Tuesday, January 31, 2012

ဘယ်နှယ့်ပါလိမ့်၊ ဘယ်လိုပါလိမ့်

ဟိုးအရင်တုံးက ရေးထားတဲ့ ဘယ့်နှယ့်ပါလိမ့် ဘယ်လိုပါလိမ့်ဆိုတာလေး သတိရပြီး ထပ်ဆင့် စဉ်းစားမိတာ လေးတွေရှိလို့ပါ။ အဲဒီ အကြောင်းအရာလေး က တကယ့် အဖြစ်အပျက်ဗျ။ ဒီလိုပါ။
-------------------------------------------------
ကျွန်တော်ငယ်စဉ်က တောမြို့လေးတစ်ခုမှာ နေတုန်းက ကြုံခဲ့ဖူးတဲ့ အကြောင်းအရာလေး တစ်ခုပါ။
ကျွန်တော့် မိဘတွေက အစိုးရ၀န်ထမ်းတွေဆိုတော့ နယ်တကာလှည့်ပြီး မကြာခဏပြောင်း ရွေ့ တာဝန် ထမ်းဆောင်ရပါတယ်။ တစ်ခါတော့ ကျွန်တော်တို့ အလွန်ခေါင်တဲ့ တောမြို့လေးတစ်မြို့ကို ပြောင်းရပါတယ်။ ခေါင်သမှ တစ်မြို့လုံးမှ အိမ်ခြေက ရာဂဏန်း။ ကားဆိုလို့ တောသူဌေးတစ်ယောက် ပိုင်တဲ့ဂျစ်ကား တစ်စီးရယ်၊ ဟီးနိုးကားကြီး နှစ်စီးရယ် မီးသတ်ကား တစ်စီးရယ်ပဲ ရှိတာဗျာ။ မြို့ကြီးသွား ချင်ရင် အဲဒီ ဟီးနိုးကား တွေ ထွက်တဲ့ရက် ကိုပဲ စောင့် စီးရတာ။ ကတ္တရာလမ်းက တစ်လမ်းပဲရှိတယ်။

ကျွန်တော်ကအဲဒီတုံးက မူလတန်း။ အဲဒီ မြို့နယ်မှာ တစ်ခါတော့ ပန်းချီပြိုင်ပွဲလုပ်တယ်။ မူလတန်း အဆင့် လဲ ပါတာပေါ့။ အဲဒီတော့ ကျွန်တော်တို့ ကျောင်းလေးက ဆရာမတွေက သူတို့ အတန်းက ကျောင်းသား တိုင်းကို ပန်းချီတစ်ပုံ စီဆွဲယူလာဖို့ ပြောတယ်။ အဲဒီ အထဲက ပုံဆွဲကောင်း တဲ့ သူကိုမှ ပြိုင်ပွဲကို ပို့မယ်ပေါ့လေ။ အဲလို စီစဉ်ထားကြတယ် ထင်ပါရဲ့။ ခေါင်းစဉ်က ကျွန်တော့် ရည်မှန်းချက် ဒါမှမဟုတ် အဲဒါနဲ့ ခပ်ဆင်ဆင်ပဲ။ အဓိပ္ပာယ်ကတော့ အဲဒါပဲ။ ကျွန်တော်တို့ တွေလည်း ကိုယ်စိတ်ထဲရှိတာ ဆွဲကြတာ ပေါ့။ ခဲတံနဲ့ ပဲဆွဲတာပါ။ ကြုံတုံး ကြွားရဦးမယ်။ ကျွန်တော်က ပန်းချီနဲ့ ပတ်သက်လို့ သုညပဲဗျ။ ၀လုံးတောင် ၀ိုင်းအောင် မရေးတတ်ဘူး။ ကျွန်တော် ဆွဲတာက လေယာဉ်မှုးပုံနဲ့ လေယာဉ်ပုံ။ ရုတ်တရက်ကြည့် ရင် လေယာဉ်က ငှက်ပျောတုံးကြီးနဲ့ တူနေသ လိုပဲ။ (ဒါက အခုမှ တွေးမိတာပါ။ အဲဒီတုန်းကတော့ ကိုယ့်ကိုကိုယ် အဟုတ်ပေါ့)

ကျောင်းကိုယူသွား ပြီးပြတဲ့ နေ့ကျတော့ အသီးအသီး ပုံလေးတွေဆွဲယူလာကြတယ်။ တစ်ယောက်က တော့ ပုံဆွဲမဆိုး ဘူးဗျ။ သူကသေဘာၤ ကပၸတိန္ပံု။ သင်္ဘောတစ်စင်းပုံနဲ့ ပင်လယ်ပြင်ကြီး လည်းပါတယ်။ တော်တော်လှတယ်ပေါ့ဗျာ။

အဲဒါပေမယ့် ရွေးတော့ ကျွန်တော့်ကို ရွေးတယ်ဗျာ။ ကျွန်တော်က သူ့ပုံကို ကြည့်ပြီး ပြိုင်ပွဲမှာ ဆွဲတဲ့။ ဟင် ကျွန်တော့်စိတ်ထဲမှာ “ဘယ်နှယ့်ပါလိမ့်၊ ဘယ်လိုပါလိမ့်” ဆိုပြီးတော့ ခဏတော့ တွေးမိသေးတယ်။ နောက်တော့လဲ ကလေး ဆိုတော့ မေ့မေ့ ပျောက်ပျောက်ပါပဲ။ ပြိုင်ပွဲဝင်တော့ ဆုရဖို့နေနေသာသာ အညံ့ဆုံး စာရင်းထဲ မပါတာ ကံကောင်းဗျာ။ ပုံဆွဲပညာမှာ သုညပဲရှိတဲ့သူကို ဆွဲခိုင်းတော့ ဒီလိုပဲနေ မှာပေါ့ဗျာ။

နောက်ကြီးမှ ပြန်စဉ်းစားကြည့်တော့ ဆရာမတွေက ကျွန်တော့်ကို ဘာလို့ရွေးတာလဲဆိုတော့ ဟိုပုံ တစ်ကယ် ဆွဲတတ်တဲ့ ကောင်လေး က အနားကရွာက၊ ကျွန်တော်ကျတော့ မြို့ပေါ်က အရာရှိရဲ့ သား။ ပိုက်ဆံလည်း သူတို့ထက်တော့ တတ်နိုင် မပေါ့ဗျာ။ ရောင်စုံခဲတံတွေ ဘာတွေကျတော့ အဲဒီ ကောင်လေးရဲ့ မိဘတွေက မ၀ယ်ပေး နိုင်ဘူးလေ။ ကျောင်းက ရံပုံငွေလည်း မရှိဘူး ထင်တယ်။ ဆရာမတွေလည်း မစိုက်နိုင်ဘူးပေါ့။ အစိုးရ၀န်ထမ်းရဲ့သားဆိုတော့ မျက်နှာရချင် တာလည်း ပါချင် ပါမှာပေါ့။ အဲဒီတော့ သူတို့ ကအဲလိုတွေးပြီးရွေးလိုက်တော့ ဘာဖြစ်သွားသလဲ။ တစ်ကယ်တော်တဲ့ ကောင်က မြုတ်သွားတယ်။ ကျွန်တော့်လို ငမြောက် ငခြောက်က သွားဖြေတော့ ၀က်ဝက်ကွဲရော။ (၀က်ဝက်ကွဲ ရှုံးတာကို ပြောတာပါ)

ကျွန်တော်က “ဘယ်နှယ့်ပါလိမ့်၊ ဘယ်လိုပါလိမ့်”လို့ တွေးမိသလို အဲဒီကျောင်းသားလေးကလဲ “ဘယ်နှယ့်ပါလိမ့်၊ ဘယ်လိုပါလိမ့်” လို့ တွေးမိမှာ အမှန်ပါပဲ။

အခုတော့လဲ အဲဒီ “ဘယ်နှယ့်ပါလိမ့်၊ ဘယ်လိုပါလိမ့်”ဆိုတာတွေကို အကြိမ်ပေါင်း များစွာတွေ့ရတော့ ရိုးသလို တောင် ဖြစ်နေပါ ပြီဗျာ။

မှတ်ချက်။ “ဘယ်နှယ့်ပါလိမ့်၊ ဘယ်လိုပါလိမ့်” ဆိုသည်မှာ ဆရာကြီး ရွှေဥဒေါင်း၏ တစ်သက်တာ မှတ်တမ်းနှင့် အတွေးအခေါ် များ ထဲမှ စကားလုံး ဖြစ်ပါသည်။
-------------------------------------------------------------------

အရင်ရေးတုံးကတော့ ကျွန်တော်အပြစ်တင်ချင်တာက လူကိုဗျ။ အဲလို မျက်နှာလိုက်တဲ့ ဆရာဆရာမတွေကို ရှုံ့ချချင်တဲ့ သဘောကပိုပါတာပေါ့ဗျ။ ဒါပေမယ့် သေချာတွေးကြည့်လိုက်တော့ သူ့တို့ကိုကြည့် အပြစ်ပြောလို့ မရဘူးဗျ။ ဘာလို့လဲဆိုတော့ အဲလိုပြိုင်ပွဲမျိုးကို အထက်ကခိုင်းပြီဆိုရင်သူတို့က ငြင်းပိုင်ခွင့် မရှိဘူးလေ။ ပြီးတော့ အဲဒီမူလတန်းကျောင်းလေးမှာလည်း စာသင်ခုံတောင် လုံလောက်အောင် မရှိတာ အပိုရံပုံငွေလည်း ဘယ်ရှိပါ့မလဲ။ ဆရာဆရာမတွေ လစာကလည်း ဒီလောက်နည်းတာ ဘယ်နှယ့်လုပ် စိုက်နိုင်ပါ့မလဲ။ အဲဒီတော့ သူတို့လည်း ငွေကြေး အတန်အသင့်တတ်နိုင်တဲ့ သူကိုပဲရွေးရမှာပဲလေ။ ဒါစနစ်က ချပေးတဲ့ လမ်းအတိုင်းပဲ သွားရတော့တာလို့ မြင်ပါတယ်။ သူတို့နေရာမှာ ကျွန်တော် ဒါမှမဟုတ် စာဖတ်သူ မိတ်ဆွေဆိုရင်ရော ဘယ်လို လုပ်မိမလဲ။ အဆင်ပြေမယ့် လမ်းကိုပဲ ရွေးမိမယ်ထင်ပါတယ်။ တခြားရွေးစရာမရှိရင်ပေါ့လေ။

စနစ်ကလူကို ဖျက်စီးသလား လူကစနစ်ကို ဖျက်စီးသလား တွေးကြည့်မိပါတယ်။ နောက်ဆုံးတော့ စနစ်ဆိုတာ လူကလုပ်တာဆိုတော့ လူကတော့ အဓိက တရားခံပါပဲ။ အဲ စနစ်ရဲ့သားကောင်တွေလည်း အများကြီးရှိမှာပေါ့ လေ။

အခုကျွန်တော်တို့ နိုင်ငံမှာ လုပ်နေတဲ့ ရွေးကောက်ပွဲတွေ၊ ပါတီတွင်းလူရွေးပွဲတွေ အစရှိတဲ့ နေရာတွေမှာလည်း ဘယ့်နှယ့်ပါလိမ့် ဘယ်လိုပါလိမ့် ဆိုတဲ့ အဖြစ်မျိုး နည်းနိုင်သမျှ နည်းပါစေလို့ ပဲဆုတောင်းလိုက်ပါတယ်ဗျာ။

မိုးတိမ်ညို

1 comments:

နေ၀သန် February 1, 2012 at 10:20 AM  

ဘယ်လိုလှည့်တွေးတွေ သူ့ဘက်ကိုယ့်ဘက်ကတော့ မှန်တယ်လို့ပြောပေါ့ဗျာ.. ဒါပေမယ့် ခုနက တကယ်ကောင်းရဲ့နဲ့ ကျန်ရစ်ခဲ့ရတဲ့ ကလေးတွေမှာ စိတ်ဒဏ်ရာဆိုတာ ရသွားတတ်တယ်။ ဆရာဆရာမတွေရဲ့ တာဝန်က ကလေးတွေကို စိတ်ဒဏ်ရာကင်းကင်းနဲ့ ဘ၀လမ်းကို သန့်ရှင်းတဲ့အကြည့်တွေ၊ အမြင်တွေနဲ့ လျှောက်လှမ်းနိုင်ဖို့ ထိန်းညှိပေး၊ ပဲ့ပြင်ပေးရမယ့် လူတွေလေ... ခုနက ပြောတဲ့ကိစ္စလေးမှာ ဒီလိုလုပ်လိုက်တာထက် ဒီ့ထက်ကောင်းတဲ့ နည်းလမ်းလေးတွေကို ဆရာမတွေ ရှာသင့်တယ်လို့တော့ ထင်ပါရဲ့ဗျာ...

ခင်မင်လျက်
နေ၀သန်

Visitors

About Me

  © Blogger template 'Perfection' by Ourblogtemplates.com 2008

Back to TOP