မြန်မာပြည်ခရီးစဉ် (၁)
ဒီတစ်ခေါက် ကျွန်တော် မြန်မာနိုင်ငံကို ပြန်ဖြစ်တော့ (ဒီတစ်ခေါက်ဆိုတာ ၂၀၁၁ အောက်တိုဘာလ ထဲမှာပါ) အရင် အခေါက်တွေကထက် ပိုထူးခြားပါတယ်။ ပိုထူးခြားတယ်ဆိုတာ ဒီလိုဗျ။ အရင်တုံးကဆို အားလုံးတုတ်နှောင်ထား တဲ့ အရာတစ်ခု အတိုင်းအတာ တစ်ခုအထိ ဖြေလျှော့ ပေးလိုက်တော့ သက်တောင့် သက်သာ ရှိသွားသလိုပါပဲ။
ပထမဆုံး မင်္ဂလာဒုံ လေဆိပ်ထဲကို ဆင်းတော့ ထုံးစံအတိုင်းပေါ့ဗျာ။ မြန်မာတစ်ယောက် အနေနဲ့ ရင်ထဲမှာတော့ အေးမြသွားတာပဲ။ ဒါပေမယ့် အရင်လို စိတ်ကတော့ ပူတုံးပဲဗျ။ အရင်က အတွေ့ အကြုံ တစ်ချို့အရ လ၀က ကဘာများ ရစ်နေမလဲ။ အခွန်ကတော့ ဘာပြောဦးမလဲပေါ့။ တကယ်တော့ ကျွန်တော့် အနေနဲ့ ဘာမှ ကြောက် စရာမလိုဘူးဗျ။ ဘာလို့လဲဆို တော့ ကျွန်တော့်မှာ စာရွက်စာတန်းလည်း အားလုံး ပြည့်စုံ ဘာတစ်ခုမှ မဟုတ်တာလည်း မလုပ်၊ တရားဥပဒေနဲ့ ငြိစွန်းတာလဲ မပါ ဒါနဲ့ များငါဘာစိုးရိမ်နေတာလဲလို့ တွေးမိပါတယ်။ အဲဒီမှာ ကျွန်တော် သဘောပေါက်မိပါတယ်။ သြော်ငါတို့ ကတသက်လုံး ယူနီဖောင်း ၀တ်တဲ့သူတွေကို အကြောက်တရားနဲ့ ကြီးပြင်းလာရတာကိုးလို့။
ပြင်သစ်တစ်ယောက် ရေးတဲ့ ဆောင်းပါးလေး တစ်ပုဒ်ဖတ်ဖူးတယ်ဗျ။ အဲဒီအထဲမှာပါတာက သူတို့ဆီမှာ ယူနီဖောင်းဝတ်တစ်ယောက် (ဥပမာ ရဲ) ကိုတွေ့လိုက်ရရင် စိတ်ထဲမှာ လုံခြုံတယ်၊ အားကိုးချင်စိတ်ပေါက်လာတယ် သတ္တိတွေရှိလာတယ်တဲ့။ ကျွန်တော်တွေးမိတယ်။ ကျွန်တော်တို့ ဆီမှာရော။ အမှန်အတိုင်းပြောရရင်မှာ ရွံ့ကြောက်ကြီး ဖြစ်နေတုံးပဲ။ နှစ်ပေါင်းများစွာ ရိုက်သွင်းခံထားရ သလိုဖြစ်နေတာကိုး။
အဲလိုတွေးရင်းနဲ့ ကျွန်တော် အင်မီဂရေးရှင်းမှာ တန်းစီပါတယ်။ တန်းစီတဲ့ နေရာတွေ ကောင်တာတွေ အရင်က ထက်ပိုကောင်းလာပါတယ်။ အားလုံး ကွန်ပြူတာနဲ့ ဖြစ်သွားပြီးတော့ ပိုလည်း မြန်လာတယ်။ ကျွန်တော်စိုးရိမ် ထားသလို ဘာမှာမဖြစ်လာပါဘူး။ အဲဒီ လ၀က အရာရှိလည်း တော်တော်သဘောကောင်းပါတယ်။ ကျွန်တော့ ကိုစကားပြောတာလည်း (သူ့သား အရွယ်မို့ ထင်ပါရဲ့ ) သား၊ သား၊ နဲ့ပြောတယ်။ အားလုံး အဆင်ပြေတယ်ပေါ့ ဗျာ။ ပြီးတော့ အခွန်ကလည်း ဘာမှကို မပြောဘူး။ တခါတည်း တန်းထွက်ရုံပဲ။ ကျွန်တော် တော်တော်လေး စိတ်ချမ်းသာမိတယ်ဗျ။
အပြင်ထွက်တော့ ထုံးစံအတိုင်း ပစ္စည်းတင်ချပေးတဲ့ အလုပ်သမား တစ်ချို့လည်း ရှိကြတုံးပဲ။ တစ်ယောက်ကို တစ်ထောင်လောက်တော့ ပေးရတယ်။ တကယ်က တက္ကစီပေါ်ကို ပစ္စည်းတင်တာ လူငှားဖို့ မလိုဘူးဗျ။ တစ်ချို့ လူတွေက အတင်းဆွဲကြတာ။ ထားတော့။ ကျွန်တော်လည်း စကားသိပ် မပြောချင်တာနဲ့ နှစ်ယောက် နှစ်ထောင် ပေးလိုက်တယ်။
ကားဆရာက သက်လတ်ပိုင်းအရွယ်။ နေကာမျက်မှန်နဲ့။ သူ့ကိုယ်ပိုင် ဟန်းဖုန်းနဲ့ဗျာ။ (စကားမစပ်ဗျာ၊ တက္ကစီ သမား ၈၀ ရာခိုင်နုန်းလောက်က အခု ဟန်းဖုန်းတွေနဲ့ ဖြစ်နေကြပြီ)။ကားက ပါရမီတက္ကစီဗျ။ အဲယားကွန်းလည်း ဖွင့်လို့ရတယ်။ ကားထဲမှာလည်း မဆိုးပါဘူး။ သန့်သန့် ပြန့်ပြန့်နဲ့။ ကျွန်တော်နာရီနဲ့ ငှားဖြစ်တော့ တစ်နာရီ ခြောက်ထောင်တဲ့။ မဆိုးလှဘူးပေါ့။ ကားဆရာတွေရဲ့ ထုံးစံလားတော့ မသိဘူးဗျာ။ သူလည်း တော်တော် စကားပြောချင်တယ်။ ဟိုအကြောင်း ဒီအကြောင်းပေါ့။ လုပ်ကိုင်စားရတာ မလွယ်တဲ့ အကြောင်း၊ မြစ်ဆုံအကြောင်း၊ ဆီဈေးကြီးတဲ့ အကြောင်း၊ ပါရမီ ကားတွေ အကြောင်းအစုံပဲ။ အဲသူက ပြောတယ်။ သမ္မတကြီး ဦးသိန်းစိန်ကို သူကတော့ သဘောကျတယ်တဲ့။ ကျွန်တော်က တော့ ခပ်ဆိပ်ဆိပ်ပဲ နေလိုက်တယ်။ ကျွန်တော့်မှာ သူ့လိုကောက်ချက်ချဖို့ အချက်အလက်မှ မပြည့်စုံပဲကိုးဗျ။ ဟုတ်ဘူးလား။ ကောက်ချက်ချတယ်ဆိုတာ ကလည်း ကောက်ချက်ချနိုင်လောက်အောင် အင်ဖော်မေးရှင်းက ပြည့်စုံမှ
ကျွန်တော်လည်း ကျွန်တော် သွားချင်တဲ့ နေရာ နှစ်နေရာသုံးနေရာလောက်သွားပြီးတော့ ထမင်းစားချိန်ရောက်လာတာနဲ့ သူ့ကို ထမင်းဆိုင်တစ်ဆိုင်ဆိုင် မောင်းပေးဖို့ ပြောလိုက်တယ်။ သြော်ပြော ဖို့မေ့နေလို့ဗျ။ ကျွန်တော်က နေ့လည် အဲပုဂံနဲ့ မန္တလေး ဆက်သွားမှာလေ။
ထမင်းစားဖို့ဆိုပြီးသူက Gandamar WholeSale ဆိုတဲ့ ရှော့ပင်းမောမှာရှိတဲ့ ခိုင်ခိုင်ကျော်ဆိုတဲ့ မြန်မာထမင်း ဆိုင်ကို ပို့ပေးတယ်။ ကျွန်တော်လည်း ကားဆရာကြီးကို ပါကျွန်တော်နဲ့ အတူထမင်းစားဖို့ ဖိတ်လိုက်ပါတယ်။ (ဘယ်ရမလဲ မန်းစလေးသားပဲ သဘောကောင်းတယ် ဖော်ရွေတယ် ချစ်ခင်တတ်တယ်လေ)။ ထမင်းဆိုင်လေးက သပ်သပ်ရပ်ရပ်ပါပဲ။ နိုင်ငံခြားသားတွေ အတွက်လည်း ရည်ရွယ်တယ်နဲ့ တူတယ်ဗျ။ မြန်မာ ဆန်အောင် တော်တော်ပြင်ထားတယ်။ စာပွဲထိုးကောင်မလေးတွေကလည်း သနခါး ပါးကွက်ကြားလေးတွေနဲ့။ အထဲမှာ အဲယားကွန်းဖွင့်ထားပြီး မြန့်မာ့ဆိုင်းဝိုင်းသံ သွက်သွက်လေး ဖွင့်ထားတာကလည်း ထမင်းကို မြန်မြန်နဲ့ များများစားနိုင်အောင် အားပေးနေသလိုပဲ။ တစ်ခုပဲ ပြောစရာရှိတယ်။ ဟင်းတွေထားတဲ့ ကောင်တာမှာရှိတဲ့ စားဖိုမှုးအရုပ်က အာရေဗျပုံပြင်ထဲက အရုပ်တွေဖြစ်နေတယ်။ မြန်မာမဆန်တာ ဒီတစ်ခုပဲ။
ထမင်းစားပြီးတော့ အဲပုဂံစီးဖို့ လေဆိပ်ကိုပဲ ထွက်လာခဲ့ပါတယ်။ အချိန်နည်းနည်းစောနေသေးပေမယ့် ဘယ်မှ မသွားချင်တော့တာနဲ့ လေဆိပ်မှာပဲ ထိုင်စောင့်နေတော့မယ်ပေါ့။ ပြည်တွင်းလေ ဆိပ်မှာလည်း အထုပ်ဆွဲပြီး အလေးချိန်ပေးတဲ့ ကောင်လေးတွေကို ထုံးစံအတိုင်း နှစ်ထောင်လောက် ပေးရသေးတယ်။ ကျန်တာကတော့ ဘာမှ အခက်အခဲ မရှိပါ။ လေယာဉ်ချိန်က တစ်နာရီလောက်လိုသေးတော့ အေးအေးဆေးဆေးပဲ ဂျာနယ်တစ်စောင် ၀ယ်ဖတ်ရင်း ဟိုငေးဒီငေးပေါ့။ ပြည်တွင်းထွက်ခွာလည်း ဟိုးအရင်အခေါက်တွေကနဲ့ စာရင်တော်တော်လေး သာတယ်ဗျ။ အဲယားကွန်းလည်း အေးလို့။ တီဗွီလည်း ပြတယ်။ ကြော်ငြာတွေများတယ်ဗျ။ ကျွန်တော် မတွေ့ဘူးတဲ့ မင်းသားမင်းသမီးအချို့နဲ့ မတွေ့ဘူးတဲ့ ကုန်ပစ္စည်းကြော်ငြာတွေလည်း ပါတယ်ဗျာ။ နိုင်ငံခြားသား တစ်ချို့လည်း တွေ့တယ်။ Ipad နဲ့ ဂိမ်းကစားနေတဲ့ ကလေး တစ်ယောက်လည်း တွေ့ခဲ့သေးဗျ။
အိမ်သာလည်း သန့်တယ်။ အိမ်သာထဲမှာ ဒီရေသည် သောက်ရန်မဟုတ် လို့အဓိပ္ပယ်ရတဲ့ စာတန်းကို အင်္ဂလိပ်လို့နဲ့ တရုတ်လို့ရေးထားတယ်ဗျ။ မြန်မာနိုင်ငံ ဖြစ်ပြီး ဘာလို့ မြန်မာလို့ မရေးတာလဲလို့ တွေးကြည့် မိတယ်။ ဒီလိုဖြစ်မယ်ဗျ။ ကျွန်တော်တို့ မြန်မာတွေကတော့ ပိုက်ကလာတဲ့ ရေဒီတိုင်းသောက်လို့ မကောင်းဘူး ဆိုတာအားလုံးလိုလို သိပြီးသားဖြစ်လိမ့်မယ်။ အဲဒီတော့ အဲဒီရေကို ဘယ်သူမှ ဒီအတိုင်းတော့ သောက်လိမ့်မယ် မထင်ဘူး။ (အဲ သွားသောက်ရင်လည်း သဗ္ဗေသတ္တာ ကမ္မဿကာ ပဲပေါ့)။ နိုင်ငံခြားသားတစ်ချို့သာ သူတို့နိုင်ငံလိုထင်ပြီး သောက်မိမှာ စိုးလို့နေမှာ။ နိုင်ငံခြားသားဆိုတာလည်း အင်္ဂလိပ်စာ ဖတ်တတ်တဲ့သူနဲ့ တရုတ်ကို ရည်ရွယ်တာဖြစ်မှာပေါ့။ ပြည်တွင်း လေယာဉ်စီးတဲ့ တရုတ်တော်တော် များတယ်လို့ ကောက်ချက်ချနိုင်မယ်ထင်ပါ့။အဲဒီမှာထိုင်နေရင်းနဲ့ ဂျာနယ်နှစ်စောင်လောက်ပြီးပါတယ်။ အရင်တုံးကနဲ့တော့ မတူဘူးဗျ။ ဂျာနယ်တွေက တော်တော်ကို ဖတ်ကောင်းလာတယ်။ တော်တော်လေး ပွင့်ပွင့်လင်းလင်းရေးရတယ်ဗျ။ တစ်ချို့ ဟာတွေဆိုရင် အံ့တောင် အံ့သြမိပါရဲ့။ ဒီလိုရေးတာ ရေးတဲ့သူအိမ် ညဖက် တံခါးလာမခေါက်ဖူးလားပေါ့။ အရင်လိုအတွေးနဲ့ပေါ့ဗျာ။ ဘာပဲပြောပြော ကောင်းတဲ့ အလားအလာပဲဗျာ။ ဒီလိုနဲ့ တစ်နာရီသာသာလောက် စောင့်ပြီး လေယာဉ်နဲ့ ထွက်လာခဲ့တာ နောက်နှစ်နာရီလောက်မှာ အမေ့အိမ်ကို ရောက်ပါတော့တယ်ခင်ဗျာ။ ဒီတစ်ခေါက်တော့ အရင်အခေါက်တွေကထက် ပိုစိတ်ချမ်းသာတယ် လို့ပြောရမှာပဲဗျို့။
နိုဝင်ဘာ ၂၀၁၁
မိုးတိမ်ညို
0 comments:
Post a Comment