It made a difference to that one
မိတ်ဆွေ။ ကျွန်တော် ပြောချင်တာလေးကို မပြောခင် အောက်က ပုံပြင်လေး အရင် ဖတ်ကြည့်ပါဦးလို့ တောင်းပန်ပါ ရစေ။
........................................................................................
တစ်ခါကလူတစ်ယောက်သည် ပင်လယ်ကမ်းခြေတွင် မနက်စောစာစီးစီး လမ်းလျှောက်ထွက်လာရာ အဝေး တွင် လူတစ်ဦး ကုန်းကုန်းကွကွနှင့် တစ်ခုခု လုပ်နေသည်ကို မြင်ရလေသည်။ သူအနားကပ်သွားသော အခါထိုသူသည် လူငယ်လေး တစ်ဦး ဖြစ်နေသည်ကို တွေ့ရသည်။ ကမ်းခြေမှ တစ်စုံတစ်ခုကို ကောက်လိုက် ပင်လယ်ထဲ ပစ်လိုက်နှင့် အလုပ်ရှုပ်နေခြင်း သာ ဖြစ်လေသည်။ သူစိတ်ဝင်စားသွား ပြီး အနားရောက်မှ မေးကြည့်မိသည်။
........................................................................................
တစ်ခါကလူတစ်ယောက်သည် ပင်လယ်ကမ်းခြေတွင် မနက်စောစာစီးစီး လမ်းလျှောက်ထွက်လာရာ အဝေး တွင် လူတစ်ဦး ကုန်းကုန်းကွကွနှင့် တစ်ခုခု လုပ်နေသည်ကို မြင်ရလေသည်။ သူအနားကပ်သွားသော အခါထိုသူသည် လူငယ်လေး တစ်ဦး ဖြစ်နေသည်ကို တွေ့ရသည်။ ကမ်းခြေမှ တစ်စုံတစ်ခုကို ကောက်လိုက် ပင်လယ်ထဲ ပစ်လိုက်နှင့် အလုပ်ရှုပ်နေခြင်း သာ ဖြစ်လေသည်။ သူစိတ်ဝင်စားသွား ပြီး အနားရောက်မှ မေးကြည့်မိသည်။
'ကောင်းသော နံနက်ခင်းပါ ခင်ဗျာ မိတ်ဆွေ ဘာများ လုပ်နေပါသလဲ'
လူငယ်လေးက သူလုပ်နေသော အလုပ်ကို ခဏရပ်ကာ မော့ကြည့်လိုက်ပြီး
'ကြယ်ငါးလေးတွေပါ ပင်လယ်ထဲ ပြန်ပစ်ချပေးနေတာ'
သူကထပ်မေးမိသည်
'ဘာလို့ အဲလိုလုပ်နေတာလဲဗျ'
'ကျွန်တော် ဒီလိုမှ မလုပ်ရင် ခဏနေ နေထွက်လာရင် အားလုံးသေကုန်မှာ ပေါ့ဗျ'
လူငယ်လေးက ပြန်ပြောလေသည်။
'ဒီလိုရှိတယ် မိတ်ဆွေ၊ မိတ်ဆွေ လုပ်တာတော့ ဟုတ်ပါပြီ။ ဒါပေမယ့် ဒီကမ်းခြေတစ်လျှောက်မှာ ဒီလိုတင်နေမယ့် ကြယ်ငါးတွေ သိန်းနဲ့ သောင်းနဲ့ ချီရှိနေမှာလေ။ မိတ်ဆွေ ဒီလို တစ်ကောင်ခြင်း ပစ်နေလို့ ဘာထူးမှာလဲဗျ'
ထိုအခါကလူငယ်လေးက ကိုယ်ကို ကုန်းလိုက်၍ နောက်ထပ်ကြယ်ငါးတစ်ကောင်ကို ကောက်ပြီး ခဏမျှ ကြည့်ကာ ပင်လယ်ထဲ သို့ ပစ်ချလိုက်ရင်း
'အင်း.. အခြားတစ်ကောင် အတွက် မထူးပေမယ့် ဒီတစ်ကောင်အတွက်တော့ ထူးတာပေါ့ဗျ'
ဟု ပြောလိုက် လေသတည်း။
...................................................................................................................
အထက်ပါပုံပြင်လေးကို ဆရာဖေမြင့် ဘာသာပြန်တဲ့ နှလုံးသား အာဟာရတွင် ပထမဆုံးဖတ်ဖူး ခြင်း ဖြစ်ပါတယ်။ ဖတ်မိစဉ်ကတည်း ကအလွန်ကြိုက်နှစ်သက်မိပါတယ်။ အခုဟာကတော့ အွန်လိုင်းမှာ တွေ့တဲ့ မူရင်း ကို အတိုချုပ်ပြန်ထားတာပါ။ အောက်မှာ မူရင်းလင့်ပေးထားပါတယ်။
'It made a difference to that one'
ဆိုတဲ့ စာသားလေးက ရင်ထဲမှာ စွဲကျန်နေခဲ့ပါတယ်။
ပြောချင်တာက အခုကျွန်တော်တို့ အမိမြေမှာ လူတွေ ဒုက္ခရောက်နေတဲ့ အကြောင်းပါ။ အပူချိန်လွန်ကဲလို့ ရေရှားပါးလာကြတယ်။ ရေတွင်းရေကန် အချို့ ခန်းကုန်ကြတယ်။ လူတွေ ရေဒုက္ခရောက်ကြရတယ်တဲ့။ တတ်နိုင်တဲ့ သူတွေကလည်း တတ်နိုင်သလောက် လှူကြတာ ကြားရပါတယ်။ ကျွန်တော်လည်း ကိုယ်တတ်နိုင် သလောက် လှူခဲ့ပါတယ်။ ကျွန်တော်တို့ လှူတဲ့ ဟာတွေကို လည်း အဲဒီ ဒုက္ခဖြစ်နေတဲ့ နေရာတွေကို တစ်ဆင့် ပြီး တစ်ဆင့် ပို့ပြီး ရေကူညီနိုင်ရင် ရေ။ ဆေးကူညီနိုင်ရင် ဆေးအစရှိသဖြင့် ကူညီခဲ့ ကြပါတယ်။
ဒါပေမယ့် သေချာစဉ်းစားကြည့်လေ ဘ၀င်မကျလေပဲ။ ဘာလို့လည်းဆိုတော့ ဒါက ပြသနာရဲ့ အဖြေ မဟုတ်ဖူးလို့ ခံယူမိလို့ပါပဲ။ ဒါက ရေတိုဖြေရှင်းမှု့။ ဆေးမှီးတိုနဲ့ ကုသနည်းပါ။ တာဝန်ရှိ သူတွေ အနေနဲ့ တစ်ခုခု လုပ်သင့်ပါတယ်။ လုပ်မယ်လို့ လည်းမျှော်လင့်ပါတယ်။ အဲ ရေတို ဖြေရှင်းမှု့ကလည်း လိုအပ်ပါတယ်။ မလိုအပ်ဘူးလို့ မဆိုလိုပါဘူး။ ဒီတစ်ခုတည်း မရဘူးလို့ ပြောချင်တာပါ။ ကဲထားပါတော့။ ရွာက ရေတွင်းမှာ ရေခန်း။ ရွာသားတွေ ရေအခက်အခဲ ဖြစ်။ ဒါကြောင့် အလှူရှင်တွေ စုပြီးတော့ ရေကားတွေ လှူ။ ဒီလိုနဲ့ ပဲ အဆင်ပြေသွား။ အဲ နောက်နှစ်ကြတော့ ရော ဒီလိုပဲ ထပ်ဖြစ်ဦးမလား။ ဒီလိုပဲ ထပ်လှူကြဦးမလား။ ဘာမှ မလုပ်ရင်တော့ ဒီ အတိုင်းပဲ ထပ်ဖြစ်မှာ အသေအချာပါပဲဗျာ။
နာဂစ်တုံးကလည်း နာဂစ်မို့လို့။ လူတွေ တော်တော် ခံရပါတယ်။ ကဲ အဲလို ဖြစ်တတ်တယ် ဆိုတာ အခုသိပြီ။ အခုဘာလုပ်ကြမလဲ။ နောက်တစ်ခါ ဖြစ်ရင် လှူဖို့ တမ်းဖို့ အလောင်းမြေမြုတ်ဖို့ အခုကတည်းက ပြင်ဆင်ထား ကြမလား။ ဒါမှ မဟုတ် နောက်တစ်ခါ မဖြစ်အောင်၊ ဖြစ်ခဲ့လျှင် လူတွေကို ကာကွယ်နိုင် အောင် စီစဉ်ကြမလား။ အခု စီစဉ်နေတယ် (သို့) စီစဉ်ထားတယ်လို့တော့ ကြားပါတယ်။ ဘယ်လောက် ထိအကျိုးသက်ရောက်မှု့ ရှိမရှိ တော့ ကျွန်တော် မသိပါဘူး။
တကယ်တော့ နာဂစ်လို သဘာဝ ဘေးအန္တရာယ်တို့ အပူချိန် မြင့်တက်တာတို့ ဆိုတာ သဘာဝ ဘေးတွေ ပါ။ ဘယ်လူသားမှ တိုက်ရိုက် ထိန်းချုပ်လို့ မရပါဘူး။ သွယ်ဝိုက်သော နည်းနဲ့ ပဲ ထိန်းချုပ်လို့ရပါတယ်။ ဥပမာ မုန်တိုင်း တိုက်တော့ မယ်ဆိုရင် ကြိုသိအောင်လုပ်၊ ပြင်ဆင်သင့်တာ ပြင်ဆင် ရွှေ့ပြောင်းသင့်တာ ရွှေ့ပြောင်း စသဖြင့် လူအသေ အပျောက် အထိအခိုက် အပျက် အစီး အနည်းဆုံး ဖြစ်အောင် လုပ်လို့ ရပါတယ်။
ပင်လယ်ပြင်မှာ ရွက်လွင့်သလိုပေါ့ဗျာ။ လေကို ဘယ်အရပ်က တိုက်ပါလို့ ပြောလို့ မရပေမယ့် လှေရွက်တွေကို တော့ သင့်လှေ လိုရာ အရပ်ကို သွားအောင် ထိန်းချုပ်လို့ ရပါတယ်တဲ့။
အခုလည်း ကြည့်။ အပူချိန်မြင့်လို့ လူတွေသေ ဒုက္ခတွေရောက်ကြတယ်ဆိုကြတယ်။ တကယ်က အပူချိန်မြင့်တာက လည်း မြင့်တာပေါ့ဗျာ။ တကယ်က လူတွေ ဒုက္ခရောက်တာ အရှင်းဆုံး ပြောရင် ရုပ်ဝတ္ထုပစ္စည်း ဆင်းရဲ လို့ပါ။ အပူချိန်မြင့်တိုင်းသူ ဒုက္ခရောက်ရမယ် ဆိုရင် သဲကန္တာရ နိုင်ငံက လူတွေက ဆို ဘယ်လို လုပ်ကြမလဲ။ ဥပမာ ကူဝိတ်နိုင်ငံ ရဲ့ အပူချိန်ကို ကြည့်ကြည့်ပါ။ ကျွန်တော်တို့ ထက်ပူပါတယ်။ ဒီလောက်ပူတာ ဒါပေမယ့် နိုင်ငံက ချမ်းသာတော့ အဆင်ပြေနေတာပဲ။ နေရာတိုင်း အဲယားကွန်းနဲ့ဗျာ။ ဒီလိုပါပဲ တခြားတိုးတက်တဲ့ နိုင်ငံတွေလည်း ပူတဲ့ အချိန် ပူတာပါပဲ။ ဒါပေမယ့် သူတို့ဆီမှာက ဘယ်ဘစ်ကား တက်တက် အဲယားကွန်းက အေးနေတာ။ ဘယ် ရထားဝင်ဝင် အေးနေတာ။ ဘယ် အဆောက်အဦးထဲ ၀င်ဝင် အေးနေတော့ သိပ်မသိသာဘူးပေါ့ဗျ။ ပြီး တော့ အဆောက်အဦးတွေ ရေပေးရေး စနစ်တွေ ကလည်း စနစ်ကျတော့ အရင်က ထက်ပိုပူပါစေဦး လူတွေ ရေ မပြတ်ဘူးဗျာ။ အဆောက်အဦး တွေကလည်း တကယ့် စံနုန်းနဲ့ ဆောက်ထားနိုင်ရင် အပြင်မှာ ဘယ်လောက်ပူပူ လူနေဖြစ်သေးတယ်။ လျှပ်စစ်မီးဆိုတာကလည်း ၂၄ နာရီဆိုတော့ အဲယားကွန်း ပန်ကာ ရေခဲသေတ္တာ အစုံနဲ့ တော်ရုံပူတာလောက်တော့ စကားထဲ ထည့်မပြောဘူးပေါ့ဗျာ။
ကျွန်တော်တို့ဆီမှာ အခုဖြစ်နေတာ အဓိကက ရုပ်ဝတ္ထုပစ္စည်း ချို့တဲ့လို့ တော်ရုံဘေးဒဏ်ဆိုရင် နင့်နေအောင် ခံစားရတာ။ မိတ်ဆွေ စဉ်းစားကြည့်ဗျာ ဒုက္ခရောက်နေတာခြင်းအတူတူ တစ်ယောက်က အဲယားကွန်းခန်းထဲမှာ ရေခဲစိမ် အအေးလေးသောက်ပြီး ဒုက္ခခံမယ် တစ်ယောက်က နေပူကျဲတဲက တဲကုတ်ထဲမှာ မြောင်းရေ လေးသောက်ပြီး ခံရမယ်။ ဘယ်သူက ပိုခံရ မလဲဆိုတာ။
အခုကျွန်တော်တို့ တစ်တွေ လူမှု့ရေး အသင်းတွေ တတ်နိုင်တဲ့ ဘက်က ကူညီနေတာ တွေ့ရတော့ တကယ်ကို ပီတိဖြစ်မိပါတယ်။ ကျွန်တော်တို့ လူမျိုးတွေရဲ့ စေတနာ စည်းလုံးမှု့ အကြင်နာတရားကို ပီတိ ဖြစ်မိပါတယ်။ ဒါပေမယ့်ဗျာ ကျွန်တော်တို့ ကူညီနိုင်တာတွေက တစ်နိုင်ငံ လုံး အတိုင်းအတာနဲ့ ဆိုရင် ဘယ်လောက် ထိရောက်မလဲ လို့ သံသယ ဖြစ်မိပါတယ်။ အဲဒီတော့ အခုကျွန်တော်တို့ လုပ်နေတာက ပုံပြင်ထဲက လူငယ်လေး ကြယ်ငါးလေးတွေ ကောက်ပြီး ပင်လယ် ထဲ ပစ်ထည့်ပေး သလိုများ ဖြစ်နေမလားလို့။
အင်းလေ အဲလိုဆိုရင်လည်း အဲဒီ ကြယ်ငါးလေး အတွက် တော့ အကျိုးရှိမှာပါ။ ဘာပဲ ဖြစ်ဖြစ်ဗျာ
'ဒီတစ်ယောက် ဒီတစ်ရွာ ဒီတစ်စု အတွက်တော့ ထူးတာပေါ့ဗျ'
ဟုရေရွတ်ရင်းသာ ကျေနပ် မိပါတော့တယ်။
"It made a difference to that one"
မေ၊ ၂၀၁၀။ မိုးတိမ်ညို
မူရင်းပုံပြင် လင့် http://www.bellaonline.com/articles/art8236.asp