Monday, March 23, 2015

အမှိုက်ပစ်ခြင်း အနုပညာ



အမှိုက်ပစ်ခြင်း အနုပညာ

 

ဒီနေ့ မနက် အိပ်ယာကနိုးခါက လမ်းထဲမှာ ပျိုပျိုအိုအို လူကြီးလူငယ် အားလုံးဝမ်းသာအားရ အော်ဟစ်သံတွေနဲ့ တစ်နေရာကို စုပြုံသွားကြတာကိုတွေ့လိုက်ရပါတယ်။ မင်းသား ကိုနေတိုးလာလို့ လား မင်းသမီး တစ်ယောက်ယောက်များလာလို့လား။ တခြား ဆယ်လီဘရစ်တစ်ဦးဦးများလာသလားလို့ တော့ မထင်လိုက်ပါနဲ့မိတ်ဆွေ။ တစ်သက်နဲ့ တစ်ကိုယ်ကျွန်တော်တို့လမ်းထဲကို တစ်ခါမှ မလာဖူးတဲ့ စည်ပင်သာယာက သုံးဘီး အမှိုက်လားလေးလာလို့ ပါခင်ဗျ။ သုံးဘီးအမှိုက်လားလေး မောင်းတဲ့ ဆရာကလည်း ဟန်ပါပါ စီးကရက်ကိုခဲပြီးဆင်းလာပါတယ်။ လမ်းထဲက အိမ်ရှင်မတွေ အိမ်ရှင် ထီးတွေ အိမ်အကူ ကောင်မလေးတွေ ကိုယ့်အိမ်မှာရှိတဲ့ အမှိုက်တောင်း၊ အမှိုက်အိပ်၊ အမှိုက်ခြင်းကိုယ်စီနဲ့ ၀မ်းသာအားရ အမှိုက်တွေပစ်ကြတာပေါ့။ အမှိုက်ကား (သုံးဘီးအမှိုက်ဆိုင်ကယ်ဆိုပေမယ့် အမှိုက်ကားလို့ပဲ သုံးပါရစေ) ဆရာလည်း တော်ရှာပါတယ်။ မနိုင်တဲ့ တောင်းတွေနဲ့ ဆိုရင် ကူသယ်ပေး အမှိုက်ကားထဲမှာ နေရာပိုကျယ်အောင် တုတ်တစ်ချောင်းနဲ့ ထိုးပြီးနေရာရအောင်လုပ်ပေးရှာပါတယ်။ အမှိုက်ကားလေးက သေးသေးလေးဆိုတော့ တစ်လမ်းလုံးမပြောနဲ့ အိမ်လေးငါးဆယ်အိမ်က အမှိုက်နဲ့တင် ပြည့်သွားရှာပါလေရောပေါ့။
အိမ်ရှင်ထီးတစ်ချို့က အမှိုက်ကားဆရာနဲ့ စကားစမြည်ပြောတော့ အခုဒီလမ်းတွေကို အမှိုက်ကား နှစ်ရက်ခြားသုံးရက်ခြားဆိုသလို အဆင်ပြေသလိုလာရမယ်လို့ စည်ပင်ဌာနက စီမံထားကြောင်းသိရပါတယ်။ အရင်ကတော့ ဒီလိုလမ်းသွယ်တွေမှာ စည်ပင် အမှိုက်သိမ်းစနစ်လုံးဝ မသက်ရောက်လေတော့ တစ်ခါပစ် သုံးလေးငါးခြောက်ရာ(အမှိုက်များရင်တစ်ထောင်နှစ်ထောင်ခန့်အထိ) ပေးရတဲ့  ပုလိက အမှိုက်တွန်းလှည်းတွေကို အားကိုးရပါတယ်။ အခုစည်ပင်က အမှိုက်ကားကတော့ ပိုက်ဆံပေးစရာမလိုဘူးပေါ့။ ဒါပေမယ့် ၀န်နဲ့အားနဲ့ မမျှတော့ တစ်လမ်းလုံးပစ်ဖို့တော့ မလွယ်ဘူးပေါ့။
အဲဒီတော့ တစ်ချို့အိမ်ရှင်ထီးတွေက လမ်းထဲကအိမ်တွေနဲ့ တိုင်ပင်ပြီး အမှိုက်ကားဆရာကို ငါးရာမျိုးတစ်ထောင်မျိုး တစ်လှည့်စီ လက်ဖက်ရည်ဖိုးပေးဖို့ သဘောတူညီချက်ရရှိကြပါရော။ ဒါက အိမ်ထောင်စုတွေအတွက်လည်းကိုက်တယ်လေ။ အရင်ကဆိုတစ်ခါပစ်ရင် ငါးရာလောက်ကုန်မှ အခုတော့ ဆယ်ခါလောက်ပစ်မှ ငါးရာလောက်ပဲကုန်မှာဆိုတော့ အားလုံးသဘောတူကြတာပေါ့။ အမှိုက်ကားက တကယ်တော့ ပိုက်ဆံပေးစရာမလိုဘူးဆိုပေမယ့် အဲလို လက်ဖက်ရည်ဖိုးပေးတော့ ကိုယ့်လမ်းထဲကို ပိုပြီး မှန်မှန်လာပါစေဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါ။ နှစ်ဦးနှစ်ဖက်အဆင်ပြေတဲ့ သဘောပေါ့။
ဒါပေမယ့်အဲဒီမှာ စဉ်းစားစရာတစ်ခုရှိလာတယ်ဗျ။ ပိုက်ဆံပေးစရာမလို လခစား နိုင်ငံတော်ပိုင် အမှိုက်ကားဆရာကို လက်ဖက်ရည်ဖိုးပေးပြီး မှန်မှန်လာအောင်ခေါ်တယ်ဆိုတော့ အဲဒီအမှိုက်ကား ဆရာကတော့ သဘောကျမှာပေါ့။ အမှိုက်ကားဆရာတင်မဟုတ်ပါဘူး။ ဘယ်သူမဆိုသူသူကိုယ်ကိုယ်ပေါ့။ ပြီးတော့သူက ဒါကသူ့ရပိုင်ခွင့်တစ်ခုကိုသတ်မှတ်သွားရင်ကော။ သူ့မှာလည်း လုပ်ပိုင်ခွင့်ကရှိနေတာကိုး။ ၀န်နဲ့ အားနဲ့ မမျှတော့ဒီလမ်းကို တစ်ပါတ်သုံးရက်လာရမယ့်အစား ငါးရက်မှ တစ်ခါလာလာလည်း ရတာပဲလေ။ ဒီလမ်းက လူတွေကို ပိုက်ဆံပေးတယ်ဆိုတော့ ဒီလမ်းကို နှစ်ရက်တစ်ခါလောက်လာမယ်ဆိုလည်း ဖြစ်တာပံပေါ့။ ဒီတော့ တစ်ခြားပိုက်ဆံမပေးတဲ့ မပေးနိုင်တဲ့ လမ်းတွေကြတော့ရော ခေါက်ရေ လျှော့သွားမလား။ သူ့သဘောပေါ့။ အခုကျွန်တော်ပြောနေတာက အမှိုက်ကားဆရာကို ဖြစ်စေ လမ်းထဲက အိမ်ထောင်စုတွေကို ဖြစ်စေ  အပြစ်တင်နေတာ မဟုတ်ပါဘူး ဗျ။ လေ့လာသုံးသပ်ကြည့်နေတာပါ။ ပုံမှန်ပိုက်ဆံမရလဲ လာရမယ့်သူတစ်ယောက်က ပိုက်ဆံရဖူးသွားတော့ ဒီလမ်းကိုလာရင် ရမယ်ဆိုတဲ့ မျှော်လင့်ချက်ကတော့ ရှိနေမှာပဲလေ။ သိကြတဲ့အတိုင်း အောက်ခြေ၀န် ထမ်း ဆိုတာလည်း လစာသိပ်မများဘူးဆိုတော့ သူတို့လည်း ဘေးပေါက်လေးတွေတော့ လိုချင်ကြမှာပဲ လေ။ တနည်းပြောရရင် ဒီနည်းနဲ့ ရတဲ့ဘေးပေါက်ဆိုတာလည်း တခြားနည်းတွေထက် သန့်ရှင်းတယ်လို့ ဆိုရမပေါ့။ ၀န်ထမ်းကို ပြည်သူတွေကဖျက်စီးတယ်လို့ ပြောရအောင်ကျတော့လည်း ပြည်သူတွေဖက်ကလည်း မှားတယ်လို့တော့ ဆိုမရဘူးထင်ပါ့။ ဘယ်သူမဆို စရိတ်သက်သာချင်ကြတာပဲ ဆိုတာ နားလည်ပေးရမှာပေါ့။ ဒါတော့ ဒီနိုင်ငံမှာတင်မဟုတ်ဘူး ဈေးသက်သာမယ်ဆိုရင်တော့ (သူများကို မတရားမလုပ်ဘူးလို့ ယူဆရင်) အခြားနိုင်ငံက လူတွေလည်း ဒီလိုပဲ ဆုံးဖြတ်မယ်လို့ ထင်ပါတယ်။ သွယ်ဝိုက်သောနည်းနဲ့ သူများကို မတရား (ငွေသုံးပြီး) လုပ်တယ်လို့ ကတ်သီးကတ်သတ် ဆိုရင် လည်းရချင်ရမပေါ့။ ဘာလို့လဲဆိုတော့ တခြားပိုက်ဆံမပေးထဲ လမ်းကလူတွေထက် အခွင့်အရေး ပိုရမှာကိုး။
ကဲ အဲလိုဆိုတော့ အသွားစေခိုင်းသူ စည်ပင်သာယာ၊ အမှိုက်ကားမောင်းသူ ကားဆရာ၊ သက်သာလိုသူ လမ်းထဲကလူများ ထိုကြံရာပါများကြောင့် ကံကွက်ကြားမိုးရွာပြီး မည်သူက နစ်နာမည်လည်း ၊ မည်သူသာမည်လည်း တွေးကြည့်တော်မူကြပါကုန်။


မတ်၊ ၂၀၁၅
မိုးတိမ်ညို

Monday, August 12, 2013

Root of all Evil?


Professor Richard Dawkins ဆိုတာ ကမ္ဘာပေါ်မှာ အထင်ရှားဆုံး နာမည်အကြီးဆုံး Atheist တစ်ယောက်ပါ။  Atheist ဆိုတာကတော့ ထာဝရဘုရားတည်ရှိခြင်းကို ငြင်းပယ်သောသူလို့ ဆိုလို့ရပါ လိမ့်မယ်။ အလွယ်ပြောရရင်တော့ ဘုရားမဲ့ ၀ါဒီပေါ့။ သူက သိပ္ပံပညာရှင်တစ်ယောက်လည်း ဖြစ်ပါတယ်။

သူရဲ့ Documentary "Root of all Evil?" ထဲမှာ ဘာကြောင့်သူငြင်းပယ်ရတယ်ဆိုတာ သေချာရှင်းထားပါ တယ်။ သူရဲ့ စာအုပ် God Delusion ဆိုတာကလည်း Best Seller စာအုပ်တစ်အုပ်ပါ။ 

တစ်ချို့ကိစ္စတွေက မှန်မှား ဆုံးဖြတ်ဖို့ခက်ပါတယ်။ အဲဒါကြောင့် သူ့ရဲ့Documentry 1 to 5 ကိုကြည့် ပြီးမှ မိမိအသိဥာဏ်နဲ့ ဆုံးဖြတ်ကြည့်ကြပါ။

Root of all Evil? 1/5
Root of all Evil? 2/5
Root of all Evil? 3/5
Root of al Evil? 4/5
Root of all Evil? 5/5

Sunday, March 31, 2013

တရားမျှတမှု့

လူတော်တော်များများက တရားမျှတမှု့ကို လိုချင်ကြတယ်။

အဲ ခက်နေတာက
ကိုယ်ကိုယ်သူများက တရားမျှတတာကိုပဲ လိုချင်ကြတယ်ဗျ။
ကိုယ်ကကြတော့ သူများကို တရားမျှတချင်မှ မျှတလိမ့်မယ်။

မိုးတိမ်ညို

Saturday, March 16, 2013

ကမ္ဘာသစ်နှင့် ကမ္ဘာဟောင်း

ဂျက်ကီချမ်းပါတဲ့  1911 Revolution တရုတ်ပြည်တော်လှန်ရေးဇာတ်ကားလေးကို ကြည့်မိရင်း  တိုက်ဆိုင်တဲ့ အကြောင်းလေး တွေ့လာလို့။

1911 မှာ တရုတ်ပြည်မှာရှိတဲ့ Qing မင်းဆက်ကို ခေတ်သစ်တော်လှန်ရေးသမားတွေက တော်လှန်တဲ့ အကြောင်းလေးပါ။ မိတ်ဆွေလည်း သိမှာပါ။ ဒေါက်တာဆွန်ယက်ဆင်က ဦးဆောင်တာပါ။ ဥပမာ အနေနဲ့ ပြောရင် မင်းတုန်းမင်းတို့ သီပေါမင်း အစရှိတဲ့ ကုန်းဘောင်မင်းဆက်ကို ဗိုလ်ချုပ်အောင်ဆန်း တို့လို့ ခေတ်ပညာတတ်တွေက တော်လှန်တဲ့ သဘောပါ။ ဘုရင်စနစ်အစား republic နိုင်ငံ ထူထောင်ကြဖို့ပါ။ ခေတ်နဲ့ အညီပြေးနေတဲ့ အတွေးအခေါ်ပိုင်ရှင်တွေနဲ့ ခေတ်နောက်ပြန်ဆွဲနေတဲ့ ပရေသရာဇ်တွေ ကြားဖြစ်တဲ့ တော်လှန်ရေးပါ။ ဒါကတော့ ဇာတ်လမ်းကျောရိုးပေါ့။

အဲဒီထဲက ဇာတ်ဝင်ခန်းတစ်ခုမှာ ဒေါက်တာဆွန်ယက်ဆင်တို့ ခေတ်ရှေ့ပြေးလူတစ်စု အစည်းအဝေး လုပ်နေတုံး သေနတ်သမားတစ်ယောက်က လုပ်ကြံတယ်။ ကံကောင်းလို့ ဘယ်သူမှတော့ ထိခိုက်ဒဏ်ရ မရကြဘူး။ အဲဒီသေနတ်သမားကို မိတော့ Qing မင်းဆက်ကို သစ္စာခံတဲ့ လူတစ်ယောက်ဖြစ်နေတယ်။ သူက သူ့ကို စစ်မေးမလို့ လုပ်နေတုံးသူက ဆွန်ယက်ဆင်က လူဆိုး ၊ လူယုတ်မာ အရမ်းမြင့်မြတ်တဲ့ Qing မင်းဆက်သာ ကောင်းတယ်လို့ တတွင်တွင်အော်နေပါတယ်။ ခေတ်နောက်ပြန်ဆွဲတဲ့ အတွေး အခေါ် ဘောင်ခတ်ထားတဲ့ သူတစ်ယောက်ဆိုတာ သိသာနေပါတယ်။

အဲဒါကို ဂျက်ကီချမ်းက ကြည့်ပြီး စိတ်ပျက်လက်ပျက်နဲ့ အဲဒီလူကို စစ်ဆေးမလို့ လုပ်နေတဲ့ သူကိုပြောတယ်။

It is no use  interrogating him.
We live in entirely different worlds.

သူပြောချင်တာက ဒီလိုအတွေးအခေါ်လိုက်မမှီတဲ့သူကို စစ်နေလို့လည်း အပိုပဲ။ ရှင်သန်ကြီးပြင်းတဲ့ အခြေအနေချင်းမတူတော့ သူဘယ်လိုမှ နားလည်နိုင်မှာမဟုတ်ဘူးပေါ့။ တို့ရည်ရွယ်ချက် တို့စေတနာကို လည်းနားလည်မှာမဟုတ်ဘူးပေါ့။ ဘုရင်စနစ်နေ republic ကိုပြောင်းရမယ့် ရည်ရွယ်ချက်ကိုနည်း အဲဒီလူ ဘယ်လိုမှာ နားလည်မှာ မဟုတ်ဘူးလေ။ နေထိုင်တဲ့ ကမ္ဘာခြင်းမှ မတူတာကိုး။

အဲလိုပဲ။ ကျွန်တော်တို့လည်း အမေစုကို ပြောချင်ပါတယ်။

It is no use to explain them.
We live in entirely different worlds.

Mrach 2013
မိုးတိမ်ညို

(အဲဒီဇာတ်ဝင်ခန်းလေး ကြည့်ချင်ရင်အောက်မှာ ကြည့်ကြည့်ပါ)


Thursday, March 14, 2013

ခရမ်းချဉ်သီးခင်း နှင့် သူရူးများ

အကယ်၍ လူတစ်ယောက်သည် သူ၏ အိမ်နောက်ဖက်ရှိခရမ်းချဉ်သီးခင်းအောက်တွင် ရွှေကြောရှိသည်ကို သိပြီ ဆိုပါစို့။ ထိုသူသည် ခရမ်းချဉ်သီးခင်းလေး အပျက်မခံနိုင်သဖြင့် ထိုရွှေကြောကို မတူးတော့ဟု ဆုံးဖြတ်လျှင် ထိုသူအား (ဆရာကြီးရွှေဥဒေါင်းလေဖြင့် ပြောရလျှင်) သူရူးဟု ဆိုကြပေလိမ့်မည်။

လက်ပန်တောင်းတောင် စီမံကိန်းသည်လည်း ထိုကဲ့သို့ပင် ဖြစ်ပါလိမ့်မည်။ အခု ထိုစီမံကိန်း လုံးဝရပ်ဆိုင်းရေးဟု တာင်းဆိုနေသော သူတစ်ချို့ကို အံ့သြမိပါသည်။ တကယ်တောင်းဆိုသင့်တာက ထိုစီမံကိန်းကြောင့် အမှန်တကယ် နစ်နာသူတွေအတွက် မျှမျှတတဆောင်ရွက်ပေးရန်၊ ထိုစီမံကိန်းကို ဆောင်ရွက်ရာတွင် သဘာဝပတ်ဝန်းကျင်ပျက်စီးမှု့နည်းနိုင် သမျှအနည်းဆုံး ဖြစ်စေရန်သာ တောင်းဆိုဖို့လိုပါသည်။ 

ဥပမာ ရန်ကုန် မန္တလေး အမြန်လမ်းမဖောက်လုပ်ရာတွင် လူနေအိမ်များပါသဖြင့် ထိုအမြန်လမ်းလမ်းမ ဖောက်လုပ်ခြင်းကို ရပ်ဆိုင်းပေးပါဟု တောင်းဆိုသကဲ့သို့ပင်။

ထိုသူများသည် သူရူးများသာ ဖြစ်ပါလိမ့်မည်။


မိုးတိမ်ညို

Sunday, November 25, 2012

အဘကအလကား လုပ်ပါ့မလားကွဲ့


တရုတ်နိုင်ငံကို ကျေးဇူးတင်ရမယ်လို့ ၀န်ကြီးတစ်ဦးကပြောလိုက်တော့  တော်တော်အံ့သြမိပါတယ်။ နားကြားများလွဲသလားလို့။ တရုတ်ကကူညီခဲ့တယ်ဆိုတာ ကျွန်တော် လက်လှမ်းမှီသလောက်တော့ တစ်ရာ ဖိုးကူညီပြီး တစ်သိန်းဖိုး ပြန်ယူသွားတာပါ။ အရင်က ပြောခဲ့ဖူးတဲ့ အဘက အလကားလုပ်ပါ့ မလားကွဲ့ ဆိုတဲ့ ပုံပြင်လေး နားထောင်ကြည့်ပါဦး။

တစ်ခါကကြားဖူးတဲ့ ပုံပြင်လေးတစ်ပုဒ်ကဒီလိုပါ။

လူငယ်တစ်စုတဲ့ မေမြို့ကို ပျော်ပွဲစားသွားကြသတဲ့။ သူတို့ထဲက တစ်ယောက်က မေမြို့မှာ ခြံနဲ့ အိမ်ပိုင် လေသည်။ သူတို့လည်းအဲဒါနဲ့ အဲဒီခြံမှာ တည်းကြတာပေါ့။ အဲဒီခြံထဲမှာ ခြံစောင့် အဘိုးကြီး တစ်ယောက်လည်း ရှိလေသည်။ ညနေရောက်တော့ သူတို့က အရက်သောက်ချင်လာကြတယ်လေ။ သွားဝယ်ရမှာကလည်းပျင်းတာနဲ့ အဘိုးကြီးကို ပိုက်ဆံပေးပြီး

‘အဘ ကျွန်တော်တို့ကို အရက်သွားဝယ်ပေးစမ်းပါ’

ဆိုပြီး လွတ်လိုက် ကြတယ်။ အဘိုးကြီးလည်း ခဏနေတော့ အရက်ပုလင်းလေးဝယ်ပြီး ပြန်လာလေသည်။ လူငယ်များသည်လည်း ပျော်ပျော် ပါးပါးနဲ့ အရက်သောက်ကြရာ တစ်လုံးကုန်သော်လည်း မမူးသဖြင့် ထပ်ဝယ်ခိုင်းလေသည်။ ထို့နောက် ထပ်သောက်ကြပြန်ရာ ထိုအခါလည်း မမူးပေ။ သို့နှင့် သူတို့လည်း မသင်္ကာတော့ သဖြင့် အဘိုးကြီး ကိုမေးကြသည်။

‘အဘကြီး ကျွန်တော်တို့ အရက်ကို သောက်ပြီး ရေရောများလာသလား’

အဘိုးကြီးက ပြန်ဖြေလေသည်။

‘ငါ့တူတို့ရယ် အဘကအလကား လုပ်ပါ့မလားကွဲ့’

‘ဒါဆိုလည်း ပြီးရောဗျာ ထပ်ဝယ်ချေဦး’

သူတို့ ထပ်သောက်ကြပြန်သည်။ ဒီတစ်ခါလည်း မမူးချေ။ အဘိုးကြီးကို ထပ်မေးကြပြန်သည်။

‘အဘ မလိမ်နဲ့ နော် အဘသောက်ပြီး ရေရောထားတယ်ထင်တယ်’
‘သြော် ငါ့တူတို့ရယ် အဘက အလကား လုပ်ပါ့မလားကွယ့်’

သို့နှင့် သူတို့ ထပ်ဝယ်ခိုင်းပြီး သောက် မမူး ထပ်မေး။ နောက်ဆုံးတော့ အဘိုးကြီးက

‘ငါတူတို့ရယ် အဘအလကား လုပ်ပါ့မလားကွဲ့’

ဟုဆိုကာ မူးလဲသွားလေသတည်း။

ထိုပုံပြင်လေးကို ကြားရတော့ ကျွန်တော် အသံထွက်အောင်ပင် ရယ်မိပါသည်။ အဘိုးကြီးပြောသော အဘက အလကား လုပ်ပါ့မလား ဆိုသည်မှာ လည်း မှန်လေသည်။ သူလည်း အလကား မလုပ်နိုင် တန်ရာ တန်ဖိုးတော့ ယူရမည်ဟု ဆိုလိုသလားမသိ။ လူငယ်တွေကတော့ သူ့တို့ဟာသူတို့ တလွဲထင်နေပုံရသည်။ ထိုစကားမျိုး ဒေသတစ်ခု  (အညာ ဟုထင်ပါသည်) မှာတွင်တွင်ကျယ်ကျယ်သုံးတာတွေ့ဖူးသည်။ မဟုတ်ဘူး မလုပ်ဘူးဆိုသော သဘောမျိုးကိုဆိုလိုပါသည်။ ဥပမာ မင်းဟိုနေ့က အရက်တွေမူးနေတာလားဆိုရင် ဟာမမူးပါဘူးလို့ ပြောမယ့် အစား အလကားမူးပါ့ မလားကွာ လို့ ပြောလေ့ရှိကြတယ်ဗျ။

အဲဒီပုံပြင်ကို ဖတ်တုန်းက ဒီကောင်တွေတော့ ခံလိုက်ရပြီဟ ဆိုပြီး အားရပါးရရယ် မိသော်လည်း ကိုယ်ခံရတော့ မရယ်နိုင်တော့ပါ။

အဲဒီနေ့က အိပ်မက်ထဲမှာတော့ တရုတ်နိုင်ငံက ဘဘကြီးတစ်ယောက်နှင့် တွေ့နေလေသည်။ ကျွန်တော်က ဒေါသတကြီး အဲဒီလူကြီးကို ပြောနေသည်။

"ခင်းဗျားကြီး ကျုပ်တို့ကို အကူအညီပေးတယ်ဆိုပြီး ကျုပ်တို့နိုင်ငံက သယံဇာတတွေ သိမ်းကြုံးယူနေတာ မဟုတ်လားဗျ"

ကျွန်တော်က မည်မျှပင် ဒေါသတကြီးအော်အော် ထိုဘဘကြီး အပြုံးမပျက်ပဲ

"သြော်လူကလေးရယ် အဘကအလကားလုပ်ပါ့မလားကွဲ့ " 

 ဟုသာတွင်တွင် ပြောနေပါတော့သည်။

မိုးတိမ်ညို

တရုတ်ကိုကျေးဇူးတင်ရမယ်ဆို့တဲ့ ဗွီဒီယိုလေး ကြည့်ချင်ရင်




Saturday, October 20, 2012

Evolution အဆင့်ဆင့်ပြောင်းလဲတိုးတက်ခြင်း (၂)



ကျွန်တော်တို့အထက်မှာဆိုခဲ့သလို ကျွန်တော်တို့ရဲ့ ၁၈၅သန်း မြောက်အဖိုးက ငါးတစ်ကောင်ဖြစ်နေတယ်ဆိုတာ သိပ်တော့အံ့သြစရာမရှိပါဘူး။ Evolution ဆိုတဲ့ သီအိုရီကို ပိုပြီးနားလည်လာရင်ဒီကိစ္စက ဖြစ်စဉ်တစ်ခုလို့ပဲ မြင်ရမှာပါ။



နောက်ထပ်ပိုရှင်းအောင်ရှင်းလိုက်ရင် Evolution ဖြစ်စဉ်ကို သေသေချာချာနားလည် သွားမှာပါ။ အဲဒီအတွက်ပထမဆုံးလုပ်ရမှာက မိတ်ဆွေရဲ့ အဖေဓါတ်ပုံနဲ့ အဖိုးရဲ့ဓါတ်ပုံ ကိုရှာလိုက်ပါ။ ကံကောင်းတဲ့သူတွေကတော့ အဖိုးရော အဘေးရောရဲ့ ဓါတ်ပုံတွေရှိကြ မှာပါ။ အခုတော့ ကျွန်တော်တို့မှာဓါတ်ပုံတွေအားလုံးရှိတယ်လို့ ယူဆလိုက်ကြရအောင်။ ဓါတ်ပုံတွေအားလုံးစုံပြီဆိုပါစို့ မိတ်ဆွေရဲ့ ပုံကိုရှေ့ဆုံးမှာထားပြီးတော့ မိတ်ဆွေရဲ့ အဖေ၊အဖိုး၊ဘေး၊ဘီ၊ဘင်....... စသဖြင့် အလျှားလိုက်တန်းစီသွားလိုက်ပါ။ မိတ်ဆွေရဲ့ ပုံကနေ ကျွန်တော်တို့ အထက်မှာဆိုခဲ့ တဲ့ ငါး (မိတ်ဆွေရဲ့ ၁၈၅သန်း မြောက်လောက်က အဖိုး) ရဲ့ပုံအထိ ရှိတယ်လို့ ယူဆပြီး တန်းစီလိုက်ကြအောင်။ ၀ိုး.. အဲလိုသာဆိုရင် အဲဒီဓါတ်ပုံတန်းကြီးက မိုင်ပေါင်း လေးဆယ်လောက်ရှိပါလိမ့်မယ်။

ကဲ အဲဒီမိုင်လေးဆယ်ရှည်တဲ့ ဓါတ်ပုံတန်းကြီးကို လျှောက်ပြီး ဓါတ်ပုံတွေ တစ်ပုံပြီး တစ်ပုံကြည့်သွားရအောင်ဗျာ။ အဲလိုဆိုရင် ကျွန်တော်တို့ ဆိုခဲ့တဲ့ လူကစပြီး ငါးမှာဆုံး သွားတဲ့ ဓါတ်ပုံတန်းကြီးမှာ သတ္တ၀ါမျိုးစုံကိုတွေ့ရမှာပါ။ လူနဲ့ငါးအပြင် မျောက်၊ မျောက်ဝံ၊ ပုတ်သင်ညိုလို့အကောင်၊ မြွေပါလိုအကောင် အခြားအမျိုးအမည်မသိ အကောင်စသဖြင့် မျိုးစုံတွေ့ရပါလိမ့်မယ်။ အဲလိုမျိုးစုံတွေ့ရပေမယ့် တစ်ခုထူးဆန်းတာက ကျွန်တော်တို့အနေနဲ့ ဓါတ်ပုံတစ်ပုံကို ထုတ်ကြည့်လိုက်မယ်ဆိုရင် အဲဒီပုံထဲက သတ္တ၀ါက သူရဲ့ရှေ့ကပ်ရက်နဲ့ နောက်ဖက်ကပ်ရက်က သတ္တ၀ါတွေနဲ့ဆိုရင်တော့ အတူတူပဲဖြစ်နေပါလိမ့်ယ်။ ကျွန်တော်တို့ ဆွဲထုတ်လိုက်တဲ့ပုံက ပုတ်သင်ညိုလိုလို အကောင်တစ်ကောင်ဖြစ်တယ်ဆိုပါစို့။ အဲဒီပုတ်သင်ညိုပုံရဲ့ ဘယ်ဖက်ကအကောင်ကလည်း ပုတ်သင်ညိုပဲ ညာဖက်ကအကောင်ကလည်း ပုတ်သင်ညိုပဲ ဖြစ်ပါလိမ့်မယ်။ ဘယ်ဖက်ဆယ်ကောင် ညာဖက်ဆယ်ကောင်လည်း ပုတ်သင်ညိုပဲ ဘယ်ဖက် အကောင်တစ်ရာ ညာဖက် အကောင်တစ်ရာ ဒါမှမဟုတ် အကောင်တစ်ထောင်လည်း ပုတ်သင်ညိုပဲ ဖြစ်နေနိုင်ပါတယ်။ အရွယ်အစားပုံစံတော့ နည်းနည်းကွာချင်ကွာပါလိမ့်မယ်။ ဘယ်ဖက်သို့မဟုတ် ညာဖက် အကောင်ငါးသောင်း လောက်ကွာရင်တော့ အဲဒီပုံက ဖားတစ်ကောင်ဖြစ်ချင် ဖြစ်နေပါလိမ့်မယ်။ (ဖြစ်ချင်မှလည်း ဖြစ်ပါလိမ့်မယ်)။ တကယ်လို့ ဖားတစ်ကောင်ဖြစ်နေပြီဆိုကြပါစို့။  အဲဒီဖားက လည်းသူ့ဘယ်ဖက်နဲ့ ညာဖက် ကပ်ရပ်ကပုံတွေကို ကြည့်လိုက်ရင်ဖားတွေပဲ ဖြစ်နေပါ လိမ့်မယ်။

အဲဒီတော့ Evolution က ချက်ချင်းပြောင်းလည်းတာမဟုတ်ပဲနဲ့ တစ်ဆင့်ပြီးတစ်ဆင့် တစ်ဆင့်နဲ့ တစ်ဆင့်ကြားမှာလည်း ပြောပလောက်တဲ့ အပြောင်းအလဲ မရှိပဲနဲ့ ပြောင်းလဲသွားတာလို့ ဆိုနိုင်ပါတယ်။ ပိုပြီးရှင်းအောင်ပြောရရင် ကျွန်တော်တို့ ကိုငယ်ငယ်တုံးကကလေး၊ နည်းနည်းကြီးလာတော့ လူငယ် ပြီးတော့ လူလတ် လူကြီး စသဖြင့် သတ်မှတ်ကြပါတယ်။ အဲလိုသတ်မှတ်တဲ့နေရာမှာ ငါကတော့ ဒီနေ့တော့ ကလေး မနက်ဖြန်တော့ဖြင့် လူငယ်ဖြစ်ပြီလို့ ပြောလို့ရပါသလား။ ဒါမှမဟုတ် လွန်ခဲ့တဲ့လကတော့ လူငယ်ကွာ နောက်လတော့ လူကြီးဖြစ်ပြီလို့ ပြောလို့ ရနိုင်ပါသလား။ အဲလိုပြောဖို့ တော်တော်ခက်ပါတယ်။ ကျွန်တော်တို့ကိုယ် ကျွန်တော်တို့ နေ့စဉ်မှန်ကြည့်တဲ့ အချိန်မှာ နေ့တိုင်း ဘယ်လိုမှ ပြောင်းလဲသွားတယ်လို့ မထင်ရပါဘူး။ မနေ့က ကျွန်တော်နဲ့ ဒီနေ့ကျွန်တော်နဲ့က အတူတူပါပဲ။ မနက်ဖြန်ကျွန်တော်နဲ့ ဒီနေ့ကျွန်တော်လည်း အတူတူပဲဖြစ်နေဦးမှာပါ။ လွန်ခဲ့တဲ့ ဆယ်နှစ်က ဓါတ်ပုံပြန်ကြည့်တဲ့ အခါမှ ငါတော်တော်ကြီးသွားပါလို့သိရ မှာပါ။ လွန်ခဲ့တဲ့ တစ်ရက် တစ်ပါတ် ကပုံနဲ့ဆိုရင် အတူတူပဲဖြစ်နေမှာပါ။ လွန်ခဲ့တဲ့ တစ်နှစ်ကပုံနဲ့ အခုပုံနဲ့တောင် သိပ်ကွာမှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ကြီးပြင်းသွားတာလည်း အလွန်သေးငယ်တဲ့အဆင့်လေးတွေ တစ်ဆင့်ခြင်းဖြစ်သွားလို့ပါ။ အဲဒီအဆင့်လေးတွေက ကျွန်တော်တို့အသတိထားမိဖို့ မဖြစ်နိုင်လောက်အောင် သေးငယ်လို့ပါပဲ။

ဒီလိုဆိုရင် Evolution ကိုလည်း တော်တော်လေးနားလည်နိုင်မယ်လို့ထင်ပါတယ်။ အဲဒီတော့ ကျွန်တော်တို့ဆိုခဲ့တဲ့ ငါးနဲ့လူကြားမှာလည်း ဘယ်အချိန်မှာ ဘယ်လိုပြောင်း သွားတယ်ဆိုပြီး ပုံတစ်ပုံကို ထုတ်ပြပြီး ပြောလို့မရပါဘူး။ တဖြည်းဖြည်းခြင်း ပြောင်းသွားတာပါ။ မိတ်ဆွေအနေနဲ့ အဲဒီမိုင်လေးဆယ်ရှည်တဲ့ ဓါတ်ပုံတန်းကြီးကို ခေါက်တုံ့ခေါက်ပြန်လျှောက်ကြည့်မှ အဆင့်ဆင့်ပြောင်းလဲသွားတဲ့ အခြေအနေကို သေသေချာချာတွေ့ရမှာပါ။

အဲဒီတော့ ကျွန်တော်တို့လူတွေမေးခွန်းထုတ်ခဲ့ကြသလို ကမ္ဘာပေါ်မှာ ပထမဆုံးလူသား ဆိုတာဘယ်သူလဲဆိုတဲ့ မေးခွန်းကတော်တော်ဖြေရခက်ပါလိမ့်မယ်။ ပထမဆုံးလူသားကို လွန်ခဲ့တဲ့ နှစ်ပေါင်းငါးသိန်းက ကျွန်တော်တို့နဲ့ ခပ်ဆင်ဆင်သူတဲ့ သူကိုပြောမလား။ ဒါမှမဟုတ် မျောက်ဝံနဲ့ တူတဲ့ အဆင့်ကသူကပထမဆုံးလူသားလား။ ဒါမှမဟုတ် မျောက်အဆင့်ကသူလား၊ ပုတ်သင်ညိုအဆင့်ကလူလား၊ နောက်ဆုံးတွေ့ရတဲ့ ငါးလား။ ဘယ်လိုဖြေပါ့မလဲ။ ဒါကြောင့် ပထမဆုံးလူသားဆိုတာ မရှိဘူးလို့ပဲဆိုရပါလိမ့်မယ်။ ပထမဆုံးလူသားဆိုတာ မရှိသလို၊ ပထမဆုံးကြောင်၊ ပထမဆုံးခွေး၊ ပထမဆုံးနွား စတာတွေလည်း မရှိဘူးလို့ဆိုရပါလိမ်မယ်။

ကျွန်တော်တို့ သဘောပေါက်ရမှာက ကိစ္စတော်တော်များများက ကျွန်တော်တို့လူသား တွေသာမာန်အတိုင်းတွေးသလိုတွေးလို့မရပါဘူး။ မှန်မှားပုစ္ဆာဖြေသလို ဖြေလို့မရဘူး ဆိုတာနားလည်ရပါလိမ့်ယ်။


အခုအချိန်ဆိုရင် Evolution အကြောင်းကို ကျွန်တော်တို့ အတိုင်းအတာ တစ်ခုထိနားလည်ကြပြီလို့ ယူဆပါတယ်။ Charles Darwin ကိုဘာလို့ ကြီးကျယ်မြင့် မြတ်တဲ့ သိပ္ပံပညာရှင်ကြီးအဖြစ်သတ်မှတ်ကြတယ်ဆိုတာ မိတ်ဆွေအနေနဲ့ လည်းသဘောပေါက်လောက်ပါပြီ။ ဒါပေမယ့် မိတ်ဆွေအနေနဲ့ မရှင်းတာတွေရှိပါဦးမယ်။ တကယ်လို့ ကျွန်တော်တို့က အဲဒီငါးသတ္တ၀ါကနေ ဆင်းသက်တယ်ဆိုရင် လူတွေကြည့်ပဲ မဖြစ်ပဲနဲ့ ကမ္ဘာပေါ်မှာ ဘာလို့သတ္တ၀ါပေါင်း မြောက်များစွာရှိနေတာလဲဆိုတာကို သိချင်နေပါလိမ့်မယ်။

ကမ္ဘာပေါ်မှာ သိပ္ပံပညရှင်တွေ အမျိုးအစားခွဲထားတဲ့ သတ္တ၀ါပေါင်း နှစ်သန်းကျော် ရှိပါသတဲ့။

ဆက်ပါဦးမည်
20 Oct 2012
မိုးတိမ်ညို

Evolution အဆင့်ဆင့် ပြောင်းလဲတိုးတက်ခြင်း (၁)



ချားစ်ဒါဝင်ရဲ့ အဆင့်ဆင့်ပြောင်းလဲတိုးတက်ခြင်း (Evolution) သီအိုရီကို လူတော်တော်များများ သိကြမှာပါ။ သူရဲ့ အယူအဆက ဖန်ဆင်းရှင်ဆိုတဲ့ အယူဝါဒကို တော်တော်ကိုင်လှုပ်ခဲ့ပါတယ်။ ကမ္ဘာပေါ်က လူတော်တော်များမျာလက်ခံခဲ့ပြီးသူလည်း ကမ္ဘာကျော်ပညာရှင်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ ချားစ်ဒါဝင်ဆိုရင် လူသည်မျောက်က နေဆင်းသက် သည်ဆိုတဲ့ အယူအဆကို ထုတ်ဖော်ခဲ့တဲ့သူဆိုပြီးသိကြပါတယ်။ ဒါပေမယ့် ချားဒါဝင်က လူသည်မျောက်က နေဆင်းသက်သည်လို့ တိုက်ရိုက်မပြောခဲ့ပါဘူး။ မြန်မာမှု့ပြုလိုက်တာဖြစ်နိုင်ပါတယ်။ (အဲကျွန်တော် မသိလိုက်တာလဲ ဖြစ်နိုင်တယ်လို့ ၀န်ခံပါရစေ)။

အဲဒီ အီဗော်လူးရှင်းအကြောင်းလို ကျွန်တော်သိသလောက်မျှဝေပါရစေ။ ဒီထဲကတော်တော်များများက Richard Dawkins ရဲ့  The Magic of Reality စာအုပ်ထဲကပါ။ အဲဒီစာအုပ်တော်တော်ကောင်းတယ်လို့ ညွှန်းပါရစေ။ ဘာသာပြန်ဆရာတစ်ယောက်ယောက် မြန်မာဘာသာကို ပြန်သင့်တယ်ထင်ပါတယ်။


အဲဒီမှာကျွန်တော်တို့ ပထမဆုံးသိသင့်တာတစ်ခုက Selective Breeding ဆိုတာကိုပါ။ Selective Breeding ဆိုတာဘာလဲဆို တော့ ဥပမာပေးထားတာလေး ပြောပါရစေ။

မိတ်ဆွေဖားတွေကို လေ့လာကြည့်ပါ။ ဆိုပါတော့ ဖားတော်တော်များများရဲ့ နောက်ခြေအရှည်ပျမ်းမျှက နှစ်စင်တီမီတာရှိတယ်ဆိုပါစို့။ ကျွန်တော်တို့အနေနဲ့ နောက်ခြေထောက် သုံးစင်တီမီတာရှိတဲ့ ဖားလိုချင်တယ်ဆိုရင် ဖြစ်နိုင်ပါသလား။ ဖြစ်နိုင်ပါတယ်။ အဲဒီမှာ Selective Breeding ကိုသုံးရမှာပါ။ ဖားဆိုတာလည်း လူလိုပါပဲ။ ကျွန်တော်တို့လူတွေမှာလည်း အရပ်ရှည်တဲ့သူ ပုတဲ့သူ လက်တံရှည်တဲ့သူ တိုတဲ့သူ စသဖြင့် အမျိုးမျိုးရှိကြပါတယ်။ အဲဒါ ဗီဇအပေါ်မူတည်ပါတယ်။ ဥပမာ အဖေနဲ့ အမေက အရပ်ရှည်ရင် မွေးကတဲ့ မျိုးဆက်က အရပ်ရှည်ဖို့များပါတယ်။ အဖေနဲ့ အမေက အသားဖြူရင် မွေးလာတဲ့ ကလေးက အသားဖြူမှာပါ။ DNA chain ကြောင့်မို့လို့ပါ။ ကလေးက အဖေ့ဆီက DNA နဲ့ အမေ့ဆီက DNA မျှပြီးရတယ်လို့ဆိုပါတယ်။ အဲဒီတော့ ခြေထောက်ရှည်တဲ့ဖားလိုချင်ရင်လည်း ရပါတယ်။ ပထမဆုံးအနေနဲ့ ပျှမ်းမျှအားဖြင့် တခြားဖားတွေထက်ခြေထောက် နည်းနည်းလေးပိုရှည်တဲ့ (မသိမသာလေးဖြစ်ပါစေဦးတော့) ဖားထီးနဲ့ ဖားမကိုမျိုးစပ်ရပါမယ်။ မွေးလာတဲ့ ဖားလေးကို လည်းအဲလို ပဲ ပျမ်းမျှ ခြေထောက်ပိုရှည်တဲ့ ဖားနဲ့ထပ်ပြီး မျိုးစပ်ပါ။ အဲလိုမျိုးမျိုးဆက်ပေါင်းများစွာလုပ်ရပါမယ်။ မျိုးဆက်တစ်ရာလုပ်ကြည့်ပါ။ မရသေးရင် တစ်ထောင် မရသေးရင် တစ်သောင်း။ နောက်ဆုံးမှာ သေချာတာကတော့ နောက်ခြေရှည် ဖားမျိုးစိတ်တစ်ခု ကျွန်တော်တို့ရမှာ အသေအချာပါပဲ။ အဲဒါ Selection Breeding ပါပဲ။

သဘာဝမှာကြတော့ အဲဒါမျိုးကို Natural Selection သဘာဝအလျှောက်ရွှေးခြယ်ချင်းလို့ ခေါ်ပါတယ်။ သဘာဝအလျှောက် ဒေရာဒေသ အချိန်ပေါ်မူတည်ပြီးတော့ သတ္တ၀ါတွေက အမျိုးမျိုးကွဲပြားသွားကြ တာပါ။ အမျိုးတူသတ္တ၀ါတွေတောင် နေရာဒေသ ပေါ်မူတည်ပြီးတော့ အသွေးအရောင် အရွယ်အစား စသဖြင့် ကွဲပြားသွားကြပါတယ်။ ဥပမာ အာဖရိကတိုက်က ဖားနဲ့ အာရှကဖား ဖားချင်းတူရင်တောင်မှ တည်ဆောက် ထားပုံခြင်း မတူကြပါဘူး။ ပိုပူတဲ့ ဒေသဆိုရင် အပူဒဏ်ပိုခံနိုင်အောင် အရေပြားပိုထူတာတို့ ခနာကိုယ်က အပူချိန်ကို ပိုထိန်းနိုင်တဲ့ စနစ်ပါတာတို့ စသဖြင့် Natural Selection အရပြောင်းလဲသွားပါတယ်။ အဲလိုပြောင်းလဲတာ ချက်ချင်းတော့မဟုတ်ပါဘူး။ နှစ်ပေါင်းသန်းနဲ့ချီကြာတတ်ပါတယ်။

ကဲဒီတော့ ကျွန်တော်တို့တွေလည်း ဘယ်လိုပြောင်းလဲ တိုးတက်လာလဲဆိုတာ လေ့လာကြည့်ကြရအောင်။
တကယ်လို့ ကျွန်တော်တို့မှာ Time Machine ယာဉ်တစ်စီး ရှိတယ်ဆိုပါဆို့။ ကဲကျွန်တော်တို့ အဲဒီ Time Machine နဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ထောင်လောက်ကို ပြန်သွားကြည့်ရအောင်။ နှစ်ပေါင်းတစ်သောင်းကို ရောက်ရင် ကျွနတော်တို့ရဲ့ Time Machine ယဉ်ပျံတံခါးကို ဖွင့်ပြီးကြည့်လိုက်ရင် အဲဒီအချိန်လိုက်ကလူတွေက စိုက်ပျိုးရေး လုပ်ငန်းတွေ အစပြုနေတာနဲ့ များသောအားဖြင့်က အမဲလိုက်စားသောက်တဲ့ လူတွေတွေ့ရမှာပါ။ ကဲဒီလူတွေထဲက တစ်ယောက်ကိုရွှေးလိုက်ပြီး ကျွန်တော်တို့ရဲ့ Time Machine ယာဉ်ကြီးနဲ့တင်ခေါ်လာခဲ့ရအောင်ပါ။ အဲဒီလူက အ၀တ်အစား ဘာသာစကားတို့ ကွဲပြားချင်ကွဲပြားပါလိမ့် မယ်။ ကျန်တဲ့ ရုပ်ပိုင်းတွေမှာ ကျွန်တော်တို့တဲ့ ဘာမှကွဲပြားမှ မဟုတ်ပါဘူး။ အတူတူပဲ နေမှာပါ။ ကံကောင်းရင်အဲဒီလူက မိတ်ဆွေရဲ့ မျိုးဆက်၄၀၀ မြောက်ကအဖိုးဖြစ်ချင်ဖြစ်နေမှာနော်။

ပြီးရင်ကျွန်တော်တို့ Time Machine တံခါးကိုပိတ်ပြီး နောက်ထပ် နှစ်ပေါင်း တစ်သောင်းထပ်သွား ကြည့်လိုက်ကြရအောင်။ အဲဒီမှာတော့ ကျွန်တော်တို့ စိုက်ပျိုးရေးတွေ မတွေ့ရလောက်သေးပါဘူး။ အားလုံးက အမဲလိုက်သမားတွေပဲရှိပါသေးတယ်။ အဲဒီမှာလည်း ကျွန်တော်တို့ နောက်ခရီးသည်တစ်ယောက်လောက် တင်ခဲ့ရအောင်ဗျာ။ သူကလည်း ကျွန်တော်တို့နဲ့ ခနာကိုယ်ဘာမှ ကွာဦးမှာ မဟုတ်ပါဘူး။ အဲမိတ်ဆွေရဲ့ မျိုးဆက်၈၀၀ မြောက်အဖိုးဖြစ်ချင်ဖြစ်နေဦးမှာပါ။ အဲဒီ နှစ်ပေါင်း နှစ်သောင်းလောက်မှာဆိုရင် မိတ်ဆွေအနေဲ့ အိမ်ထောင်ပြုချင်ပြုလို့ရသေးတယ်။ အဲဒီခေတ်ကလူနဲ့ ကျွန်တော်တို့ခေတ်ကလူက မျိုးပွားလို့ရသေးတယ်လေ။

အဲလို နှစ်ပေါင်း တစ်သောင်းသောင်းခုန်ခုန်ပြီးတော့ သွားတဲ့ နေရာတိုင်းမှာခရီးသည် တစ်ယောက်ဆီ တင်ခေါ်ခေါ်လာခဲ့ပါ။ နှစ်ပေါင်းတစ်သန်းလောက်ကြာတဲ့အခါကြရင်တော့ ကျွန်တော်တို့တင်ခေါ်လာတဲ့ ခရီးသည်က ကျွန်တော်တို့နဲ့ တော်တော်လေးကွာလာတာတွေ့ရပါလိမ့်မယ်။ မျောက်ဝံလိုဟာမျိုးနဲ့နဲ့ ပိုတူလာပြီလို့ပြောရမလားပဲ။ ကျွန်တော်တို့ ခေတ်ကလူ တွေနဲ့လည်း မျိုးပွားလို့ မရတော့ပါဘူး။ ဒါပေမယ့် သူ့ရှေ့ကကပ်နေတဲ့မျိုးဆက် တော်တော်များများနဲ့ နောက်မှာကပ်နေတဲ့ မျိုးဆက်တွေနဲ့ဆိုရင်တော့ မျိုးပွားလို့ ရပါသေးတယ်။

ဒီလို့နဲ့ နောက်ထပ်နှစ်ပေါင်းနှစ်ဆယ့်ငါးသန်းကို ရောက်ပြီဆိုပါစို့။ အဲဒီမှာတော့ ကျွန်တော်တို့ရဲ့  ခန့်မှန်းခြေ ၁၅သန်းမြောက် အဖိုးက အမြီးပါလာပြီဗျ။ ဒီကနေ့ မှာကျွန်တော်တို့တွေ့ခဲ့ရင် မျောက်ဝံလို့ ခေါ်မိမှာ အသေအချာပဲဗျို့။ သူတို့အနေနဲ့ ကျွန်တော်တို့တင်ခေါ်လာတဲ့ နှစ်ပေါင်း နှစ်ဆယ့်လေးသန်းကျော်က ခရီးသည်တွေနဲ့ မျိုးပွားလို့ရသေးပေမယ့် ရှေ့ကမျိုးဆက်တွေနဲ့ဆိုရင်တော့ မသေချာတော့ဘူးလေ။

ကျွန်တော်တို့ နှစ်ပေါင်း ခြောက်ဆယ့်သုံးသန်းလောက်က အဖိုးကိုတွေ့ပြီဆိုရင်တော့ လက်ဆွဲနှုတ်ဆက် လို့တောင်ရနိုင်မယ်မထင်တော့ဘူး။ သူ့မှာ လက်သည်းရှည်ကြီးတွေရှိချင်ရှိနေမှာလေ။ သူတို့ကမျောက်ဝံနဲ့တောင်သိပ်မတူတော့ဘူးတဲ့။ အောက်မှာပြထားတဲ့ Lemur ဒါမှာမဟုတ် Bushbabies ဆိုတဲ့အကောင်မျိုးတွေနဲ့ ခပ်ဆင်ဆင်တူနေပြီလေ။

ကဲဒီလိုနဲ့ ကျွန်တော်တို့နှစ်သန်းပေါင်း ၄၁၇ သန်းလောက်ရောက်သွားပြီး မိတ်ဆွေရဲ့  ၁၈၅သန်း မြောက် အဖိုးတွေတွေ့လိုက်ရရင် မိတ်ဆွေပါးစပ်အဟောင်းသား ဖြစ်သွားမှာအသေအချာပဲဗျို့။

 ဘာလို့လဲဆိုတော့ သူကငါးတစ်ကောင်ဖြစ်နေတာကိုး။....

ဆက်ပါဦးမည်

Oct 2012
မိုးတိမ်ညို

Wednesday, October 3, 2012

စေတနာမှန်ပါစေ


တစ်ခါက ခရီးသွားတစ်ယောက် ဘုရားပျက်တစ်ခုအနားကိုရောက်လာတယ်တဲ့။ အဲဒီမှာ ဘုရားဆင်း ထုတော်တစ်ဆူ အမိုးမရှိအကာမရှိနဲ့ နေပူထဲမှာရောက်နေတာကို တွေ့ရတယ်တဲ့။ အထူး သဖြင့် မျက်နှာတော်က နေပူတိုက်ရိုက်ထိနေတယ်။ အဲဒီတော့ ခရီးသွားလည်း ဘယ်လိုမှ မခံစားနိုင်လို့ သူ့ဖိနပ်ကိုချွတ်ပြီး ဘုရားဆင်းထုခေါင်းပေါ် မှာတင်ပေးခဲ့တယ်တဲ့။ မျက်နှာတော်နေပူ သက်သာအောင်ပေါ့။ သူကတော့ဖိနပ်မပါပဲ ခရီးဆက်သွားခဲ့သတဲ့။ ခဏနေတော့နောက် ခရီးသွားတစ်ယောက်ရောက်လာပြီး ဆင်းထုတော်ခေါင်းပေါ်က ဖိနပ်ကြီးကိုတွေ့တော့ ဟာဘယ်ကောင်လည်း မသိဘူး မိုက်ရိုင်းလိုက်တာကွာဆိုပြီး        ခေါင်းပေါ်က ဖိနပ်ကို ဒေါသတကြီး ဖယ်ပြီးလွင့်ပစ်လိုက်တယ်တဲ့။ အဲဒီလူနှစ်ယောက်လုံး နတ်ပြည်ကိုရောက်ကြတယ်တဲ့။

ပုံပြင်လေးကတော့ ဒါပါပဲ။ စဉ်းစားစရာတွေ အများကြီးပေးတဲ့ ပုံပြင်လေးပါ။ ကျွန်တော်ပြောချင်တာ နတ်ပြည် ငရဲပြည် စတာတွေနဲ့ဆိုင်တဲ့ အကြောင်း မဟုတ်ပါဘူး။ လူတွေရဲ့ စိတ်၊ စေတနာနဲ့ ဆိုင်တဲ့ အကြောင်းပါ။ လူတော်တော်များများကတော့ ဆင်းထုတော်ခေါင်းပေါ်ကို ဖိနပ်တင်တဲ့သူကို ရှုံ့ချကြမှာပါ။ ဘယ့်နှယ့်ဘုရားခေါင်းပေါ်ဖိနပ်တင်ရတယ်လို့ဆိုပြီး။ ယေဘူယျအားဖြင့်တော့ ဘုရားဆိုတာ ရွှေထီးတို့ ထီးဖြူတို့မိုးရတယ်လို့ မိတ်ဆွေကဆိုချင်ဆိုပါလိမ့်မယ်။ အဲဒီလိုဆိုရင်တော့ တွေးတတ်ခေါ်တတ်တဲ့သူက မိတ်ဆွေကို စောဒကတတ်ပါလိမ့်မယ်။ ဗုဒဘာတရားကို သေချာနားမလည်ဘူးလို့။ ဘာလို့လဲဆိုတော့ ပညတ်နဲ့ ပရမတ်ဆိုတာ မိတ်ဆွေသိပါလိမ့်မယ်။ ဖိနပ်တို့ ထီးတို့ဆိုတာ ပညတ် ချက်တွေပါ။ နေပူသက်သာအောင် တစ်ခုခုနဲ့ကာရမယ်ဆိုရင် ဘာပစ္စည်းနဲ့ကာကာ အတူတူ ဖြစ်ရမှာ မဟုတ်ဘူးလား။ ထီးနဲ့ကာကာ၊ ဖိနပ်နဲ့ကာကာ၊ ပုဆိုးနဲ့ကာကာ၊ ထမိန်နဲ့ကာကာ အတူတူပဲလို့   ပြောလို့မရဘူးလားဗျာ။ ဒါပေမယ့် လူ့အသိုင်းအ၀ိုင်းမှာတော့ အဲလောက် လွယ်လွယ်ကူကူတော့ စိတ်ထားတတ်ဖို့ တော်တော်ခက်ပါလိမ့်မယ်။ ထားပါတော့ အဲဒါတွေပြောနေရင် လိုရင်း ကနေ လွဲနေဦးမယ်။

လူမှာအဓိအချက်က စိတ်ထားတတ်ဖို့လိုတယ်ဆိုတာတွေ့ရပါတယ်။ ဘာပဲလုပ်လုပ်ဘယ်လို အကြောင်းအရာဖြစ်ဖြစ် မိမိစိတ်ထားတတ်ဖို့က ပိုအရေးကြီးပါတယ်။ အဲပတ်ဝန်းကျင်နဲ့ သင့်တင့်မျှတအောင်လည်း အားထုတ်ရမပေါ့။ 

တစ်ချို့စေတနာတွေက ကျွန်တော်တို့ ပြောပြောနေကြတဲ့ ဆေးခါးကြီးလိုပေါ့။ အ၀င်ဆိုးပေးမယ့် တကယ် တမ်းကြတော့ ကောင်းကျိုးပေးပါတယ်။ အ၀င်လည်းချိုကောင်းကျိုးလည်းပေးတယ်ဆိုရင်တော့ အကောင်း ဆုံးပေါ့။ ဒါပေမယ့်ဒါမျိုးကနေရာတိုင်းမှာတော့ မဖြစ်နိုင်ဘူးလေ။ တစ်ချို့စေတနာတွေက အမြင်တော့တော်တော်ကောင်းပါတယ်။ ဒါပေမယ့် ကောင်းကျိုးပေးတာတော့ နည်းတတ်တယ်လေ။

ဥပမာ ဆင်းရဲသားရပ်ကွပ်ကလူတွေ အဆင်ပြေစေဖို့ စတုဒီသာသွားကျွေးတယ်ဆိုတာ လူတွေအမြင်တော့ အတော်ကောင်းတဲ့ လုပ်ရပ်ပါ။ ဒါပေမယ့် မိတ်ဆွေခဏရပ်ပြီး စဉ်းစားကြည့်ပါ။ ဒါကတကယ့် ပြနာရဲ့ အဖြေမဟုတ်ပါဘူး။ မိတ်ဆွေစတုဒီသာကျွေးလို့ အဲဒီကလူတွေ တစ်ရက်တစ်ပါတ်တော့ ဗိုက်ဖေါင်းအောင်စားနိုင်မှာပါ။ ဒါပေမယ့် ဘယ်သူမှ တစ်သက်လုံး မကျွေးနိုင်ပါဘူး။ တစ်သက်လုံးကျွေးနိုင် ဦးတော့ သူတို့အတွက်ဘယ်လိုမှမကောင်းပါဘူး။ တကယ်ဖြစ်သင့်တာက အဲဒီကလူတွေအတွက် ဘ၀အာမခံချက်ရှိတဲ့ အလုပ်အကိုင်ဖန်တီးပေးဖို့ပါ။ အဲဒီရပ်ကွက်အနားမှာ စက်ရုံဆောက်ပြီး အဲဒီကလူတွေကို သင့်တော်တဲ့ အလုပ်တွေပေးတာမျိုး စတာတွေပါ။ ကျွန်တော်ဆိုလိုချင်တာ စတုဒီသာကျွေးတာ မကောင်းဘူးလို့ ဆိုလိုတာမဟုတ်ဘူးနော်။ အဲဒါက ပြနာရဲ့ အဖြေအ စစ်မဟုတ်ဘူး လို့ဆိုလိုတာပါ။

ဘာသာရေးနဲ့ပါတ်သက်ရင်လည်း အပေါ်ကပြောခဲ့တဲ့လူနှစ်ယောက်လိုပေါ့။ တစ်ချို့လူတွေက အပေါ်ယံအလုပ်တွေကို ပိုအထင်ကြီးတတ်ကြတယ်။ လူသိတာကိုး။ အဲဒီတော့ ဘုရားဆင်းထုရဲ့ ခေါင်းပေါ်ကို ဖိနပ်တင်တဲ့သူတွေရင် လူတော်တော်များများကတော့ ရှုံ့ချကြမယ် ဆဲကြမယ်ထင်ပါရဲ့။ သူ့ရဲ့ရင်ထဲကစေတနာကိုမှ မမြင်တာကိုး။ ခေါင်းပေါ်က ဖိနပ်ကိုဖယ်ပေးတဲ့သူကိုတော့ တော်တော်များများက ချီးကျူးကြမယ်ထင်တာပဲ။ သူ့လုပ်ရပ်ကလည်း မှန်တာပဲကိုး။ သူလည်း သူ့စေတနာနဲ့ သူပဲလေ။

နိုင်ငံရေးသမားတွေမှာလဲ အဲလိုအဖြစ်မျိုးနဲ့ နှိုင်းယှဉ်ကြည့်လို့ရပါတယ်။ တစ်ချို့လူတွေကရဲ့ စေတနာက ခါးနိုင်ပါတယ်။ တစ်ချို့ကတော့ ပေါ်ယံလည်းချို တကယ်လည်းကောင်းတတ်ပါတယ်။ ဒါမျိုးက အမြဲတမ်းတော့ မလွယ်ပါဘူး။ တစ်ချို့ကအပေါ်ယံချိုပေယ့် သိပ်တော့မကောင်းပါဘူး။ ဘာပဲပြောပြောခါးလည်းခါး ကောင်းလည်းမကောင်းဘူးဆိုတာထက်တော့သာတာပေါ့။
စင်ကာပူနိုင်ငံမှာတစ်ချို့ဟာလေးတွေ လေ့လာစရာကောင်းပါတယ်။ ဒီမှာတစ်ချို့အပြစ်လုပ်တဲ့သူတွေကို တရားဥပဒေအရငွေဒဏ်နဲ့ကြိမ်ဒဏ်ပေးလေ့ရှိတယ်။ ကြိမ်ဒဏ်ဆိုတာ့ ကျွန်တော်သိ သလောက်တော့ကျောင်းကဆရာမရိုက်တဲ့ ကြီမ်ဒဏ်လို မဟုတ်ဘူးနော်။လေးငါးချက်ရိုက်ရင် တင်ပါးစုတ်သွားပြီး နှစ်ပါတ်လောက် မထနိုင်ဘူးတဲ့။ တကယ်တော့ဒီစနစ်ကတော်တော်ခါးပါတယ်။ ဒါပေမယ့် ထိရောက်သင့်သလဲ ထိရောက် တယ်လို့ဆိုရပါမယ်။ စင်ကာပူနိုင်ငံမှာ အဲလိုစနစ်တွေ ကြောင့်တော်တော်လုံခြုံမှု့ရှိသွားတယ်။ ဥပမာလမ်းပေါ်မှာ အရက်မူးပြီး လူတိုင်းလိုက်ရန်ရှာနေတာမျိုးမတွေ့ဖူးဘူး။ 

ကျွန်တော်တို့နိုင်ငံမှာအဲဒီစနစ်မျိုးယူသုံးသင့်သလားဆိုတာတော့ ကျွန်တော်မသိပါဘူး။ ဘာလို့လဲဆိုတော့ အဲလိုစနစ်မျိုးသုံးဖို့ဆိုရင် တရားဥပဒေကခိုင်မာမှန်ကန်ဖို့ကလိုသေးတယ်လေ။ မဟုတ်ရင်ခံရတဲ့သူ ကတော်တော်နစ်နာပါတယ်။ အဓိကဆိုလိုချင်တာ အဲဒီစနစ်ရဲ့ နောက်ကွယ်ကစေတနာပါ။ အဲလိုကြိမ် ဒဏ်ပေးနေတုံးလူ့အခွင့်အရေး သမားဆိုသူတစ်ယောက်ယောက်ကို ခေါ်ပြလိုက်ရင်တော့ ရှုံ့ချမှာ အသေအချာပဲလေ။ သူကလည်း သူ့စေတနာနဲ့သူလာတာလေ။ ဘယ်သူမှန်တယ် ဘယ်သူမှားတယ်ဆိုတာတော့ပြောလို့ မလွယ်ဘူးပေါ့။

အဲဒီတော့ကျွန်တော်ဆိုလိုချင်တာကတော့ ဘုရားခေါင်းပေါ်ဖိနပ်တင်တဲ့သူပဲဖြစ်ဖြစ်၊ ဖိနပ်ကိုဒေါ်သတကြီး ဖယ်တဲ့သူပဲဖြစ်နေနေ မိတ်ဆွေရဲ့ စေတနာမှန်ဖို့တော့အရေးကြီးပါတယ်။ ပြီးတော့ အကျိုးသက်ရောက်မှု့ နဲ့ပတ်ဝန်းကျင်ကိုလည်း စဉ်းစားသင့်ပါတယ်။ လုပ်သင့်လားမလုပ်သင့်လား ဆိုတာတော့ အတော်ဆုံးဖြတ်ရ ခက်ပါလိမ့်မယ်ဗျာ။ ကဲကျွန်တော်ကတော့ စဉ်းစားထားတယ်။ နောက်တစ်ခါခရီးထွက် ရင်တော့ ထီးလေးတစ်ချောင်းတော့ ဆောင်သွားမှပဲဗျ။ နို့မဟုတ်ရင် သို့လော သို့လော ဖြစ်နေရဦးမယ်။

20 Sep 2012
မိုးတိမ်ညို



Sunday, July 29, 2012

ကြည့်သင့်သော ရုပ်ရှင်ကားများ


ကျွန်တော်ကြည့်ခဲ့မိတဲ့ ရုပ်ရှင်ကားကောင်းလေးတွေမျှဝေလိုက်ပါတယ်။ Entertainment သက်သက်မဟုတ်ပဲနဲ့ ကြည့်ပြီးရင် တစ်ခုခုကျန်ခဲ့တဲ့ ကားလေးတွေပါ။ မြန်မာကားတွေနဲ့ တော့တော်တော်ကွာပါတယ်။ ဟဲဟဲ

၁. Apocalypse

တောင်အမေရိကတိုက်က Mayan လို့ခေါ်တဲ့ လူမျိုးစုတွေ အကြောင်းပါ။ ရွာလေး တစ်ရွာမှာ အေးအေးချမ်းချမ်းနေတဲ့ လူစုလေးကို ပိုပြီး တိုးတက်တဲ့ လူစုက လာဖမ်းပြီး တစ်ချို့ကို ကျွန်အဖြစ်ရောင်း အားကောင်းမောင်းသန် ယောက်ျားတွေကို အရှင်လတ်လတ် နှလုံးကို ထုတ်ယူပြီး ခေါင်းဖြတ်ယဇ်ပူဇော်တဲ့ ဇာတ်လမ်းပါ။ လူတွေရဲ့ မိုက်မဲမှု့၊ ရက်စက်မှု့ အသိဥာဏ်နည်းမှု့တွေကို တွေ့ရမှာပါ။ 

၂. Lord of War

Nicolus Cage ရဲ့ တော်တော်ကောင်းတဲ့ ဇာတ်ကားတစ်ကားပါ။ ကမ္ဘာပေါ်က စစ်ပွဲတွေနဲ့ အဲဒီစစ်ပွဲတွေမှာ ဘယ်သူက စစ်ဘုရင်လဲဆိုတဲ့ အတွေးခေါ်လေးပါ။ တကယ်တိုက်နေတဲ့သူတွေထက် လက်နက်ကုန်သည် တွေကစစ်ဘုရင်တွေပါလို့ ထင်ပါထားတာပါ။ အတော်ကို အနုပညာမြောက်ပါတယ်။ သာမာန်လူ တစ်ယောက်ကနေပြီး ပထမဆုံး အူစီ သေနတ်လေး စရောင်းပြီး လက်နက်ကုန်သည် အကြီးကြီး ဖြစ်လာတာပါ။ စိတ်ရင်းက သိပ်မဆိုးပေမယ့် ငွေနောက်ကို ကောက်ကောက်ပါအောင် လိုက်သွားတဲ့ သူတစ်ယောက် အကြောင်း။ စာတန်းထိုးတဲ့ အခန်းမှာလည်း ကျည်ဆံလေး တစ်ဆံအကြောင်းနဲ့ စာတန်ထိုး သွားတာ အရမ်းကောင်းပါတယ်။ ပထမဆုံး စက်ရုံကထွက်၊ ပတ်ကင်ပုံးထဲရောက်၊ ထရပ်ကားပေါ် ရောက်နဲ့ နောက်ဆုံး လူတစ်ယောက်ရဲ့ ခေါင်းထဲ ၀င်သွားတဲ့ အထိပေါ့။ အကြိုက်ဆုံးကတော့ Nicolus Cage ပထမဆုံး အခန်းမှာ ပြောတဲ့စကားပဲ။ သူက Business Man ပုံစံနဲ့ စီးကရက်ဖွာပြီး ပရိတ်သတ်ဖက် လှည့်ပြောတာလေ။

There are over 550 million firearms in worldwide circulation. That's one firearm for every twelve people on the planet. The only question is: How do we arm the other 11?

"ကမ္ဘာပေါ်မှာ လက်နက်ပေါင်းသန်း ၅၅၀ ရှိတယ်။ ဒါကြောင့် လူဆယ်နှစ်ယောက်မှာ သေနတ် တစ်လက် ရှိတယ်ဆိုတဲ့သဘောပဲ။ မေးချင်တဲ့ မေးခွန်းကတော့ ကျွန်တော်တို့ ကျန်တဲ့ ဆယ့်တစ်ယောက်ကို ဘယ်လို လက်နက်တပ်ဆင်မလဲ"
သူကလက်နက်ကုန်သည်ကိုး။

၃. Case 39

နောက်တစ်ခုကတော့ Case 39 ပါ။ အဲဒါကကတော့ Horror Movie ပါ။ Horror ကားကြိုက်တဲ့ သူတွေအတွက်တော့ တော်တော်ကောင်းမှာပါ။ မိသားစုတွေရဲ့ အရေးကို လိုက် ဆောင်ရွက်ပေး နေတဲ့ Company တစ်ခု ၀န်ထမ်းတစ်ယောက်ဟာ တစ်ရက်တော့ သူတာဝန်ကျတဲ့ မိသားစုနဲ့ သွားတွေ့ပါတယ်။ အဲဒီမှာ နည်းနည်းထူးခြားနေတဲ့ ကလေးမလေးကို တွေ့ပါတယ်။ တစ်ညကြတော့ အဲဒီကလေးမလေး ရဲ့ မိဘတွေက အဲဒီကလေးမလေးကို သတ်ဖို့ ကြိုးစားနေတာတွေကို သူမက ကယ်လိုက်နိုင်ပါတယ်။ နောက်ဆုံးတော့ အဲဒီကလေးမလေးကို သူမမွေးစားမိလိုက်တဲ့ အချိန်မှာတော့ ကလေးမလေးရဲ့ မိဘ နှစ်ပါးကဘာကြောင့် အဲဒီကလေးမလေးကို သတ်ချင်သလဲဆိုတာ သူမသိလိုက်ရပါတယ်။ ဒါပေမယ့် နောက်ကျသွားခဲ့ပါပြီ။


July 2012
မိုးတိမ်ညို

Visitors

About Me

  © Blogger template 'Perfection' by Ourblogtemplates.com 2008

Back to TOP