Monday, May 10, 2010

မမှားသင့်ပါ

‘ပြင်သစ်ရေတပ်မှ ပင်လယ်ဓါးပြ ၁၂ယောက် ဆိုမာလီယာ ကမ်းလွန်တွင် ဖမ်းမိ’

အထက်ပါ ခေါင်းစဉ်ကို ဖတ်မိပါက မိတ်ဆွေ မည်သို့ နားလည်မည်နည်း။ ကျွန်တော် ပထမဆုံး ဖတ်မိတုံးကတော့ ကြောင်တောင်တောင် ဖြစ်သွားပါတယ်။ ပြင်သစ်ရေတပ်မှ ပင်လယ်ဓါးပြ ဆယ့်နှစ်ဦးဆိုတော့ ပြင်သစ်ရေတပ်ကပဲ ဓါးပြ ထွက်တိုက်နေပြီလားလို့။ ကဲ မခက်လား။ ကျွန်တော်လည်း မြန်မာစာမှာ ဆရာကြီး အဆင့် မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော် နားလည်သလောက်တော့

‘ပင်လယ်ဓါးပြ ၁၂ ဦးကို ပြင်သစ်ရေတပ်မှ ဆိုမာလီယာ ကမ်းလွန်တွင် ဖမ်းမိ’

ဆိုရင် ပိုမှန်မလားလို့။

အထင်မလွဲပါနဲ့ မိတ်ဆွေ။ မြန်မာစာ သင်နေတာ မဟုတ်ပါဘူး။ အဲဒီ ခေါင်းစဉ်ကို ဖြစ်ရပ်မှန် (၂၀၁၀ ဇွန်လထုတ်) မဂ္ဂဇင်းမှာ ဖတ်လိုက်ရတာပါ။ ဖတ်မိခါ စကတော့ ကြောင်တောင်တောင် ဖြစ်ပြီး နောက်ကျတော့ စိတ်ပျက်မိပါတယ်။ ဘာလို့လဲဆိုတော့ ဖြစ်ရပ်မှန် မဂ္ဂဇင်း ဆိုတာက မြန်မာနိုင်ငံမှာ တရားဝင် ထုတ်ပြီး လူတော်တော် များများ ဖတ်ကြတဲ့ မဂ္ဂဇင်း တစ်စောင် ဖြစ်လို့ပါပဲ။

အသေးအဖွဲလေးပါကွာ။ ဒါများ ရေးကြီးခွင်ကျယ် လုပ်လို့ ဆိုပြီး တစ်ချို့လူတွေက ပြောချင် ပြောပါလိမ့်မယ်။ ဒီလို ခေါင်းစဉ်မျိုး မဂ္ဂဇင်းတွေ စာစောင်တွေမှာ တွေ့ဖူးတာ ဒါ ပထမအကြိမ် မဟုတ်ပါဘူး။ အရင် အကြိမ်တုံးက ဒီလိုပဲ မေ့မေ့ ပျောက်ပျောက် ပါပဲ။ မကြာခဏဆိုသလို တွေ့လာရတော့ နည်းနည်း အံ့သြလာတယ်။ သြော် သဒ္ဒါကို အဲလောက် တောင် ဂရု မစိုက်တော့ ဘူးလားပေါ့။

မိတ်ဆွေ စဉ်းစားကြည့်ပါ။ အဲလို မဂ္ဂဇင်းတစ်စောင် ထုတ်ဖို့ဆိုရင် အဲဒီ ဆောင်းပါး(သို့)သတင်း(သို့) ၀တ္ထုရေးတဲ့ စာရေးဆရာက အရင်ရေးရပါမယ်။ ပြီးတော့ အဲဒီဟာကို မဂ္ဂဇင်းတိုက်က အယ်ဒီတာ တစ်ယောက် ဒါမှမဟုတ် တစ်ယောက်ထက်ပို တဲ့ အယ်ဒီတာတွေက ဖတ်ရပါမယ်။ ပြီးတော့ စာပေစိစစ်ရေးကို ပို့ရပါတယ်။ ကဲ အဲဒီ စာဖတ်တဲ့ သူတွေ အားလုံးက တကယ်တော့ စာပေနဲ့ နီးစပ်တဲ့ သူတွေ ကြည့်ပါပဲ။ ကျွန်တော့်လို ပါမွှားလေးတောင် သတိထားမိတယ်ဆိုရင် သူတို့က ဘာလို့ သတိ မထားမိတာလဲ။ ဒါမှ မဟုတ် သေချာ စေ့စေ့ စပ်စပ်ပဲ မဖတ်လို့လား။ ပြီးစလွယ် ပဲလုပ်လို့လား။

ကျွန်တော် အခုပြောနေတာက ဒီခေါင်းစဉ်တစ်ခုထဲကို ဦးတိုက်ပြီး ပြောနေတာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံက တစ်ချို့ စာနယ်ဇင်းတွေ အဲလို ပြီးစလွယ်လုပ်လာတာတွေ တွေ့ရတာ စိပ်လာလို့ပါ။

ကျွန်တော်လက်လှမ်းမှီသလောက်ပြောရရင် စာပေမှာ သဒ္ဒါဆိုတာ စာပေတစ်ခုရဲ့ rule and regulation ပါ။ ဒါဘာလို့ လုပ်ထားသလဲဆိုတော့ အဲဒီစာပေတစ်ခုကို အဆင့်မြင့်မြင့် နဲ့ အကောင်းဆုံး ဖြစ်အောင် လုပ်ထားခြင်းဖြစ်ပါတယ်။ အဲဒီစာပေကို အသုံးပြုတဲ့ သူတွေအားလုံး တစ်ညီတစ်ညွှတ်ထဲ အဲဒီ rule and regulation တွေကို လိုက်နာမှ ဖြစ်ပါမယ်။ ဟိုလူက တစ်မျိုးဒီလူက တစ်မျိုးဆိုရင် ဘယ်လိုမှ အဆင်မပြေပါဘူး။ အဲဒီ စာပေအဆင့် အတန်းကလည်း ဘယ်တော့မှ တိုးတက်မှာ မဟုတ်ပါဘူး။ ဒါကြောင့် သဒ္ဒါဆိုတာ လိုက်နာဖို့လိုတယ် လို့ထင်ပါတယ်။

ပြောရရင် ဘောလုံးကစားနည်းလို့ပေါ့ဗျာ။ ဘေးထွက်ဘောကို လက်နဲ့ မြှောက်ရမယ်လို့ သတ်မှတ်ထားတယ်။ အဲဒါကို မရဘူးဗျာ ကျွန်တော်ကတော့ ခြေနဲ့ တည်ကန်မှာပဲ ဆိုရင်ကော။ ဘာမှတော့ မဖြစ်ပါဘူး။ ဘောလုံးကစားနည်းကတော့ စံမရှိပဲ ဖြစ်သွား တော့မှာပေါ့။

အပေါ်ကလို အမှားမျိုးကတော့ တော်တော်ရုပ်ဆိုးတဲ့ အမှားမျိုးပါ။ စာလုံးပေါင်းသတ်ပုံမှားတာက မတော်တဆ ဖြစ်တတ်လို့ နားလည်ပေးလို့ ရပါသေးတယ်။ ပြီးတော့ ကျွန်တော်တို့ လို့ အပျော်တမ်းဘလော့ရေးတဲ့ သူတွေ မှားတယ်ဆိုရင် မဖြစ်သင့်ပေမယ့် နားလည်ပေးနိုင်ပါသေးတယ်။ သူတို့မဂ္ဂဇင်းဆိုတာ တရားဝင်ထုတ်တာ ဖတ်တဲ့သူကလည်း ပိုက်ဆံပေးပြီး ၀ယ်ဖတ်ရတာ ဒါမျိုးလေးတွေ သတိထားသင့်တယ်လို့ ထင်ပါတယ်။

ကျွန်တော်က အခုပြောနေရတာ မြန်မာ စာပေကို တိုးတက်ချင်ရုံ သက်သက်ပါဗျာ။ ဒါမျိုးကို လူတိုင်းလူတိုင်းက အတတ်နိုင်ဆုံး ဂရုစိုက်သွားလိမ့်မယ်လို့ မျှော်လင့် မိပါကြောင်း။

မေ ၂၀၁၀
မိုးတိမ်ညို

3 comments:

Unknown May 10, 2010 at 11:47 PM  

ဟုတ်ပါ့အစ်ကိုရေ.. အဲဒီဟာတွေကလည်းတွေ့ရမြင်ရတာ စိတ်ကိုမချမ်းသာဘူး။ မြန်မာစာအရေးက တကယ်ရင်လေးစရာကောင်းနေပြီ။ အင်္ဂလိပ်စာမှားတာကို ရှက်တတ်ကြတဲ့ မြန်မာတွေက မြန်မာစကားမှားရင်ကျတော့ နားလည်ရင်ပြီးတာပဲတဲ့။ တကယ်တော့ ကိုယ့်စာ ကိုယ့်စကားကို ကိုယ်တွေတို့မှ မစောင့်ရှောက်ရင် ဘယ်သူက စောင့်ရှောက်မှာ ချစ်မှာတဲ့လဲ .. ပိုပြီးတိုးတက်အောင်လုပ်ဖို့နေနေသာသာ ဆုတ်ယုတ်နေတာကိုတောင် မထိန်းသိမ်းကြတော့ဘူးဗျ ဒီလိုဆောင်းပါးလေးတွေ တော်တော်များများရှိသင့်တယ်ဗျ...

ကျော်ထင် May 11, 2010 at 1:12 AM  

ဟုတ်တယ်ဗျ။ ကိုယ်တိုင်လဲ in, on, at preposition usage သာ မှားမမှားသတိပြုမိတာ။ ကိုယ့်ဘာသာစကားကျတော့ လက်တန်းရေးချပြီး ပြန်မစစ်ရင် အဲလိုကိုးရိုးကားယားတွေဖြစ်နေတတ်တယ်။ ဘာသဘောလဲတော့မသိဘူး။

Lun Lunn May 11, 2010 at 6:55 PM  

ကျွန်တော် သတိထားမိသလောက်တော့ (ဘယ်ဘာသာမှာမဆို) လူတွေက ကိုယ့်ဘာသာစကားဖြစ်တဲ့အတွက် ပေါ့ပေါ့ထားပြီး ဂရုတစိုက် မရှိရာကနေ စတာပါပဲ။

စလုံးပေါင်းမှားခဲ့ရင်လည်း ကိုယ့်ဘာသာစကားပဲ ဖတ်တဲ့သူ နားလည်လိမ့်မယ်ဆိုတဲ့ အလွယ်စိတ်တွေကြောင့်လည်း တဖြည်းဖြည်း ဆိုးဝါးလာတာ ဖြစ်တယ်။

တချို့ဆိုရင် မြန်မာစာကို စကားစု မခွဲပဲ တောက်လျှောက် ရေးတာတွေကိုလည်း တွေ့ဖူးမှာပါ။ မြန်မာစာကို စကားစုခွဲပြီး ရေးရတာကို မသိတာလား၊ ပြီးစလွယ် ရေးတာလားတော့ မပြောတတ်ဘူး။

သိကျွမ်းနားလည်သူတွေအနေနဲ့ ကိုယ့်ဘာသာ အဆင့်အတန်း မြင့်မားလာအောင် တိုက်တွန်း နှိုးဆော်ကြဖို့ ဆန္ဒပြုပါတယ်။

Visitors

About Me

  © Blogger template 'Perfection' by Ourblogtemplates.com 2008

Back to TOP