Saturday, August 13, 2011

ကြံကို မည်သို့စားမည်နည်း



ရာဇ၀င်ထဲမှာ ကြားဖူးကြမှာပါ။ အမတ်ကြီးနှစ်ယောက်တွေ့တော့ တစ်ယောက်က ကြံနဲ့ ဧည့်ခံတယ်တဲ့။ ပြီးတော့ ကြံကို အရင်းကစစုပ်မလား အဖျားကစစုပ်မလား ဆိုတဲ့ သီအိုရီကို ဆွေးနွေးမိကြတယ်ပေါ့ဗျာ။ တစ်ယောက်ကတော့ ပြောတယ် အရသာဆိုတာစားရင်းစားရင်း တစ်ဖြည်းဖြည်းချိုလာမှကောင်းတာ အဲဒါကြောင့် အချိုပေါ့တဲ့ အဖျားကနေ အရင်းအထိတဖြည်းဖြည်းအရသာခံစားသင့်တယ်ပေါ့။ နောက်တစ်ယောက်ကတော့ တရားသဘောနဲ့ လူတွေကကွေးသောလက် မဆန့်မှီ ဆန့်သောလက် မကွေးမှီ သေနိုင်တယ်။ အဲဒါကြောင့် မို့လို့ ပိုချိုတဲ့ အရင်းကနေ အရင်စားသင့်တယ်ပေါ့။ အဲဒါက ရာဇ၀င် အရပေါ့။

(ဆက်မပြောခင်မှာ ပြောမယ့်အကြောင်းအရာနဲ့ သိပ်မဆိုင်တာလေး တစ်ခုပြောဦးမယ်ဗျ။ အမတ်ကြီး နှစ်ယောက် တွေ့တာကို ကြံချောင်းကြီးကို မခွဲပဲ မဖြတ်ပဲ အချောင်းလိုက်ကြီး ဧည့်ခံတယ်ဆိုတော့ တစ်မျိုးကြီး ပဲ။ ကျွန်တော်တွေ့ဖူးတဲ့ ကြံဆိုတာက လူတစ်ရပ်လောက်ရှိမယ်ဗျ။ တစ်ပေလောက် သေးတာလေးနဲ့ ဆိုရင်တော့ မဆိုးဘူး။ ဒါတောင် အချောင်းလိုက်ကြီးစားဆိုရင်တော့ ဘယ်လိုစဉ်းစားစဉ်းစား သိပ်နေရာ မကျပါဘူးဗျာ။ ထားပါတော့။)

အဲဒီအကြောင်းကို စဉ်းစားကြည့်ရင် ဒီလိုရှိတယ်ဗျ။ အရသာနဲတာကနေ အရသာကောင်းတာကို ဖြည်းဖြည်းချင်း အရသာခံမလား ဒါမှမဟုတ် အရသာများတာကို အရင်ဆုံးစားပြီး save side ယူထားမ လားဆိုတာ။ အဲဒါ ကျွန်တော့် အမြင်ကတော့ ကျွန်တော်တို့ လက်ရှိရောက်နေသော နေရာ၊ အခြေအနေပေါ်မှာမူတည်တယ်ဗျ။ ဥပမာ ဆွစ်ဇာလန်၊ စင်ကာပူ၊ ပြင်သစ်၊ ကိုးရီးယား စတဲ့ တိုးတက်ပြီး ငြိမ်းချမ်းတဲ့ နိုင်ငံတွေမှာနေတဲ့သူကတော့ အဖျားမှ စစုပ်သင့်ပါတယ်။ အဲဒီနိုင်ငံတွေမှာက ၉၀ ရာနုန်းကျော်က တည်ငြိမ်မယ်လို့ မှန်းလို့ရတယ်လေ။ အဲဒီတော့ ဘာပူစရာလိုလဲဗျာ။ အေးအေးဆေးဆေး အရသာခံစား သင့်တာပေါ့ဗျ။

သိပ်မတည်ငြိမ်တဲ့ နိုင်ငံတွေ အာဖကန်၊ ပါလက်စ္စတိုင်း တို့လို ပြီးတော့ သိပ်စိတ်မချရတဲ့ နိုင်ငံတွေ ကျူးဘားတို့ ယီမင်တို့လိုမှာ ဆိုရင်တော့ အရင်းက အရင်စစုပ်ရမယ်ဗျို့။ အချိန်မရွေးသေနိုင်တယ် တစ်ခုခုဖြစ် နိုင်တယ်လေ။ ညသန်းခေါင် အိမ်တံခါးလာခေါက်ပြီးလည်း ခေါ်သွားခံရနိုင်တယ်လေ။ အဲဒီတော့ မြန်မြန်သုတ်သုတ် စားထားမှ ဖြစ်မယ်။

အဲလိုစဉ်းစားကြည့်တော့ ကျွန်တော်တို့ရွှေပြည်ကြီးမှာဆိုရင်တော့ ကြံကို ဘယ်လိုစားသင့်သလဲလို့ စဉ်းစားမိပါတယ်။ ကျွန်တော်တွေးမိသလောက်တော့ ကြံရရချင်း တစ်ချောင်းလုံး အမြန်ကြိတ်ပြီးသာ သောက်လိုက်တော့ဗျို့လို့။ အရသာတွေဘာတွေခံမနေနဲ့တော့။ အဟာရဖြစ်ဖို့ အရေးကြီးတာကိုး။ ဘာမှ မှမတည်ငြိမ်မတည်မြဲဘူး ဆိုတော့ ရနိုင်သလောက် ရတုံးယူထားကြပါဗျို့။

August 2011
မိုးတိမ်ညို

3 comments:

မိုးယံ August 13, 2011 at 4:00 PM  

အဲဒါ ဂွတ်ဒိုင်ဒီယာပဲ..လုပ်မနနေနဲ့ အရည်ကျိုသောက်လိုက်... ဒါမှ စိတ်မချရသေးရင် သကြားသာ အထုပ်လေးတွေနဲ့ ဆောင်ထားရတော့မှာပဲ။

Anonymous August 17, 2011 at 3:14 PM  

Like your idea so much :)))))

Moe Sett Pwint

Rita August 19, 2011 at 2:05 PM  

အဲဒါကြောင့် အခွင့်အရေး တခုခုဆို ကြိတ်ကြိတ်တိုးနေတာ။ ဥပမာ ကားတွေအတွက် ဆီထုတ်ပေးတယ်တဲ့ ဆိုလည်း လိုသူရော မလိုသူပါ ရတုန်း ယူထားဦးမဟဲ့ ဆို နေကုန်နေခန်းဖြစ်ပစေ ဒုက္ခခံကြတာ။ သူများနိုင်ငံက သိရင် အံ့သြမှာ။ ကိုယ့်နိုင်ငံကလူတွေကတော့ ဒီနေ့ ပေးပေမယ့် နောက်နေ့ ပေးချင်မှပေးမှာလေ၊ မူက ဘယ်လိုပြောင်းဦးမယ်မသိဘူး။ ပေးတုန်း စီထားမှ ဆို စီကြတာပဲ။

Visitors

About Me

  © Blogger template 'Perfection' by Ourblogtemplates.com 2008

Back to TOP