည်ကိုးကွယ်ခဲ့သော ပတ်ဝန်းကျင်မှ ရွာသူရွာသားများ မည်သို့ဖြစ်သွားမည်နည်း။ ဘဇံအတွက် လည်း ကောင်းမည်မဟုတ်ပေ။ ကျွန်တော်သက်ပြင်းချမိသည်။
ကောင်းကြီးက၀င်ပြောသည်။
“မင်းပြောတာတော့ ငါမယုံဘူးဘဇံ“
“မင်းမယုံရင် ကျောက်တုံးကို သွားလှန်ကြည့်ပါလား“
“ဟကြည့်လို့မှ မရတာ သူကြီးက ငါ့ကိုသတ်မှတ်ပေါ့ သူကြီးမသတ်ခင် အနားကရွာသားတွေ ၀ိုင်း ရိုက် တာ နဲ့သေမှာ“
ကောင်းကြီးကပဲဆက်ပြောသည်။

“ဆရာကျွန်တော်ကတော့ ဘဇံပြောတာမယုံဘူး ဒီကောင်အရင်က လည်း ဒီလို မဟုတ်တရုတ်ဇာတ် လမ်း တွေ ထွင်ဘူးတယ်။ အဲဒါထားပါတော့ ဘာလိုပဲဖြစ်ဖြစ်ဒီနေရာမှာ စေတီဖြစ်သွားရင် ရွားသားတွေ အတွက် အကျိုးရှိတာပေါ့။ ကျွန်တော်တို့ရွာမှာ စေတီမှ မရှိပဲ။ စေတီတည်တော့ လည်း ဒီလို တန်ခိုး ကြီးစေတီ ရတော့ ဒီပတ်ဝန်းကျင်မှာ ကျွန်တော်တို့ရွာက နာမည်ရတယ်ဗျ။“
ကျွန်တော်ကဘဇံနှင့် ကောင်းကြီးကို ၀င်ပြောရသည်။
“ကဲကဲ ဟေ့ကောင်တွေ ဒီကိစ္စဘယ်လိုပဲဖြစ်ဖြစ် ဘယ်သူ့ကိုမှ မသိစေနဲ့ဦးဟုတ်ပြီလား ငါစဉ်းစား ကြည့် လိုက် ဦးမယ်။ မင်းတို့ ကတိပေးရင် ငါ အရက်ဖိုးပေးလိုက်မယ်“ ဟုဆိုကာ သူတို့ နှစ်ယောက်ထံမှ ကတိတောင်းပြီး အရက်ဖိုးပေးလိုက်လေသည်။ ကောင်းကြီးပြောသည်မှာ လည်းဟုတ်သည်။ ရွာသားတွေက ဤစေတီအတွက် တော်တော် ရင်းနှီးထားသည်။ တော်တော်လည်း မျှော်လင့် ထားသည်။ ဘဇံပြောသလိုသာ ဖြစ်သည်ဆိုလျှင် ဒီရွာသည် လည်း ပတ်ဝန်းကျင်တွင် လှောင်ပြောင်ခံရတော့ မည်ဖြစ်သည်။ သူတို့ ၏ယုံကြည်မှု့ ကို ပျက်ရယ်ပြုလိုက်သလိုဖြစ်ပေလိမ့် မည်။

နေ့ခင်းပိုင်းလောက်ကြမှ ထိုတောင်ကုန်းဆီသို့ ကျွန်တော်ထွက်လာခဲ့သည်။ လမ်းတွင် ရွာတောင်ပိုင်း မှ မအေးမြနှင့်တွေ့သည်။ သူက

“ဆရာ တောင်ကုန်းကိုသွားမလို့လား“
“ဟုတ်ပါ့ ဒါနဲ့ ညည်းအမေရောနေကောင်းလား“
မအေးမြအမေသည် မအေးမြတို့ အဖေသူ့ ခင်ပွန်းဆုံးသွားကတည်း က စိတ်အနည်းငယ် နောက်သွား ခဲ့သည်။ ရူးတော့ မရူးပါ။ တစ်ယောက်ထဲစကားပြောပြောနေခြင်းဖြစ်သည်။ မအေးမြက ဖြေသည်။
“ကောင်းတယ်ဆရာ ဌာပနာ ပေါ်လာပြီးကတည်းက ခေါ်သွားပြီးသွားဖူးတာ အခု အမေက ဌာပနာကို အရမ်းယုံပြီး အဲဒီမှာ ပုတီးစိတ် တရားထိုင်နဲ့ အရင်နီးပါး ပြန်ကောင်းလာပြီးဆရာ၊ ဆရာတော်ကြီးတို့ ဆရာကြီးဦးဆောင်းတို့ ကျေးဇူးပါပဲ“
ကျွန်တော် မအေးမြ၏ အဖြေစကားကြောင့် ရင်လေးသွားသည်။ ဘဇံပြောတာများဟုတ်နေခဲ့လျှင်။ သို့သော် ဘဇံက အမူးသမား သိပ်တော့ မယုံရ။
ကျွန်တော် တောင်ကုန်းသို့ ရောက်သည့် အချိန်သည် နေ့ခင်းဖြစ်သဖြင့် လူသိပ်မရှိသေး။ အခြားအချိန် ဆိုလျှင်တော့ ရွာမှလူများ၊ ရွာနီးချုပ်စပ်က လူများဖြင့် စည်းကားလှလေသည်။
ထိုကျောက်တုံး ကို အမိုးနှင့် အကာနှင့် လုပ်ထားသည်။ ဌာပနာကို မည်သူမှ ကိုင်ခွင့်မရ။ နီးနီးကပ်ကပ် ပင် ကြည့်ရှု့၍မရ စေရန် အသေအချာ ကာထားလေ သည်။ လူများကန်တော့ လို့ရရန် ဖျာလည်းခင်း ထား လေ ၏။ အမွှေးတိုင် ဖယောင်းတိုင်၊ ဆွမ်း၊ရေချမ်း၊ ပန်းစီးများလည်း မြောက်များစွာ လှူဒါန်းထားသည် ကိုတွေ့ရသည်။ ဤကျောက်တုံးကို ငုံပြီးစေတီတည်မည်ဟု သိရသည်။
ယခုမူ သူကြီးအစောင့်ချထားသော ကာလသားသုံးယောက်သာ ရှိသည် ။နှစ်ယောက်မှာ အနီးရှိဖျာပေါ်တွင် အိပ်နေပြီး တစ်ယောက်မှာ ဆေးလိပ်ထိုင်ဖွာနေသည်။ ကျွန်တော် ကျောက်တုံးကို လှန်ကြည့်ဖို့ ဆုံးဖြတ် လိုက် သည်။ ဒီကိစ္စက လွယ်တော့ မလွယ်လှ တစ်စုံတစ်ဦးသိသွားပါ က ကျွန်တော် ဒီပတ်ဝန်းကျင်တွင် ဆက်လက်နေထိုင်ဖို့ခဲယဉ်းသွားနိုင်သည်။ အကယ်၍ဘဇံပြောသလိုမှန် နေခဲ့လျှင်ရော ကျွန်တော်ဘာ လုပ်မည်နည်း။ ဘဇံပြောသည့် ကျောက်တုံးကို ဓါးဖြင့် ခြစ်ထားသည့် နေရာသည် တွေ့ချင်မှ တွေ့ရမည်။ အဘယ်ကြောင့်ဆိုသော် ကျောက်တုံးသည်ရွံ့ မြေထဲတွင် တစ်ဝက် မြုတ်နေသည်။ ကျွန်တော်ကြည့်လျှင် လည်း ကမန်းကတန်းသာ ကြည့်ရမည်ဆိုတော့ သိပ်တော့ မသေချာလှ။ ဘာပဲဖြစ်ဖြစ် ကျွန်တော် ကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။ကျွန်တော်က ဆေးလိပ်ဖွာနေ သောကာလသားတစ်ယောက်ကို
“ရော့ကွာ ဒေါ်ဖော့ဆိုင်မှာ ဆေးလိပ်သွားဝယ်စမ်း ငါဒီမှာ ၀တ်ပြုလိုက်ဦးမယ် မင်းတို့ဖို့ရောဝယ်ခဲ့“ ဆိုပြီး ပိုက်ဆံပေးပြီး လွတ်လိုက်လေသည်။ သူထွက်သွားမှ ဘေးဘီကို သေချာကြည့်ပြီး ဘယ်သူမှ မရှိဘူးဆို တာသေချာမှ အကာကလေးကို ကျော်ကာ ကျွန်တော် ကျောက်တုံးကို လှန်ကြည့်ပြီး နေရာတကျချပြန် ချထားလိုက်လေသည်။


ကျွန်တော် ဘဇံပြောသလိုတွေ့ခဲ့သလား ဟု စာဖတ်သူမိတ်ဆွေ အနေနဲ့ သိချင်ပါလိမ့်မည်။ သို့သော်လည်း ဤ ကိစ္စသည် ရွာသားတွေ အတွက် လည်း အကျိုးမရှိ၊ ဆရာတော် ဦးသောဘိတ လည်း အကျိုးမရှိ၊ ဦးဆောင်း အတွက်လည်း အကျိုးမရှီ၊ ဘဇံအတွက်လည်း အကျိုးမရှိ၊ ယုတ်အစွဆုံး ကျွန်တော့် အတွက် လည်း အကျိုး မရှိဟု ယုံကြည်သဖြင့် ကျွန်တော် နုတ်ပိတ်နေဖို့ ဆုံးဖြတ်လိုက်ပါသည်။

စာကြွင်း။ စေတီအတွက် ရံပုံငွေ မကြာမှီလုံလောက်သွားပြီး စေတီစတင် တည်ဆောက်ရာ နောက်နှစ်လ အကြာတွင် ဘုရားပွဲ လုပ်ပြီး စေတီကို စတင်ဖွင့်လှစ်လိုက်ပါသည်။ စေတီ၏ အမည်မှာ သိကြားပေး စေတီ ဟုတွင်သည် ဟုသိရပါသည်။

ဒီဇင်ဘာ၊၂၀၀၈။
မိုးတိမ်ညို

3 comments:

Andrew December 4, 2009 at 10:08 AM  

bro,
you shouldn't do like that!!!
tell us about the stone. was it made by drunker ba zan or Tha kyar min???

Moe Tain Nyo December 6, 2009 at 11:56 PM  

Hi Kelvin
I also don't know it. He didn't tell me. :P

EDW August 10, 2011 at 5:26 PM  

I know about the stone who made it.
EDW

Visitors

About Me

  © Blogger template 'Perfection' by Ourblogtemplates.com 2008

Back to TOP