Saturday, July 16, 2011

ဥပက္ခောဝါဒီ

ရဟန်းလေးတစ်ပါး တောထဲမှာသတင်းသုံးနေတုံး ဆူဆူညံညံ အသံတွေကြားလိုက်တယ်တဲ့။ အဲဒီရဟန်းလေးဟာ သမာဓိရှိတဲ့ သူတစ်ယောက်ဖြစ်တဲ့ အတွက် ဘာတွေလဲလို့ သွားမစပ်စုပဲ နဲ့ကိုယ့် အာရုံနဲ့ကို ဘာဝနာပွားနေတယ်ပေါ့။ ဒါပေမယ့် မရပါဘူး။ အဲဒီဆူဆူညံညံအသံတွေက သူနဲ့ နီးနီးလာတယ်။ လူတစ်ယောက်ရဲ့ ကယ်ပါယူပါ အော်နေတဲ့ အသံ။ ဒါနဲ့ ရဟန်းလေး မနေနိုင်ပဲ အသံရှိရာသွားကြည့်မိတယ်။ သူမြင်ရတဲ့ မြင်ကွင်းကတော့ လူဆိုးကြီးတစ်ယောက်က လူသုံးယောက်ကို ဖမ်းခေါ်လာပြီး သတ်တော့ မလို့လုပ် နေတယ်။ အဲဒီလူသုံးယောက်ကိုလည်း သူသိတယ်။ လူဆိုးကြီးကိုလည်း သူသိတယ်။ အသတ်ခံရတော့ လူသုံး ယောက်ကတော့ အဲဒီရဟန်းလေးကိုဆွမ်းလောင်းနေကြ အနီးအနားရွာက လူသုံးယောက်။ လူဆိုးကြီး ဆိုတာလည်း အဲဒီဒေသမှာ အလွန်နာမည်ကြီး ဆိုးသွမ်းနေတဲ့ လူဆိုးကြီး။ အဲဒီလူဆိုးကြီးက ရဟန်းရောဘာရောမသိ။ စိတ်မထင်ရင် အကုန်သတ်တဲ့ လူဆိုးကြီး။ အခုနေ သူက ၀င်တားလိုက်ရင် သူ့ကိုပါသတ်မယ် ဆိုတာသေချာတယ်။ မတားပြန်ရင်လည်း ဟိုသူသုံးယောက် ကိုသတ် တော့မယ်။

အဲလိုဖြစ်နေတုံးမှာ သူရပ်နေတဲ့ နေရာနားမှာ သေနတ်တစ်လက် ထောင်ထားတာတွေ့ရတယ်။ ဒီလိုဆိုရင် လူသုံးယောက်အသက်ကို ကယ်ဖို့ ရဟန်းလေးမိမိရဲ့ သီလကိုချိုးဖောက်ပြီး အဲဒီလူဆိုး ကြီးကို သေနတ်နဲ့ ပစ်သတ်လို့မလား။ ဒါမှမဟုတ် သတ္တ၀ါတစ်ခုကံတစ်ခုပဲလေ ဆိုပြီး လှည့်ထွက်သွားမလား။

အထက်ပါ အကျပ်အတည်းလေးက ရဟန်းစားရသော ဆွမ်းတစ်နပ်ဆိုတဲ့ ဇာတ်လမ်းလေးနဲ့ ခပ်ဆင်ဆင်တူပါတယ်။ ရဟန်းစားရသော ဆွမ်းတစ်နပ်ထဲမှာ ရဟန်းတပါးက သူ့ရဲ့ ဒကာအိမ်မှ ဆွမ်းခံကြွ နေတုံး အဲဒီဒကာကို ဘုရင်ကအပ်ထားတဲ့ ပတ္တမြားကို ကြိုးကြာက မြိုလိုက်တာ ရဟန်းက မြင်လိုက်တယ်။ ဒကာက ပတ္တမြားကို ရဟန်းယူတာလို့ထင်တယ်။ ဒကာအနေနဲ့ကလည်း အဲဒီပတ္တမြားပျောက်သွားရင် ဘုရင်က တစ်မိသားစုလုံးကို သတ်ပြစ်မယ်ပေါ့။ ဒါကြောင့်ရဟန်းကို ပြန်ပေးပါလို့တောင်းတယ်။ ရဟန်းက လည်း အဲဒီပတ္တမြားကို ကြိုးကြာမြိုတာပါလို့ ပြောလိုက်ရင် ကြိုးကြားကို သတ်ပြီးဗိုက်ခွဲယူမှာ ဆိုတာသိတဲ့ အတွက် အသေသာခံမယ် မပြောဘူးပေါ့။ ဒါနဲ့ နောက်ဆုံးတော့ အဲဒီကြိုးကြာမတော်တဆသေသွား တော့မှာ ရဟန်းက ပတ္တမြားကို ကြိုးကြာမြိုသွားတာပါလို့ ဖွင့်ပြောတယ်။ ဒကာလည်း သူမှားပါပြီဆိုပြီး နောင်တတွေရ ငိုကြယိုကြပေါ့။

အဲဒီဇာတ်လမ်းကို မိတ်ဆွေတော့ ဘယ်လိုခံစားရမလဲ မသိဘူး။ ကျွန်တော်ကတော့ စဉ်းစားကြည့်မိတယ်။ တကယ်လို့သာ ကြိုးကြာသာ မတော်တဆ မသေဘူးဆိုရင် ရဟန်းကို လုပ်ကျွေးပြုစုနေတဲ့ ဒကာကြီး တစ်မိသားစုလုံးကို ဘုရင်က သတ်လိမ့်မယ်။ သူကိုယ်တိုင်လည်း ဒကာကြီးလက်ချက်နဲ့ သေပြီး ဗုဒ္ဓဘာသာ အလိုအရဆိုရင် ဒကာကြီးလည်း ငရဲကို ဇော်ထိုးကျသွားလိမ့်မယ်။ သတ်တဲ့ဘုရင်ကြီးလည်း အကုသိုလ်တစ်ခုတိုးမယ်။ သချာင်္နည်းနဲ့ တွက်ကြည့်ရင် လူလေးငါး ယောက်အထင်တွေလွဲကြပြီး သေကြကျေကြ ဒုက္ခရောက်ကြရမှာထက် ကြိုးကြာတစ်ကောင်သေတာ ပိုတန်တယ်လို့ ပြောလို့ရမလား။ ရဟန်းအနေနဲ့ ဥပက္ခာ အဲလောက်ပြုနိုင်သလား။ ပြုသင့်သလား။

သေချာစဉ်းစားကြည့်ရင် ပုထုဇဉ်လူသားဆိုတာနဲ့ ရဟန်းဆိုတာ အပြန်အလှန်မှီခိုနေရတဲ့ သဘောမှာရှိတယ်။ ဘယ်လောက်ပဲ လောကီနဲ့ ဝေးဝေးနေနေ ရဟန်းဆိုတာလည်း လူသားခန္ဓာကို ပိုင်ဆိုင်ထားတဲ့ အတွက်စားရ သောက်ရသေးတာပဲ။ ဆရာဒကာဆိုတဲ့ သဘောက အဲဒါပဲ။ လူကရဟန်းကို စိတ်ဓါတ်ရေးရာအရ မှီခိုနေပြီး ရဟန်းကလူကို ရုပ်ဝတ္ထုပစ္စည်းအရမှီခိုနေရတယ်လေ။ (အနည်းငယ်လှသော တောထွက်ရဟန်းအချို့မှ အပ)။

ဥပမာ ကမ္ဘာကြီးပေါ်မှာ လူတိုင်း ရဟန်းဖြစ်သွားရင် ဘာဖြစ်သွားမလဲ။ လူသားမျိုးနွယ်စုမျိုးတုံးသွားမယ် ဆိုရင် မိတ်ဆွေလက်ခံနိုင်မလား။ ဘယ်သူမှ အမဲမလိုက်တော့ဘူး၊ ဘယ်သူမှ လယ်မထွန်တော့ဘူး၊ ဘယ်သူမှ ရောဂါဘယတွေကို ကုဖို့အတွက် ယုန်တွေ၊မျောက်တွေကို မစမ်းသတ်တော့ဘူး၊ ဘယ်သူမှ လောကီအလုပ် တွေကိုမလုပ်တော့ဘူးဆိုရင် ဘာဖြစ်သွားမလဲ။

ဆရာဒကာဆိုတဲ့ မှီတည်မှု့မရှိရင် ဗုဒ္ဓဘာသာ ထွန်းကားဖို့ တော်တော်ခဲယဉ်းပါလိမ့်မယ်။ ရုပ်ဝတ္ထုပစ္စည်းအတွက် ပူပန်နေရရင် ဗုဒ္ဓရဲ့ ဓမ္မတွေလိုက်နာကျင့်ကြံဖို့ တော်တော်ခက်ပါလိမ့်မယ်။ စိတ်အဓိက ဆိုပေမယ့် ရာနုန်းပြည့်တော့ မဟုတ်ဘူးလေ။ မြတ်စွာဘုရားတောင်မှာ နန်းတော်ထဲမှာနေရင် တရားကျင့်လို့မရလို့ တောထွက်ရသေးတာပဲ။ တကယ်တန်းသာ စိတ်အဓိကဆိုရင် နန်းတော်ထဲမှာ ပဲဘုရား ဖြစ်အောင်ကျင့်ကြံမှာပေါ့။ ကာလ၊ဒေသ တော်တော်အရေးကြီးပါတယ်။လောကီလူသားတွေ ဆင်းရဲနေရင် ရဟန်းတွေလည်း အနည်းနဲ့ အများတော့ ထိခိုက်မှာပဲ။ ဥပမာ စစ်ဖြစ်နေတဲ့ ဒေသမှာ တရားကျင့်လို့ ဖြစ်နိုင်ပါ့မလား။ ငတ်မွတ်ခေါင်းပါးနေတဲ့ ဒေသမှာ တရားကျင့်ကြံလို့ လွယ်ကူပါ့ မလား။ မဖြစ်နိုင်ဘူးလို့ ပြောလို့မရပေမယ့် သိပ်မလွယ်ကူပါဘူး။ သာမာန်လူတွေ အတွက်တော့ မဖြစ်နိုင်ဘူး လို့ပြောလို့ရပါတယ်။

အင်္ဂလိပ်စကားပုံ တစ်ခုဖတ်ဖူးတယ်ဗျ။


"You can avoid the reality, but you cannot avoid the consequences of avoiding reality "

အမှန်တရားကို ဥပက္ခာပြုလို့ရတယ်။ ဒါပေမယ့် အဲဒီလို ဥပက္ခာပြုလို့ ဖြစ်လာတဲ့ အကျိုးဆက်ကို တော့ရှောင်လွှဲလို့ မရပါဘူး။

16 July 2011
မိုးတိမ်ညို

5 comments:

ချော(အစိမ်းရောင်လွင်ပြင်) July 16, 2011 at 4:06 PM  

ကိုမိုးတိမ်ညိုတွေးတဲ့ အတွေးမျိုးနဲ့ ရဟန်းတစ်ပါးနေရာက မတွေးမိခဲ့တာ အမှန်ပါ။
လူ၅ယောက်အသက်နဲ့ ကြိုးကြားအသက် ဘယ်ဟာလဲမလဲ ဆိုတဲ့ စကားက တကယ် စဉ်းစားစရာပါဘဲ။

Nanda July 16, 2011 at 11:29 PM  

ရဟန်းမစားရတဲ့ ဆွမ်းတနပ်လို့ ဇတ်လမ်းမျိုးဆန်ဆန်တွေကို ဥပမာပေးခါ သင်ကြားနေတဲ့ ဟားဗတ်က ပရော်ဖက်ဆာ Michael Sandel ရဲ့ lecture တွေကို အားတဲ့အချိန်ကြည့်စေချင်တယ်။ လူ့ဘ၀မှာကြုံလာရမယ့် dilemma တွေ၊ ကိုယ်ကျင့်တရားနဲ့ လက်တွေ့တရားကို ဆက်စပ်ရှင်းလင်းပြပုံတွေ သိပ်ကောင်းတယ်။ ကျနော်ကိုယ်တိုင်လဲ လက်ချာဗီဒီယိုတွေကို သေချာမကြည့်ဖြစ်သေးဘူး .ဒါပေမယ့် တီဗီအစီအစဉ်တွေ မှာပါလို့ သိနေရုံပါပဲ။ အတော်လေးကို စိတ်ဝင်စားစရာကောင်းတယ်။ အရင်က ပျင်းစရာကောင်းခဲ့တဲ့ ဖီလော်ဆော်ဖီပညာရပ်ဟာ အခု ဒေါက်တာ Sandel ကျမှ အရမ်းကို ပေါ်ပြူလာဖြစ်တဲ့ ဘာသာရပ်တခုဖြစ်လို့လာနေတယ်။
http://www.justiceharvard.org/

Moe Tain Nyo July 17, 2011 at 8:37 AM  

ကျေးဇူးပဲကို နန္ဒရေ ကျွန်တော်လည်း ဒါမျိုးဆိုရင် အလွန်စိတ်ဝင်စား။ အခုကို နန္ဒပြောမှသိတာ။ အရင်က မသိဘူး။

Anonymous July 18, 2011 at 10:03 AM  

"You can avoid the reality, but you cannot avoid the consequences of avoiding reality "

Very nice.. thanks

Rita August 19, 2011 at 2:24 PM  

အဲဒီဇာတ်လမ်းကို ကြိုးကြာသာ မသေခဲ့ရင်လို့ အဲလို တခါမှ တွေးမကြည့်မိဘူး။ အတော် တွေးသင့်တယ်။

ထပ်တူတော့ မဟုတ်ပေမယ့် ငှက်ကို ခုတ်မယ့် ကြောင်ကလေးကို ဟန့်ရသလိုပေါ့။ ကြောင်ကို ငတ်စေချင်လို့မှ မဟုတ်တာလို့ပဲ တွေးရမယ်။ ခုလည်း အမှန်ကို စောစောပြောလိုက်ရင် အမှုလည်း မရှုပ်ထွေးတော့ဘူးပေါ့။ ကြိုးကြာကို ရဟန်းက သေစေချင်လို့မှ မဟုတ်တာလို့ပဲ တွေးရမယ်ထင်တယ်။

ကြိုးကြာသာ မသေခဲ့ရင် အတော်ရှုပ်မယ့် ဇာတ်။

ဗမာတွေဟာ အဆုံးထိ ဘယ်တော့မှ မတွေးဘူးနော်။ အမြဲ တဝက်ပဲ တွေးတယ်။

Visitors

About Me

  © Blogger template 'Perfection' by Ourblogtemplates.com 2008

Back to TOP