Thursday, July 21, 2011

လူတွေကခက်တယ် (၃)

ဒီအကြောင်းကို မရေးခင်မှာ နည်းနည်းတော့ စကားပလ္လင်ခံပါရစေ။ မဟုတ်ရင် ကျွန်တော့်ကို ဓမ္မန္တာရယ် လို့ပြော ကြဦးမယ်။ ငါးပါးသီလ အကြောင်းပါတယ်ဆိုပေမယ့် ငါးပါးသီလကို ဝေဖန်တာ မဟုတ်ဘူးနော်။ လူတွေကို ဝေဖန်တာ။ လူတွေထဲမှာမှ ကျွန်တော်တွေ့ဖူးတဲ့ လူတွေကိုပဲ ဝေဖန်တာ။ ၀ါးလုံးရှည်နဲ့ သိမ်းရမ်းတာ မဟုတ်ပါဘူး။

ကျွန်တော်တို့ ဗုဒဘာသာဘာသာဝင်တွေအတွက် အရေးအကြီးဆုံး အဆုံးအမတွေထဲမှာ ငါးပါးသီလက ထိပ်ဆုံးပါပဲ။ ကျွန်တော်တို့ တော်တော်များများ ငါးပါးသီလကို နေ့စဉ်မဟုတ်တောင် မကြာခဏ ခံယူကြပါတယ်။ ဒါပေမယ့် ခက်တာက လူ့အသိုင်းအ၀ိုင်းမှာ ငါးပါးသီလလုံရုံနဲ့ မပြည့်စုံဘူးဆိုတာ သတိထားမိတဲ့ အချိန်ကစတာပါပဲ။ ဟုတ်ပါတယ်။ ငါးပါးသီလပဲဆိုရင် သိပ်မလုံလောက်သေးပါဘူး။

ကျွန်တော်တို့လူတွေအတွက် နေ့စဉ်လိုအပ်နေတာတွေက ဒီထက် အများကြီးပိုပါတယ်။ ငါးပါးသီလထဲမှာ အလိုက်သိတတ်တာ၊ သူများအတင်းမပြောတာ၊ သူများကို စိတ်ညစ်အောင်မလုပ်တာ၊ ကိုယ်ချင်းမစာတတ်တာ၊ မနာလိုတာတွေ၊ မာနမထောင်လွှားတာ၊ ပစ္စည်းဂုဏ် မမောက်မာတာ အစရှိတဲ့ ဟာတွေ မပါလို့ပါ။

ငါးပါးသီလဆိုတာ တကယ့်ကို အခြေခံလိုအပ်ချက်တစ်ခုပဲ။ ကားတစ်စီးလိုပေါ့ဗျာ။ ကားတစ်စီးရဲ့ အဓိက Structure က ဖရိန်ရယ် အင်ဂျင်ရယ် ဘီးတို့ဘာတို့ စတဲ့ ရွေ့လျှားအောင် ပြုလုပ်တဲ့ အရာတွေပါ။ ကျန်တဲ့ မီးလုံးတို့၊ ဟွန်းတို့၊ ဆိုဖာတို့၊ အဲယားကွန်းတို့၊ ၀ိုက်ပါတို့ဆိုတာ ပြည့်စုံအောင် ဖြည့်ဆည်းပေးတဲ့ အရာတွေ။ Major need နဲ့ Minor Need လို့ပြောလို့ရတာပေါ့ဗျာ။ နှစ်မျိုးစလုံးကတော့ အရေးကြီးတာပဲ။ အင်ဂျင်ကလည်းကောင်းဖို့လိုတယ်။ အင်ဂျင်တို့ ဖရိန်တို့ ဘီးတို့ စတဲ့ အဓိကဟာ တွေမကောင်းရင် အဲဒီကားက သုံးမရတော့ဘူး။ အဲဒါတွေကဘယ်လောက်ကောင်းကောင်း ကျန်တဲ့ ပြည့်စုံအောင် ဖြည့်ပေးတဲ့ ဟာတွေမပါပဲ ကားဆိုတာရွှေ့ရင်ပြီးရောဆိုရင်တော့ မာစီးဒီးနဲ့ ထော်လာဂျီနှေးတာမြန်တာကလွဲလို့ ဘာကွာတော့မှာလဲ။ အဲလိုပဲဗျ။ ငါးပါးသီလ ဆိုတာကလည်း အခြေခံလိုအပ်ချက်ပဲရှိသေးတာ။ အဲဒါလုံတာနဲ့ လူ့အသိုင်းအ၀ိုင်းမှာ ပြီးပြည့်စုံပြီလို့ ပြောလို့ မရသေးဘူး။

လူတွေကခက်တယ်ဗျ။

ငါးပါးသီလတော့ လုံပါတယ်၊ သူများအတင်းပြောနေတယ်၊ မနာလိုနေတယ်၊ အလိုက်မသိတတ်ဘူး ဆိုရင် သိပ်အဆင်မပြေသေးဘူးဗျ။ ဒါကိုမသိတဲ့ လူတွေက ငါးပါးသီလယူပြီးရင်ကိုပဲ သူတော်စင်ကြီးလို ကိုယ့်ကိုကိုယ် ထင်ကြတာဗျ။ ပြောကြသေးတယ်။ ငါးပါးသီလကို ခါးဝတ်ပုဆိုးလိုမြဲတာတဲ့။ ဒါနဲ့ စကားမစပ်ပြောလိုက်ဦးမယ်။ ခါးဝတ်ပုဆိုးလိုမြဲတာဆိုတဲ့ ဥပမာက တော်တော်ရယ်ရတယ်ဗျ။ ဘယ့်နှယ့်ဗျာ ခါးဝတ်ပုဆိုးဆိုတာ မြဲမှမမြဲတာကိုး။ မယုံရင် ပုဆိုးဝတ်ပြီး ပြေးကြည့်ပါလား။ လှေခါးတတ်ကြည့်ပါလား။ ပြောမယ့်ပြောတော့
"ငါးပါးသီလကို Levis ခါးပါးပတ်ထားတဲ့ ဂျင်းဘောင်းဘီလိုမြဲတာ" ဆို ပိုများကောင်းမလား။

မိတ်ဆွေကိုမေးကြည့်ချင်ပါတယ်။ မုဆိုးတစ်ယောက်က ငါးပါးသီလသမားထက် လူ့အသိုင်းအ၀ိုင်းအပေါ် ပိုကောင်းနေတဲ့ အခြေအနေမျိုးတွေ ကြုံဖူးပါသလား။ အရက်သမားတစ်ယောက်က ပုတီးကိုင်ပြီး ယောဂီဝတ်စုံ ၀တ်ထားတဲ့သူထက် လူတွေအပေါ်ပိုနားလည်ပေးနိုင်တာ တွေ့ဖူးပါသလား။

ကျွန်တော့်အမြင်ကတော့ ငါးပါးသီလအပြင် မဂ္ဂင် ရှစ်ပါးကိုပါ ကျင့်သုံးနိုင်မှ ပြည့်စုံနိုင်မယ်လို့ယူဆပါတယ်။

ဒါပေမယ့် ဘယ်လိုပဲပြောပြော ငါးပါးသီလဆိုတဲ့ အခြေခံလိုအပ်ချက်ကို ပြည့်စုံနိုင်ရင်တော့ ပထမအဆင့် အောင်မြင်ပြီပေါ့ဗျာ။ အဲဒီ Major လိုအပ်ချက်တစ်ခုပဲ ပြည့်စုံပြီး နောက်က Minor လိုအပ်ချက်တွေ မလိုက်လာရင်တော့ လူ့အသိုင်းအ၀ိုင်းမှာ တော်တော်ခက်တဲ့ လူတစ်ယောက် ဖြစ်နေဦးမှာ အသေအချာပဲဗျို့။

ဒါနဲ့ဗျာ ကိုမြစ်ကျိုးအင်းရဲ့ ကိုယ့်တရားနဲ့ကိုယ် ဆိုတဲ့ ဟာလေးညွှန်းချင်ပါတယ်။ အဲ ဒါဖတ်ကြည့်ရင် ကျွန်တော် မရှင်းမရှင်းဟိုမရောက်ဒီမရောက်ပြောထားတာထက် ပိုရှင်းသွားပါလိမ့်မယ်ဗျာ။


11, August,2011

မိုးတိမ်ညို

လူတွေကခက်တယ် (၁)
လူတွေကခက်တယ်(၂)

2 comments:

Rita August 19, 2011 at 2:08 PM  

ခါးဝတ်ပုဆိုးလိုမြဲတယ်လို့ စပြောတဲ့သူက ကိုမိုးတိမ်ညို တွေးမိလို့ အရွှန်းဖောက်ပြီး ပြောတာလည်း ဖြစ်နိုင်တယ်။ တကယ်တော့ အဲဒီစကားလုံးက မှန်တယ်။ ခါးဝတ်ပုဆိုးက ခဏခဏ ပြင်ဝတ်ရတတ်တယ်။ သီလကလည်း ခဏခဏ ပြန်ခံရတတ်တယ်။

chomarmyathaung September 13, 2011 at 11:40 AM  

လူတွေကခက်တယ် ဆိုတာလေးမှာ နည်းနည်းလောက် မန့် ခွင့်ပေးပါ..
ငါးပါးသီလ ထဲမှာ "အလိုက်သိတာ၊သူမားအတင်းမပြောတာ၊ သူများကိုစိတ်ညစ်အောင်မလုပ်တာ၊ ကိုယ်ချင်းမစာတာ....." တွေမပါဘူးလို့ စာရေးသူကပြောထားတယ်...
တကယ်တော့ ငါးပါးသီလယူပီး အဲဒါတွေလုပ်နေသူဟာ သီလရှိသူလို့ ပြောလို့ မရပါဘူး..
သီလ စပီး ယူကထဲက ကိုယ်ကို ကို နှိမ်ချကာ ဘုရားထံမှာ ရိုးကျိုးသေ၀ပ်စွာ သီလကို ခံယူခြင်းဖြင့် .. မိမိကိုယ်ကို နှိမ့်ချပီးသားဖြစ်ပါသည်..
၁) သူများအသက် ကို မသတ် ပါဘူး ဘုရားလို့ ၀န်ခံဂတီယူထားသူရဲ့ စိတ်သံဌန်မှာ နူးညံတဲ့ နှလုံးသားရှိတဲ့ အတွက် သူများ အကျိုးထိခိုက်အောင်လုပ်ဖို့ရာ ခက်ခဲသွားပါပီ
၂) သူများပစ္စည်းမခိုးပါဘူး အရှင်ဘုရားလို့ ခံယူကထဲက .. ကိုယ်ချင်းစာတရားရှိလို့ပါ.. မိမိကြောင့်သူတစ်ပါးကို မထိခိုက် မနစ်နာစေချင်လို့ ပါ..
တကယ်တော့ အဓီပါယ်တွေကို နက်နက်နဲနဲ မစဉ်းစားလို့ပါ.. မြတ်စွာဘုရားရဲ့ တရားတော်တွေကို နက်နက်နဲနဲ နားလည်းလေ တန်ဖိုးရှိလေပါပဲ.. သီလကို အကြောင်းပြ ပီးလုပ်ချင်ရာလုပ်နေသူတွေဟာ.. တကယ်တော့ တန်ဖိုးမ၇ှိသူတွေလို့သာ ဆိုရမှာပါပဲ.. လူတိုင်ပညာတွေသင်ပေမဲ့ လူတိုင်းအဲဒီပညာ ကို သဘောမပေါက်သလိုပါပဲ... သူတို့လည်း အသိပညာနည်းလို့ ပါလို့ ပဲဖြေကြရမှာ ပါပဲ... ပြောရရင်အများကြီးပါပဲ...
မလိုတာတွေကွန့်သွားပါသည်...

Visitors

About Me

  © Blogger template 'Perfection' by Ourblogtemplates.com 2008

Back to TOP