Wednesday, October 3, 2012

စေတနာမှန်ပါစေ


တစ်ခါက ခရီးသွားတစ်ယောက် ဘုရားပျက်တစ်ခုအနားကိုရောက်လာတယ်တဲ့။ အဲဒီမှာ ဘုရားဆင်း ထုတော်တစ်ဆူ အမိုးမရှိအကာမရှိနဲ့ နေပူထဲမှာရောက်နေတာကို တွေ့ရတယ်တဲ့။ အထူး သဖြင့် မျက်နှာတော်က နေပူတိုက်ရိုက်ထိနေတယ်။ အဲဒီတော့ ခရီးသွားလည်း ဘယ်လိုမှ မခံစားနိုင်လို့ သူ့ဖိနပ်ကိုချွတ်ပြီး ဘုရားဆင်းထုခေါင်းပေါ် မှာတင်ပေးခဲ့တယ်တဲ့။ မျက်နှာတော်နေပူ သက်သာအောင်ပေါ့။ သူကတော့ဖိနပ်မပါပဲ ခရီးဆက်သွားခဲ့သတဲ့။ ခဏနေတော့နောက် ခရီးသွားတစ်ယောက်ရောက်လာပြီး ဆင်းထုတော်ခေါင်းပေါ်က ဖိနပ်ကြီးကိုတွေ့တော့ ဟာဘယ်ကောင်လည်း မသိဘူး မိုက်ရိုင်းလိုက်တာကွာဆိုပြီး        ခေါင်းပေါ်က ဖိနပ်ကို ဒေါသတကြီး ဖယ်ပြီးလွင့်ပစ်လိုက်တယ်တဲ့။ အဲဒီလူနှစ်ယောက်လုံး နတ်ပြည်ကိုရောက်ကြတယ်တဲ့။

ပုံပြင်လေးကတော့ ဒါပါပဲ။ စဉ်းစားစရာတွေ အများကြီးပေးတဲ့ ပုံပြင်လေးပါ။ ကျွန်တော်ပြောချင်တာ နတ်ပြည် ငရဲပြည် စတာတွေနဲ့ဆိုင်တဲ့ အကြောင်း မဟုတ်ပါဘူး။ လူတွေရဲ့ စိတ်၊ စေတနာနဲ့ ဆိုင်တဲ့ အကြောင်းပါ။ လူတော်တော်များများကတော့ ဆင်းထုတော်ခေါင်းပေါ်ကို ဖိနပ်တင်တဲ့သူကို ရှုံ့ချကြမှာပါ။ ဘယ့်နှယ့်ဘုရားခေါင်းပေါ်ဖိနပ်တင်ရတယ်လို့ဆိုပြီး။ ယေဘူယျအားဖြင့်တော့ ဘုရားဆိုတာ ရွှေထီးတို့ ထီးဖြူတို့မိုးရတယ်လို့ မိတ်ဆွေကဆိုချင်ဆိုပါလိမ့်မယ်။ အဲဒီလိုဆိုရင်တော့ တွေးတတ်ခေါ်တတ်တဲ့သူက မိတ်ဆွေကို စောဒကတတ်ပါလိမ့်မယ်။ ဗုဒဘာတရားကို သေချာနားမလည်ဘူးလို့။ ဘာလို့လဲဆိုတော့ ပညတ်နဲ့ ပရမတ်ဆိုတာ မိတ်ဆွေသိပါလိမ့်မယ်။ ဖိနပ်တို့ ထီးတို့ဆိုတာ ပညတ် ချက်တွေပါ။ နေပူသက်သာအောင် တစ်ခုခုနဲ့ကာရမယ်ဆိုရင် ဘာပစ္စည်းနဲ့ကာကာ အတူတူ ဖြစ်ရမှာ မဟုတ်ဘူးလား။ ထီးနဲ့ကာကာ၊ ဖိနပ်နဲ့ကာကာ၊ ပုဆိုးနဲ့ကာကာ၊ ထမိန်နဲ့ကာကာ အတူတူပဲလို့   ပြောလို့မရဘူးလားဗျာ။ ဒါပေမယ့် လူ့အသိုင်းအ၀ိုင်းမှာတော့ အဲလောက် လွယ်လွယ်ကူကူတော့ စိတ်ထားတတ်ဖို့ တော်တော်ခက်ပါလိမ့်မယ်။ ထားပါတော့ အဲဒါတွေပြောနေရင် လိုရင်း ကနေ လွဲနေဦးမယ်။

လူမှာအဓိအချက်က စိတ်ထားတတ်ဖို့လိုတယ်ဆိုတာတွေ့ရပါတယ်။ ဘာပဲလုပ်လုပ်ဘယ်လို အကြောင်းအရာဖြစ်ဖြစ် မိမိစိတ်ထားတတ်ဖို့က ပိုအရေးကြီးပါတယ်။ အဲပတ်ဝန်းကျင်နဲ့ သင့်တင့်မျှတအောင်လည်း အားထုတ်ရမပေါ့။ 

တစ်ချို့စေတနာတွေက ကျွန်တော်တို့ ပြောပြောနေကြတဲ့ ဆေးခါးကြီးလိုပေါ့။ အ၀င်ဆိုးပေးမယ့် တကယ် တမ်းကြတော့ ကောင်းကျိုးပေးပါတယ်။ အ၀င်လည်းချိုကောင်းကျိုးလည်းပေးတယ်ဆိုရင်တော့ အကောင်း ဆုံးပေါ့။ ဒါပေမယ့်ဒါမျိုးကနေရာတိုင်းမှာတော့ မဖြစ်နိုင်ဘူးလေ။ တစ်ချို့စေတနာတွေက အမြင်တော့တော်တော်ကောင်းပါတယ်။ ဒါပေမယ့် ကောင်းကျိုးပေးတာတော့ နည်းတတ်တယ်လေ။

ဥပမာ ဆင်းရဲသားရပ်ကွပ်ကလူတွေ အဆင်ပြေစေဖို့ စတုဒီသာသွားကျွေးတယ်ဆိုတာ လူတွေအမြင်တော့ အတော်ကောင်းတဲ့ လုပ်ရပ်ပါ။ ဒါပေမယ့် မိတ်ဆွေခဏရပ်ပြီး စဉ်းစားကြည့်ပါ။ ဒါကတကယ့် ပြနာရဲ့ အဖြေမဟုတ်ပါဘူး။ မိတ်ဆွေစတုဒီသာကျွေးလို့ အဲဒီကလူတွေ တစ်ရက်တစ်ပါတ်တော့ ဗိုက်ဖေါင်းအောင်စားနိုင်မှာပါ။ ဒါပေမယ့် ဘယ်သူမှ တစ်သက်လုံး မကျွေးနိုင်ပါဘူး။ တစ်သက်လုံးကျွေးနိုင် ဦးတော့ သူတို့အတွက်ဘယ်လိုမှမကောင်းပါဘူး။ တကယ်ဖြစ်သင့်တာက အဲဒီကလူတွေအတွက် ဘ၀အာမခံချက်ရှိတဲ့ အလုပ်အကိုင်ဖန်တီးပေးဖို့ပါ။ အဲဒီရပ်ကွက်အနားမှာ စက်ရုံဆောက်ပြီး အဲဒီကလူတွေကို သင့်တော်တဲ့ အလုပ်တွေပေးတာမျိုး စတာတွေပါ။ ကျွန်တော်ဆိုလိုချင်တာ စတုဒီသာကျွေးတာ မကောင်းဘူးလို့ ဆိုလိုတာမဟုတ်ဘူးနော်။ အဲဒါက ပြနာရဲ့ အဖြေအ စစ်မဟုတ်ဘူး လို့ဆိုလိုတာပါ။

ဘာသာရေးနဲ့ပါတ်သက်ရင်လည်း အပေါ်ကပြောခဲ့တဲ့လူနှစ်ယောက်လိုပေါ့။ တစ်ချို့လူတွေက အပေါ်ယံအလုပ်တွေကို ပိုအထင်ကြီးတတ်ကြတယ်။ လူသိတာကိုး။ အဲဒီတော့ ဘုရားဆင်းထုရဲ့ ခေါင်းပေါ်ကို ဖိနပ်တင်တဲ့သူတွေရင် လူတော်တော်များများကတော့ ရှုံ့ချကြမယ် ဆဲကြမယ်ထင်ပါရဲ့။ သူ့ရဲ့ရင်ထဲကစေတနာကိုမှ မမြင်တာကိုး။ ခေါင်းပေါ်က ဖိနပ်ကိုဖယ်ပေးတဲ့သူကိုတော့ တော်တော်များများက ချီးကျူးကြမယ်ထင်တာပဲ။ သူ့လုပ်ရပ်ကလည်း မှန်တာပဲကိုး။ သူလည်း သူ့စေတနာနဲ့ သူပဲလေ။

နိုင်ငံရေးသမားတွေမှာလဲ အဲလိုအဖြစ်မျိုးနဲ့ နှိုင်းယှဉ်ကြည့်လို့ရပါတယ်။ တစ်ချို့လူတွေကရဲ့ စေတနာက ခါးနိုင်ပါတယ်။ တစ်ချို့ကတော့ ပေါ်ယံလည်းချို တကယ်လည်းကောင်းတတ်ပါတယ်။ ဒါမျိုးက အမြဲတမ်းတော့ မလွယ်ပါဘူး။ တစ်ချို့ကအပေါ်ယံချိုပေယ့် သိပ်တော့မကောင်းပါဘူး။ ဘာပဲပြောပြောခါးလည်းခါး ကောင်းလည်းမကောင်းဘူးဆိုတာထက်တော့သာတာပေါ့။
စင်ကာပူနိုင်ငံမှာတစ်ချို့ဟာလေးတွေ လေ့လာစရာကောင်းပါတယ်။ ဒီမှာတစ်ချို့အပြစ်လုပ်တဲ့သူတွေကို တရားဥပဒေအရငွေဒဏ်နဲ့ကြိမ်ဒဏ်ပေးလေ့ရှိတယ်။ ကြိမ်ဒဏ်ဆိုတာ့ ကျွန်တော်သိ သလောက်တော့ကျောင်းကဆရာမရိုက်တဲ့ ကြီမ်ဒဏ်လို မဟုတ်ဘူးနော်။လေးငါးချက်ရိုက်ရင် တင်ပါးစုတ်သွားပြီး နှစ်ပါတ်လောက် မထနိုင်ဘူးတဲ့။ တကယ်တော့ဒီစနစ်ကတော်တော်ခါးပါတယ်။ ဒါပေမယ့် ထိရောက်သင့်သလဲ ထိရောက် တယ်လို့ဆိုရပါမယ်။ စင်ကာပူနိုင်ငံမှာ အဲလိုစနစ်တွေ ကြောင့်တော်တော်လုံခြုံမှု့ရှိသွားတယ်။ ဥပမာလမ်းပေါ်မှာ အရက်မူးပြီး လူတိုင်းလိုက်ရန်ရှာနေတာမျိုးမတွေ့ဖူးဘူး။ 

ကျွန်တော်တို့နိုင်ငံမှာအဲဒီစနစ်မျိုးယူသုံးသင့်သလားဆိုတာတော့ ကျွန်တော်မသိပါဘူး။ ဘာလို့လဲဆိုတော့ အဲလိုစနစ်မျိုးသုံးဖို့ဆိုရင် တရားဥပဒေကခိုင်မာမှန်ကန်ဖို့ကလိုသေးတယ်လေ။ မဟုတ်ရင်ခံရတဲ့သူ ကတော်တော်နစ်နာပါတယ်။ အဓိကဆိုလိုချင်တာ အဲဒီစနစ်ရဲ့ နောက်ကွယ်ကစေတနာပါ။ အဲလိုကြိမ် ဒဏ်ပေးနေတုံးလူ့အခွင့်အရေး သမားဆိုသူတစ်ယောက်ယောက်ကို ခေါ်ပြလိုက်ရင်တော့ ရှုံ့ချမှာ အသေအချာပဲလေ။ သူကလည်း သူ့စေတနာနဲ့သူလာတာလေ။ ဘယ်သူမှန်တယ် ဘယ်သူမှားတယ်ဆိုတာတော့ပြောလို့ မလွယ်ဘူးပေါ့။

အဲဒီတော့ကျွန်တော်ဆိုလိုချင်တာကတော့ ဘုရားခေါင်းပေါ်ဖိနပ်တင်တဲ့သူပဲဖြစ်ဖြစ်၊ ဖိနပ်ကိုဒေါ်သတကြီး ဖယ်တဲ့သူပဲဖြစ်နေနေ မိတ်ဆွေရဲ့ စေတနာမှန်ဖို့တော့အရေးကြီးပါတယ်။ ပြီးတော့ အကျိုးသက်ရောက်မှု့ နဲ့ပတ်ဝန်းကျင်ကိုလည်း စဉ်းစားသင့်ပါတယ်။ လုပ်သင့်လားမလုပ်သင့်လား ဆိုတာတော့ အတော်ဆုံးဖြတ်ရ ခက်ပါလိမ့်မယ်ဗျာ။ ကဲကျွန်တော်ကတော့ စဉ်းစားထားတယ်။ နောက်တစ်ခါခရီးထွက် ရင်တော့ ထီးလေးတစ်ချောင်းတော့ ဆောင်သွားမှပဲဗျ။ နို့မဟုတ်ရင် သို့လော သို့လော ဖြစ်နေရဦးမယ်။

20 Sep 2012
မိုးတိမ်ညို



0 comments:

Visitors

About Me

  © Blogger template 'Perfection' by Ourblogtemplates.com 2008

Back to TOP